← Chapters

ရေအောက်ကြမ်းပြင်နေရာ

Vol. 1 Ch. 425

ရေအောက်ကြမ်းပြင်နေရာ

Vol. 1 Ch. 425

နေနက်မိစ္ဆာနွယ်သည် အောက်ဘက်သို့ ဆက်လက်၍ နိမ့်ဆင်းနေခဲ့သည်။ ကျန်းရီသည် သူတို့မည်သည့် အကွာအဝေးအထိ နစ်မြုပ်လာခဲ့ပြီကို မသိသော်ငြား ပြင်းထန်လှသော ရေဖိအားနှင့် မွန်းကြပ်မှုကို သူခံစားနေရသည်။ သူသည် လမ်းတစ်လျှောက်တွင် နည်းလမ်းမျိုးစုံကိုသုံး၍ ကမ္ဘာ့မီးလျှံများကို ထုတ်လွှတ်ရန်နှင့် နေရာရွှေ့ပြောင်းရန် ကြိုးစားကြည့်ခဲ့သည်။ သို့သော် သူလုပ်သမျှမှာ အချည်းနှီးပင်။

အချိန်တစ်ခုအကြာတွင် လူတစ်ဦးနှင့် သားရဲတစ်ကောင်သည် ရေအောက်ကြမ်းပြင် မြေကွက်လပ်ကျယ်ကြီးတစ်ခုထံ ရောက်ရှိသွားခဲ့သည်။ နေနက်မိစ္ဆာနွယ်မှာလည်း ထပ်မံမလှုပ်ရှားတော့ပေ။ ကျန်းရီနှင့် ယာ့ဇီသားရဲသည် ပတ်ဝန်းကျင်ကိုကြည့်၍ ပင့်သက်ရှိုက်မိကြသည်။

ရေအောက်ကြမ်းပြင်နေရာသည် အလွန်တရာ ကြီးမားပြီး မည်မျှအရှည်ရှိမှန်း သူတို့မသိနိုင်ပေ။ ထိုသည်က အရေးမကြီးသေးပေ။ အရေးကြီးသည်မှာ သူတို့၏ ဘေးဘက်တွင် ကျောက်စိမ်းဖြူ နံရံတစ်ချပ် ရှိနေခဲ့ပြီး သူတို့ရောက်နေသည့်နေရာမှာ ကျောက်စိမ်းဖြူနန်းတော်တစ်ခုဟု ယူဆရလေသည်။ နံရံ၏ထောင့်တွင် ညလင်းပုလဲများ ရှိနေပြီး ဤနေရာမှာ ရေအောက်နန်းတော်ကြီးတစ်ခုအလား ထင်မှတ်ရစေသည်။

ပင်လယ်အောက်တွင် ဤထူးဆန်းသည့် နန်းတော်ကြီး အမှန်တကယ် ရှိနေခဲ့သည်။ နေနက်မိစ္ဆာနွယ်၏ ဇစ်မြစ်သည် အဘယ့်ကြောင့် လူသားများသာ ဖန်တီးနိုင်သည့် နန်းတော်တစ်ခုမှ ဖြစ်နေသနည်း။ ဤနေရာတွင် မည်သူကလာရောက်၍ နန်းတော်ဆောက်ထားသနည်း။

အရာအားလုံးသည် အဆန်းတကြယ် ဖြစ်နေလေရာ ကျန်းရီမှာ တမလွန်လောကသို့ သူတကယ်ရောက်လာလေသလောဟုပင် တွေးတောနေခဲ့သည်။ သူနှင့် ယာ့ဇီသားရဲသည် အမှောင်ထဲတွင်တောင် မိုင်အတော် ဝေးဝေးအထိ မြင်နိုင်လေရာ အလင်းရောင်နှင့်ဆိုလျှင် ပြောနေစရာပင်မလိုချေ။ ဤရေအောက်မြေကွက်လပ်ကျယ်ကြီးသည် ဆုံးစမရှိချေ။ ထို့ပြင် နေနက်မိစ္ဆာနွယ်မှတစ်ပါး အခြားမည်သည့်အရာကိုမှ သူတို့မမြင်မိပေ။

နေနက်မိစ္ဆာနွယ်၏ အမြစ်များသည် ဤမြေကွက်လပ်ကျယ်ပေါ်တွင် မရှိပေ။ ၎င်းတို့သည် အောက်ဘက်သို့ ဆက်လက်နိမ့်ဆင်းသွားသေးသည်။ ဆယ်မီတာကျော်ရှည်သော အမြစ်၏ အစိတ်အပိုင်းတစ်ခုကိုသာ သူတို့မြင်တွေ့ရသည်။ နေနက်မိစ္ဆာနွယ်သည် တစ်ပင်တည်းမဟုတ်ပေ၊ စုစုပေါင်း သုံးပင်ရှိပြီး ၎င်းတို့သည် သာမန်ရေမှော်ပင်လေးများအလား ရေအောက်တွင် အသာယိမ်းနွဲ့နေကြသည်။

နေနက်မိစ္ဆာနွယ်သည် ကျန်းရီနှင့် ယာ့ဇီသားရဲအား ရေအောက်သို့ ဆွဲချလာပြီးနောက် မည်သည့် ထူးထူးဆန်းဆန်းလှုပ်ရှားမှုမှ မလုပ်ဘဲ ကျန်နှစ်ပင်နှင့်အတူ သွားရောက်ပူးပေါင်းကာ ရေအောက်တွင် အသာယိမ်းနွဲ့နေခဲ့သည်။

ကျန်းရီနှင့် ယာ့ဇီသားရဲသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျန်းရီ၏ မျက်ဝန်းထဲတွင် ပဟေဠိတို့ ရှိနေခဲ့သည်။ သူ အနက်ရောင်နကျယ်ကောင်များ၏ အသိုက်အား တိုက်ခိုက်နေချိန်တွင် နေနက်မိစ္ဆာနွယ်သည် မည်သည့်အကြောင်းအရင်းကြောင့် သူ့အား လာရောက်တိုက်ခိုက်လေသနည်း။ နေနက်မိစ္ဆာနွယ်သည် အနက်ရောင်နကျယ်ကောင်များနှင့် ဆက်စပ်နေသည်လော။ သို့မဟုတ် အားလုံးမှာ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်လော။

သူသည် နေနက်မိစ္ဆာနွယ် သုံးခုအား သေချာအကဲခတ်လိုက်ပြီးနောက် အဖြေရသွားခဲ့သည်။ နေနက်မိစ္ဆာနွယ်တစ်ပင်ထံမှ ပျားရည်၏ မွှေးပျံ့လှသော ရနံ့ကို သူရလိုက်သည်။ နေနက်မိစ္ဆာနွယ်သည် အနက်ရောင်နကျယ်ကောင်များနှင့် အမှန်တကယ် ဆက်စပ်နေပုံရလေသည်။

ကျန်းရီသည် နေနက်မိစ္ဆာနွယ်များထံတွင် သူနှင့်ယာ့ဇီသားရဲအား ချက်ချင်းသတ်ရန် အစီအစဉ် မရှိသေးကြောင်း သဘောပေါက်လိုက်သည်။ ဆိုလိုသည်မှာ သူတို့တွင် အသက်ရှင်နိုင်ရန် အခွင့်အရေး ရှိသေးသည်။ မျှော်လင့်ချက် ရှိနေသ၍ သူလက်လျှော့လိုက်မည် မဟုတ်ပေ။ သူသည် ဖြစ်နိုင်ချေမှန်သမျှကို အလျင်အမြန် တွက်ချက်လိုက်သည်။

သူ့ကိုယ်သူ ကယ်တင်ချင်လျှင် နည်းလမ်းနှစ်မျိုးရှိလေသည်။

ပထမတစ်နည်းမှာ သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်း ကျင့်စဉ်ကို သူနားလည်သွားရန်ဖြစ်သည်။ နေနက်မိစ္ဆာနွယ်သည် မကောင်းဆိုးဝါး ဝိဉာဉ်ဖြစ်နေစေကာမူ ၎င်း၏ ဇစ်မြစ်သည် အပင်ဖြစ်နေသေးသည်။ သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်နိုင်လျှင် လောကမှ အပင်ဟူသမျှကို ထိန်းချုပ်နိုင်သည်။ ထိုကျင့်စဉ်ဖြင့် တစ္ဆေတောအုပ်မှ ထူးထူးဆန်းဆန်း အပင်များကို ထိန်းချုပ်နိုင်လေရာ နေနက်မိစ္ဆာနွယ်ကိုလည်း သူတို့အား လွှတ်ပေးစေနိုင်လိမ့်မည်ဟု သူထင်သည်။

ဒုတိယနည်းလမ်းမှာ ကောင်းကင်ဖျက်မီး မှော်ကျင့်စဉ်ကို တတ်မြောက်သွားရန်ဖြစ်သည်။ ဒြပ်စင်ငါးမျိုးသည် တစ်ခုနှင့်တစ်ခု ပံ့ပိုးနိုင်သလို တစ်ခုကိုတစ်ခုဖြင့်လည်း နှိမ်နင်းနိုင်၏။ မီးဓာတ်သည် သစ်သားဓာတ်ကို နိုင်သည်။ ကောင်းကင်ဖျက်မီးကို အဆင့်တစ်ခုထိရောက်အောင် သူကျင့်ကြံနိုင်ပါက ကြောက်စရာမီးလျှံများကို သုံး၍ နေနက်မိစ္ဆာနွယ်ကို ပြာချကာ ထွက်ပြေးနိုင်လောက်သည်။

သို့သော် နေနက်မိစ္ဆာနွယ်သည် သူနှင့် ယာ့ဇီသားရဲကို မည်သည့်အချိန်တွင် စားသုံးမည်မှန်း သူမသိပေ။ ကျန်းရီသည် စိတ်ဓာတ်ကျစရာ အတွေးကို ချက်ချင်းဖယ်ထုတ်၍ သူ့စိတ်အလုံးစုံကို သစ်ပင်များနှင့်ဆက်သွယ်ခြင်း ကျင့်စဉ်ထံတွင်သာ နစ်မြုပ်ထားလိုက်သည်။

ယာ့ဇီသားရဲသည် ကျန်းရီ အချိန်မရွေး သေနိုင်သည့် အနေအထားသို့ ရောက်နေသည့်အဖြစ်ကို ကြည့်၍ ရယ်ချင်နေခဲ့သည်။ သို့သော် သူသည် ဤကဲ့သို့ အခြေအနေအရောက်တွင် ကျင့်ကြံရန် တကယ်ကြီး ကြိုးစားနေသည်လော။

လက်ရှိအခြေအနေတွင် အခြားရွေးစရာ နည်းလမ်းလည်း မရှိချေ။ အရှေ့ဘက်ပင်လယ်ပြင်တွင် စုန်းနတ်ဘုရား နေနက်မိစ္ဆာနွယ်၏ ရစ်ပတ်ခြင်းခံခဲ့ရစဉ်က နည်းလမ်းမျိုးစုံသုံး၍ ခုခံခဲ့သည်။ သို့သော် နေနက်မိစ္ဆာနွယ်ကို ခြစ်ရာလေးတောင် ထင်အောင် မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ယာ့ဇီသားရဲသည် အားအကုန်ခံ၍ တိုက်ခိုက်မနေတော့ပေ။

"ကျင့်ကြံတာပဲ ကောင်းပါတယ်"

အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းပြီးနောက်တွင် ယာ့ဇီသားရဲမှာ ပျင်းရိလွန်းလာခဲ့သည်။ ၎င်းသည် ကျန်းရီ၏ ဇွဲမလျှော့သော စိတ်ဓာတ်ကို အားကျသွားသည့်နှယ် ကျင့်ကြံရန် မျက်လုံးကို မှိတ်လိုက်လေသည်။ ၎င်း အသက်ရှိုက်လိုက်တိုင်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် သူ့နှာခေါင်းဝတွင် လာရောက်စုစည်းကြပြီး လျင်လျင်မြန်မြန် စုပ်ယူခံလိုက်ရသည်။

ပတ်ဝန်းကျင်သည် အေးချမ်းနေပြီး နေနက်မိစ္ဆာနွယ်သုံးပင်မှာ ရေအောက်ကြမ်းပြင်ကျယ်ကြီးတွင် ငြင်ငြင်သာသာ ယိမ်းနွဲ့နေသည်။ ကျောက်စိမ်းဖြူနံရံထောင့်ရှိ ညလင်းပုလဲများသည် အလင်းဖျော့ဖျော့ကို ထုတ်လွှတ်လျက်ရှိသည်။ နေနက်မိစ္ဆာနွယ်တစ်ပင်၏ ချုပ်နှောင်ထားခြင်းခံရသည့် ကျန်းရီနှင့် ယာ့ဇီသားရဲမှာလည်း တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။ မြင်ကွင်းမှာ ထူးဆန်းလှသလို ကြောင်တောင်တောင်လည်း နိုင်လှသည်။

***

အနောက်ဘက်ပင်လယ်ပြင်သို့ ပထမဆုံးရောက်ရှိသူမှာ ရွှေယို့လန်မဟုတ်ဘဲ ငွေပန်းပွင့်အဘွားအိုဖြစ်သည်။ ရှန်မိမြို့သည် အနောက်ဘက် ပင်လယ်ပြင်နှင့် နီးကပ်လေရာ ငွေပန်းပွင့်အဘွားအိုသည် အမြန်ဆုံးသောနှုန်းဖြင့် မရပ်မနား တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။ သူမသည် အနောက်ဘက်ပင်လယ်ပြင်သို့ ရောက်ရှိရန် တစ်ရက်သာ ကြာမြင့်ခဲ့ပြီး စိတ်ပူပန်စွာ စောင့်ဆိုင်းနေကြသည့် ယွင်ဖေးတို့လူစု ရှိနေသော ကျွန်းအား လျင်လျင်မြန်မြန် ရှာတွေ့သွားကြသည်။

"ဘွားဘွား...ကျန်းရီကို မြန်မြန်ကယ်ပေးပါ"

ယွင်ဖေးသည် ငွေပန်းပွင့်အဘွားကို မြင်လျှင်မြင်ချင်း နီရဲနေသော မျက်လုံးအစုံနှင့် တောင်းဆိုလိုက်သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်မှာလည်း စိတ်အားတက်သွားခဲ့သည်။ စောင့်ဆိုင်းနေရသော ဤကာလသည် သူတို့အတွက် ညှင်းပန်းမှုတစ်ခုပင်။ ထို့ကြောင့် ဗာဂျရာအဆင့် ပုဂ္ဂိုလ်တစ်ယောက် ရောက်လာသည်တွင် သူတို့၏မျှော်လင့်ချက်များ ပြန်လည်အားကောင်းလာခဲ့သည်။

ဝှစ်...

ငွေပန်းပွင့်အဘွားအိုသည် ကျွန်းကို တစ်ပတ်ပတ်၍ ပျံသန်းလိုက်သည်။ ကျွန်းပေါ်မှ နက်ရှိုင်းလှသော တွင်းနက်ကြီးကို သူမမြင်နိုင်လေသည်။ သူမသည် အောက်သို့ဆင်း၍ ကျန်းရီကို ကယ်နိုင်ရန် နေနေသာ တွင်းနက်ကြီး အနီးသို့ပင် မကပ်ရဲပေ။

ကျွန်းပေါ်မှ အနက်ရောင်နကျယ်ကောင်များသည် အာရုံခံမိသွားကြပြီး သူမထံ ပျံသန်းလာကြသည်။ ငွေပန်းပွင့်အဘွားအိုသည် တိုက်ခိုက်ခြင်းမပြုဘဲ ကျွန်းနှင့်ဝေးရာသို့ နောက်ပြန်ဆုတ်လာခဲ့သည်။ ထို့နောက်မှ သူမ၏ အရှိန်အဝါကိုထုတ်၍ အနက်ရောင်နကျယ်ကောင်များကို ခြောက်လှန့်လိုက်သည်။

"ဘွားဘွား...ဘယ်လိုနေလဲဟင်"

ငွေပန်းပွင့်အဘွားအို ပြန်လာသည်ကိုမြင်သော် ယွင်ဖေးတို့ လူစုသည် ဆီးမေးလိုက်ကြသည်။ တစ်ဖက်လူသည် ခေါင်းယမ်း၍သာ အဖြေပေးလာခဲ့သည်။

"နေနက်မိစ္ဆာနွယ်က အရမ်းကြောက်ဖို့ကောင်းတယ်။ ငါအောက်ကို မဆင်းရဲဘူး။ ဘာမှမလုပ်ခင် မျှော်စင်သခင်မရွှေနဲ့ နတ်ဆိုးဧကရီ ရောက်တာကို အရင်စောင့်တာက ပိုကောင်းလိမ့်မယ်"

"နေနက်မိစ္ဆာနွယ်"

ချမ်ဝမ်ကွမ်၊ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့ သုံးယောက်လုံးသည် ဂိုဏ်းကြီးများ၏ မျိုးဆက်များ ဖြစ်ကြသည်။ သူတို့သည် သာမန်လူများ မသိသော အရာများ၊ လျှို့ဝှက်သမိုင်းကြောင်းများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ သုံးယောက်သားသည် ထိုအမည်ကို ကြားလိုက်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ယွင်ဖေးသည် ယခင်က ဆက်စပ်မိခဲ့သော်လည်း မသေချာဖြစ်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါ သုံးယောက်လုံး၏ မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူဖျော့နေခဲ့သည်။

နေနက်မိစ္ဆာနွယ်သည် နယ်မြေ၏ သမိုင်းတွင် သုံးကြိမ်တိုင်တိုင် ပေါ်ထွက်လာခဲ့ဖူးပြီး ၎င်းတို့ ထွက်ပေါ်လာချိန်တိုင်းတွင် လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များကို သတ်ဖြတ်ခဲ့သည်။

နေနက်မိစ္ဆာနွယ်သည် မည်သည့်အရာပေနည်း။ မည်သည့်အရပ်မှ ထွက်ပေါ်လာသနည်း။

မည်သူမှ မသိကြပေ။ မည်သူတစ်ဦးတစ်ယောက်မှ ၎င်း၏ ပုံသဏ္ဍာန် အပြည့်အစုံကို မမြင်ဖူးခဲ့။ ၎င်းသည် အလွန် ကြောက်မက်ကောင်းသည့် အရှိန်အဝါရှိသော အနက်ရောင်နွယ်တစ်ခုဟုသာ လူတိုင်းသိထားကြသည်။ နေနက်မိစ္ဆာနွယ်၏ ရစ်ပတ်ခြင်းခံခဲ့ရသော မည်သူမှ ပြန်မလာခဲ့ဖူးပေ။

တကယ်တမ်းတွင် နေနက်မိစ္ဆာနွယ်သည် လေးကြိမ် ထွက်ပေါ်လာခဲ့ဖူးခြင်းဖြစ်ပြီး တစ်ယောက်သည် လွတ်မြောက်နိုင်ခဲ့သည်။ စုန်းနတ်ဘုရားသည် လျှို့ဝှက်သိုသိပ်စွာ နေထိုင်ခဲ့သူဖြစ်ပြီး သူကောင်းကင်ဧကရာဇ် အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်ကိုပင် မည်သူမှ မသိကြပေ။ ထို့ကြောင့် အရှေ့ဘက်ပင်လယ်တွင် နေနက်မိစ္ဆာနွယ်နှင့် သူကြုံတွေ့ခဲ့ရကြောင်း မည်သူမှ မသိခဲ့ကြပေ။

သမိုင်းတွင် လက်ရှိအချိန်နှင့် အနီးစပ်ဆုံးအချိန်မှာ လွန်ခဲ့သော နှစ်၈၀၀၀၀ကျော်က ဖြစ်သည်။ ထိုစဉ်က စွမ်းအားမြင့်သော လူတစ်ဦးသည် ရေခဲတာအိုကို နားလည်နိုင်ရန်အလို့ငှါ မြောက်ဘက်ပင်လယ်သို့ ကျင့်ကြံရန် သွားရောက်ခဲ့သည်။ သို့သော်လည်း နေနက်မိစ္ဆာနွယ်နှင့် ကြုံတွေ့ခဲ့ရသည်။ ထိုသူမှာ ဧကရာဇ်၏ တူတော်ဖြစ်နေသောကြောင့် ပြဿနာသည် အကြီးကြီး ဖြစ်လာခဲ့သည်။ ထိုဧကရာဇ်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နေသူလည်းဖြစ်သည်။

ဧကရာဇ်သည် ဗာဂျရာအဆင့် လူတစ်စုကို ကိုယ်တိုင်ဦးဆောင်၍ တူဖြစ်သူကို သွားရောက်ကယ်တင်ခဲ့သည်။ တိုက်ပွဲတွင် မည်သို့ဖြစ်သွားခဲ့မှန်း ဘယ်သူမှ မသိကြပေ။ ထိုဧကရာဇ် ပြန်ရောက်လာချိန်တွင် တူဖြစ်သူကို မကယ်နိုင်ခဲ့ရုံသာမက ဗာဂျရာအဆင့် လူသုံးဦးကိုပါ ဆုံးရှုံးလာခဲ့သည်။

ယခု နေနက်မိစ္ဆာနွယ် နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ၎င်းသည် ကောင်းကင်ကြယ်တာရာနယ်မြေ၏ နံပါတ်တစ် ပါရမီရှင်နှင့် အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်ကို ရစ်ပတ်ခေါ်ဆောင်သွားခဲ့သည်။ ငွေပန်းပွင့်အဘွားအို ရောက်လာပြီဖြစ်ပြီး ရွှေယို့လန်၊ ကျူးကော်ချမ်ယွမ်နှင့် နတ်ဆိုးဧကရီတို့မှာ လာရောက်နေကြပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် ဘာဖြစ်လာတော့မည်နည်း။ ဗာဂျရာအဆင့် ပုဂ္ဂိုလ်များ ဤနေရာတွင် ကျဆုံးကြတော့မည်လော။ သို့မဟုတ် နတ်ဆိုးဧကရီမှ ကျန်းရီကို ကယ်တင်နိုင်တော့မည်လော။

ချမ်ဝမ်ကွမ်တို့ မသိခဲ့ကြပေ။ သို့သော် သမိုင်းတွင် မှတ်တမ်းကျန်ရစ်တော့မည့် တိုက်ပွဲကြီးတစ်ခုကို သူတို့မျက်မြင်တွေ့ရတော့မည်မှန်း သူတို့သိနေကြသည်။ ထို့ပြင် သူတို့အရင်းနှီးဆုံး သူငယ်ချင်း၏ ကျဆုံးမှုကိုလည်း သူတို့မြင်တွေ့သွားရနိုင်ချေ ရှိနေသည်။

***

All Chapters