ပြပွဲ
Vol. 35 Ch. 511
“ညသန်းခေါင်ရောက်ဖို့ အချိန်တချို့ လိုသေးတယ် ၊ ခင်ဗျား အနားမယူချင်ဘူးလား”
ကောင်းမင် အပြင်ဘက်မှပြန်လာသည်ကို မြင်လိုက်သောအခါ ရှုတိရီ အံ့အားသင့်သွားသည်။
“ဆေးဝါးတွေကို တခြားလူတွေကို ပေးပြီးပြီလား ၊ အပြင်ဘက်မှာ ဒဏ်ရာရနေတဲ့လူရှိတာလား”
“ဆေးသေတ္တာကို ညကျရင် တစ်ယောက်ယောက်ပြန်လာပို့လိမ့်မယ်”
ကောင်းမင်က အားရပါးရပြုံးလိုက်ပြီး ရှုတိရီကို ဘေးသို့ဆွဲခေါ်သွားသည်။
“ဒီညမှာ စံအိမ်ပိုင်ရှင်က မင်းကို အထူးဂရုစိုက်လာလိမ့်မယ်၊ ငါတို့အစီအစဉ် ပေါက်ကြားမသွားအောင် တခြားစမ်းသပ်သူတွေနဲ့ သိပ်ပြီး မပတ်သက်နဲ့၊ ပြီးတော့ ပိုင်ရှင်နဲ့လည်း သိပ်နီးနီးကပ်ကပ်မနေနဲ့၊ သူ ခိုင်းတာမှန်သမျှ ဘာမှမလုပ်နဲ့၊ သူ့ကို တတ်နိုင်သမျှ အချိန်ဆွဲထားပေး”
“ကျွန်တော်က ဒီလောက်တောင် မယုံကြည်ရတဲ့ပုံ ပေါက်နေလို့လား”
ရှုတိရီက ကန့်ကွက်လိုက်သည်။ သူသည် ယခင်အိပ်မက်ဆိုးထဲတွင် ကောင်းမင်၏ နည်းပရိယာယ်များကို ကြုံတွေ့ဖူးသူဖြစ်သဖြင့် မပျော်မရွှင်ဖြစ်သွားသော်လည်း ကောင်းမင်၏ အမိန့်များကို လိုက်နာနေဆဲပင်။
“ဒါက မင်းကောင်းဖို့အတွက်ပါ”
ကောင်းမင်သည် ရှုတိရီကို အပ်နှင့်ချည်များ ယူခိုင်းလိုက်သည်။ စံအိမ်ပိုင်ရှင်သည် သူ့အား ပစ်မှတ်ထားနေပြီဟု သူသံသယရှိနေသည်။
“ခင်ဗျား ကျွန်တော့်ကို ဂျောက်တွန်းဖို့ ကြံနေတာလို့ပဲ ထင်တယ်နော်”
ရှုတိရီက ပုခုံးတွန့်ကာ သက်ပြင်းချလိုက်သည်။
“စိတ်မပူပါနဲ့၊ ခင်ဗျားပြောတဲ့အတိုင်း ကျုပ်လုပ်ပေးပါ့မယ်”
မကြာခင်မှာပင် ညစာစားချိန် ရောက်လာသည်။ စံအိမ်ပိုင်ရှင်သည် စမ်းသပ်သူများအတွက် ကိုယ်တိုင် ချက်ပြုတ်ပေးထားခြင်း ဖြစ်သည်။ သစ်သားစားပွဲပေါ်တွင် အသားများဖြင့် ပြည့်နှက်နေပြီး ပုလင်းများထဲတွင် နွေးထွေးသော ဆိတ်နို့များ ထည့်ထားသည်။ စံအိမ်ထဲတွင် မွေးမြူရေးတိရစ္ဆာန် တစ်ကောင်မှ မရှိသဖြင့် မည်သူမှ မသောက်ရဲကြပေ။ဒီဆိတ်နို့တွေ ဘယ်က ရောက်လာတာကို ဘယ်သူသိမှာလဲ။
“စံအိမ်ထဲကို တစ်စုံတစ်ခု ခိုးဝင်လာခဲ့လို့ ခင်ဗျားတို့ကို အဆင်မပြေဖြစ်သွားစေတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်”
ပိုင်ရှင်က ဝိုင်ပုလင်းတစ်လုံးကို ဖွင့်လိုက်သည်။ နီရဲသော အရည်များသည် ကြည်လင်နေသော ဖန်ခွက်ထဲသို့ စီးဝင်သွားပြီး ထူးဆန်းစွာဖြင့် လှပနေလေသည်။
“နှင်းတွေက တောင်တွေကို ပိတ်ဆို့ထားတယ်၊ မကောင်းအရာတွေကို မောင်းထုတ်ဖို့ ဒီည ကျုပ်တို့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်”
“ခင်ဗျားက အရမ်းကြင်နာတာပဲ၊ ခင်ဗျားရဲ့ ကျေးဇူးကြောင့် ဒီမှာ တည်းခိုခွင့်ရတာဆိုတော့ အဲ့ဒီအရာတွေကို ကိုင်တွယ်ဖို့ ကျုပ်တို့ ကူညီပေးသင့်တာပေါ့”
ချန်ကျင်းသည် လူမှုရေးအရ စကားပြောကောင်းသော်လည်း လက်တွေ့တွင်မူ အသုံးမဝင်ပေ။
“တောင်တက်သမားတွေနဲ့ နှင်းလူအပြင် တခြားအမည်မသိအရာတွေကိုလည်း ကျုပ်တို့ သတိထားရမယ်၊ခင်ဗျား အိမ်ထဲမှာ နှင်း ဒါမှမဟုတ် ရေနဲ့ပတ်သက်တဲ့လက္ခဏာ တစ်ခုခု တွေ့တာနဲ့ ကျုပ်ကို ချက်ချင်း အကြောင်းကြားပေးပါ”
ပိုင်ရှင်သည် စားပွဲပေါ်တွင် မုဆိုးသေနတ်ကို တင်ထားဆဲဖြစ်သည်။ စမ်းသပ်သူများအပေါ် သူ၏သဘောထားမှာ အနည်းငယ် ပျော့ပြောင်းလာသည်။ သို့သော်လည်း ၎င်းမှာ သူတို့ကို အသုံးချရန် သူ၏အကြံအစည်လည်း ဖြစ်နိုင်ပေသည်။
ကောင်းမင်က အစားအစာများကို လက်ဖျားနှင့်ပင် မထိပေ။
“ပိုင်ဖုန်း ဘယ်မှာလဲ၊ သူ ကျုပ်တို့နဲ့ မပူးပေါင်းဘူးလား၊ သူက ကျုပ်တို့ထဲမှာ ရုပ်ပိုင်းဆိုင်အသန်မာဆုံးလေ၊ သူက ကျုပ်တို့အဖွဲ့ရဲ့ ပင်မကျောရိုးပဲ”
“သူ ဒဏ်ရာအပြင်းအထန်ရထားလို့ အခန်း ၃၀၀၉ မှာ အနားယူနေတာပါ၊ သူက ခင်ဗျားတို့ကို စိတ်မပူစေချင်လို့ပါ”
ပိုင်ရှင်က လင်ဗန်းတစ်ခုကို ထုတ်ယူ၍ အစားအစာများနှင့် နို့ခွက်ကို တင်လိုက်သည်။
“ခင်ဗျားနာမည် ချန်ကျင်းနော် ဟုတ်တယ်မလား ၊ ဒါလေးကို ပူတုန်းလေး သူ့ဆီ သွားပို့ပေးလို့ ရမလား”
“ဝမ်းမြောက်ဝမ်းသာပါပဲဗျာ”
ချန်ကျင်းသည် လင်ဗန်းကိုယူ၍ မီးဖိုချောင်ထဲမှ ထွက်သွားသော်လည်း သူ၏အပြုံးက မျက်လုံးအထိ မရောက်လိုက်ပေ။ ညစာစားပွဲကို စတင်ခဲ့သော်လည်း 'အရူးလေး' တစ်ယောက်သာ အစားအသောက် အားရပါးရ စားနေလေသည်။ ပြုပြင်ထားသော မီးခိုးခေါင်းတိုင်မှာ အသုံးပြုရ ခက်ခဲသောကြောင့် မီးဖိုချောင်တစ်ခုလုံး ဖုန်များဖြင့် ပြည့်နှက်နေသည်။ ကောင်းမင်မှာ စားချင်စိတ် လုံးဝမရှိပေ။ သူသည် အစားအစာ အနည်းငယ်ကိုယူ၍ အခန်းသို့ ပြန်ရန် ပြင်လိုက်သည်။သူ ဒုတိယထပ်သို့ ရောက်သောအခါ ချန်ကျင်းကို တွေ့လိုက်ရသည်။ သူသည် လင်ဗန်းအလွတ်ကို ကိုင်ထားပြီး ကောင်းမင်ကို တမင်စောင့်နေပုံရသည်။
“ကျုပ်ကို တစ်ခုခု ပြောစရာ ရှိလို့လား”
“ပိုင်ဖုန်း တစ်ခုခုတော့ မှားနေပြီ”
ချန်ကျင်းက လင်ဗန်းကို ကောင်းမင်အား ပြလိုက်သည်။
“သူက အိပ်မက်ဆိုးတွေထဲမှာ ဘယ်အစားအစာကိုမှ လက်ဖျားနဲ့တောင် မထိဘူး၊ ဒါပေမဲ့ စောစောက ကျုပ်သွားပို့တော့ သူက အသားကို နည်းနည်းမြည်းကြည့်ပြီး နို့ကိုလည်း စွဲစွဲမြဲမြဲကြည့်နေတယ်”
“သူ ဘာပြောခဲ့သေးလဲ”
ကောင်းမင်သည် အရိပ်ထဲတွင် ရပ်နေရင်း မေးလိုက်သည်။
“သူပြောတာက... အသားက ငါးမဟုတ်ဘူးတဲ့”
ချန်ကျင်းက စဉ်းစားရင်း ပြောသည်။
“သူက အိပ်ပျော်နေရင်း စကားပြောနေသလိုပဲ၊ မနေ့ညက အရှေ့ဘက်ရေကန်နားမှာ ငါးတစ်ကောင် ဖမ်းမိခဲ့တယ်လို့ ပြောနေတယ်၊ ဒီအိပ်မက်ထဲမှာ ငါးက ဘာကို ကိုယ်စားပြုလဲ ခင်ဗျား သိလား”
“မသိဘူး၊ ဒါကို ခဏထားလိုက်ဦး၊ ဒီည ကျုပ်တို့အစီအစဉ်ကိုပဲ အာရုံစိုက်ရအောင်”
ကောင်းမင်က ချန်ကျင်းကို ကျော်ဖြတ်ကာ အခန်း ၂၀၀၉ သို့ ပြန်လာလိုက်သည်။ တစ်နေ့တာလုံး လေဝင်လေထွက် လုပ်ထားသော်လည်း အခန်းထဲတွင် စိုစွတ်ပြီး အေးစက်နေဆဲပင်။ စောင်မှာ စိုထိုင်းထိုင်းဖြစ်နေပြီး နံရံရှိ အက်ကြောင်းများမှာလည်း ပို၍များပြားလာသည်။ ကောင်းမင် လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ နေဝင်ချိန်၏ နောက်ဆုံးအလင်းတန်းများသည် နှင်းဖုံးတောင်တန်းများထဲသို့ နစ်မြုပ်သွားပြီး အရာအားလုံးကို အမှောင်အတိ ဖုံးလွှမ်းသွားစေသည်။ လေတိုက်သံမှအပ ဘာမှမကြားရတော့ပေ။
“လူတိုင်းက ဇာတ်လမ်းတွေကို တစ်မျိုးစီ ပြောနေကြတယ်၊ အိပ်မက်ဆိုးထဲက လူသားတွေကို ယုံရမလား ဒါမှမဟုတ် ဆောင်းညထဲက သရဲတွေကို ယုံရမလား”
ကောင်းမင်၏ လည်ပင်းပေါ်သို့ ရေစက်အချို့ ကျလာသည်။ သူ အံ့အားသင့်မသွားပေ၊ တကယ်တမ်း သူသည် ထိုအရာကို မျှော်လင့်နေခဲ့သလိုပင်။
ကောင်းမင်က အစားအစာကို စားပွဲပေါ်တွင် တင်လိုက်သည်။ သူသည် ကုလားထိုင်ကို မီးဖိုဘေးသို့ ရွှေ့လိုက်ရင်း သူ့ဘာသာ ရေရွက်လိုက်သည်။
“အရုပ်မလေးက ငါ့ကို အများကြီး ပြောပြခဲ့တယ်၊ သူ ဒီည စံအိမ်ကို ပြန်လာချင် ပြန်လာလိမ့်မယ်၊ ခင်ဗျား သူ့ကို တွေ့ချင်လား”
မျက်နှာကြက်ပေါ်တွင် ရေစက်များ လှုပ်ရှားနေသည်။ အခန်းအတွင်း စိုထိုင်းဆ မြင့်တက်လာသော်လည်း တခြား ဘာမှ မဖြစ်လာပေ။ ကောင်းမင်က ထိုအရာကို ဂရုမစိုက်တော့ဘဲ မျက်လုံးမှိတ်ကာ ချန်ကျင်း၏အချက်ပြမှုကို စောင့်နေလိုက်သည်။
ညဉ့်နက်လာသည်နှင့်အမျှ အချိန်များ အေးခဲသွားသလို ခံစားရသည်။ ကောင်းမင်သည် သူ၏အိတ်ကပ်ထဲရှိ အသားမျိုးစေ့များမှ ဆင့်ခေါ်သံကို ခံစားမိလိုက်သည်။ အရှေ့ဘက်ရေကန်ဆီမှ ဆင့်ခေါ်သံများက ယခင်ထက် ပိုအားကောင်းလာနေသည်။
အချိန်ကြာလာသည်နှင့်အမျှ အရှေ့ဘက်ရေကန်ထဲမှ တစ်ခုခုသည် ထွက်လာရန် ကြိုးစားနေသည်။ ခဏအကြာတွင် နံရံပေါ်ရှိ နာရီက ရပ်တန့်သွားသည်။ ကောင်းမင်သည် ပတ်ဝန်းကျင် အပူချိန် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူသည် အလွန်အေးလာသဖြင့် မျက်ခွံများပင် တဆတ်ဆတ် တုန်ယင်လာသည်။ ထိုအချိန်တွင် တံခါးခေါက်သံ သုံးချက် ကြားလိုက်ရသည်။
“ချန်ကျင်း လှုပ်ရှားပြီပဲ”
ကောင်းမင် မျက်လုံးဖွင့်လိုက်သည်။ မျက်နှာကြက်ပေါ်ရှိ ရေစက်များသည် ရေခဲချွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို သူ သတိထားမိလိုက်သည်။ ချွန်ထက်နေသော အစွန်းမှာ သူ့မျက်လုံးအပေါ်တည့်တည့်တွင် တွဲလောင်းကျနေလေသည်။ နောက်ကျိနေသော ရေခဲထဲတွင် လူမျက်နှာတစ်ခု ပုန်းကွယ်နေပုံရသည်။ ကောင်းမင် လှည့်ကြည့်လိုက်သောအခါ ပြတင်းပေါက် အပြင်ဘက်တွင် အေးခဲနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ တောင်တက်သမားသည် ပြတင်းပေါက်ကို ဆုပ်ကိုင်ထားသည်။ သူ၏လက်ချောင်းများသည် မုန်လာဥနီကဲ့သို့ ထူထဲနေပြီး အခန်းထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသဖြင့် လက်သည်းထိပ်များမှာ ကျိုးပဲ့နေသည်။
“ခင်ဗျားတို့ အားလုံး ရောက်လာကြပြီပဲ”
ကောင်းမင်သည် တည်ငြိမ်နေသည်။ သရဲဆီမှ သူကြားခဲ့ရသည့် ပုံပြင်ကို အခန်းထဲတွင် ပြောပြလိုက်သောအခါ ရေခဲထဲရှိ မျက်နှာနှင့် တောင်တက်သမား၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။ တောင်တက်သမားသည် ဝေခွဲမရဖြစ်နေပုံရပြီး ရေခဲထဲမှ မျက်နှာမှာမူ နာကျင်ခြင်းနှင့် အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ ကောင်းမင်သည် အခန်း ၃၀၀၃ တွင် သူတွေ့ခဲ့ရသော ဓာတ်ပုံကို ပြန်စဉ်းစားလိုက်သည်။ ရေခဲပေါ်မှ မျက်နှာမှာ ထိုညီငယ်လေး၏ မျက်နှာနှင့် အတော်လေး ဆင်တူနေသည်။
“အစ်ကိုက နှင်းလူအဖြစ် ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် နှင်းလူက သူ့ရဲ့ အစိတ်အပိုင်းတစ်ခုပဲလား၊ ညီမဖြစ်သူရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်း အဖြတ်ခံထားရတာဆိုတော့ ဒါက အစ်ကိုဖြစ်သူအတွက်က ပိုဆိုးဝါးနိုင်တယ်”
တစ်စုံတစ်ယောက်က တံခါးကို နောက်ထပ် သုံးချက် ခေါက်လိုက်သည်။ ချန်ကျင်း စိတ်ပူနေပြီ ဖြစ်သည်။
“ကျုပ် အမှန်တရားကို ရှာဖွေပါ့မယ်၊ အဲ့ဒီမတိုင်ခင်တော့ ခင်ဗျားတို့ရဲ့ အကူအညီကို တောင်းရပါလိမ့်မယ်”
ကောင်းမင်က ကုလားထိုင်ပေါ် တက်ကာ ရေခဲဆူးချွန်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်တွင်မူ စံအိမ်ကြီးတစ်ခုလုံး သူ၏ အကူအညီတောင်းခံသံကို ကြားလိုက်ရတော့သည်။
ပထမတွင် ကောင်းမင်မှာ ဟန်ဆောင်နေခြင်း ဖြစ်သည်။သို့သော်လည်း သူ၏ ဦးနှောက်ထဲတွင် သူ့ကိုယ်ပိုင် သေဆုံးမှတ်ဉာဏ်များ စီးဝင်လာသည်။ သူသည် အိပ်မက်ဆိုးတစ်ခုထဲတွင် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ဖူးပုံရသည်။
မကြာမီ ကော်ရစ်ဒါတွင် ခြေသံများ ဆူညံလာသည်။ တံခါး ပွင့်သွားပြီး မုဆိုးသေနတ်ကို ကိုင်ဆောင်ထားသော စံအိမ်ပိုင်ရှင် ပေါ်လာလေသည်။