ဝတ်ပြုဓလေ့
Vol. 35 Ch. 513
“ယောင်ယောင်က ဟိုလူ့ကို အာရုံလွှဲထားတုန်း ကျုပ်တို့ တတိယထပ်က တခြားတံခါးကို မြန်မြန်ဖွင့်ဖို့ လိုတယ်”
ကျိဂဲက ပုဆိန်ကို ဆုပ်ကိုင်လိုက်သည်။ ပိုင်ရှင် တံခါးပိတ်လိုက်သည်နှင့် သူသည် တတိယထပ်သို့ အပြေးတက်သွားတော့သည်။ သူနှင့် ချန်ကျင်းတို့သည် ယောင်ယောင်ကို ကယ်တင်ရန် အစီအစဉ်မရှိကြပေ။ ၎င်းမှာ သူမကို စွန့်ပစ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုကျိုးကြောင်းဆီလျော်စွာ စဉ်းစားလိုက်ခြင်း ဖြစ်သည်။ အစီအစဉ်မရှိဘဲ သူမကို သွားကယ်ပါက အဓိပ္ပာယ်မဲ့ စတေးမှုများသာ ဖြစ်လာလိမ့်မည်။ သူတို့၏ ပြတ်သားမှုကြောင့် ကောင်းမင်မှာ အံ့အားသင့်သွားရသည်။ ဤသုံးယောက်သည် မစ်ရှင်များစွာကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်းမှာ အကြောင်းရင်းတစ်ခု ရှိပေသည်။ သူတို့၏ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုမှာ ကောင်းမင် အရင်က ထင်ထားသည်ထက် ပိုနက်ရှိုင်းလှသည်။
“ဒီခေါင်းမရှိတဲ့ အလောင်းကို ဘယ်လိုလုပ်ကြမလဲ”
ရှုတိရီမှာ ကြောက်လန့်နေပြီး အလောင်းနှင့်ဝေးရာသို့ ရွေ့လိုက်သည်။
“မာဖီးယားဂိုဏ်းဝင်တစ်ယောက်က ဘာလို့ အလောင်းကို ကြောက်နေရတာလဲ”
“ဒါက ဘယ်လိုယုံကြည်မှုမျိုးလဲ”
ရှုတိရီသည် အလောင်းနှင့် နီးကပ်စွာ မနေရဲသော်လည်း ကောင်းမင်နှင့် အဝေးကြီးသို့လည်း မသွားရဲပေ။
“စံအိမ်ထဲမှာ မလုံခြုံဘူး၊ ဒါကို အပြင်ပို့ဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်”
ကောင်းမင် ပြောလိုက်ရာ အငြင်းခံလိုက်ရသည်။
“မရဘူး ၊ ဒီအလောင်းက ပိုင်ရှင်နဲ့ ဈေးညှိဖို့ ငါတို့ရဲ့ အပေါင်ပစ္စည်းပဲ၊ ဒါကို တခြားဘယ်သူ့ကိုမှ ပေးလို့မဖြစ်ဘူး”
ကျိဂဲက ပုဆိန်ကို ဝှေ့ယမ်းလိုက်ရင်း ပြောသည်။
“အားကျင်း၊ အလောင်းကို ပထမထပ်က အိမ်သာထဲ သွားထားလိုက်”
“ကောင်းပြီ၊ ဒါဆို အပေါ်ထပ်ကိုတော့ ခင်ဗျားတို့နဲ့ပဲ ထားခဲ့လိုက်တော့မယ်”
ချန်ကျင်းသည် ရွံရှာစိတ်ကို ချုပ်တည်း၍ အရူးလေးဆီမှ အလောင်းကို လွှဲပြောင်းယူလိုက်သည်။
“မြန်မြန်လေး အမြန်လုပ်ကြ”
ကျိဂဲမှာ ယောင်ယောင်အတွက် စိုးရိမ်နေဆဲ ဖြစ်သည်။သူ၏ လေသံတွင် သိသာနေသည်။
သူတို့အုပ်စုသည် ဆီမီးအိမ်ကို ငြှိမ်းသတ်လိုက်ပြီး တတိယထပ်သို့ တက်လာကြသည်။
“အခန်း ၃၀၀၉ က အခန်း ၂၀၀၉ ရဲ့ အပေါ်တည့်တည့်မှာ ရှိနေတာ၊ ပိုင်ရှင်က ကျုပ်တို့အသံ ကြားတာနဲ့ စက္ကန့်သုံးဆယ်အတွင်း ဒီကို ရောက်လာနိုင်တယ်၊ ကျုပ်တို့ မြန်မြန်လုပ်ရမယ်”
ယခုချိန်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ဘဲ ရှေ့ဆက်သွားရန်သာ ကျန်ရှိတော့သည်။ တတိယထပ်ရှိ အခန်းများတွင် တံခါးများ မရှိသဖြင့် သူတို့အတွက် အချိန်ကုန် သက်သာစေသည်။ သူတို့ အခန်း ၃၀၀၉ ထဲသို့ ဝင်လိုက်သည်နှင့် ကျိဂဲ၏ရည်မှန်းချက်မှာ ရှင်းလင်းသွားသည်။ သူသည် လျှို့ဝှက်ခန်းကို တွေ့နိုင်ရန် စာအုပ်စင်ကို ရွှေ့လိုက်သည်။ လူတိုင်း အံ့အားသင့်သွားရသည်မှာ ထိုအခန်း၏ သစ်သားတံခါးမှာ ပွင့်နေခြင်းပင် ဖြစ်သည်။ သော့မှာလည်း ကျိုးပဲ့နေပြီ ဖြစ်သည်။
“တစ်ယောက်ယောက် ဒီကို ရောက်နေတာလား၊ အခန်း ၃၀၀၉ ထဲမှာ ဘယ်သူရှိနေတာလဲ”
“ပိုင်ဖုန်း”
အုပ်စုသည် လျှို့ဝှက်ခန်းထဲသို့ ငုံ့ကြည့်လိုက်ကြသည်။ ကလေးအဝတ်အစားများနှင့် ကစားစရာများကြားတွင် နှင်းကိုက်နာများဖြင့် ဖုံးလွှမ်းနေသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများမှာ ဝေဝါးနေပြီး တောက်ပနေသည်။ သူမသည် တခြားလူတစ်ယောက်၏ အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ပိုင်ဖုန်းမှာ သူတို့ထဲတွင် အငယ်ဆုံး မဟုတ်သော်ငြား ကောင်းကောင်းလေ့ကျင့်ထားသူ ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်မှာ အချိုးအစား ပြေပြစ်ပြီး ထူးဆန်းစွာ လှပနေလေသည်။
“ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ”
ကျိဂဲ မှင်တက်သွားသည်။ သူ သော့ကို စစ်ဆေးကြည့်လိုက်သည်။ သွေးစွန်းနေသော သော့မှာ ပျက်စီးနေခြင်း မရှိပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ပိုင်ဖုန်းသည် အင်အားသုံးပြီး ဖျက်ဆီးဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။
“ကျွန်မရဲ့ မှတ်ဉာဏ်တွေက ရှုပ်ထွေးနေတယ်”
ပိုင်ဖုန်းက လှည့်ကြည့်လိုက်ပြီး
“ဒီမနက် နှင်းကိုက်နာပျောက်ဆေး သုံးခဲ့တာပဲ ကျွန်မမှတ်မိတယ်”
“အဲ့ဒီနောက်တော့ ဘာဖြစ်ခဲ့သေးလဲ”
“ကျွန်မ မမှတ်မိတော့ဘူး၊ အေးနေစက်တဲ့ ဆိုးယုတ်စိတ်တစ်ခုနဲ့ တိုက်ခိုက်ရင်း အိပ်ပျော်သွားတာပဲ သိတယ်”
သူမ၏အသံမှာ တည်ငြိမ်နေသည်။
“ခင်ဗျားရဲ့ ရှင်းပြချက်က ခင်ဗျားဘက်က အခြေအနေကို ဘာမှ အထောက်အကူ မပြုဘူးနော်”
ကျိဂဲသည် ပိုင်ဖုန်းကို အရင်ကလောက် မယုံကြည်တော့သည့် ပုံစံဖြင့် ကြည့်လိုက်သည်။ သူသည် ပုဆိန်ကို ကိုင်၍ အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းသည် ရှုပ်ပွနေသည်။ ကျိဂဲက ပတ်ပတ်လည်ကို ရှာဖွေကြည့်သော်လည်း ဘာမှ ရှာမတွေ့ပေ။
“ရှင်တို့ ဒါကို လာရှာတာလား”
ပိုင်ဖုန်းသည် သူမဝတ်ထားသည့် အဝတ်အစားများကို ညွှန်ပြလိုက်သည်။
“ဒီအခန်းထဲမှာ ကလေးအဝတ်အစားတွေနဲ့ ကစားစရာတွေပဲ ရှိတာ၊ လူကြီးဝတ်စုံဆိုလို့ ကျွန်မဝတ်ထားတဲ့ အမျိုးသမီးဝတ်စုံတစ်ထည်ပဲ ရှိတယ်”
“ဒါကို ဘာလို့ ဝတ်ထားတာလဲ၊ ခင်ဗျားရဲ့ နဂိုအဝတ်တွေ ရေစိုသွားလို့ဆိုတဲ့ စကားတော့ လာမပြောနဲ့နော်”
ကျိဂဲက သတိကြီးစွာ ထားနေသည်။
“ငါ မသိဘူး”
ပိုင်ဖုန်းက ခေါင်းခါလိုက်သည်။
“စံအိမ်ပိုင်ရှင်က ကျွန်မတို့ကြား သွေးခွဲချင်လို့ ဖြစ်နိုင်တယ်”
ပိုင်ဖုန်း၏ လေသံမှာ သူတို့ကို လှောင်ပြောင်နေခြင်းနှင့်မတူပေ။ သူမသည် ထိုသို့ အမှန်တကယ် ထင်မြင်နေခြင်း ဖြစ်သည်။
“ကျွန်တော် အဲ့ဒီဝတ်စုံကို ကြည့်လို့ရမလား”
ကောင်းမင်သည် ပိုင်ဖုန်းအနားသို့ သွားကာ သူမ၏အဝတ်ကို စစ်ဆေးလိုက်သည်။ အဝတ်မှာ သွေးစွန်းနေသော်လည်း စုတ်ပြဲခြင်း သို့မဟုတ် အပေါက်များ မရှိပေ။ ထိုသွေးမှာ ဝတ်ထားသူဆီမှ ထွက်လာသည့်ပုံလည်း မပေါက်ပေ။ဝတ်ထားသူက သွေးထွက်နေသည့် တခြားလူတစ်ယောက်ကို ပွေ့ဖက်ထားခဲ့သည့်ပုံစံနှင့် ပိုတူနေသည်။
“အဝတ်၊ သေတ္တာ၊ ဒီမှာ”
အရူးလေးသည် ပုဆိန်ကို ကိုင်ထားသဖြင့် လူသတ်သမားနှင့် တူနေသော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ ကောင်းမင်နှင့် ကျိဂဲတို့ အရူးလေးညွှန်ပြသည့် နေရာသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ပွင့်နေသော လက်ဆောင်သေတ္တာ တစ်ခု ရှိနေသည်။ သေတ္တာတွင် သွေးများ ပေကျံနေသည်။ သေတ္တာ၏အောက်ခြေတွင် စာတစ်စောင် ရှိသည်။ ရှုတိရီက ထိုစာကို လှမ်းယူလိုက်သည်။ သူ စာကို ထိတွေ့လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် သူအေးခဲသွားပြီး မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
ကောင်းမင်က ရှုတိရီ၏ လက်ကို ပုတ်ထုတ်လိုက်မှ သူသတိပြန်ဝင်လာတော့သည်။ သူ၏ မျက်လုံးများမှာ နီရဲပြီး ဖောင်းကြွနေသည်။
“ငါ အရမ်းဝမ်းနည်းသွားတာပဲ၊ လူတိုင်း ငါ့ကို ထားခဲ့ကြပြီ”
အရွယ်ရောက်ပြီးသား အမျိုးသားကြီးက ကလေးလေးတစ်ယောက်လို နှုတ်ခမ်းဆူကာ ပြောနေလေသည်။
“ဒီစာကြောင့်ပဲ”
ဤစာသည် ဝမ်းနည်းမှုနှင့် ဆက်နွှယ်နေပုံရသည်။
ကောင်းမင်က ရှုတိရီကို အဝေးသို့ ဖယ်ခိုင်းလိုက်ပြီး သူကိုယ်တိုင် စာကို ကောက်ယူလိုက်သည်။ သူ စာကို ဖွင့်လိုက်သည်နှင့် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများက သူ၏စိတ်ထဲတွင် ပေါက်ကွဲထွက်လာသည်။ ကမ္ဘာကြီးမှာ မီးခိုးရောင် ပြောင်းလဲသွားသည်။ ဆီးနှင်းများမှာ အသုဘငွေစက္ကူများကဲ့သို့ လွင့်ပျံ့နေပြီး မြူများက သူ၏ မျက်လုံးများကို ဖုံးလွှမ်းသွားသည်။
ကောင်းမင်သည် လူအချို့ကို မြင်လိုက်ရသည်။ သူတို့မှာ မိသားစုဓာတ်ပုံထဲမှ လူများ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် နှင်းများဖြင့်် ဖုံးလွှမ်းခံထားရသည်။ ကောင်းမင်သည် နှင်းများကို အရူးအမူး တူးဆွခဲ့သော်လည်း သူတို့ကို မကယ်နိုင်ခဲ့ပေ။ သူတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေရတော့သည်။ ကောင်းမင်သည် ယင်းကို ကြည့်နေစဉ်မှာပင် သူ့စိတ်ထဲရှိ ဝမ်းနည်းမှုမှာ ပိုနက်ရှိုင်းသော စိတ်ပျက်အားငယ်မှုတစ်ခုကြောင့် ကြေမွသွားတော့သည်။ လောကတွင် မည်သည့်ဝမ်းနည်းမှုမှ ထိုစိတ်ပျက်အားငယ်မှုနှင့် မနှိုင်းယှဉ်နိုင်ပေ။
မြူများ လွင့်စင်သွားသည်။ ကောင်းမင် နှင်းများကို ဖယ်ရှားလိုက်သောအခါ သူ့မိသားစု မျက်နှာများကို မြင်လိုက်ရသည်။ သူ စိတ်ပျက်သွားသည်။ သူ မြင်လိုက်ရသည်မှာ သူ၏မိသားစုအစစ် မဟုတ်ဘဲ ဓာတ်ပုံထဲက ညီငယ်လေး၏မိသားစုသာ ဖြစ်သည်။
ကောင်းမင်၏မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ စာမှာ ပွင့်နေပြီ ဖြစ်သည်။ ၎င်းမှာ ကလေးတစ်ယောက် ရေးထားသည့် တောင်းပန်စာတစ်စောင် ဖြစ်သည်။ စာမှာ တိုတောင်းလှသော်လည်း စာလုံးတိုင်းတွင် အပြစ်ရှိစိတ်နှင့် နောင်တတရားများ စိမ့်ဝင်နေသည်။
“အိပ်မက်ဆိုးပိုင်ရှင်က သူ့အမေဆီ ရေးထားတဲ့ စာလား”
စာထဲရှိ ကောင်လေးသည် သူ၏အဖိုးက အနားမကပ်ရန် တားမြစ်ထားသော တံခါးကို စပ်စုလိုစိတ်ကြောင့် ဖွင့်ခဲ့မိသည်။ အတွင်းထဲမှ အရာကြီး ထွက်လာပြီးနောက် သူ၏ ညီမလေးနှင့် မိသားစုမှာ ထိခိုက်နစ်နာခဲ့ရသည်။ သူသည် ထိုအရာကြီးကို စံအိမ်ထဲမှ မည်သည့်အခါမှ ထွက်ပြေးခွင့်မပြုစေရဟု သူ၏မိဘများထံ ကျိန်ဆိုခဲ့သည်။သူသည် သူ့အသက်နှင့် ရင်းရလျှင်ပင် တခြားလူများကို ထပ်မံ၍ သားကောင်အဖြစ်မခံနိုင်ပေ။
ကောင်လေးသည် သူ့အဖိုး၏ နောက်ဆုံးကျန်ရစ်သော ပစ္စည်းများကို အသုံးပြု၍ ထိုအရာကြီးကို သူ့ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားနိုင်ရန် မိမိကိုယ်ကိုယ် ယဇ်ပူဇော်ခဲ့သည်။ စာ၏ နောက်ကျောဘက်တွင် ယဇ်ပူဇော်ခြင်း ဝတ်ပြုဓလေ့အခမ်းအနား၏ အသေးစိတ် အချက်အလက်များနှင့် အဆင့်ဆင့်လုပ်ဆောင်ချက်များ ပါဝင်ပေသည်။