← Chapters

ပုန်းအောင်းနေသော

Vol. 35 Ch. 515

ပုန်းအောင်းနေသော

Vol. 35 Ch. 515

“ဒီအစီအစဉ်အတွက် ကျွန်တော်တို့ အချိန်ပိုလိုတယ်”

ကောင်းမင်သည် ပိုနက်ရှိုင်းသော အိပ်မက်ဆိုးအလွှာများကို စိတ်ဝင်စားသော်လည်း သူ၏လက်ရှိအင်အားမှာ ထိုအရာများနှင့်ပတ်သက်ရန် အလွန်အားနည်းနေသေးမှန်း သူသိသည်။

“ဒါပေါ့”

ပိုင်ဖုန်းက ကျိုးကြောင်းဆီလျော်စွာ ပြောလိုက်သည်။

“စံအိမ်ပိုင်ရှင်က အလွယ်တကူ လက်လျှော့မှာမဟုတ်ဘူး၊ တကယ်တော့ သူက ငါ့အစီအစဉ်ကို သိသွားပြီးပြီ၊ ဒါကြောင့်လည်း သူက ငါ့ကို အပြစ်ပုံချဖို့ ကြံစည်နေတာ”

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

ကျိဂဲသည် ပုဆိန်ကို ကိုင်ထားဆဲဖြစ်သည်။ သူ သတိကို မလျှော့ထားသေးပေ။

“စံအိမ်ပိုင်ရှင်က ဝိညာဉ်လဲတာကို အောင်မြင်သွားလောက်ပြီ၊ ငါက မင်းတို့ကို ရှုပ်ထွေးအောင်လုပ်ဖို့ သူသုံးတဲ့ အရိပ်အယောင်တစ်ခုပဲ”

ပိုင်ဖုန်းသည် တည်ငြိမ်နေ၏။

“ပိုင်ရှင်က ငါ့ကို နှင်းကိုက်နာဆေး လိမ်းပေးတုန်းက ဝိညာဉ်လဲဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ ငါ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက သန်မာတာကို သူသိသွားလို့ ငါ့ခန္ဓာကိုယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး”

ထို့နောက် ပိုင်ဖုန်းသည် ကောင်းမင်ဘက်သို့ လှည့်လိုက်သည်။

“စံအိမ်ပိုင်ရှင်က မင်းကို ထူးထူးခြားခြားဆက်ဆံနေတာကို မင်း သတိထားမိတယ် မဟုတ်လား”

“ဟုတ်တယ်၊ သူ ကျွန်တော့်ကို အများကြီး ရှင်းပြခဲ့ပေမဲ့ ရှုတိရီကိုကျတော့ အရမ်း စိတ်မရှည်ဖြစ်နေခဲ့တာ”

ကောင်းမင်က ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ စိတ်ဓာတ်ပြတ်သားမှုက ငါတို့အားလုံးထက် ပိုသန်မာတယ်၊ ဒါကို ငါမြင်ရသလို စံအိမ်ပိုင်ရှင်လည်း မြင်တယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ သူအတော်လေး ကြိုးစားရလိမ့်မယ်၊ အဲ့ဒီလိုဆိုရင် သူ့မှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်၊ မင်းရဲ့ ယုံကြည်မှုကို ရအောင်လုပ်ဖို့ ဒါမှမဟုတ် မင်းကို သတ်ပစ်ဖို့ပဲ”

ပိုင်ဖုန်းသည် အရာအားလုံးကို တွက်ချက်ပြီးသား ဖြစ်သည်။

“သူ မင်းကို ပြောပြခဲ့တဲ့ ပုံပြင်တွေက သူထွက်ပြေးနိုင်ဖို့အတွက်ပဲ”

“ဒါဆိုရင် စာထဲမှာပါတဲ့ ဝတ်ပြုဓလေ့ကို ကျွန်တော်တို့ ဆက်လုပ်ကြဦးမှာလား”

ကောင်းမင်က စာကို ဝှေ့ယမ်းပြလိုက်သည်။

အခန်းက တိတ်ဆိတ်သွား၏။ ပိုင်ဖုန်း တစ်ခုခုပြောရန် ပြင်လိုက်စဉ် အခန်း ၂၀၀၉ ထံမှ ယောင်ယောင်၏အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကျိဂဲ၏မျက်လုံးများ တုန်ယင်သွားပြီး ပုဆိန်ကို ဆုပ်ကိုင်၍ အောက်ထပ်သို့ အပြေးဆင်းသွားတော့သည်။

“ပြပွဲကတော့ စတော့မယ်”

ပိုင်ဖုန်းသည် ဘာဆက်ဖြစ်လာမည်ကို ကြိုသိနေသည့်အလား သူတို့နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားသည်။ ကောင်းမင်လည်း စာကို သိမ်းဆည်းကာ လိုက်သွားသည်။

လူတိုင်း အခန်း ၂၀၀၉ တံခါးဝတွင် စုရုံးမိကြသည်။ မီးအိုးထဲမှ မီးမှာ ရေအေးဖြင့် ငြှိမ်းသတ်ခြင်း ခံထားရသည်။ အနီရောင်ဝတ်စုံဝတ်ထားသော ယောင်ယောင်မှာ ကုတင်တွင် ချည်နှောင်ခံထားရသည်။ သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်များမှာ ရုန်းကန်ထားရသဖြင့် အညိုအမည်းများ စွဲထင်နေသည်။

“ကျိဂဲ၊ ကျွန်မကို ကယ်ပါဦး ၊ ကြိုးဖြေပေးပါ”

ယောင်ယောင်သည် ကြောက်ရွံ့မှုများ လွှမ်းမိုးနေပြီး ကုတင်ပေါ်တွင် လူးလိမ့်နေလေသည်။ စံအိမ်ပိုင်ရှင်မှာမူ ကော်ရစ်ဒါတွင် လဲပြိုကျနေသည်။ သူသည် တစ်စုံတစ်ယောက်နောက်သို့ လိုက်ရင်း အမှောက်သိပ်ခံလိုက်ရသည့် ပုံစံမျိုး ဖြစ်သည်။ ဆီမီးအိမ်မှာ မှောက်ကျနေပြီး အလင်းရောင်က ပိုင်ရှင်၏မျက်နှာပေါ်သို့ ကျရောက်နေသည်။ အရေးကြီးဆုံးအချက်မှာ ရိုင်ဖယ်သေနတ် ပျောက်ဆုံးနေခြင်းပင်။

“ပိုင်ရှင်က သတိမေ့နေပြီ ၊ သူ ဝိညာဉ်လဲတာ အောင်မြင်သွားပြီး ငါတို့ထဲက တစ်ယောက်ယောက်ထဲမှာ ပုန်းနေတဲ့ ပုံပဲ”

ပိုင်ဖုန်းက အရာအားလုံးကို အေးစက်စွာ စစ်ဆေးလိုက်ပြီးနောက် သူမ၏ အကြည့်များက ယောင်ယောင်ထံတွင် ရပ်တန့်သွားသည်။ ယောင်ယောင်မှာ အကြီးမားဆုံး သံသယရှိသူ ဖြစ်သည်။ သူမသည် စံအိမ်ပိုင်ရှင်နှင့် နှစ်ယောက်တည်း ရှိနေခဲ့ပြီး ဝတ်ပြုဓလေ့ကို အတူတူလုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“ကျိဂဲ၊ ကူညီပါ”

ယောင်ယောင်၏ မျက်နှာမှာ ဖြူဆွတ်နေပြီး အအေးဒဏ်ကြောင့် သူမ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ယင်နေသည်။

“ညီမရဲ့ ဇာတ်လမ်းထဲမှာတော့ ပိုင်ရှင်က တံခါးကနေ ထွက်ပြေးလာပြီး အရုပ်ထဲမှာ ပုန်းနေခဲ့တာပဲ၊ ညီမဖြစ်သူ အိပ်ပျော်နေတုန်းမှာ သူက ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့တယ်၊ ပြီးတော့ ဝတ်ပြုဓလေ့တစ်ခုနဲ့ ဝိညာဉ်ချင်း လဲခဲ့တယ်”

ကောင်းမင်သည် ယောင်ယောင်အား အကဲခတ်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ စံအိမ်ပိုင်ရှင်မှာ ထိုမျှအထိ မိုက်မဲလိမ့်မည်ဟု သူမယုံကြည်ပေ။

“မဟုတ်တာတွေ ၊ ငါက နင့်ကို လူသစ်လို့ ပြောခဲ့ပြီး မကူညီချင်ခဲ့လို့ အခုလို လုပ်နေတာမလား”

ယောင်ယောင်က ဆက်လက် ရုန်းကန်လိုက်သည်။

“အဲ့ဒီဇာတ်လမ်းကို ငါတို့ ဘယ်သူမှ မကြားဖူးဘူး၊ နင် စောစောကမပြောဘဲ အခုမှ ဘာလို့ ပြောတာလဲ နင် ငါ့ကို အပြစ်ပုံချဖို့ ကြံနေတာပဲ”

ယောင်ယောင်သည် သေဘေးနှင့် ရင်ဆိုင်နေရသဖြင့် အော်ဟစ်နေသည်။ သူမ၏ မျက်လုံးများမှာ နီရဲနေသည်။ ကျိဂဲပင် တုန့်ဆိုင်းသွားသည်။

“သူ့ကို အခုလောလောဆယ် ချည်ထားလိုက်ပါဦး”

ကောင်းမင်သည် ယောင်ယောင်နှင့် စကားများ မနေချင်ပေ။

“ပိုင်ရှင်က သတိမေ့နေတယ်ဆိုတော့ သူက ယောင်ယောင်ရဲ့ ဝိညာဉ်ကို သူ့အရင်ခန္ဓာကိုယ်ထဲ မထည့်ရသေးဘဲ တခြားတစ်နေရာမှာ ဝှက်ထားလို့ပဲ ဖြစ်ရမယ်”

“သူပြောတာ မယုံနဲ့ ၊ သူ လိမ်နေတာ”

ယောင်ယောင်သည် ကြိုးနှင့် ပွတ်တိုက်မိသဖြင့် သူမ၏အရေပြားများမှာ ပွန်းပဲ့ကာ သွေးများထွက်နေသည်။

“ဒါပေမဲ့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်၊ ယောင်ယောင်က နောက်ထပ် အယောင်ပြတစ်ခုပဲ၊ တကယ့်ပိုင်ရှင်က တခြားစမ်းသပ်သူ တစ်ယောက်နဲ့ လဲသွားတာလည်း ဖြစ်နိုင်တယ်”

ကောင်းမင်က မဲမှောင်စွာ ပြောလိုက်သည်။

“ဒီအချက်ကို ခင်ဗျားတို့ သတိထားမိလား၊ ပိုင်ဖုန်းပြောတာက သူနဲ့ စံအိမ်ပိုင်ရှင်က ကျုပ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို သိတယ်တဲ့၊ ဒါပေမဲ့ စံအိမ်ပိုင်ရှင်က မီးအိုးသယ်လာဖို့ ကျုပ်ကိုပဲ တကူးတက ခိုင်းခဲ့တယ်၊ အကယ်၍ မတော်တဆမှုသာ မဖြစ်ခဲ့ရင် အခုကုတင်ပေါ်မှာ အချည်ခံထားရမှာက ကျုပ် ဖြစ်နေလိမ့်မယ်”

လူတိုင်းက ပတ်ဝန်းကျင်ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ ယောင်ယောင်ပင်လျှင် ကောင်းမင် ဘာစီစဉ်နေသည်ကို မသိနိုင်တော့ပေ။

“သူက ကျုပ်စိတ်ကို ထိန်းချုပ်ဖို့ ခက်မှန်းသိပေမဲ့ ကျုပ်ကိုပဲ ဝတ်ပြုဓလေ့မှာ ပါဝင်ဖို့ ရွေးချယ်ခဲ့တယ်၊ သူက ကျုပ်ကို ပိုင်ဖုန်းလိုပဲ သံသယရှိသူဖြစ်အောင် လုပ်ချင်နေတာ”

ကောင်းမင်၏အကြည့်များသည် ယောင်ယောင်နှင့် စံအိမ်ပိုင်ရှင်ကြားတွင် ကူးလူးနေသည်။ သူသည် မည်သည့် အားနည်းချက်ကိုမှ မတွေ့ရပေ။

“ခင်ဗျားတို့က ယောင်ယောင်နဲ့ ရင်းနှီးကြတယ်ဆိုတော့ သူနဲ့အချိန်ပိုဖြုန်းလိုက်ရင် တစ်ခုခုမှားနေတာကို သတိထားမိလာလိမ့်မယ်၊ ကျုပ်တို့ သူတို့ နှစ်ယောက်လုံးကို ခေါ်သွားမှဖြစ်မယ်၊ ဒီအချိန်အတွင်းမှာ တခြားတံခါးတွေကိုဖွင့်ပြီး အမှန်တရားကို ဖော်ထုတ်ကြတာပေါ့”

ကောင်းမင်သည် ပိုင်ရှင်၏ အိတ်ကပ်ထဲမှ သော့လေးချောင်းကို နှိုက်ယူလိုက်သည်။

“ကျုပ်တို့ 'နာကျင်ခြင်း' နဲ့ 'ဝမ်းနည်းခြင်း' တံခါးတွေကို ဖွင့်ပြီးပြီ၊ နောက်ထပ် အခန်းနှစ်ခန်း ကျန်သေးတယ်၊ တစ်ခန်းက ထင်းသိုလှောင်ရုံနောက်မှာ၊ နောက်တစ်ခန်းက စတုတ္ထထပ်မှာပဲ”

ကျိဂဲသည် ယောင်ယောင်၏ခြေကျင်းဝတ်မှ ကြိုးများကို ဖြည်ပေးလိုက်သည်။ ထို့နောက် စံအိမ်ပိုင်ရှင်၏ လက်ကောက်ဝတ်များကို တုပ်နှောင်လိုက်သည်။ သူတို့ ပထမထပ်သို့ ပြေးဆင်းသွားကြသည်။ သူတို့ ထွက်သွားပြီးနောက် စိုရွှဲနေသော မီးအိုးထဲမှ ရေများသည် စုစည်းလာကာ ဝမ်းနည်းနေသည့် မျက်နှာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမျက်နှာမှာ ဒဏ်ရာ အပြင်းအထန် ရထားသည့်အလား ဝေဝါးနေလေသည်။

“ပိုင်ရှင်က သတိမေ့နေတယ်၊ သေနတ်ကလည်း ပျောက်နေတယ်၊ ကျုပ်တို့မှာ သရဲတွေကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတော့ဘူး၊ တကယ်လို့ စံအိမ်အပြင်ဘက်မှာ သရဲတွေနဲ့ တွေ့ရင် ကျုပ်တို့ လူစုခွဲပြီး သူတို့ကို အဝေးခေါ်သွားရမယ်”

ကောင်းမင်သည် လေးလံလှသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ နှင်းများနှင့် ရေခဲမှုန်များသည် သူ၏မျက်နှာပေါ်သို့ အစင်းကြောင်းများအဖြစ် ကျဆင်းလာသည်။

“သွားကြစို့”

ဆီးနှင်းများကြားတွင် ဆီမီးအိမ်၏အလင်းရောင်မှာ အလွန်သေးငယ်လှသည်ဟု ခံစားရသည်။ သူတို့သည် နှင်းများကြား ဖြတ်ပြေးလိုက်ကြသည်။ အကြောက်တတ်ဆုံးဖြစ်သည့် ရှုတိရီက နောက်သို့ လှည့်ကြည့်လိုက်သည်။ စံအိမ်နံရံများပေါ်တွင် သေဆုံးနေသော တောင်တက်သမားများ တွားသွားနေကြသည်ကို သူတွေ့လိုက်ရသည်။ သူတို့သည် ကြိုးများဖြင့် ချည်နှောင်ခံထားရသည်။ အချို့မှာ ရေခဲပုဆိန်များကို သုံး၍ အခန်း ၂၀၀၁ ထဲသို့ တွားဝင်နေကြပြီ ဖြစ်သည်။

“တော်သေးတာပေါ့၊ ငါတို့ စံအိမ်ထဲက ထွက်လာခဲ့လို့”

သူပြောလိုက်သည်နှင့် တောင်တက်သမားတစ်ယောက်က သူ့ကို လှည့်ကြည့်လိုက်သည်ကို ရှုတိရီ သတိထားမိလိုက်သည်။ အေးခဲနေသော ထိုခန္ဓာကိုယ်မှာ သူ့ထံသို့ တွားသွားလာရန် အောက်သို့ လျောဆင်းလာတော့သည်။

“အာရုံစိုက်ထားကြ”

ကောင်းမင်သည် အုတ်အိမ်လေးဆီသို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်သည်။ သူသည် 'နာကြည်းခြင်း' သော့ကို ထုတ်ယူကာ သံတံခါးထဲသို့ ထိုးထည့်လိုက်သည်။

နှင်းများသည် ဆက်တိုက်ကျဆင်းနေသော်လည်း အခန်းငယ်လေးသည် အပြင်ကထက် ပိုအေးစက်နေသည်။ နေရာတစ်ခုလုံးမှာ မှောင်မည်းနေပြီး ကြက်သီးထဖွယ်ကောင်းနေသည်။ ဟောင်းနွမ်းနေသော ရေဒီယိုမှာ ဖြည်းညှင်းစွာ လည်ပတ်နေပြီး ကောင်လေးတစ်ယောက်၏ ငိုကြွေးသံများ ထုတ်လွှင့်နေသည်။ နံရံများတွင် ကုတ်ခြစ်ရာများဖြင့် ပြည့်နှက်နေသည်။ မျက်နှာကြက်နှင့် ကြမ်းပြင်ပေါ်တွင် ဓာတ်ပုံများစွာကို ကပ်ထားသည်။ တစ်ခန်းလုံးတွင်လည်း အနံ့ဆိုးများ နံစော်နေလေသည်။

All Chapters