← Chapters

နာကျင်မှုဆိုတာ ဆေးဝါးပဲ

Vol. 35 Ch. 516

နာကျင်မှုဆိုတာ ဆေးဝါးပဲ

Vol. 35 Ch. 516

“ညီငယ်လေးရဲ့ ဦးခေါင်းခွံက ဒီမှာမရှိဘူး”

ရှုတိရီက ကောင်းမင်နောက်ကျောသို့ တိုးကပ်လိုက်သည်။သူသည် အခန်းထဲဝင်ရဲခြင်းမရှိပေ။

“ကျုပ်တို့ သူ့ခေါင်းကို ရှာမတွေ့ရင် အလောင်းကို ပြည့်စုံအောင်လုပ်လို့မရဘူး”

“အိပ်မက်ဆိုးပိုင်ရှင်ရဲ့ အလောင်းက မြေအောက်ခန်းထဲမှာရှိတယ်၊ မိခင်ဖြစ်သူရဲ့အခန်းကတော့ ပိုင်ရှင်ရဲ့ စွဲလမ်းမှုပဲ၊ ဒါဆို ဒီအခန်းက...”

ကောင်းမင်က ဓာတ်ပုံများကို လေ့လာရင်း ပြောလိုက်သည်။

“ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေ ရှိရမယ့်နေရာပဲ၊ ဓာတ်ပုံတွေကို အာရုံငါးပါးအလိုက် စီစဉ်ထားတာ၊ ပိုင်ရှင်ရဲ့ အတိတ်က အပိုင်းပိုင်းဖြတ်တောက်ခံထားရတယ်”

အခြားလူများမှာ ကောင်းမင်ပြောသည်အား နားမလည်နိုင်ကြသလို အိပ်မက်ဆိုးပိုင်ရှင်နှင့်လည်း စိတ်ချင်းထပ်တူမကျပေ။ သို့သော်လည်း ကောင်းမင်မှာမူ ထိုသူများနှင့်မတူဘဲ အိပ်မက်ဆိုးပိုင်ရှင်ကဲ့သို့ အတွေ့အကြုံမျိုး ရှိခဲ့ဖူးပုံရသည်။ သူသည် နံရံပေါ်ရှိ ကုတ်ခြစ်ရာများကို ထိတွေ့လိုက်သောအခါ နှလုံးကွဲမတတ် နာကျင်မှုများက သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ သူ ဓာတ်ပုံများကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

ပိန်လှီသော ကောင်လေးမှာ ထင်းသိုလှောင်ရုံထဲတွင် ချည်နှောင်ခံထားရပြီး ရေအေးများဖြင့် စိုရွှဲနေသည်။ အေးစက်နေသော ကြိုးစများက သူ့အသားထဲသို့ နက်ရှိုင်းစွာ တိုးဝင်နေကြသည်။ သူ့ကို ချည်နှောင်ထားသော ကြိုးများသည် သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသဖွယ် ဖြစ်နေပြီး ထိုကြိုးများကို ဖြေလိုက်ပါက အရေခွံများပါ ကွာကျသွားမည့်ပုံပင်။ ကောင်လေး ခံစားခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုမှာ စမ်းသပ်သူများ ခန့်မှန်းထားသည်ထက် များစွာဆိုးရွားလှသည်။

ဓာတ်ပုံတစ်ပုံချင်းစီတိုင်းမှာ ထိုကောင်လေးအတွက် ရှည်လျားသောညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ခဲ့သည်။ ငိုကြွေးသံများက သူ့နားထဲသို့ တိုးဝင်လာပြီး ဓာတ်ပုံများထဲမှ ကလေးငယ်သည် စတင်လှုပ်ရှားလာသည်။ နာကျင်မှုနှင့် ဝမ်းနည်းမှုအားလုံးမှာ သူ၏ဝိညာဉ်ထဲတွင် နွယ်ယှက်သွားပြီး နာကြည်းမုန်းတီးမှုအဖြစ် ပြောင်းလဲသွားသည်။ ဤအရာမှာ တံခါးနောက်ကွယ်မှ အရာ၏ ပစ်မှတ်အစစ်ပင် ဖြစ်သည်။ ထိုအရာက ကောင်လေးကို သူကိုယ်တိုင် ကြောက်ရွံ့မုန်းတီးရသော သရဲတစ်ကောင်အဖြစ် ပြောင်းလဲပစ်ချင်နေခြင်း ဖြစ်သည်။

ရှုတိရီမှာ နံရံကို အနည်းငယ်မျှ ထိလိုက်ရုံဖြင့် အော်ဟစ်လိုက်သည်။ပိုင်ဖုန်းသည် အခန်းထဲတွင် ပတ်လျှောက်နေပြီး သူမ၏ နှင်းကိုက်နာမှာ ပိုဆိုးရွားလာသည်။

“ငါ လုပ်မယ်”

ကောင်းမင်သည် နံရံပေါ်ရှိ အမှတ်အသားများကို ထိတွေ့ရင်း သူ့သွေးပြန်ကြောများတစ်လျှောက် စီးဆင်းလာသော နာကျင်မှုများကို ခံစားလိုက်သည်။

“ဒီခံစားချက်ပဲ၊ တော်တော်လေး နီးစပ်နေပြီ၊ ရှန်ဟိုင်းစိတ္တဇဆေးရုံမှာ ခံစားခဲ့ရတဲ့ နာကျင်မှုထက်တောင် ပိုပြင်းထန်သေးတယ်၊ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး၊ ငါ့ကို သေလုနီးပါးဖြစ်စေမယ့် နာကျင်မှုမျိုး လိုအပ်တယ်၊ ငါ အကြိမ်ကြိမ် သေဆုံးခဲ့ဖူးတာကို မှတ်မိနေတယ်...”

အခြားစမ်းသပ်သူများသည် နာကျင်ဖွယ်မှတ်ဉာဏ်များအားလုံးကို ရယူနေသော ကောင်းမင်ကို ကြည့်ပြီး တံခါးနားသို့ ဆုတ်ခွာသွားကြသည်။ သူသည် ပြင်းထန်သော သေဆုံးခြင်းအတွေ့အကြုံများကို အသဲအသန်ဖြစ်နေသည့် နာကျင်မှုကို စွဲလမ်းနေသူတစ်ယောက်နှင့်တူနေလေသည်။

“တကယ့်အရူးပဲ”

ယောင်ယောင်က ကြောက်ရွံ့နေသည်။သူမသည် ကောင်းမင်အား အကြိမ်ပေါင်းများစွာ စော်ကားပြောဆိုခဲ့ဖူးသည်။ပိုင်ဖုန်းသည် သူမကိုယ်သူမ လက်နှစ်ဖက်ပိုက်လျက်ရှိသည်။သူမက ကောင်းမင်သည် ပိုမိုနက်ရှိုင်းသော အိပ်မက်ဆိုးများထဲသို့ ဝင်ရောက်နိုင်သူဖြစ်ကြောင်း ပိုယုံကြည်သွားပြီး သူ့ကို စတင်စိတ်ဝင်စားလာသည်။

“ဒါ မလုံလောက်သေးဘူး ၊ နာကျင်မှုတွေ မလုံလောက်ဘူး”

ကောင်းမင်သည် ငိုကြွေးသံများနောက်သို့ လိုက်ပါရင်း ကောင်လေး၏ မှတ်ဉာဏ်များက သူ၏ နှလုံးသားထဲသို့ နှင်းများကဲ့သို့ ပျော်ဝင်လာသည်။ နာကျင်မှုနှင်းများက ကောင်းမင်ကို ဝါးမြိုသွားသည်။ တိတ်ဆိတ်မှောင်မိုက်သော ဆောင်းညထဲတွင် သူသည် အမှန်တရားကို မြင်လိုက်ရသည်။

သူ၏ညီမလေးအစစ်မှာ ပျောက်ဆုံးနေပြီး သူ၏မိခင်မှာ မိစ္ဆာတစ်ကောင် ဖြစ်သွားကာ ဖခင်ဖြစ်သူမှာလည်း မိသားစုကို ကယ်တင်ရန် သူ့ကိုယ်သူ ငါးစာအဖြစ် ပြောင်းလဲခဲ့သည်။ သူသည် မိသားစုဘေးကင်းရန်အတွက် အလဲအလှယ်အဖြစ် တံခါးသို့ ဆက်လက် ယဇ်ပူဇော်နေခဲ့သည်။ သို့သော်လည်း ထိုအရာက သူ့အား ချောက်နက်ကြီးတွင်းသို့ ပိုမို နက်ရှိုင်းသထက် နက်ရှိုင်းလာအောင် တွန်းပို့နေခဲ့သည်။ နောက်ဆုံး၌ မိသားစုတွင် ကောင်လေးတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး သူသည် ထိုအဖြစ်ဆိုးများအားလုံး၏ အစပြုရာ ဖြစ်လာတော့သည်။တောင်ကြီးတမျှ ကြီးမားလှသော အပြစ်ရှိစိတ်က သူ့ကို နှိပ်စက်နေပြီး တံခါးနောက်ကွယ်မှ ညစ်ညမ်းသောအရာကလည်း သူ့အား စောင့်ကြည့်နေခဲ့သည်။ဓာတ်ပုံထဲရှိ မြင်ကွင်းတိုင်းသည် ကောင်းလေးကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များဖြစ်သည်။

“မင်းက မင်းထင်သလောက် မဆိုးပါဘူးကွာ၊ အနည်းဆုံးတော့ မင်းရဲ့ အဆုံးသတ်တွေအားလုံးထဲမှာ မင်းက အခက်ခဲဆုံးနဲ့ အကြင်နာဆုံးလမ်းကို ရွေးချယ်ခဲ့တာပဲ”

ကောင်းမင်က ဓာတ်ပုံများကို ကြည့်ရင်း ပြောလိုက်သည်။ ကောင်လေးသည် ပေးဆပ်မှုများ ပြုလုပ်ပြီးနောက် တံခါးနောက်ကွယ်မှ အရာကို သတိပေါ့လျော့စေရန် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအရာက ကောင်လေးသည် ပြန်မတိုက်ခိုက်နိုင်တော့ဟု ယုံကြည်ကာ ထိုပျင်းစရာဂိမ်းကို အဆုံးသတ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ၎င်းသည် ကောင်လေး၏ခန္ဓာကိုယ်ကို သိမ်းပိုက်၍ စံအိမ်မှ ထွက်သွားချင်ခဲ့သည်။ သို့သော် ကောင်လေးသည် သူ၏ခန္ဓာကိုယ်အား အဘိုးဖြစ်သူ၏ ပစ္စည်းများဖြင့် လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲထားခဲ့ပြီးဖြစ်သည်။သူသည် ထိုအခိုက်အတန့်အတွက် များစွာသော နာကျင်မှုများကို ခံစားခဲ့ရသည်။

ကောက်ကျစ်စဉ်းလဲသော သရဲသည် ကူကယ်ရာမဲ့နေသည်ဟု သူရှုမြင်နေခဲ့သော ကောင်လေးက သူ့အားတိုက်ခိုက်ရန် အစကတည်းက တွက်ချက်နေခဲ့ကြောင်း မထင်မိခဲ့ပေ။

ကောင်းမင်သည် အခန်းအလယ်တွင် ရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ဓာတ်ပုံများကြားတွင် တွန့်ကြေနေသော မိသားစုဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။အခန်း ၃၀၀၃ရှိ ဓာတ်ပုံနှင့်ခြားနားစွာ ထိုပုံတွင် စံအိမ်ပိုင်ရှင်၏ ပုံရိပ်မရှိပေ။ မိဘများနှင့် သူတို့၏ကလေးနှစ်ယောက်သာ ရှိသည်။ စံအိမ်ကြီးကို နောက်ခံထား၍ မိဘနှစ်ပါးနှင့် သားသမီးနှစ်ယောက်လုံး၏ မျက်နှာများတွင် အပြုံးများရှိနေကြသည်။၎င်းသည် တောက်ပ၍ သစ်လွင်လှသည်။

ကောင်းမင်က ထိုဓာတ်ပုံကို ဖယ်ရှားလိုက်သောအခါ ရေဒီယိုသံများ ရပ်တန့်သွားပြီး အပုပ်နံ့များလည်း ပျောက်ကွယ်သွားသည်။အခြားဓာတ်ပုံများက လွင့်ပျံကျလာသည်။ကောင်းမင်သည် အခန်းထဲတွင် ရပ်နေခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ နာကျင်မှုများ သက်သာသွားပြီး သူ၏မှတ်ဉာဏ်များကို ပြန်မှတ်မိရန် ပိုနီးစပ်လာလေသည်။ကောင်းမင်သည် ဓာတ်ပုံနောက်ကျောကို လှန်ကြည့်လိုက်သည်။အရှေ့ဘက်နှင့် ခြားနားစွာ ဓာတ်ပုံ၏ကျောဘက်တွင် သွေးများဖြင့် စေးကပ်နေသည့် တွန့်လိမ်နေသော အနက်ရောင် သွေးကြောတစ်ခုကို သူတွေ့လိုက်ရသည်။

“မနေ့ညက ငါ ဒီကို ငါးတစ်ကောင် ယူလာခဲ့တယ်၊ အဲ့ဒါက အရမ်း စားသောက်လိုစိတ်ကြီးတယ်”

ပိုင်ဖုန်းက ခပ်အေးအေး ပြောလိုက်သည်။

ကောင်လေး၏မှတ်ဉာဏ်များအရ ထို ‘ငါး’ ဆိုသည်မှာ တံခါးနောက်ကွယ်မှ အရာဖြစ်ကြောင်း ကောင်းမင် သိလိုက်သည်။ ထိုအရာနှင့် ထိတွေ့မိသူတိုင်း ကံဆိုးမိုးမှောင်ကျတတ်သည်။ မိသားစုကို ကယ်တင်ရန်အတွက် ကောင်လေး၏ ဖခင်သည် သူ၏ဇနီးကို ငါးများ ကျွေးခဲ့သည်။နောက်ဆုံးတွင် သူသည် တံခါးထဲ၌ ပျောက်ကွယ်သွားခဲ့သည်။ ကောင်လေးက ထိုအရာများကို မုန်းတီးသော်လည်း တံခါးနောက်ကွယ်မှ အရာကို နှိမ်နင်းရန်အတွက် သူ၏ အဘိုးနှင့် အဖေတို့ လျှောက်ခဲ့သော လမ်းကိုပင် ရွေးချယ်ခဲ့ရသည်။

တစ်နည်းဆိုရလျှင် တံခါးနောက်ကွယ်မှ အရာသည် ကောင်လေးအား နာကျင်မှု ၊ အမုန်းတရား ၊ နာကြည်းမှုနှင့် ဝမ်းနည်းမှုတို့မှတဆင့် ထိုကဲ့သို့သော တစ်စုံတစ်ရာအဖြစ် အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။

ခုန်နေသော သွေးကြောကို ခံစားရင်း ကောင်းမင်သည် သူ့ဆီသို့ တွားသွားလာနေသော တွန့်လိမ်နေသည့်သက်ရှိပုံစံတစ်ခုကို မြင်လိုက်ရသည်ဟု တွေးမိလိုက်သည်။

“နောက်ဆုံးအခန်းကို သွားဖို့ အချိန်တန်ပြီ”

ပိုင်ဖုန်းက ဓာတ်ပုံကို လုယူလိုက်သည်။

“ငါ့ကို ဓာတ်ပုံပေးပါ ၊ ငါမင်းကို အကြွေးတင်သွားပြီ”

အဖြေကို မစောင့်တော့ဘဲ ပိုင်ဖုန်းသည် စံအိမ်ကြီးဆီ ပြေးသွားလိုက်သည်။

“သူ သရုပ်ဆောင်နေတာ မဟုတ်ဘူးနော်”

ရှုတိရီက စိုးရိမ်သွားသည်။

“သူ့နောက်ကို လိုက်လေ”

“မင်း အရင်သွားလိုက်ပါ ၊ ဒီမှာ ငါ့ကို စောင့်နေတဲ့ မိတ်ဆွေတစ်ယောက်ရှိနေလို့”

မနက်က ကောင်းမင်သည် ရှုတိရီအား ဆေးသေတ္တာကို အခန်း ၃၀၀၉ အပြင်ဘက်သို့ ယူလာခိုင်းခဲ့သည်။သူသည် အရုပ်၏ ခန္ဓာကိုယ်ကို ပြင်ဆင်ပေးခဲ့သည်။ယခုတွင် အိမ်မက်ဆိုးက အဆုံးသတ်နေပြီဖြစ်ရာ မိန်းကလေးအိမ်ပြန်လာဖို့ အချိန်ကျပြီဖြစ်သည်။

ကောင်းမင်က ရှုတိရီအား သော့ကို ပစ်ပေးလိုက်သည်။ အခြားလူများက သူ့အား အော်ခေါ်နေသည့် ကြားမှပင် ကောင်းမင်သည် ရဲဝင့်စွာဖြင့် နှင်းတောထဲ ချီတက်၍ အရှေ့ဘက်ရေကန်ဆီ ဦးတည်လိုက်သည်။

“သူ အခု ဘာလုပ်နေပြန်တာလဲ”

ကျိဂဲသည် စိတ်အနှောက်အယှက် ဖြစ်နေရလေသည်။

ယောင်ယောင်က လူစားလဲခံထားရဟန် ရှိသည်။ပိုင်ဖုန်းက သံသယဖြစ်ဖွယ် လုပ်ဆောင်နေသည်။ ရှုတိရီမှာ အသုံးမဝင်ပေ။အရူးလေးမှာ နှေးကွေးထုံထိုင်းသည်။

“ဒါက ဘယ်လို အသင်းမျိုးလဲကွာ”

ဆီမီးအိမ်မှာ မီးစာ ကုန်လုပြီဖြစ်သည်။ကျိဂဲမှာ ရွေးချယ်စရာမရှိတော့ဘဲ အားလုံးကို စံအိမ်ဆီသို့ ပြန်ခေါ်သွားရတော့မည်ဖြစ်သည်။

သူတို့က သစ်သားတံခါးကို ထပ်မံဖွင့်လိုက်သည်။စံအိမ်ကြီးသည် အနက်ရောင်တဲတစ်ခုနှင့် တူနေသည်။ ကျိဂဲသည် တတိယထပ်ဆီသို့ တစ်ကိုယ်တည်းသွားနေသော ပိုင်ဖုန်းကို သတိပြုမိလိုက်သည်။

“ဒီ ခွေးမက စတုတ္တထပ်မှာ တစ်ခုခု ချနေသလိုပဲ”

All Chapters