စတုတ္ထမြောက်အခန်း
Vol. 35 Ch. 517
ဆောင်းနှင်းများကြားတွင် ထင်ရှူးပင်ကြီးများမှာ လူ့ဘီလူးကြီးများအလား ထီးထီးမားမား ရှိနေကြသည်။ ၎င်းတို့သည် အမှောင်ထဲတွင် ကြီးထွားလာသော ကလေးငယ်တစ်ဦးကို အေးချမ်းစွာ အိပ်စက်နိုင်ရန်အတွက် ၎င်းတို့၏သစ်ကိုင်းများကို ဧရာမပုခက်ကြီးတစ်ခုသဖွယ် ဖြန့်ခင်းပေးထားကြသည်။ ကောင်းမင်သည် လောကကြီး၏ ဆူညံသံများနှင့် သီးခြားဖြစ်နေသော တောအုပ်ထဲသို့ လျှောက်လှမ်းလာခဲ့သည်။ ရံဖန်ရံခါတွင် သူ၏အဝတ်အစားပေါ်သို့ နှင်းများ ကျဆင်းလာတတ်သည်။
ကောင်းမင်သည် အသုံးပြုပြီးသား ဆေးသေတ္တာကို ကောက်ကိုင်၍ သူနှင့်မိန်းကလေးငယ်နှင့် တွေ့ဆုံခဲ့သည့်နေရာသို့ ရောက်လာခဲ့သည်။ သစ်ခေါင်းကြီးမှာ ဗလာကျင်းနေပြီး ပုပ်ပွနေသော ဂွမ်းများနှင့် အရုပ်မှာလည်း မရှိတော့ပေ။
ကောင်းမင်သည် အရှေ့ဘက်ရေကန်ဆီသို့ လှည့်ကြည့်လိုက်သည်။ ကောင်းကင်မှာ မှောင်မိုက်နေပြီဖြစ်သည်။ သူ၏ အိတ်ကပ်ထဲမှ မျိုးစေ့များက တုန်ခါနေကြသည်။ ၎င်းတို့က ကောင်းမင်ကို အရှေ့ဘက်ရေကန်ထဲသို့ ချပေးရန် တောင်းဆိုနေကြသည့်အလားပင်။ လက်ကိုင်စကားပြောစက်ထဲမှ တစီစီအသံများ ထွက်ပေါ်လာသည်။ ကောင်းမင်က ၎င်းကို နားလည်နိုင်ရန် ကြိုးစားလိုက်သော်လည်း “မင်း”ဟူ စကားလုံးတစ်လုံးကိုသာ အနိုင်နိုင် ကြားလိုက်ရသည်။
“သူ ငါ့ကို ဘာပြောချင်တာလဲ၊ ငါ့ကို ဘာဖြစ်လို့လဲ”
“ရှင် ဘယ်သူနဲ့ စကားပြောနေတာလဲ”
မွန်းကြပ်ဖွယ်အသံတစ်သံက အမှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သစ်ကိုင်းများ ယိမ်းထိုးသွားပြီး ကြီးမားသော အရိပ်ကြီးတစ်ခုက ကောင်းမင်ကို ဖုံးလွှမ်းသွားသည်။ ကောင်းမင် မော့ကြည့်လိုက်သောအခါ အရုပ်ဆိုးလှသော ဧရာမမျက်နှာကြီးတစ်ခုကို တွေ့လိုက်ရသည်။ စုတ်ပြဲနေသော အဝတ်စများကို တစ်ခုနှင့်တစ်ခု ပြန်ချုပ်ထားသည်။ ကြီးမားသော ကြယ်သီးနှစ်လုံးမှာ သူမ၏မျက်လုံးများ ဖြစ်နေသည်။ အပုပ်နံ့ထွက်နေသော ဂွမ်းများ သွတ်သွင်းထားသည့် ခန္ဓာကိုယ်ကြီးမှာ မတ်တတ်ရပ်နေလျက်ရှိသည်။သူမ၏ ကိုယ်ပေါ်တွင် သစ်ရွက်ခြောက်များနှင့် နှင်းများ ဖုံးလွှမ်းနေသည်။ သူမသည် မြေကြီးထဲမှ အခုလေးတင် ထွက်လာသည့်ပုံပင်။
“မင်း ဒီည လာမယ်လို့ ငါထင်သားပဲ”
ကောင်းမင်က ပြုံးလိုက်သည်။
“မင်းအစ်ကိုရဲ့ မှတ်ဉာဏ်တွေ ငါ့ခေါင်းထဲမှာ ရှိနေပြီ၊ ဒီည မင်းရဲ့ ပူးပေါင်းဆောင်ရွက်တာကို လိုအပ်တယ်၊ ဒါမှ မင်းရဲ့မိသားစုကို ကယ်တင်နိုင်ပြီး တံခါးနောက်ကွယ်က အရာကို ချိတ်ပိတ်နိုင်မှာ”
“အဲဒါကို ချိတ်ပိတ်တာ မလိုချင်ဘူး၊ အဲဒါကို ခံစားစေချင်တာ၊ ကျွန်မခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို အဲဒါက အဆပေါင်း ရာနဲ့ချီ ပြန်ခံစားရစေရမယ်”
အရုပ်ထဲတွင် နေထိုင်သော မိန်းကလေး၏ဝိညာဉ်က အငြိုးအတေးအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“ရတာပေါ့၊ မင်း အပြစ်မဲ့တဲ့သူတွေကို မထိခိုက်သရွေ့ပေါ့”
ကောင်းမင်သည် အရုပ်ကြီး၏ လက်ကို ဆွဲကိုင်၍ အမှောင်ထဲရှိ စံအိမ်ကြီးကို ကြည့်လိုက်သည်။
“မိုးလင်းတာနဲ့ ဒီအိပ်မက်ဆိုးက ပြီးဆုံးသွားလိမ့်မယ်”
...
ကျိဂဲသည် ပိုင်ဖုန်းက စတုတ္ထထပ်သို့ တစ်ခုခုပစ်တင်လိုက်သည်ကို မြင်လိုက်ရသော်လည်း သူမကို တားဆီးရန် အချိန်မမီတော့ပေ။ သူတို့၏ အခြေအနေမှာ အလွန်အန္တရာယ်များနေသည်။ အမဲလိုက်သေနတ်မှာ ပျောက်ဆုံးနေပြီး ဇွန်ဘီတောင်တက်သမားများမှာလည်း စံအိမ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ နှင်းလူမှာလည်း မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရသေးပေ။ စံအိမ်ပိုင်ရှင်က ၎င်းတို့ထဲမှ တစ်ဦးထဲတွင် ပုန်းကွယ်နေသည်။ ကျိဂဲမှာ ပျာယာခတ်နေပြီဖြစ်သည်။ သူသည် ချန်ကျင်းကို အကူအညီတောင်းချင်သော်လည်း ချန်ကျင်း၏တည်နေရာကို မဖော်ပြချင်ပေ။ စံအိမ်ပိုင်ရှင်သာ ချန်ကျင်းကို ရှာတွေ့သွားပါက သူတို့၏ အရေးပါသော ဝှက်ဖဲချပ်တစ်ချပ် ဆုံးရှုံးသွားမည်ဖြစ်သည်။
“လာကြ ၊ စတုတ္ထထပ်ကို သွားကြမယ်၊ ပိုင်ဖုန်း တစ်ခုခု မှားနေပြီ”
ကျိဂဲသည် လှေကားဆီသို့ ပြေးသွားသည်။ သူ ပထမထပ် အိမ်သာနားမှ ဖြတ်သွားသောအခါ မျက်လုံးထောင့်မှ ယင်းဘက်သို့တစ်ချက်ကြည့်လိုက်သည်။ အိမ်သာသို့ သွားသည့် လမ်းကြောင်းပေါ်တွင် ရေကွက်များနှင့် ခြေရာများကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က မည်သူမှမသိအောင် အိမ်သာကို အသုံးပြုသွားသည့်ပုံဖြစ်သည်။
“ပိုင်ရှင်ရဲ့ သတိလစ်နေတဲ့ ခန္ဓာကိုယ်က ဘာလို့ ဒုတိယထပ်ကော်ရစ်ဒါမှာ ရှိနေရတာလဲ၊ သူ ဘာလို့ အခန်း ၂၀၀၉ ထဲကနေ ပြေးထွက်လာတာလဲ၊ သူ ဘာမြင်ခဲ့လို့လဲ”
ကျိဂဲမှာ ကြွက်သားများကြီးမားသော်လည်း တုံးအနေခြင်းမဟုတ်ပေ။ သူတို့သည် တစ်ခုခုကို လွဲချော်နေသည်ဟု သူခံစားနေရသည်။ ကျိဂဲသည် အခန်း ၂၀၀၉ ဘက်သို့ လှည့်ကြည့်ကာ သတိလစ်နေသော ပိုင်ရှင်အကြောင်း ပြန်စဉ်းစားလိုက်သည်။
“သူက တစ်နေရာရာကို သွားဖို့ အခန်းထဲကနေ အရူးအမူး ထွက်ချင်နေတဲ့ပုံပဲ၊ ဒါပေမဲ့ အခန်းထဲက ထွက်လာပြီး မကြာခင်မှာပဲ သူသတိလစ်သွားခဲ့တာ”
ကောက်ကျစ်လှသော စံအိမ်ပိုင်ရှင်သည် ဝတ်ပြုဓလေ့အခမ်းအနား ပြုလုပ်နေစဉ်အတွင်း သူ၏ စိတ်မှာ တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
“ဒါတွေလုပ်နေရတာထက် သရဲတွေ အလိုက်ခံရတာမှ ပိုကောင်းဦးမယ်”
ကျိဂဲက တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
တတိယထပ်နှင့် စတုတ္ထထပ်ကြားရှိ ကော်ရစ်ဒါတွင် ပိုင်ဖုန်းသည် မိခင်ဖြစ်သူ၏ သွေးစွန်းဝတ်စုံကို ဝတ်ဆင်ထားပြီး သံတိုင်များကြားမှတစ်ဆင့် ငါးအကြေးခွံများပါသော ငါးအသားစိမ်းများကို ပစ်ထည့်နေလေသည်။ ထိုကော်ရစ်ဒါတစ်ခုလုံးသည် အရှေ့ဘက်ရေကန်မှလာသော အနံ့ဆိုးများဖြင့် နံစော်နေသည်။
“ဘာတွေလဲဟ၊ ခင်ဗျား ရူးသွားပြီလား”
ကျိဂဲ၏ ခြေထောက်များ တုန်ယင်သွားသည်။ သူသည် သူ့ကိုယ်သူ သတ္တိရှိသည်ဟု ထင်ထားသော်လည်း သရဲတစ်ကောင်ကို ဗြောင်ကျကျ ရန်စရန်အထိတော့ သူမဝံ့ရဲပေ။
“သရဲတွေရဲ့ စွမ်းအားကို မငှားရင် ဒီသံတိုင်တွေကို ဘယ်လိုချိုးဖျက်နိုင်မယ်လို့ မင်းမျှော်လင့်ထားလဲ”
ပိုင်ဖုန်း၏လေသံသည် အရင်ကထက် အေးစက်နေသည်။ နောက်ဆုံးတွင် ကျိဂဲသည် ပိုင်ဖုန်းမှာ စံအိမ်ပိုင်ရှင်နှင့် လူလဲခံထားရခြင်း မဟုတ်ကြောင်း ယုံကြည်သွားသည်။ စံအိမ်ပိုင်ရှင်မှာ ထိုသို့ ပြုလုပ်မည်မဟုတ်ပေ။ ငါးအသားစိမ်းများမှာ စတုတ္ထထပ်ကော်ရစ်ဒါပေါ်တွင် ပြန့်ကျဲနေသည်။ ထိုအနံ့ဆိုးတွင် စွမ်းအားတစ်မျိုးမျိုး ပါရှိနေသည့်ပုံပင်။ အမှောင်ထုမှာ လှုပ်ရှားလာပြီး တစ်စုံတစ်ခုက စုဝေးလာနေသည်။
“မင်း ဗိုက်ဆာနေမယ်ဆိုတာ ငါသိပါတယ် ဟုတ်တယ်မလား၊ ဒါက မင်း အကြိုက်ဆုံး ငါးသားတွေပဲ၊ အရှေ့ဘက်ရေကန်ကနေ ငါ ယူလာပေးခဲ့တာ”
ပိုင်ဖုန်းက သွေးစွန်းနေသော လက်များကို သံတိုင်ပေါ်တွင် ပွတ်သပ်လိုက်သည်။
“မင်း အိုမင်းသွားချင်နေတာလား၊ မင်းကလေးတွေကို ထပ်မတွေ့ချင်ဘူးလား”
စတုတ္ထထပ်၏ ထောင့်တစ်နေရာမှ ပြင်းထန်သောအသက်ရှူများ ထွက်ပေါ်လာသည်။ ကျိဂဲ၏ နှလုံးသည် ထိတ်ခနဲ ဖြစ်သွားသည်။ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်အောက်တွင် ပုပ်ပွနေသော ခြေထောက်တစ်စုံကို သူ မြင်လိုက်ရသည်။ မျက်နှာကို ဆံပင်အနက်ရောင်များဖြင့် ဖုံးအုပ်ထားသည့် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် စတုတ္ထထပ်၏ အနက်ရှိုင်းဆုံးနေရာမှ တွားသွား၍ ထွက်လာလေသည်။ သူမ၏ အရိုးများသည် တဖျောက်ဖျောက် မြည်သံထွက်နေသည်။သူမသည် သူမ၏ဦးခေါင်းကို မျက်နှာကြက်နှင့် ထိလုနီးပါးအထိ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။
“သူ လာနေပြီ”
ပိုင်ဖုန်းက ပြောလိုက်ပြီး ကျိဂဲနှင့် ရှုတိရီတို့ကို အချက်ပြလိုက်သည်။ သို့သော်လည်း ထိုနှစ်ယောက်မှာ သရဲမကြောင့် ကြောင်အမ်းနေကြသည်။ ပိုင်ဖုန်းက နောက်တစ်လှမ်းဆုတ်၍ သူတို့ကို ခပ်တိုးတိုးပြောသည်။
“ငါ့တစ်ကိုယ်လုံးမှာ ငါးသွေးတွေ ပေနေတယ်၊ သရဲမက ငါ့နောက်ကိုပဲ လိုက်လာလိမ့်မယ်၊ ငါ သူ့ကို မျှားခေါ်သွားပြီးရင် မင်းတို့နှစ်ယောက်က နောက်ဆုံးအခန်းကို ဖွင့်ပြီး ဝတ်ပြုဓလေ့အခမ်းအနားကို အပြီးသတ်လိုက်ကြ”
“ဒါပေမဲ့...”
“ဒါပေမဲ့ဆိုတာ မရှိဘူး”
ပိုင်ဖုန်းက ကောင်လေး၏ မိသားစုဓာတ်ပုံကို ထုတ်ပြလိုက်သည်။ ထိုဓာတ်ပုံ ထွက်လာသည်နှင့် စတုတ္ထထပ်တွင် ပိတ်မိနေသော အမျိုးသမီးသည် ချက်ချင်း တုံ့ပြန်လာသည်။ သူမ၏ ပိန်လှီသော ခန္ဓာကိုယ်မှ သွေးများထွက်လာပြီး အရှိန်မြှင့်လိုက်သည်။ သူမ၏ လူသားဆန်မှုမှာ ပျောက်ဆုံးသွားပြီဖြစ်သည်။ သူမသည် လေးဘက်ထောက်၍ တွားသွားလိုက်သည်။ သူမ၏ မျက်လုံးများသည် ငါးမျက်လုံးများကဲ့သို့ လှုပ်ရှားနေပြီး မျက်နှာတွင်လည်း ငါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေလေသည်။
သရဲမသည် အလွန်လျင်မြန်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သံတိုင်များဆီသို့ ရောက်လာတော့သည်။ ခြောက်ကပ်နေသော လက်များက သံတိုင်ကြားမှတစ်ဆင့် ဆန့်ထွက်လာပြီး ပိုင်ဖုန်း၏မျက်လုံးများကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
ရှုတိရီနှင့် ကျိဂဲတို့မှာ ထိတ်လန့်သွားကြသော်လည်း ပိုင်ဖုန်းက တစ်ခုခုကို သတိပြုမိလိုက်သည်။ သံတိုင်များသည် ထိုအမျိုးသမီးကို တားဆီးထားနိုင်ခြင်း မရှိပေ။ သူမသည် အခြားအကြောင်းပြချက် တစ်ခုခုကြောင့်သာ ထွက်မသွားဘဲ နေခဲ့ခြင်းဖြစ်သည်။ သူမသည် လုံးဝမရူးသွပ်သွားခင်က သူမ၏ မိသားစုကို ကတိတစ်ခု ပေးခဲ့ပုံရသည်။ သူမသည် သူမထွက်ချင်လျင် စတုတ္ထထပ်မှ အချိန်မရွေး ထွက်သွားနိုင်စွမ်း ရှိသော်လည်း သူမကိုယ်သူမ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ငါးအသားနှင့် ဓာတ်ပုံ၏ မျှားခေါ်မှုကြောင့် သူမ၏ထိန်းချုပ်မှုမှာ စတင်ပျက်ပြားလာတော့သည်။ သူမသည် သံတိုင်ပေါ်ရှိ ငါးသွေးများကို လျှက်လိုက်သည်။ သူမ၏ မျက်လုံးများက နီရဲလာသည်။ သူမသည် သံတိုင်များကို ကွေးညွတ်သွားသည်အထိ ဆောင့်တိုက်လိုက်သည်။ စမ်းသပ်သူများက အဝေးသို့ စတင်ဆုတ်ခွာသွားကြသည်။ သူတို့ ဒုတိယထပ်ထောင့်သို့ ရောက်သောအခါ နောက်ဘက်မှ ကျယ်လောင်လှသော ဘုန်းခနဲ အသံကြီးကို ကြားလိုက်ရသည်။ အမျိုးသမီးမှာ သံတိုင်များကို ဖြတ်ကျော်၍ ပိုင်ဖုန်းအား ဆာလောင်နေသော သားရဲတစ်ကောင်အလား ခုန်အုပ်လိုက်တော့သည်။
“ငါ သူ့ကို မျှားခေါ်သွားလိုက်မယ်”
ပိုင်ဖုန်းသည် သရဲမကို စံအိမ်အပြင်ဘက်သို့ မျှားခေါ်သွားသည်။ ကျိဂဲက စတုတ္ထထပ်သို့ အမြန်ပြန်တက်လိုက်သည်။ သံတိုင်များ မရှိတော့သဖြင့် စတုတ္ထမြောက် လျှို့ဝှက်ခန်းမှာ အမှောင်ထဲရှိ တစ်နေရာရာတွင် ရှိနေပေလိမ့်မည်။