လှည့်စားခြင်း
Vol. 35 Ch. 318
“မင်း အရင်သွားလိုက်”
ကျိဂဲက ရှုတိရီကို နောက်ကနေ တွန်းလိုက်သည်။
“ဘာလို့လဲ”
ရှုတိရီသည် ကျိုးပဲ့နေသော သံတိုင်များနှင့် ငါးအသားစိမ်းများကို ကြည့်ရင်း ပျို့အန်ချင်သလို ခံစားနေရသည်။
“အချိန်ဖြုန်းမနေနဲ့တော့”
ကျိဂဲက ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။
“ငါက ယောင်ယောင်ကို စောင့်ရှောက်ရဦးမယ်၊ အရူးလေးကလည်း စံအိမ်ပိုင်ရှင်ကို ပိုးထားရတယ်၊ မင်းတစ်ယောက်ပဲ ဘာအလုပ်မှ မရှိတာ”
ရှုတိရီသည် မကျေမနပ်ဖြင့် ဆီမီးအိမ်ကို ကောက်ကိုင်လိုက်ပြီး သံတိုင်များကို ဖြတ်ကျော်၍ စတုတ္ထထပ်ထဲသို့ တရားဝင် ဝင်ရောက်လိုက်သည်။ စံအိမ်ပိုင်ရှင် ပြောခဲ့သလိုပင် စတုတ္ထထပ်ရှိ အခန်းများတွင် တံခါးများ တပ်ဆင်ထားခြင်းမရှိပေ။ ထိုအခန်းများသည် ဂူများနှင့်ပင် တူနေတော့သည်။
“ကျွန်တော့်နားကနေ သိပ်မဝေးစေနဲ့နော်”
ရှုတိရီက နံရံကို ကပ်ပြီး လျှောက်သည်။ မကြာမီမှာပင် သူ အော်ဟစ်လိုက်သည်။
“ဘာဖြစ်ပြန်တာလဲ”
“ကျွန်...ကျွန်တော် စေးကပ်ကပ် အရာတစ်ခုကို ထိမိလိုက်တယ်”
ရှုတိရီက ဆီမီးအိမ်ကို ဘေးသို့ ရွှေ့ကြည့်လိုက်သည်။ အခန်းများအတွင်းရှိ အရာများကို မြင်လိုက်ရသောအခါ သူ လေအေးတစ်ချက် စုပ်သွင်းမိလိုက်သည်။ အိပ်ရာများ၊ နံရံများနှင့် ကြမ်းပြင်များပေါ်တွင် ပျော့ပျောင်းပြီး ပါးလွှာသော ဆံပင်များ ကြီးထွားနေကြသည်။ ချိတ်ပိတ်ထားသော ပြတင်းပေါက်များတွင် အက်ကြောင်းများ ပေါ်နေပြီး ထိုနေရာမှ အရည်များ ယိုစီးကျနေသည်။ သူ ဆက်လျှောက်သွားသည်။ စတုတ္ထထပ်ရှိ အခန်းတိုင်းသည် စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းသော ထူးဆန်းမှုများဖြင့် ပြည့်နှက်နေလေသည်။ အချို့အခန်းများတွင် ငါးအကြေးခွံများ ရှိနေပြီး အချို့မှာ ငါးအရိုးများဖြင့် ပြည့်နှက်နေသည်။ ရေမှော်ပင်များ ဖုံးလွှမ်းနေသော ကုတင်များလည်း ရှိနေသည်။
“ကျွန်တော် ရှေ့ဆက်မသွားရဲတော့ဘူး ၊ ဘယ်သူ ရှေ့ကသွားချင်လဲ”
ရှုတိရီသည် ပိုက်ဆံရချင်သောကြောင့်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် ပိုက်ဆံသည် ထိုမျှ အရေးမကြီးတော့ကြောင်း သူရုတ်တရက် သဘောပေါက်သွားသည်။
“အခန်းတိုင်းက ရူးစရာကြီးပဲ၊ ဒါက ဘယ်လိုနေရာမျိုးလဲ”
သူပြောသည်ကို ကြားသွားသည့်အလား အေးစက်သော လေပြေတစ်ခု တိုက်ခတ်လာပြီး ဆံပင်များအားလုံး သူ့ထံသို့ ဦးတည်ကာ ကြီးထွားလာလေသည်။
သူတို့သည် အခန်း ၄၀၀၉ သို့ ရောက်သည်အထိ ဆက်လက် ရွေ့လျားသွားကြသည်။ ပုပ်ပွနေသော ငါးအရိုးများမှာ ကြမ်းပြင်ထဲမှ ကြီးထွားပေါက်ရောက်နေပြီး နံရံတစ်ခုလုံးတွင် နောင်တဖြင့် ရေးသားထားသော စာလုံးများဖြင့် ပြည့်နှက်နေသည်။
“ငါ အခန်း ၃၀၀၉ မှာ ဒီလို စာလုံးမျိုးတွေကို မြင်ဖူးတယ်၊ ဒါက မိခင်ဖြစ်သူရဲ့ လက်ရေးပဲ ဖြစ်ရမယ်”
ကျိဂဲက ရှုတိရီကို အခန်းထဲဝင်၍ စာများကို ဖတ်ရှုရန် တိုက်တွန်းလိုက်သည်။
“မလုပ်နဲ့၊ မလုပ်နဲ့၊ မလုပ်နဲ့။”
“ငါ ရူးမသွားအောင် ငါးတွေ စားနေရတယ်၊ ဒါပေမဲ့ ဒီငါးတွေကပဲ ငါ့ရောဂါရဲ့ အရင်းအမြစ် ဖြစ်နေတယ်”
“အဖေက ဘယ်လိုအသားတွေကို စားနေတယ်ဆိုတာ ငါသိတယ်၊ သူ ငါ့ကို လိမ်နေတာ၊ ငါးတွေက အရှေ့ဘက်ရေကန်က လာတာမဟုတ်ဘူး၊ ဒါတွေက သရဲတွေဆီကနေ ဖဲ့ယူထားတဲ့ အသားတွေပဲ၊ အသားပိုင်းတိုင်းမှာ အငြိုးအတေးတွေနဲ့ ကျိန်စာတွေ ပြည့်နေတယ်”
“ဟုတ်တယ် ၊ အမေက ဒီလိုနဲ့ ပျောက်ကွယ်သွားခဲ့တာပဲ၊ အဖေက အားလုံးကို သိနေပေမဲ့ ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တယ်၊ ဝမ်းနည်းစရာ ကောင်းတာက ငါနဲ့ ငါ့ကလေးတွေပါ ဒီအလုပ်ကို ဆက်လုပ်နေကြရတာပဲ၊ ဒါဟာ တံခါးက ရွေးချယ်လိုက်တဲ့သူတွေရဲ့ ဝမ်းနည်းစရာကံကြမ္မာလား”
“ဘာလို့ တံခါးက တည်ရှိနေရတာလဲ၊ တံခါးက ဘယ်ကို ဦးတည်နေတာလဲ၊ ဘာလို့ တံခါးနောက်ကွယ်က ကမ္ဘာက သွေးတွေနဲ့ သရဲတွေ ဖုံးလွှမ်းနေရတာလဲ၊ ဘာလို့ ငါ့မိသားစုကို လာခေါ်သွားရတာလဲ”
“အခု လွတ်မြောက်ဖို့ဆိုတာ အရမ်းနောက်ကျသွားပြီ”
“တံခါးက မထိရတဲ့ တားမြစ်ချက်တစ်ခုပဲ၊ လူသားတွေက အဲဒါနဲ့ ယှဉ်ရင် အရမ်းကို သေးငယ်လွန်းတယ်”
“မင်း တံခါးကို ဖွင့်လိုက်တဲ့ အခိုက်အတန့်မှာ ဒဏ္ဍာရီလာအရှေ့ဘက်ရေကန်ထဲကို နစ်မြုပ်သွားလိမ့်မယ်၊ မင်းက အမှောင်ထုထဲကို ပြုတ်ကျသွားပြီး စိတ်ပျက်အားငယ်မှုတွေနဲ့ မွန်းကြပ်ပြီး သေဆုံးသွားလိမ့်မယ်”
“ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ ငါ့ယောက်ျားက တံခါးထဲကို ဝင်သွားတုန်းပဲ၊ အဖြေကို တံခါးနောက်ကွယ်မှာပဲ ရှာတွေ့နိုင်မယ်လို့ သူပြောခဲ့တယ် ၊ တံခါးထဲကို ဝင်မှသာ အဲဒီအရာကို သတ်နိုင်မှာတဲ့”
“ငါ အကြာကြီး စောင့်ခဲ့ပေမဲ့ ငါ့ယောက်ျားက ပြန်မလာခဲ့ဘူး၊ ငါးတွေက မလုံလောက်တော့ဘူး၊ ငါ့ကလေးတွေတောင် ငါ့အတွက် အရသာရှိမယ့်ပုံ ပေါက်နေတယ်၊ မဟုတ်ဘူး ၊ ငါ စတုတ္ထထပ်ကနေ ထွက်သွားလို့ မဖြစ်ဘူး”
“ငါ ထွက်သွားလို့ မရဘူး၊ ဒီနေရာက အရမ်းမှောင်တယ်၊ တကယ်လို့ ဒီကမ္ဘာမှာ တံခါးသာ မရှိဘူးဆိုရင် စိတ်ပျက်အားငယ်စရာတွေလည်း မရှိတော့ဘူးလို့ ဆိုလိုတာလား”
“ငါ ဆက်မတောင့်ခံနိုင်တော့ဘူး ၊ စားမယ်! စားမယ်! စားမယ်!”
စမ်းသပ်သူများသည် ထိုစာသားများကို ဖတ်ပြီး ခြောက်ခြားသွားကြသည်။ စိတ်ရူးပေါက်နေသော အမျိုးသမီးတစ်ဦးသည် သူမ၏ကျိုးပဲ့နေသော လက်သည်းများနှင့် လက်ချောင်းများကို ဂရုမစိုက်ဘဲ နံရံများကို ကုတ်ခြစ်နေသည်ကို သူတို့ မြင်ယောင်နေမိသည်။
“တံခါးဆိုတာ ဘာလဲ”
ရှုတိရီသည် နောက်မှ ကောင်းမင်ကို ပြန်ပြောပြရန်အတွက် အရာအားလုံးကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။ အခန်းမှာ မကျယ်လှပေ။ ပုန်းစရာနေရာလည်း မရှိချေ။ ကျိဂဲနှင့် ရှုတိရီတို့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
“စတုတ္ထမြောက် အခန်းက ဘယ်မှာလဲ”
နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ပြီးနောက် လိုက်ကာဆီသို့ လှည့်လိုက်ကြသည်။ ရှုတိရီသည် ညစ်ပတ်နံစော်နေသော လိုက်ကာကို မဝံ့မရဲဖြင့် ဖယ်လိုက်သည်။ အခြားအခန်းများမှ ပြတင်းပေါက်များကို အုတ်ဖြင့် ပိတ်ထားသော်လည်း အခန်း ၄၀၀၉ ရှိ လိုက်ကာနောက်ကွယ်တွင်မူ သာမန်သစ်သားတံခါးတစ်ချပ် ရှိနေလေသည်။ ၎င်းမှာ အလွန်ပင် သာမန်ဆန်လွန်းသဖြင့် ရှုတိရီသည် မည်သည့်အန္တရာယ်မှ မခံစားရပေ။
“ဒီတံခါးက ဖြစ်ရပ်ဆိုးအားလုံးရဲ့ အစလား၊ ငါ ထင်ထားတာနဲ့ မတူဘူးပဲ၊ သူ့အဘိုးက ငါတို့ကို တားဖို့ ပေါ်လာလိမ့်မယ် ထင်နေတာ”
ထိုစကားကို ကြားသောအခါ ကျိဂဲသည် ရှုတိရီမှာ လူလဲခံထားရခြင်း မဟုတ်ကြောင်း သေချာသွားသည်။
“ပါးစပ်ပိတ်ထားစမ်း၊ မင်းက တကယ်ကြီး အဲဒီလို ဖြစ်ချင်နေတာလား”
သူသည် မုန်းတီးခြင်းသော့ကို ထုတ်လိုက်သည်။ ၎င်း၏ အရောင်မှာ အခြားသော့များထက် ပို၍ ရင့်သည်။ ရှုတိရီသည် သော့ပေါက်ထဲသို့ သော့ထည့်နိုင်ရန် အချိန်အတော်ကြာ ကြိုးစားလိုက်ရသည်။
သူ သော့ကို လှည့်လိုက်သောအခါ တံခါးက ပွင့်သွားသည်။ လေနှင့်နှင်းများက ရှုတိရီ၏ မျက်နှာပေါ်သို့ ကျဆင်းလာသည်။ တံခါးအပြင်ဘက်ရှိ ဆောင်းရာသီ မြင်ကွင်းကို ကြည့်ရင်း သူစိတ်ရှုပ်ထွေးသွားသည်။
“စတုတ္ထထပ်က ဘယ်မှာလဲ”
“အပြင်ဘက်မှာလား”
ရှုတိရီ တုန်ယင်သွားသည်။
“ငါ ကောင်းမင်ကို ဘယ်လိုပြောရမလဲ”
“မဟုတ်ဘူး၊ တစ်ခုခုတော့ မှားနေပြီ”
ကျိဂဲက ခေါင်းကုတ်လိုက်သည်။
ယောင်ယောင်သည် သူမ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသော နှင်းပွင့်များကို စိုက်ကြည့်လိုက်သည်။ ကြည်လင်နေသော နှင်းပွင့်များမှာ နောက်ကျိသွားသည်။နှင်းပွင့်သည် အနည်းငယ် အနီရောင်သန်းနေသည်။
“အရှေ့ဘက်ရေကန်ကို ကြည့်လိုက်ဦး”
ဤတံခါးမှာ အရှေ့ဘက်ရေကန်သို့ မျက်နှာမူထားခြင်းဖြစ်သည်။ တံခါးပွင့်သွားသောအခါ စတုတ္ထထပ်ရှိ ဆံပင်များ ဖုံးလွှမ်းနေသော အခန်းများအားလုံး ပွင့်ဟသွားသည်။ ဆံပင်များနှင့် အကြေးခွံများမှာ တစ်ခုနှင့်တစ်ခု ရောယှက်သွားကြသည်။ လူမျက်နှာနှင့် ငါးများမှာ နံရံများကို ဖြတ်၍ ကူးခတ်နေကြလေသည်။ ၎င်းတို့သည် စံအိမ်မှ ထွက်ပြေး၍ ပွင့်နေသော တံခါးမှတစ်ဆင့် ရေကန်ထဲသို့ ပြန်သွားနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
နံရံပေါ်ရှိ အရာများမှာ လူလော ငါးလောဆိုသည်ကိုပင် ရှုတိရီ ခွဲခြား၍ မရတော့ပေ။ အရေးကြီးသော အချိန်တွင် ကျိဂဲသည် တံခါးနောက်ကွယ်ရှိ စာသားများကို မြင်လိုက်ရသည်။
“တံခါးကို ဖွင့်ပြီးရင် လုံလောက်တဲ့ ပူဇော်သက္ကာတွေ ပြင်ဆင်ထားရမယ်၊ အဲဒီထဲမှာ အသက်တွေ၊ မှတ်ဉာဏ်တွေနဲ့ စွဲလမ်းမှုတွေ ပါဝင်ရမယ်၊ တစ်ခုခု လွဲချော်သွားရင် သူတို့က မင်းကို ပစ်မှတ်ထားလိမ့်မယ်”
“ခုနက အခန်းသုံးခန်းက ပိုင်ရှင်ရဲ့ ဘဝ၊ မှတ်ဉာဏ်နဲ့ စွဲလမ်းမှုတွေကို ကိုယ်စားပြုတာပဲ၊ ငါတို့ ဝတ်ပြုဓလေ့အခမ်းအနားကို စတင်လိုက်ပြီ”
ကျိဂဲက သူ့ခြေထောက်ကို ရိုက်လိုက်သည်။
“ချီးပဲ ၊ သဲလွန်စအားလုံးက ငါတို့ကို ပြောပြနေတာပဲ၊ သူတို့စားတဲ့ ငါးတွေက အရှေ့ဘက်ရေကန်က လာတာ၊ ဒီအိပ်မက်ဆိုး အလယ်အလွှာထဲမှာ အရှေ့ဘက်ရေကန်က နောက်ဆုံးတံခါးပဲ ၊ ရေကန်ထဲက ငါးတွေက သူတို့စားခဲ့တဲ့ သရဲတွေပဲ”
နှင်းများသည် စံအိမ်ထဲသို့ ကျဆင်းလာပြီး အခန်း ၄၀၀၉ မှာ စတင်ပြောင်းလဲလာတော့သည်။
ကျိဂဲသည် တံခါးဘောင်ကို ဆုပ်ကိုင်၍ အပြင်သို့ ကြည့်လိုက်သည်။ ပိုင်ဖုန်းနှင့် အနီရောင်ဝတ် သရဲမတို့သည် အရှေ့ဘက်ရေကန်ဆီသို့ ပြေးသွားနေကြသည်။ တောအုပ်ထဲတွင်မူ ကောင်းမင်သည် ဧရာမအရုပ်မကြီး၏ ပခုံးပေါ်တွင် ထိုင်နေသည်။ ချန်ကျင်းသည် အမဲလိုက်သေနတ်ကို ကိုင်ထားပြီး ခေါင်းမပါသော အလောင်းတစ်ခုကို ကျောပိုးထားသည်။ သူ၏ခါးတွင် ဖောင်းကားနေသော အိတ်တစ်အိတ်ကို တွဲလောင်းချည်ထားသည်။
“ချန်ကျင်းမှာ သေနတ်ရှိနေတာလား ၊ ပိုင်ရှင်က စံအိမ်ကနေ ထွက်မသွားသေးဘူး၊ သူက ချန်ကျင်းရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ထားတာပဲ၊ သူက ချန်ကျင်းကိုသုံးပြီး ဟိုတောင်တက်သမားတွေကို လှည့်စားခဲ့တာ”
ကျိဂဲက အံကြိတ်လိုက်သည်။
“ဒါဆို ငါတို့က...”
“ကျွန်တော်တို့က ဘာဖြစ်လို့လဲ”
ရှုတိရီက ရှင်းရှင်းလင်းလင်း နားမလည်သေးပေ။
“ငါက ဘာလို့ မင်းနဲ့ အဆင့်တူနေရတာလဲ”
ကျိဂဲသည် ယောင်ယောင်ကိုပင် ကြိုးမဖြေပေးတော့ဘဲ ပုဆိန်ကို ကောက်ကိုင်ကာ ပြေးထွက်သွားတော့သည်။
“မြန်မြန် ၊ ထွက်ပေါက် ဘယ်မှာလဲဆိုတာ ငါသိပြီ”