လွတ်မြောက်ရန်အတွက် မတူညီသော လမ်းကြောင်း
Vol. 35 Ch. 519
ယဇ်ပူဇော်သက္ကာများကို စုဆောင်းပြီးသွားပြီဖြစ်သည်။ စံအိမ်ပိုင်ရှင်သည် သူတို့ကို စောင့်ကြည့်နေခဲ့သော်လည်း စံအိမ်ထဲမှ မထွက်ခွာဝံ့ခဲ့ပေ။ လက်ရှိတွင် ယဇ်ပူဇော်သက္ကာများသည် စမ်းသပ်သူများထံတွင် ပြန့်ကျဲနေပြီး စံအိမ်ပိုင်ရှင်ကလည်း ခန္ဓာကိုယ်အသစ်တစ်ခု ရရှိထားပြီဖြစ်သည်။ သူတို့သည် နှင်းများကြားတွင် အရပ်မျက်နှာအသီးသီးမှ အရှေ့ဘက်ရေကန်ဆီသို့ ဦးတည်ပြေးလွှားနေကြသည်။
ထင်းရှူးပင်များကို အရုပ်က တွန်းဖယ်လိုက်သည်။ နှင်းများနှင့် သစ်ကိုင်းများက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ဧရာမကြယ်သီးမျက်လုံးကြီးများမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
“ကျွန်မက တံခါးနောက်ကွယ်ကအရာရဲ့ လှည့်စားတာကို ခံခဲ့ရတာ၊ ကျွန်မခန္ဓာကိုယ်က အပိုင်းပိုင်း ဖြတ်ခံရပြီး ထင်းရှူးတောထဲမှာ ဝှက်ထားခံခဲ့ရတယ် ၊ တကယ်လို့ ရှင်လည်း ကျွန်မကို လိမ်နေတယ်ဆိုတာ သိရင်တော့ ရှင့်ကို အပိုင်းပိုင်းဖြတ်ပြီး သစ်ခေါင်းတွေထဲမှာ ဝှက်ထားပစ်မယ်”
“စမ်းသပ်သူတွေက စတုတ္ထထပ်ကို သွားမယ့်လမ်းကို မဖွင့်နိုင်ခဲ့ကြဘူး၊ စံအိမ်ထဲမှာလည်း ကိရိယာတွေ မရှိဘူး၊ ဒါကြောင့် သူတို့က မင်းအမေကို လွှတ်ပေးခဲ့ရတာပဲ”
ကောင်းမင်က မိသားစုဓာတ်ပုံကို ပိုင်ဖုန်းထံ ပေးခဲ့ကတည်းက အရာအားလုံးကို တွက်ချက်ထားပြီးသားဖြစ်သည်။
“မင်းရဲ့ အစ်ကိုအတွက်တော့ စိတ်ပူနေဖို့ မလိုပါဘူး၊ ဒါက သူ့ရဲ့ အိပ်မက်ဆိုးပဲ၊ သူ့ရဲ့မှတ်ဉာဏ်တွေကို စံအိမ်ပိုင်ရှင်က ပိတ်လှောင်ထားခဲ့ပေမဲ့ တံခါးနောက်ကွယ်က ညစ်ညမ်းတဲ့အရာက အိပ်မက်ထဲကနေ ထွက်ပြေးချင်တဲ့အခါကျရင် မင်းအစ်ကိုကို ယဇ်ပူဇော်ပြီး စံအိမ်အပြင်ကို ခေါ်ထုတ်ဖို့ နည်းလမ်းတစ်ခုရှာပါလိမ့်မယ်”
“ဒီအိပ်မက်ဆိုးက မပြီးဆုံးသေးဘူး၊ အဓိကအချက်က တကယ့်တံခါးအစစ်ဖြစ်တဲ့ အရှေ့ဘက်ရေကန်ကို ရှာဖို့ပဲ”
သူတို့ အရှေ့ဘက်ရေကန်အကြောင်း ပြောလိုက်သောအခါ စံအိမ်ပိုင်ရှင်သည် ပုံမှန်မဟုတ်သော တုံ့ပြန်မှုမျိုး ပြုလုပ်ခဲ့သည်။ ထို့နောက် မိန်းကလေးငယ်က သူမ၏ဖခင်မှာ အရှေ့ဘက်ရေကန်သို့ ငါးဖမ်းထွက်လေ့ရှိကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း သူမ၏မိခင် စားခဲ့သောငါးများမှာ တံခါးနောက်မှ လာခြင်းဖြစ်သည်။
“ငါတို့ မြန်မြန်လုပ်မှ ရမယ်၊ တခြားလူတွေက ငါတို့နဲ့ ရည်မှန်းချက်ချင်း မတူကြဘူး”
ကောင်းမင်သည် အရုပ်ပေါ်တွင် ထိုင်နေခြင်းထက် သူမ၏ပုခုံးပေါ်တွင် အကျဉ်းသားတစ်ယောက်ကဲ့သို့ အချည်ခံထားရခြင်းဖြစ်သည်။အရုပ်က တောအုပ်ထဲမှ ဖြတ်သွားစဉ် သူ၏မျက်နှာနှင့် လည်ပင်းကို သစ်ကိုင်းများ မခြစ်မိစေရန် သတိထားနေရသည်။
“တံခါးနောက်ကွယ်ကအရာက အပြင်လူတွေကို ပူးကပ်ပြီး ထွက်ပြေးချင်နေတာ၊ ပိုင်ဖုန်းကတော့ မင်းအစ်ကိုနဲ့ တစ်ခုခု သဘောတူညီမှု ရထားပုံရတယ်၊ သူ့ရဲ့ ရည်ရွယ်ချက်က ပိုနက်ရှိုင်းတဲ့ အိပ်မက်ဆိုးတွေထဲကို ဆင်းသွားဖို့ပဲ၊ ငါတို့နှစ်ယောက်ပဲ မင်းအစ်ကိုနဲ့ တခြားစမ်းသပ်သူတွေကို ကယ်တင်ချင်တာ”
“ရှင့်ရဲ့ လေတွေကို ဖြုန်းတီးမနေနဲ့ ၊ ရှင်က လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ ကျွန်မခံစားနေရတယ်၊ ရှင့်ရဲ့ ဝိညာဉ်ထဲမှာ သွေးညှိနံ့တွေ အများကြီး ရနေတယ်”
အရုပ်သည် ကောင်းမင်ကို ဘယ်သောအခါမှ လျှော့မတွက်ခဲ့ပေ။ သူမသည် ကောင်းမင်ကို သူမကဲ့သို့သော မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သာ သဘောထားသည်။ ကောင်းမင်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ၎င်းမှာ ကောင်းသည့်အချက်လား၊ ဆိုးသည့်အချက်လား သူ မဝေခွဲနိုင်တော့။ နှင်းများမှာ နောက်ကျိလာပြီး အရုပ်၏ ခန္ဓာကိုယ်မှာလည်း ပို၍ နီမြန်းလာလေသည်။
“အိပ်မက်က ပြောင်းလဲနေပြီ”
အရုပ်က ခေါင်းမော့လိုက်သည်။ သူမသည် ကောင်းမင်နှင့် စကားမပြောတော့ဘဲ အရှိန်မြှင့်လိုက်သည်။ ကောင်းမင်နှင့် အရုပ်သည် ထူထဲလှသော သစ်ပင်များကြားမှတစ်ဆင့် အရှေ့ဘက်ရေကန်ကို လှမ်းကြည့်လိုက်ကြသည်။ ရေကန်၏ မျက်နှာပြင်သည် တည်ငြိမ်နေသော်လည်း အောက်ခြေတွင်မူ ခန့်မှန်းရခက်သော အမှောင်ထုများ ပုန်းကွယ်နေသည်။
“ရေခဲပြင်ပေါ်မှာ လူတစ်ယောက် ရှိနေတယ် ၊ ဆိပ်ကမ်းနားမှာပဲ”
အရုပ်၏ လေသံတွင် ပူပန်မှုများ ပါဝင်နေသည်။ ကောင်းမင်က သူမကို စံအိမ်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြထားခဲ့ပြီးဖြစ်သည်။ စံအိမ်ပိုင်ရှင်မှာ တစ်စုံတစ်ယောက်ကို ပူးကပ်သွားကြောင်း သူမ သိထားသည်။ သူမသည် သူမကိုယ်ပေါ်ရှိ ခြစ်ရာများကို ဂရုမစိုက်တော့ဘဲ တောင်ပေါ်မှ အောက်သို့ ပြေးဆင်းသွားသည်။ သူမ၏ ဒဏ်ရာများထဲမှ ဂွမ်းများ ထွက်ကျလာသည်။ယင်းမှာ သူမအား သနားစဖွယ်ဖြစ်အောင် လုပ်နေသည်။ ထူထဲလှသော နှင်းလွှာများကို တွန်းဖယ်သွားသော ဆူညံသံကြောင့် ဆိပ်ကမ်းရှိလူမှာ သတိထားမိသွားသည်။ သူသည် ဆိပ်ကမ်းရှိ လှေအိုကြီးကို လျင်မြန်စွာဖျက်ဆီးပစ်လိုက်ပြီး အသုံးပြု၍ရသော တစ်စီးတည်းသော လှေငယ်ပေါ်သို့ ခုန်တက်လိုက်သည်။ အသက်ဝင်နေသော ရွက်တိုင်နှင့် အိပ်မက်ဖမ်းကိရိယာကို တပ်ဆင်လိုက်ပြီးနောက် ‘ပျောက်ဆုံးနေသော မှတ်ဉာဏ်များ’ ဟု ရေးထားသော လှော်တက်များကို ထုတ်ယူလိုက်သည်။
“ချန်ကျင်းလား”
သူတို့ ပိုနီးကပ်လာသောအခါ ကောင်းမင်က ထိုလူကို သေချာမြင်လိုက်ရသည်။ လှေငယ်မှာ ဆိပ်ကမ်းမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း ရေကန်မျက်နှာပြင်မှာ အေးခဲနေသဖြင့် ချန်ကျင်းသည် ရေခဲများကို လှော်တက်ဖြင့် ရိုက်ခွဲ၍ သွားနေရသည်။ စံအိမ်ပိုင်ရှင်သည် သတိမလစ်ခင်ကတည်းက အစီအစဉ်တစ်ခု ပြုလုပ်ထားပုံရသည်။ သူသည် စမ်းသပ်သူများထက် ပို၍ ပြင်ဆင်ထားခြင်းဖြစ်သည်။ အရုပ်နှင့် ကောင်းမင်တို့ ဆိပ်ကမ်းသို့ ရောက်လာသောအခါ လှေငယ်မှာ အဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။
“ငါတို့ ဒီမှာပဲ ရပ်တော့မှာလား”
ကောင်းမင်က ရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ရေမျက်နှာပြင်ပေါ်က ရေခဲလွှာက တော်တော်ထူပုံရတယ်၊ ငါတို့ အပေါ်ကနေ လျှောက်သွားလို့ ရတယ်”
အရုပ်သည် ကောင်းမင်ကို ပြန်မဖြေဘဲ ရေကန်ဆီသို့ လက်လှမ်းလိုက်သည်။ ချက်ချင်းပင် ရေခဲအောက်တွင် လူမျက်နှာတစ်ခု ပေါ်ထါက်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမျက်နှာမှာ ပိန်လှီသော အမည်းရောင်ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
“သူတို့က ကျွန်မကို စားဖို့ စောင့်နေကြတာ၊ ငါးတစ်ကောင်တည်းဆိုရင် ကိစ္စမရှိပေမဲ့ ရေကန်ထဲကို ပြုတ်ကျသွားရင်တော့ ငါးအုပ်ကြီးရဲ့ ပစ်မှတ်ထားတာကို ခံရလိမ့်မယ်”
အရုပ်သည် တွန့်ဆုတ်နေသည်။ သူမ၏ စိတ်ထဲတွင် ရေကန်ကို အလိုလို ကြောက်ရွံ့နေလေသည်။ထိုသည်မှာ သူမ၏ အဘိုး၏ဆုံးမသွန်သင်မှုများနှင့် သက်ဆိုင်နေသည်။
“ငါတို့ ထပ်ပြီး အချိန်ဆွဲနေရင် မှီတော့မှာ မဟုတ်ဘူးနော်”
ကောင်းမင်က အရုပ်ကို တွန်းဖယ်လိုက်သည်။ သူသည် မည်သည့်လမ်းက ဘေးအကင်းဆုံးဖြစ်မည်ကို စဉ်းစားနေစဉ် အရိပ်တစ်ခုက တောအုပ်ထဲမှ ခုန်ထွက်လာပြီး ရေကန်ပေါ်သို့ လျှောတိုက်သွားသည်။ ထိုသူ့ထံတွင် တွန့်ဆုတ်မှု သို့မဟုတ် ကြောက်ရွံ့မှု အစအနမျှပင် မရှိပေ။
၎င်းက ကောင်းမင်နှင့် အရုပ်ကို အံ့အားသင့်သွားစေသည်။ ထို့နောက် ကြောက်ရွံ့မှုများက သူတို့၏ နှလုံးသားထဲသို့ ပျံ့နှံ့သွားသည်။
ပိန်လှီသော လက်ချောင်းများက သစ်ကိုင်းများကို ဆုပ်ကိုင်ထားသည်။ ရူးသွပ်နေသော မိခင်ဖြစ်သူမှာ ရေကန်ဘေးတွင် ပေါ်လာခဲ့သည်။ အနီရောင်ဝတ်စုံသည် မြေကြီးပေါ်တွင် တရွတ်တိုက်ပါလာပြီး သူမ၏ ခန္ဓာကိုယ်မှာ အကြေးခွံပုံစံကွက်များဖြင့် ဖုံးလွှမ်းနေသည်။ သူမသည် ဟိန်းဟောက်လိုက်သည်။
“မင်းကို ဒီကို မျှားခေါ်ဖို့ ငါ အားတွေ အများကြီး သုံးခဲ့ရတယ်”
ပိုင်ဖုန်းသည် ရေခဲပြင်ပေါ်တွင် ရပ်လိုက်သည်။ သူမ၏ ဒဏ်ရာများမှာ ပို၍ ဆိုးရွားလာနေသည်။ အကယ်၍ သူမသည် ဤအိပ်မက်ဆိုးထဲမှ မကြာခင် ထွက်မသွားနိုင်ပါက နေရာမှာပင် သေဆုံးသွားနိုင်ပေသည်။
ပိုင်ဖုန်းက ကောင်းမင်ကို ကြည့်လိုက်ပြီးနောက် အရုပ်ကို ကြည့်လိုက်သည်။
“မဆိုးဘူးပဲ၊ မင်းက တခြားသူတွေထက် ပိုပြီး ထက်မြက်တယ်ဆိုတာ ငါသိသားပဲ၊ ဒါကြောင့်လည်း ပိုနက်ရှိုင်းတဲ့ အိပ်မက်ဆိုးထဲကနေ မင်းလွတ်မြောက်နိုင်ခဲ့တာပေါ့”
“အမေ...”
အရုပ်က သူမ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူမ၏ မိသားစုကို အမြင်မခံရဲခဲ့သော်လည်း သူမ၏ မိခင်ကို မြင်လိုက်ရသောအခါ သူမ၏အဝတ်နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသည့်အလား ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် သူမ၏ မိခင်ကိုယ်တိုင် ပြန်ချုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ မိခင်သည် သူမအား အလွန်ချစ်မြတ်နိုးခဲ့သည်။
အမျိုးသမီးသည် အရုပ်ကို သတိထားမိသွားသည်။ သူမ၏ မျက်လုံးထဲမှ ရူးသွပ်မှုများက ပျော့ပြောင်းသွားသည်။ သူမ၏စိတ်ထဲတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည့်အလား သူမမျက်လုံးများက လှုပ်ရှားနေသည်။
“စာက စွဲလမ်းမှုကို ကိုယ်စားပြုတယ်၊ မိသားစုဓာတ်ပုံက မှတ်ဉာဏ်ပဲ၊ အလောင်းကတော့ စံအိမ်ပိုင်ရှင်ရဲ့ ကုန်ဆုံးသွားတဲ့ ဘဝပဲ၊ အဲ့ဒီအရာသုံးခုကို ယဇ်ပူဇော်မှပဲ အိပ်မက်ဆိုးပိုင်ရှင်ကို နိုးထစေနိုင်ပြီး တံခါးကို ဖွင့်ခိုင်းလို့ ရမှာ”
ပိုင်ဖုန်းက ကောင်းမင်ကို အော်ပြောလိုက်သည်။
“လက်ရှိမှာ စံအိမ်ပိုင်ရှင်က အလောင်းကို ရထားတယ်၊ အဲဒီလူယုတ်မာက တစ်ယောက်တည်း ထွက်ပြေးပြီး ငါတို့ကို ဒီမှာ မြှုပ်ထားချင်နေတာ”
“မနေ့ညက ငါ အိပ်မက်ဆိုးပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲကို ငါးကြီးတစ်ကောင် ပူဇော်ခဲ့ပြီး သူ့ဆီကနေ တစ်ခုခု သိခဲ့ရတယ်၊ စံအိမ်ပိုင်ရှင်က တံခါးနောက်ကွယ်က လာတဲ့ သရဲပဲ၊ သူက ငါတို့နဲ့ မတူဘူး၊ သူ့မှာ တံခါးဖွင့်ဖို့ သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်း ရှိတယ်! သူ အလောင်းကို ယူသွားရတဲ့ အကြောင်းရင်းက ငါတို့ကို အိပ်မက်ဆိုးထဲမှာ ပိတ်လှောင်ထားဖို့ပဲ၊ အဲဒီလိုဆိုရင် သူက ဒီလှောင်အိမ်ထဲကနေ လွတ်သွားတာနဲ့ စမ်းသပ်သူရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ပြီး ဘယ်သူမှလည်း သိမှာမဟုတ်တော့ဘူး”
ကောင်းမင်သည် ကမ္ဘာအစစ်နှင့် အိပ်မက်ဆိုးများအကြား ဆက်စပ်မှုမရှိဟု ထင်ထားခဲ့သည်။ အိပ်မက်ထဲက အရာတစ်ခုသည် အစစ်အမှန်ကမ္ဘာထဲသို့ မည်သို့ ထွက်ပြေးနိုင်မည်နည်း။ စမ်းသပ်မှုများ အားလုံးသည် သူ့အား တစ်စုံတစ်ခုကို သက်သေပြနေလေသည်။ သူ သတိလစ်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရသော အရာများသည် အိပ်မက်တစ်ခုထက် ပိုနိုင်ပေသည်။