← Chapters

ခလုတ်

Vol. 35 Ch. 520

ခလုတ်

Vol. 35 Ch. 520

“စံအိမ်ပိုင်ရှင်ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး”

ကောင်းမင်၏ နှလုံးသားတွင် တစ်ခုခုကို ခန့်မှန်းမိသွားသည်။ ပိုင်ဖုန်းသည် ပိုမိုနက်ရှိုင်းသော အိပ်မက်ဆိုးများဆီသို့ ဦးတည်သည့် တံခါးကို ဖွင့်ချင်နေသည်။ စံအိမ်ပိုင်ရှင်ကမူ စမ်းသပ်သူများကို ဤအိပ်မက်ဆိုးထဲတွင် မြှုပ်နှံထားချင်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကို ကူညီရန် ရွေးချယ်ရမည်ဆိုပါက ကောင်းမင်သည် ပိုင်ဖုန်းဘက်မှ ရပ်တည်ပေလိမ့်မည်။ သူသည်လည်း ထိုနက်ရှိုင်းသော အဆင့်အတန်းရှိ အိပ်မက်ဆိုးများကို စိတ်ဝင်စားသည်။ သို့သော်လည်း အခြားစမ်းသပ်သူများမှာမူ ဒုက္ခရောက်ကြပေလိမ့်မည်။ အကယ်၍သာ ပိုင်ဖုန်းနှင့် ကောင်းမင်တို့၏ အတွေးကို သိသွားကြပါက သူတို့ကို အရူးများဟုပင် ခေါ်ကြပေလိမ့်မည်။

“လှေက ဆိပ်ကမ်းကနေ ထွက်သွားပြီ၊ မင်းတို့မလိုက်ရင် ငါတစ်ယောက်တည်း သွားတော့မယ်”

ပိုင်ဖုန်းက ချက်ချင်းတော့ မလှုပ်ရှားသေးပေ။ ပထမအချက်မှာ အရှေ့ဘက်ရေကန်သည် မည်မျှအန္တရာယ်များကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။ ရေခဲပြင်သည် အချိန်မရွေး ကွဲအက်သွားနိုင်သည်။ စံအိမ်ပိုင်ရှင်ကို မှီနိုင်မည်ဟုလည်း သူမကိုယ်သူမ ယုံကြည်ချက် အပြည့်အဝ မရှိပေ။ ရေကန်ထဲသို့ ပြုတ်ကျသွားသည်နှင့် သူမသည် ငါးများ၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။ ထို့ပြင် ကောင်းမင်ဆီ၌ ရှိနေသော စာနှင့် သူ၏အကူအညီကိုလည်း သူမ လိုအပ်နေသည်။

အနီရောင်ဝတ် အမျိုးသမီးနှင့် အရုပ်တို့မှာ ရေခဲပြင်ပေါ်သို့ မတက်နိုင်ကြပေ။ ဤအိပ်မက်ဆိုးထဲမှ နှင်းများမှာ ပိုညစ်ပတ်လာသည်။ တောင်တန်းများပေါ်မှ မြူခိုးများ လိမ့်ဆင်းလာသည်။ စံအိမ်ပိုင်ရှင်၏ ပုံရိပ်မှာ ဝေဝါးစပြုလာတော့သည်။

“ငါတို့မှာ အချိန်မရှိတော့ဘူး”

“ကောင်းပြီ”

ကောင်းမင်သည် အရုပ်ထံမှ ဆင်းလိုက်သည်။ သူသည် ရေခဲလွှာကို စစ်ဆေးကြည့်ပြီးနောက် အပေါ်သို့ လှမ်းတက်လိုက်သည်။

“ငါ ရှေ့က သွားမယ်၊ တကယ်လို့ ငါ ရေကန်ထဲ ပြုတ်ကျသွားရင် ငါ့ကိုကယ်ဖို့ အချိန်မဖြုန်းနဲ့၊ စံအိမ်ပိုင်ရှင်နောက်ကိုပဲ လိုက်သွား”

ပိုင်ဖုန်းက အခိုင်အမာ ပြောလိုက်သည်။ သူမသည် မည်သည့်အခါကမှ တွန့်ဆုတ်နေတတ်သူ မဟုတ်ပေ။

ကောင်းမင် ရေခဲပြင်ပေါ်သို့ ရောက်သွားသောအခါ ဤနေရာသည် မည်မျှအန္တရာယ်များကြောင်း သဘောပေါက်လိုက်သည်။ ခြေတစ်လှမ်းလှမ်းတိုင်း ရေခဲပြင်မှာ တဂျွတ်ဂျွတ်နှင့် မြည်နေပြီး အက်ကြောင်းငယ်လေးများ ပေါ်လာသည်။ ထိုအသံများက ငါးများ၏အာရုံကို ဆွဲဆောင်သည်။ သူတို့သည် ကောင်းမင် ပြုတ်ကျလာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

“ပြေးရုံပဲ”

ပိုင်ဖုန်းက လက်ဝှေ့ယမ်းပြပြီး ရှေ့မှ စတင်ပြေးထွက်သွားသည်။ သူမထံတွင် ကြောက်ရွံ့မှုများ မရှိပေ။သူမသည် သူမ၏ကလေးများကို ရှာဖွေလိုသော စိတ်ဆန္ဒတစ်ခုသာ ရှိသည်။

ကောင်းမင်က အရှိန်မြှင့်လိုက်သည်။ ရေခဲပြင်ပေါ်တွင် အက်ကြောင်းများ ပိုမိုများပြားလာသည်ကို သူ ခံစားနေရသည်။ ရေခဲပြင်အောက်တွင် အနက်ရောင်ဆံပင်များက ရေမှော်ပင်များသဖွယ် ပြန့်ကားနေကြသည်။ ဖြူဖျော့နေသော မျက်နှာများက ကောင်းမင်နောက်သို့ လိုက်ပါလာကြသည်။ ၎င်းတို့မှာ ဆာလောင်နေကြပြီး တစ်စုံတစ်ခုကို ဝါးစားတော့မည့်အလား ပါးစပ်များကို ဟထားကြသည်။ ကောင်းမင်သည် သရဲများကို ထိုမျှ မကြောက်သော်လည်း သူ၏ ပင်ကိုယ်အသိစိတ်က နောက်သို့ ဆုတ်ခွာရန် သတိပေးနေသည်။ သို့သော် သူသည် ဆုတ်ခွာရန် ခိုင်လုံသော အကြောင်းပြချက်ကို မတွေ့ရပေ။

“အန်တီပိုင်က တကယ့်ကို ထူးခြားတဲ့လူပဲ၊ ဒါက မိခင်မေတ္တာရဲ့ စွမ်းအားလား”

ကောင်းမင်သည် ပြေးလွှားရန် ကြိုးစားနေရသည်။ ရေခဲပြင်၏အထူမှာ တစ်နေရာနှင့် တစ်နေရာ မတူညီကြောင်း သူသတိထားမိသည်။ အချို့နေရာများမှာ ငါးများ၏ ဝါးစားထားခြင်းကြောင့် အလွန်ပင် ပါးလွှာနေသည်။ ခြေတစ်လှမ်း မှားလိုက်သည်နှင့် သူ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုကဲ့သို့သော ထောင်ချောက်များ၏ ဘေးတွင် ငါးကြီးများ ရှိနေတတ်သည်။ ၎င်းတို့သည် မှောင်မိုက်သော ရေကန်ထဲတွင် ပုန်းကွယ်နေကြခြင်းဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများကပင် အခြားငါးများကို ခြောက်လှန့်နိုင်သည်။

ကောင်းမင်နှင့် ပိုင်ဖုန်းတို့သည် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသဖြင့် ချန်ကျင်းမှာ အခက်တွေ့သွားသည်။ သူ၏လှေငယ်လေးမှာ ဘေးကင်းသော်လည်း ရေခဲများကို ခွဲရန်အတွက် အချိန်လိုအပ်သည်။ သူသည် ရေခဲအပါးဆုံး လမ်းကြောင်းကို ရွေးချယ်ထားသော်လည်း စမ်းသပ်သူများမှာ သူ့ကို မှီလာကြပြီဖြစ်သည်။

“အိပ်မက်ဆိုးထဲမှာ အေးအေးဆေးဆေးနဲ့ ဘဝကိုကုန်ဆုံးရတာ မကောင်းဘူးလား”

ချန်ကျင်း၏ ခန္ဓာကိုယ်ထဲရှိ စံအိမ်ပိုင်ရှင်မှာ တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူတံတွေးထွေးလိုက်သည်။

“လူသားတွေက အစွဲအလမ်းတွေနဲ့ ပတ်သက်လာရင် အရမ်းကို နစ်မွန်းလွယ်ကြတာပဲ၊ အဲဒါကြောင့် သူတို့က အရမ်းဒုက္ခရောက်နေကြတာ”

ချန်ကျင်းသည် သူ့ခါးမှ အိတ်ကို ဖွင့်လိုက်ပြီး စေးကပ်ကပ်အရည်အချို့ကို ညှစ်ထုတ်လိုက်သည်။ ထိုအရည်များက လှော်တက်ကို ထိတွေ့လိုက်သည်နှင့် ‘ပျောက်ဆုံးနေသော မှတ်ဉာဏ်များ’ ဆီမှ သွေးများ ထွက်လာလေသည်။ လှော်တက်နှင့် ထိတွေ့မိသော ရေခဲများမှာ နှင်းများကဲ့သို့ အရည်ပျော်သွားသည်။

“ဒါကြောင့်လည်း မင်းရဲ့ခေါင်းကို ငါနဲ့အတူ ထားတာပေါ့၊ မင်းရဲ့ အကြည့်တွေနဲ့ သွေးတွေက မင်းရဲ့ အိပ်မက်ဆိုးကို ဖြိုခွဲဖို့ အကောင်းဆုံး ပါဝင်ပစ္စည်းတွေပဲ”

ချန်ကျင်းက ယုတ်မာစွာ ဆိုလိုက်သည်။

“ငါ ဒီနေရာကနေ ထွက်သွားပြီးရင် မင်းကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်မယ်လို့ ကတိပေးတယ်၊ သုတေသနဌာနကနေ မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ကယ်ထုတ်ပေးပြီး မင်းကို အနာကျင်ဆုံး သေခြင်းတရားနဲ့ ဆုချပေးပါ့မယ်”

ချန်ကျင်း၏ ဦးတည်ရာမှာ ရေကန်၏ အလယ်ဗဟိုဖြစ်သည်။ ထိုနေရာသည် နေ့ခင်းဘက်တွင်ပင် မှောင်မိုက်နေတတ်ပြီး မည်သည့်အရာများ ပုန်းကွယ်နေသည်ကို မသိနိုင်ပေ။ ငါးများပင် ထိုနေရာသို့ မသွားရဲကြချေ။

“ငါတို့ ရောက်ခါနီးပြီ၊ သူတို့ ဒီရောက်လာရင် သေရလိမ့်မယ်”

ချန်ကျင်း နောက်လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ တုန်လှုပ်မှုဖြင့် တောက်ပသွားသည်။ ပိုင်ဖုန်းနှင့် ကောင်းမင်မှာ သူနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

၂၀ မီတာ။

၁၀ မီတာ။

အိတ်ထဲမှ ဦးခေါင်းမှာ အရည်များ ထပ်ထွက်မလာတော့ပေ။ ချန်ကျင်းသည် လေးလံလှသော လှော်တက်ကို ရေခဲပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ရေခဲစများမှာ နေရာအနှံ့ လွင့်စင်သွားသည်။ အိပ်မက်ဆိုးပိုင်ရှင်၏ မျက်ရည်များနှင့် သွေးများ မရှိတော့သောအခါ ထိုလှော်တက်များမှာ သာမန်ပစ္စည်းများသာ ဖြစ်သွားတော့သည်။ ရေကန်မှာ ပြောင်းလဲသွားသော်လည်း အလယ်ဗဟိုသို့ ရောက်ရန်မှာ အတော်ကွာဝေးနေသေးသည်။ ချန်ကျင်းသည် ပိုမြန်မြန်သွားချင်နေသော်လည်း ယခုအခါ နှစ်ဖက်အကြား ငါးမီတာသာ ကွာတော့သည်။

“ရပ်လိုက်စမ်း”

ချန်ကျင်းသည် လှော်တက်များကို ချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူသည် အမဲလိုက်သေနတ်ဖြင့် ပိုင်ဖုန်းကို ချိန်ရွယ်လိုက်သည်။

“နောက်တစ်လှမ်း ထပ်တိုးရင် ငါပစ်လိုက်မယ်”

ပိုင်ဖုန်းမှာ ဒုတိယအကြိမ် သေနတ်ဖြင့် အချိန်ခံရခြင်းဖြစ်သော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။

“မင်း ၁၀မီတာ အကွာမှာတုန်းက ဒီလိုပြောခဲ့ရင် ငါ တွန့်ဆုတ်မိဦးမယ်၊ ဒါပေမဲ့ အခု မင်းမှာ ဒီအခွင့်အရေး ရှိသေးလို့လား”

လေနှင့်အတူပါလာသော နှင်းများက သူတို့အပေါ် ကျဆင်းလာသည်။ သူတို့အောက်ရှိ ရေခဲပြင်မှာ အက်ကွဲလာသည်။ ချန်ကျင်းသည် အပါးလွှာဆုံး ရေခဲပြင်လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“မင်း သေနတ်တစ်ချက် ပစ်ပြီးရင် ပြန်မောင်းတင်ရဦးမှာပဲ၊ ငါးမီတာတောင် မဝေးတော့တဲ့ အကွာအဝေးမှာ မင်း ငါတို့ထဲက တစ်ယောက်ကိုပဲ ပစ်နိုင်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ တစ်ယောက်က မင်းကို မိအောင် လိုက်ဖမ်းမှာပဲ”

ပိုင်ဖုန်း၏အသံမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ အေးစက်နေလေသည်။ ကောင်းမင် သူမကို ကြည့်လိုက်သည်။ အကယ်၍ ချန်ကျင်းက သူ့ကို ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ထိုအကြောင်းကို ကြိုတင် မဆွေးနွေးခဲ့ကြပေ။

“ဒါ့အပြင် မင်းဆီမှာ ကျည်ဆန် ဘယ်နှစ်တောင့် ကျန်သေးလို့လဲ၊ သုံးတောင့်လား၊ တစ်တောင့်လား၊ ဒါမှမဟုတ် တစ်တောင့်မှ မရှိတော့တာလား”

ပိုင်ဖုန်းက ရှေ့သို့ တစ်လှမ်း စမ်းတိုးလိုက်သည်။ ချန်ကျင်သည် မောင်းတံပေါ်တွင် လက်တင်ထားသော်လည်း မပစ်ခဲ့ပေ။

“မင်းက သေလမ်းရှာနေတာပဲ”

ထိုအချိန်တွင် ချန်ကျင်း၏ ဒေါသများမှာ ပျောက်ကွယ်သွားသည်။သူက ပိုတည်ငြိမ်လာသည်။

“မင်းက ပိုနက်ရှိုင်းတဲ့ အိပ်မက်ဆိုးတွေထဲကို ဝင်ချင်တာ မဟုတ်လား၊ ငါက အဲဒီကနေ လာတာပဲ၊ သူက မင်းကို အဲ့ဒီကို ခေါ်သွားနိုင်သလို ငါလည်း ခေါ်သွားနိုင်တယ်! အဲဒီအပြင် မင်း အဲဒီမှာ အသက်ရှင်နိုင်ဖို့လည်း ငါအာမခံနိုင်တယ်”

“ငါ မင်းကို မယုံဘူး”

ပိုင်ဖုန်းက ကောင်းမင်ကို အချက်ပြလိုက်သည်။ သူတို့ နှစ်ယောက်လုံး ချန်ကျင်းဆီသို့ နှစ်ဖက်ညှပ်၍ ပြေးဝင်လိုက်ကြသည်။

“နက်ရှိုင်းတဲ့ အိပ်မက်ဆိုးတွေက အလယ်အလတ်အဆင့် အိပ်မက်ဆိုးတွေနဲ့ မတူဘူး၊ အဲဒီနေရာက တခြားကမ္ဘာတစ်ခုနဲ့ ဆက်သွယ်နေတာ၊ ကောင်းကင်တစ်ခုလုံးက အနက်ရောင်မြူခိုးတွေ ဖုံးလွှမ်းနေတယ် ၊စိတ်ပျက်အားငယ်မှုတွေက စုပုံလာပြီး မြေပြင်အဖြစ် ပုံဖော်ထားတာ၊ သရဲတွေနဲ့ မကောင်းဆိုးဝါးတွေက သွေးနီရောင် မြို့တော် ၁၃ မြို့ကို တည်ဆောက်ထားကြတယ်၊ သူတို့မှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်၊ မင်း အဲဒီမှာ အသက်ရှင်နိုင်ဖို့ ငါ အဲဒီစည်းမျဉ်းတွေကို ပြောပြနိုင်တယ်”

ချန်ကျင်းသည် ကျည်ဆန်ကုန်သွားပြီဖြစ်၍သာ ဤစကားများကို ပြောနေခြင်း ဖြစ်နိုင်သည်။

ပိုင်ဖုန်းက အေးစက်စွာ ရယ်လိုက်သည်။ သူမသည် ချန်ကျင်းကို မယုံကြည်ပေ။ သူသည် လူပေါင်းများစွာကို လှည့်စားခဲ့ပြီးသား ဖြစ်သည်။

ကောင်းမင်မှာမူ တောင့်တင်းသွားခဲ့သည်။ ချန်ကျင်းပြောလိုက်သော စကားလုံးတိုင်းသည် သူ့စိတ်ထဲတွင် မုန်တိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်သွားစေခဲ့သည်။ သွေးနီရောင် မြို့တော် ၁၃ မြို့အကြောင်း သူကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် တားမြစ်ထားသောခလုတ်တစ်ခုမှာ ရုတ်တရက် ပွင့်သွားတော့သည်။

All Chapters