အံ့အားသင့်ခြင်း
Vol. 35 Ch. 522
“ဒါက ဘာကြီးလဲ”
ချန်ကျင်းသည် ကောင်းမင်၏ လျှို့ဝှက်ချက်များကို မြင်လိုက်ရသည်။ သူသည် ထိုကလေးထံမှ သဘာဝမဟုတ်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
“မင်းဆီမှာ အဲဒီကမ္ဘာက ပစ္စည်းတစ်ခု ရှိနေတာပဲ ၊ မင်းက... ငါနဲ့ အတူတူပဲ”
ချန်ကျင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူသည် ကောင်းမင်နှင့်အတူ အသေခံရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ပြီး ထွက်ပြေးရန်သာ ကြိုးစားတော့သည်။ ချန်ကျင်း ရေမျက်နှာပြင်ပေါ်သို့ တက်ရန် ကြိုးစားနေစဉ် ကောင်းမင်က သူ့ခါးမှ အိတ်ကို ဖွင့်လိုက်သည်။ ရုပ်ဆိုးပြီး ခြောက်ကပ်နေသော ဦးခေါင်းတစ်ခု လိမ့်ထွက်လာသည်။ ဘဝ၊ မှတ်ဉာဏ်နှင့် စွဲလမ်းမှု... ပူဇော်သက္ကာ သုံးမျိုးစလုံး ပြည့်စုံသွားပြီဖြစ်သည်။ ပြည့်စုံသော အလောင်း၊ ဓာတ်ပုံနှင့် စာတို့ ပေါင်းစပ်သွားခြင်းက အိပ်မက်ဆိုးပိုင်ရှင်၏ ဘဝကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပြည့်စုံသွားစေခဲ့သည်။
ကောင်းမင်နှင့် ချန်ကျင်ကို စောင့်ကြည့်နေသော ငါးကြီးများသည် ကြောက်လန့်တကြားဖြင့် လူစုခွဲသွားကြသည်။ အဝေးမှ ကြီးမားလှသော အရိပ်ကြီးများ ကူးခတ်လာကြသည်။ ကောင်းမင်၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားသည်။ ရေကန်ထဲတွင် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အရာများစွာ ပုန်းကွယ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရေကန်ပေါ်ရှိ ရေခဲလွှာများသည် တစ်ခုနှင့်တစ်ခု ဖိကပ်မိနေကြပြီး နေရာအနှံ့မှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ အမှောင်ထဲတွင် သွေးရောင်များ တောက်ပလာသည်။
“မင်း တကယ့်သရဲအစစ်ကို လွှတ်ပေးလိုက်ပြီ”
ချန်ကျင်း၏ နှုတ်ခမ်းများမှ စံအိမ်ပိုင်ရှင်၏အသံ ထွက်ပေါ်လာသည်။ သူသည် ထပ်မံ ဖုံးကွယ်မနေတော့ပေ။
“တကယ့် အရူးအုပ်စုပဲ ၊ အိပ်မက်ဆိုးပိုင်ရှင်က ငါ့ကို ဒီမှာ ပိတ်လှောင်ထားဖို့ သူ့ခန္ဓာကိုယ်နဲ့ ငါ့ကို လဲလှယ်ခဲ့တာ၊ ငါက လူသားပဲ၊ သူကမှ တကယ့်သရဲအစစ် ၊ ငါ စံအိမ်ကနေ ထွက်မသွားတာကို မင်းတို့ မရိပ်မိကြဘူးလား ၊ အရူးတွေ… မင်းတို့က တကယ့်သရဲကို နိုးထစေလိုက်ပြီ”
အခြေအနေမှာ အလွန်နောက်ကျသွားပြီဖြစ်ကြောင်း ချန်ကျင်း သိလိုက်သည်။ သူ ဟိန်းဟောက်လိုက်သည်။
“သူက လူစိတ်မရှိတော့ဘူး၊ သူ့ရဲ့ နောက်ဆုံးစွဲလမ်းမှုအရ ငါတို့အားလုံးကို သတ်ပစ်လိမ့်မယ်”
ချန်ကျင်းသည် လေးလံလှသော သေနတ်နှင့် ဂျာကင်ကို စွန့်ပစ်လိုက်ပြီး နောက်ဆုံးတွင် ရေခဲပြင်ပေါ်သို့ တက်နိုင်သွားသည်။ ကောင်းမင်သည်လည်း ကျည်ဖြည့်ထားသော သေနတ်ကို ကိုင်၍ ရေကန်၏ အခြားတစ်ဖက်မှ တက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း သေနတ်ကို လွှတ်မချခဲ့ပေ။
“ကျည်တစ်တောင့် ကျန်သေးတယ်၊ ချန်ကျင်း ကျည်ဆန်ထည့်တာကို ငါ မြင်လိုက်တယ်”
“ပြေးကြ ၊ စံအိမ်ကို ပြန်သွားကြ ၊ ဒါဆို ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်”
ချန်ကျင်းသည် ကောင်းမင်က သူ့ကို ပစ်မည်ကို ကြောက်နေသည်။သူသည် လူတိုင်းကို ဂရုစိုက်ဟန် ပြုမူလိုက်သည်။ သို့သော် သူသည် စံအိမ်ဘက်သို့ မပြေးဘဲ ရေကန်၏ အလယ်ဗဟိုဆီသို့သာ ပြေးသွားလိုက်သည်။
“သူ့ကို သတ်လိုက် ၊ မြန်မြန် ၊ သူ့ဆီမှာ ထွက်လမ်းရှိတယ် ၊ အိပ်မက်ဆိုးပိုင်ရှင်ရဲ့ ဒေါသကို သူပဲ ခံရအောင် ငါတို့ လုပ်ရမယ် ၊ မဟုတ်ရင် အိပ်မက်ဆိုးပိုင်ရှင်က ငါတို့ကို သူ့ရဲ့ အပေါင်းအပါတွေလို့ ထင်သွားလိမ့်မယ်”
ပိုင်ဖုန်း၏ ခန္ဓာကိုယ်သည် စုတ်ပြဲနေသော အိတ်တစ်အိတ်ကဲ့သို့ ဖြစ်နေသည်။သူမ၌ နောက်ဆုံးထွက်သက်သာ ကျန်တော့သည်။
သေနတ်ပြောင်းထဲတွင် ရေများ ဝင်နေ၍ ဖြစ်နိုင်သည်၊ ကောင်းမင် ချက်ချင်း ပစ်မရခဲ့ပေ။ သူသည် ရေခဲပြင်ပေါ်တွင် ချန်ကျင်းနောက်သို့ ပြေးလိုက်သွားသည်။ သူတို့သည် အလယ်ဗဟိုဆီသို့ အပြိုင်ပြေးနေကြသည်။ ပူဇော်သက္ကာများအားလုံး ထိုနေရာသို့ ရောက်ရှိသွားသောအခါ အရှေ့ဘက်ရေကန်မှာ ပြောင်းလဲသွားသည်။ ရေအောက်မှ ထွက်ပေါ်လာသော ထူးဆန်းသောအသံများမှာ ပိုမို သိသာထင်ရှားလာသည်။ ရေခဲများသည် တစ်ခုနှင့်တစ်ခု ဖိခြေမိသွားကြပြီး အက်ကြောင်းများမှာ ထိတ်လန့်ဖွယ် အရှိန်ဖြင့် ပြန့်နှံ့လာသည်။ ပုန်းစရာ နေရာမရှိချေ။ နှင်းများက တဖွဲဖွဲ ကျဆင်းလာသည်။ ချန်ကျင်းသည် အလယ်ဗဟိုသို့ ရောက်ရန် ကြိုးစားနေသော်လည်း သူ ဆက်တိုက်ချော်လဲနေသည်။ ကြည်လင်သော နှင်းပွင့်များက နောက်ဆုံးတွင် နီရဲသွားသည်။ ကြီးမားသော အက်ကြောင်းများမှာ ရေခဲအောက်တွင် မြွေကြီးများအလား တွားသွားနေကြပြီး ချန်ကျင်းထံသို့ ဝိုင်းအုံလာကြသည်။
လက်ကိုင်စကားပြောစက်ထဲမှ တဂျစ်ဂျစ်အသံများ ထွက်ပေါ်လာသည်မှာ ကောင်းမင်ကို မလှုပ်ရှားရန် သတိပေးနေသည့်အလားပင် ဖြစ်သည်။ကောင်းမင် ထိုသို့တွန့်ဆုတ်နေသည့် စက္ကန့်ပိုင်းအတွင်း၌ ချန်ကျင်း၏ အော်ဟစ်သံကို သူကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ရေခဲအောက်မှ ကြီးမားသော အင်အားတစ်ခုက တွန်းတင်လိုက်သည်ကို တွေ့လိုက်ရသည်။ ငါး သို့မဟုတ် မြွေနှင့်တူသော ဧရာမမကောင်းဆိုးဝါးတစ်ကောင်သည် ရေထဲမှ ခုန်ထွက်လာသည်။
စူးရှသော သွားများရှိသည့် ပါးစပ်ကြီးက ချန်ကျင်၏ ခန္ဓာကိုယ် အောက်ပိုင်းကို ကိုက်ခဲလိုက်သည်။ ထိုမိစ္ဆာကောင်ကြီး ရေထဲမှ ထွက်လာသောအခါ ငါး၏ မျက်လုံးများထဲတွင် အိပ်မက်ဆိုးပိုင်ရှင်၏ မျက်နှာ ပေါ်လာခဲ့သည်။
ငါးကြီးက ထိုသို့ ပြုမူနေမှတော့ ကောင်းမင် အဘယ်ကြောင့် ဆက်သွားတော့မည်နည်း။
“နောက်နည်းနည်းလေးပဲ လိုတော့တာကွာ”
ချန်ကျင်းသည် ရေထဲသို့ ဆွဲချခြင်း ခံလိုက်ရသည်။ ကောင်းမင် ငုံ့ကြည့်လိုက်သောအခါ ဧရာမငါးကြီးသည် ရေအောက်တွင် ရွေ့လျားနေလေသည်။ ၎င်းသည် အခြားငါးများနှင့် ပေါင်းစပ်လိုက်ပြီး အိပ်မက်ဆိုးပိုင်ရှင်၏ ဖြူဖျော့သော မျက်နှာကြီးကို ဖန်တီးလိုက်သည်။ သေခြင်းတရား၏ မျက်နှာကြီးက ချန်ကျင်းကို ဝါးစားပစ်လိုက်သည်။ ထို့နောက် သွေးစွန်းနေသော ပါးစပ်ကြီးသည် ကောင်းမင်နောက်သို့ လိုက်လာပြီး သူသည် နောက်ထပ် ပစ်မှတ်ဖြစ်လာသည့်အလား ခံစားလိုက်ရသည်။
“တံခါးက ရေကန်ရဲ့ အလယ်ဗဟိုမှာ ရှိတာလား”
ကောင်းမင် အချိန်မဖြုန်းတော့ပေ။ သူသည် နောက်သို့ လှည့်ကာ ပိုင်ဖုန်းကို ကမ်းခြေဘက်သို့ ဆွဲခေါ်လိုက်သည်။
“ခင်ဗျား အိပ်မက်ဆိုးပိုင်ရှင်နဲ့ ညှိနှိုင်းခဲ့တာ မဟုတ်ဘူးလား၊ သူက သရဲကို သတ်ပြီးပြီပဲ၊ ကျွန်တော်တို့နောက်ကို ဘာလို့ လိုက်နေသေးတာလဲ”
“ဓာတ်ပုံနဲ့ စာက သူ့ခန္ဓာကိုယ်နဲ့ မပေါင်းစပ်ရသေးဘူး၊ ဝတ်ပြုဓလေ့အခမ်းအနားက မပြီးသေးဘူး...”
ပိုင်ဖုန်း၏ သွေးများမှာ ခဲနေပြီဖြစ်သည်။ သူမသည် စကားတစ်ခွန်းကိုပင် အနိုင်နိုင် ပြောနေရသည်။ သူမ၏မျက်လုံးများထဲတွင် ရှင်သန်လိုသော ဆန္ဒများ တောက်ပနေသည်။
“အိပ်မပျော်သွားနဲ့ဦးနော် ၊ ပိုင်ချောင်နဲ့ ပိုင်ရှောင်တို့က ခင်ဗျားကို စောင့်နေကြတုန်းပဲ”
ရေခဲပြင်ပေါ်တွင် ပြေးရသည်မှာ ခက်ခဲလှသည်၊ ကောင်းမင်သည် ဒဏ်ရာရထားသော ပိုင်ဖုန်းကိုလည်း သယ်ဆောင်ထားရသေးသည်။ သူသည် ငါးမီတာသာ ပြေးရသေးသော်လည်း အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ အိပ်မက်ဆိုးပိုင်ရှင်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးက သူ့အောက်တည့်တည့်တွင် ရှိနေသည်။ ဒဏ်ရာများ ပြည့်နှက်နေသော ပါးစပ်ကြီးသည် ဖြည်းညင်းစွာ ပွင့်ဟလာသည်။ ထိုအခိုက်အတန့်တွင် ကောင်းမင်သည် ပိုင်ဖုန်းကို ဖက်၍ ဘေးသို့ လှိမ့်ချလိုက်သည်။
ရေခဲလွှာသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ ရေခဲစများက ကောင်းမင်၏ ခန္ဓာကိုယ်ကို ပြတ်ရှသွားစေသည်။ ငါးမိစ္ဆာကြီးက သူ့ကို စားလုနီးပါး ဖြစ်သွားသည်။
“ရေအောက်မှာ လူမျက်နှာ၊ ရေပေါ်မှာတော့ ငါး၊ ဒါက လုံးဝယုတ္တိမရှိဘူး”
ရေခဲများ ကွဲကြေသွားပြီး ကောင်းမင်နှင့် ပိုင်ဖုန်းတို့ ရေထဲသို့ ပြုတ်ကျသွားသည်။ ရေဖိအားက သူတို့ကို လွှမ်းခြုံလိုက်သည်။ ကောင်းမင်သည် ရေမျက်နှာပြင်ပေါ်သို့ ကူးတက်ရန် ကြိုးစားလိုက်သော်လည်း ကြောက်မက်ဖွယ်မျက်နှာကြီးက သူ့ကို စောင့်နေနှင့်ပြီဖြစ်သည်။ သူသည် အခြားထွက်ပေါက်ကို ရှာရန် ကြိုးစားသော်လည်း ရေကန်မျက်နှာပြင်မှာ ပြန်လည်အေးခဲသွားချေပြီ။ ရေကန်သည် မှောင်မိုက်နေသော အကျဉ်းထောင်တစ်ခုနှင့် တူသည်။ သူက ရေခဲပြင်ကို တံတောင်နှင့် တိုက်ကြည့်လိုက်သည်။သို့သော်လည်း ရေခဲမှာ တုပ်တုပ်မလှုပ်ပေ။
သူ အသက်မရှူနိုင်တော့။ ထွက်ပေါက် မရှိတော့။ လူမျက်နှာကြီးက နီးကပ်လာချေပြီ။
လူအများစုသည် အဆုံးမရှိသော ချောက်ထဲသို့ ပြုတ်ကျနေသည့် အိပ်မက်ဆိုးကို မက်ဖူးကြပြီး နောက်ဆုံးတွင် နိုးထလာတတ်ကြသည်။ ကောင်းမင်လည်း ထိုကဲ့သို့ အိပ်မက်မျိုး မက်ဖူးသော်လည်း ထိုအိပ်မက်ဆိုးထဲမှ သူနိုးထနိုင်ခြင်း မရှိပေ။
ကောင်းမင် ပိုင်ဖုန်းကို လွှတ်လိုက်သည်။ သူသည် ရေမျက်နှာပြင်ပေါ်သို့ တက်ရန် မကြိုးစားတော့ပေ။ သူသည် အသားမျိုးစေ့များ၏ ဆင့်ခေါ်မှုကို နားထောင်၍ အရှေ့ဘက်ရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ကူးခတ်သွားရန် ရွေးချယ်လိုက်သည်။
ကျန်းမြောင်မြောင်၏ အိပ်မက်ဆိုးထဲတွင် အသားမျိုးစေ့များသည် အဆိုးမြင်စိတ်ခံစားချက်အားလုံးကို စုပ်ယူပြီး အိပ်မက်ဆိုးကို ပိုနက်ရှိုင်းစွာ နစ်မြုပ်သွားစေရန် မိနစ်အနည်းငယ်သာ အချိန်ယူခဲ့ရသည်။ ဤအိပ်မက်ဆိုးတွင် ပိုမိုများပြားသော အဆိုးမြင်ခံစားချက်များ ရှိနေသဖြင့် မျိုးစေ့မှာ ပိုလျင်မြန်စွာ ကြီးထွားလာပေလိမ့်မည်။
ခေါ်ဆိုမှုမှာ ပိုမိုပြင်းထန်လာသည်။ ငါးအုပ်ကြီးက ကောင်းမင်အနီးသို့ ချဉ်းကပ်လာသည်။ အိပ်မက်ဆိုးပိုင်ရှင်၏ မျက်နှာကြီးသည် သူ့နောက်သို့ လိုက်ပါလာပြီး ပါးစပ်ကို ထပ်မံ ဟလိုက်ပြန်သည်။ သို့သော် ၎င်းက ကိုက်ခဲတော့မည့် အချိန်တွင် အကြည့်သည် အခြားတစ်နေရာသို့ ရောက်ရှိသွားသည်။ ပုပ်ပွနေသော မျက်စိသူငယ်အိမ်များထဲတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာလေသည်။
ရေကန်၏ အနက်ရှိုင်းဆုံးနေရာတွင် အနီရောင်တံခါးတစ်ချပ် ရှိနေလေသည်။ အနီရောင် သစ်ပင်အမြစ်များက တံခါးအစွန်းများတွင် နေရာအနှံ့ တွားသွားနေကြသည်။
တံခါးနှင့် မလှမ်းမကမ်းတွင် လျင်မြန်စွာ ကြီးထွားလာနေသော အသားသစ်ပင်တစ်ပင် ရှိနေသည်။ သေဆုံးနေသော ဝိညာဉ်များ၊ ငါးများနှင့် ရေကန်မှ ရေများ၊ သဲများပင်လျှင် ၎င်းအတွက် အာဟာရများ ဖြစ်နေကြသည်။
သစ်ရွက်များမှာ ပြန့်ကားလာပြီး အမြစ်များကလည်း ဖြန့်ထွက်လာသည်။ သစ်ပင်အမြစ်များက တံခါးကို ထိတွေ့လိုက်သည်။ တံခါး၏ အခြားတစ်ဖက်မှ တိုးဝင်လာသော အမြစ်များနှင့် ဤဘက်ရှိ အမြစ်များမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားကြသည်။ သစ်ပင်နှစ်ပင်မှ အမြစ်များသည် ပေါင်းစပ်သွားပြီး မတူညီသော အိပ်မက်ဆိုးများကို ဖောက်ထွင်း၍ ဆက်သွယ်လိုက်ကြတော့သည်။