ပျောက်နေသော တံခါး
Vol. 35 Ch. 525
သစ်ပင်၏ အုပ်မိုးနေသောထိပ်ဖျားသည် ညကောင်းကင်ကို ထိတွေ့နေသည်။ ၎င်း၏ အမြစ်များမှာလည်း ရေကန်အောက်ခြေတစ်ခုလုံးတွင် တွားသွားနေကြသည်။ ၎င်းသည် တံခါးနှင့် ဤအိပ်မက်၏ ပိုင်ရှင်အသစ် ဖြစ်လာခဲ့သည်။ ယခင်ပိုင်ရှင်၏ လွှမ်းမိုးမှုများမှာ ဖယ်ရှားခံလိုက်ရသည်။ အရုပ်သည် တဖြည်းဖြည်း သေးငယ်သွားပြီး မိခင်ဖြစ်သူ၏ အဝတ်အစားပေါ်မှ အနီရောင်များမှာလည်း မှေးမှိန်သွားခဲ့သည်။
“ဒါက သူတို့ရဲ့ တကယ့်ပုံစံအစစ်တွေပဲ၊ စံအိမ်ပိုင်ရှင်က သူတို့ကို အန္တရာယ်ပေးမှာ ကြောက်လို့ သူတို့ကို ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးတွေအဖြစ်ပြောင်းလဲဖို့ အိပ်မက်ဆိုးကို အသုံးချခဲ့တာ”
ထိုလူက ဝန်ခံလိုက်သည်။ သူသည် ကောင်းမင်ကို ခုခံရန် အစီအစဉ်မရှိတော့ပေ။ သူသည် အိပ်မက်ဆိုးကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ အစွမ်းမဲ့နေပြီဖြစ်သည်။
“ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးတွေလား”
ကောင်းမင်က မိခင်ဖြစ်သူကို လေ့လာလိုက်သည်။သူ့အကြည့်ကြောင့် အမျိုးသမီးမှာ တုန်လှုပ်သွားခဲ့သည်။
“မင်းရဲ့ညီမကို အရုပ်ကြီးအဖြစ် ပြောင်းလဲလိုက်တာကို ငါ နားလည်ပေးလို့ရပေမဲ့ မင်းအမေကို ဘာဖြစ်လို့ အနီရောင်ဝတ်အမျိုးသမီးအဖြစ် ပြောင်းလဲလိုက်တာလဲ၊ အနီရောင်က မင်းအတွက် ထူးခြားတဲ့ အဓိပ္ပာယ် ရှိလို့လား”
ထိုလူက ခေါင်းညိတ်လိုက်သည်။
“ခင်ဗျား တံခါးထဲကို ဝင်သွားရင် သိပါလိမ့်မယ်၊ အဲဒီမှာရှိတဲ့ ကြောက်စရာကောင်းတဲ့ သရဲတွေ အားလုံးက အနီရောင် ဝတ်ထားကြတာလေ”
“မင်း အဲဒီကို ရောက်ဖူးတာလား”
“ဟုတ်ကဲ့၊ ကျွန်တော် ခင်ဗျားအတွက် လမ်းပြလုပ်ပေးနိုင်ပါတယ်၊ တံခါးထဲကနေ ထွက်လာတဲ့ အရာတွေထက်စာရင် ကျွန်တော်က ပိုပြီးယုံကြည်စိတ်ချရမယ်လို့ ထင်ပါတယ်”
“အလောတကြီး လုပ်ဖို့တော့ မလိုသေးပါဘူး၊ ငါ အရင်ဆုံး မသေဆေးအတွက် စမ်းသပ်မှုရလဒ်တစ်ခု ပြင်ဆင်ရဦးမယ်”
ကောင်းမင်သည် ညီငယ်လေးကို အိပ်မက်ဆိုးပိုင်ရှင်အဖြစ် ပြန်လည်သရုပ်ဆောင်ခိုင်းလိုက်သည်။ သူသည် ပုံမှန်မဟုတ်သော အခြေအနေများ အားလုံးကို တံခါးပေါ်သို့ လွှဲချလိုက်သည်။ ဤဆင်ခြေမှာ ကြာရှည်ခံမည်မဟုတ်ကြောင်း ကောင်းမင် သိသော်လည်း သူသည် အချိန်အနည်းငယ် ရရန်သာ လိုအပ်သည်။
ဆွေးနွေးပြီးနောက် ကောင်းမင်သည် အရုပ်လေးကို နှင်းလူရုပ်ထဲမှ ချန်ကျင်းကို ရှာခိုင်းလိုက်သည်။ ထို့နောက် သူသည် ပိုင်ဖုန်း၏ဘေးတွင် လှဲချလိုက်ပြီး သေချင်ယောင်ဆောင်နေလိုက်သည်။ ချန်ကျင်း၏ စွမ်းအားသည် စံအိမ်ပိုင်ရှင်ထံမှ ဖြစ်ပြီး အိပ်မက်ဆိုးပိုင်ရှင်ထံမှ လာခြင်းမဟုတ်ပေ။ ထို့ကြောင့် သူ့တွင် ထူးခြားသော စွမ်းအားအချို့ ကျန်ရှိနေသေးသည်။ သူသည် ညစ်ပတ်သော ရေအဖြစ် အရည်ပျော်သွားနိုင်သလို သာမန်လူထက်လည်း ပိုသန်မာပေသည်။
အိပ်မက်ဆိုးပိုင်ရှင်က ချန်ကျင်းကို ‘အမှန်တရား’ တစ်ခု ပြောပြလိုက်သည်။ ပိုင်ဖုန်းနှင့် ကောင်းမင်တို့သည် ယဇ်ပူဇော်ရာတွင် အောင်မြင်သွားပြီး ပိုင်ရှင်မှာ နိုးထလာခဲ့ကြောင်း၊ စံအိမ်ပိုင်ရှင်သည် သူ၏နောက်ဆုံးထွက်သက်ဖြင့် အိပ်မက်ဆိုးတံခါးကို ဖွင့်ကာ ဤအဖြစ်ဆိုးကို ဖန်တီးခဲ့ကြောင်း ပြောလိုက်သည်။
တံခါးသည် ထွက်ပေါက်ဖြစ်ကြောင်း ချန်ကျင်း သိလိုက်သည်။ သူသည် သတိမေ့နေသော လူနှစ်ယောက်ကို သယ်ဆောင်၍ အခြားသူများနှင့် အမြန်သွားရောက်ပူးပေါင်းလိုက်သည်။ အိပ်မက်ဆိုး၏ ကြီးမားသော ပြောင်းလဲမှုများက ကျိဂဲနှင့် အခြားသူများကို တုန်လှုပ်သွားစေသည်။ သူတို့သည် အနီးနားရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေကြခြင်းဖြစ်သည်။ သူတို့သည် မည်သည့်သဲလွန်စကိုမျှ လက်လွတ်မခံချင်ကြသလို သစ်ပင်ကြီး၏ ဖမ်းဆီးခြင်းကို ခံရမည်ကိုလည်း ကြောက်ရွံ့နေကြသဖြင့် ရေကန်အနားမကပ်ဝံ့ဘဲ ဖြစ်နေကြသည်။
“ကျုပ် ခင်ဗျားတို့ကို ထွက်ပေါက်ဆီ ခေါ်သွားပေးနိုင်တယ် ၊ တံခါးက ရေကန်အောက်ခြေမှာ ရှိတာ၊ သစ်ပင်ရဲ့ အသိစိတ်က အပြည့်အဝ မနိုးထသေးဘူး၊ ဒါက ကျုပ်တို့ ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
ချန်ကျင်းက နှင်းလူ၏လက်မောင်းကို ယမ်းပြလိုက်သည်။ သူသည် ကျိဂဲ၏လျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ပြောပြပြီးနောက်မှ အခြားစမ်းသပ်သူများ၏ယုံကြည်မှုကို ရရှိသွားသည်။ သူသည် ရေအဖြစ် ပြောင်းလဲလိုက်ပြီး အခြားလှေတစ်စင်းပေါ်သို့ ရောက်သွားသည်။ သူက စမ်းသပ်သူများကို သစ်ပင်ကြီးဆီ ပို့ပေးလိုက်သည်။ ထို့နောက် သူ၏မိတ်ဆွေများကို ရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ပို့ဆောင်ပေးလိုက်သည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ကောင်းမင်သည် သစ်ပင်ကြီးနှင့် ဆက်သွယ်နေသည်။ သစ်ပင်ကြီးအနေနှင့် သူတို့အား မကြိတ်မိစေရန် ညင်ညင်သာသာ ကိုင်တွယ်ရန် သူမှာကြားထားရသည်။
ရေအောက်ရှိ တံခါးသည် အမြစ်များ၏ ထိုးဖောက်ခံထားရသည်။ ကောင်းမင်က သစ်ပင်ကြီးအား ချန်ကျင်းအတွက် အထောက်အပံ့အလုံအလောက်ပေးရန် ခိုင်းလိုက်သည်။ ပိုင်ဖုန်း၏ ဘေးကင်းမှုကို ထည့်မစဉ်းစားပါက ကောင်းမင်သည် ထိုနေရာတွင် ပိုကြာကြာနေချင်သေးသည်။ ချန်ကျင်းမှာ လူကောင်းတစ်ယောက်ဖြစ်သည်။ သူသည် သတိမေ့နေသော ပိုင်ဖုန်းနှင့် ကောင်းမင်ကို အရင်ဆုံး ပို့ဆောင်ပေးလိုက်သည်။ သူကတော့ လူတိုင်းထွက်သွားနိုင်ရန် နောက်ဆုံးမှ စောင့်ကြပ်ပေးနေခဲ့သည်။
“သူက လူကောင်းတစ်ယောက်ပဲ၊ တော်လည်းတော်တယ်၊ သူ့ကို အဖွဲ့ဝင်အဖြစ် လျာထားလို့ရတယ်”
တံခါးကို ဖြတ်ကျော်လိုက်သည့် အချိန်မှာပင် ကောင်းမင်၏ လက်ကိုင်စကားပြောစက်မှ တဂျစ်ဂျစ်အသံများ ထွက်ပေါ်လာသည်။ တံခါးနောက်ကွယ်မှ စွမ်းအားတစ်ခုက ၎င်းကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
“တံခါး... နံပါတ် ၂... ဝေါ်ကီတော်ကီ...”
ဂုတ်ပိုးမှ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ကောင်းမင် မျက်လုံးပွင့်လာသည်။ သူသည် စကားပြောစက်မှ အသံကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။ သူသည် အိပ်မက်ဆိုးထဲမှ ထွက်လာခဲ့ပြီဖြစ်သည်။ သူ့ဦးခေါင်းမှ ဦးထုပ်ကို ချွတ်လိုက်သည်။ သူ့ကို ချိတ်ဆက်ထားသော အမည်မသိ ဝိုင်ယာကြိုးများကို သူစိုက်ကြည့်လိုက်သည်။ သူ၏နောက်ဆုံးမှတ်ဉာဏ်ထဲတွင် စမ်းသပ်သူများသည် မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ကာ အိပ်မက်ဆိုးဆီသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကောင်းမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူတိုင်း ကုတင်ပေါ်တွင် လှဲလျောင်းနေကြသည်။ ပိုင်ဖုန်းပတ်လည်တွင်မူ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ရှိနေသည်။
“ခဏနေဦး ၊ တစ်ယောက်ယောက် နိုးလာပြီဟေ့ ၊ ထန်ချင်းကို သွားခေါ်”
အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ စမ်းသပ်သူများမှာ တဖြည်းဖြည်း နိုးလာကြသည်။ ပိုင်ဖုန်းနှင့် ချန်ကျင်းတို့သာ အိပ်ပျော်နေဆဲဖြစ်သည်။
ထန်ချင်းသည် အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။ သူ ဘာမှမပြောရသေးမီမှာပင် ကျိဂဲက ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ထန်ချင်း၏ကော်လာကို ဆွဲကိုင်လိုက်သည်။
“ယီးပဲ! ဒီစမ်းသပ်မှုက တခြားဟာတွေနဲ့ လုံးဝမတူဘူးကွ၊ ငါ အထဲမှာ သေခါနီးပဲ”
“ဒါပေမဲ့ ခင်ဗျား မသေဘူးမဟုတ်လား”
ထန်ချင်းက ပြုံးလိုက်သည်။ သူသည် ကျိဂဲ၏ တွန်းထုတ်ခံလိုက်ရခြင်းကြောင့် တံခါးနှင့် ဆောင့်မိသွားသည်။
“ချန်ကျင်းက အခု သရဲတစ်ကောင် ဖြစ်သွားပြီ ၊ မင်းတို့ အချက်အလက်တွေကို ဖုံးကွယ်ထားလို့ သူအိပ်မက်ဆိုးထဲမှာ ပိတ်မိနေခဲ့ရတာကွ”
ကျိဂဲမှာ မခံမရပ်နိုင်ဖြစ်နေသည်။
“သူက ငါတို့ကို အပြင်ပို့ပေးခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ထွက်မလာနိုင်ခဲ့ဘူး! ငါ့ညီလေး တံခါးတစ်ဘက်မှာ ပိတ်မိနေတာကို ငါမြင်ခဲ့ရတယ် ၊ မင်းတို့က နှလုံးသားမရှိတဲ့ တိရစ္ဆာန်တွေပဲ”
ထန်ချင်း၏မျက်နှာတွင် အပြုံးတစ်ခုရှိနေဆဲ ဖြစ်သော်လည်း သူ၏မျက်လုံးများမှာမူ အေးစက်သွားသည်။
“စိတ်မပူပါနဲ့၊ ကျုပ်တို့ သူ့ကို ပြန်ခေါ်နိုင်အောင် အစွမ်းကုန်ကြိုးစားပေးပါ့မယ်”
ထိုအိပ်မက်ဆိုးထဲတွင် တစ်ခုခုဖြစ်ပျက်လိမ့်မည်ဟု ထန်ချင်း သိထားခြင်းဖြစ်သည်။ အိပ်ပျော်ဟန်ဆောင်နေသော ကောင်းမင်သည် အရာအားလုံးကို သတိထား၍ စောင့်ကြည့်နေလိုက်သည်။
“မသေဆေးက လူ့အသက်တွေကို ကစားဖို့ ဘယ်ကနေ ဒီလောက်ထိ ယုံကြည်မှုတွေ ရလာတာလဲ”
ဆေးအဖွဲ့သားများက သူတို့၏ ခန္ဓာကိုယ်များကို စစ်ဆေးလိုက်ကြသည်။ ပိုင်ဖုန်းနှင့် ချန်ကျင်းတို့ကို အဝေးသို့ တွန်းထုတ်သွားကြသည်။ ကျိဂဲက နောက်မှလိုက်သွားချင်သော်လည်း ထန်ချင်းက တားဆီးလိုက်သည်။
“ခင်ဗျား အများကြီး ရခဲ့တဲ့ပုံပဲ”
စမ်းသပ်သူများကို မေးခွန်းများမေးရန် အခန်းအသီးသီးသို့ ခေါ်ဆောင်သွားကြသည်။ ကောင်းမင်လည်း အပါအဝင်ဖြစ်သည်။ သူသည် ပိုင်ဖုန်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို ပြောပြခဲ့သော်လည်း ထန်ချင်းသိချင်နေသည်မှာ တံခါးအကြောင်းသာ ဖြစ်သည်။
“ခင်ဗျားက အစကတည်းက တံခါးအကြောင်းကို သိနေပုံရတယ်”
ကောင်းမင်က တွေဝေနေပြီးမှ မေးလိုက်သည်။
“ဒါကို ဘာလို့ ကျုပ်တို့ကို လျှို့ဝှက်ထားတာလဲ”
“ဘာလို့လဲဆိုတော့ တံခါးရှိတဲ့ အိပ်မက်ဆိုးတွေထဲမှာ လူတွေပျောက်ဆုံးသွားတတ်လို့ပဲ၊ ပိုင်ဖုန်းရဲ့ ကလေးတွေလည်း အဲဒီလိုအိပ်မက်ဆိုးမျိုးထဲမှာ ပျောက်သွားခဲ့တာ၊ ငါတို့သာ အဲဒါကို အစောကြီး ပြောပြခဲ့ရင် ကျိဂဲတို့အဖွဲ့ ဒီအိပ်မက်ဆိုးထဲကို ဝင်မှာမဟုတ်ဘူးလေ”
ထန်ချင်းသည် ကောင်းမင်၏ရှေ့တွင် ထိုင်ချလိုက်ပြီး ဖိုင်တစ်ခုကို ပြလိုက်သည်။
“ကလေးရဲ့ အိပ်မက်ထဲက စံအိမ်က အပြင်မှာ တကယ်ရှိတယ်၊ အဲဒါက ဟန်ရှန်းရဲ့ မြောက်ဘက်မှာ ရှိတာ၊ အခုတော့ အဲဒါက စွန့်ပစ်ထားတဲ့ အားလပ်ရက်အပန်းဖြေစံအိမ်ကြီး ဖြစ်နေပြီ”
“တံခါးက ကမ္ဘာအစစ်မှာ ရှိနေတာလား”
ကောင်းမင် ဖိုင်ကို ဖတ်ကြည့်လိုက်သည်။ ထိုညက စံအိမ်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဆိုးများကို ဓာတ်ပုံများက မှတ်တမ်းတင်ထားသည်။ အိပ်မက်ဆိုးပိုင်ရှင်၏ မိသားစုသည် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းတွေ့ရှိချက်အရ တရားခံသည် အိပ်မက်ဆိုးပိုင်ရှင် ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။သို့သော်လည်း ထိုကလေးတွင် သတ်ဖြတ်ရမည့် အကြောင်းရင်း မရှိပေ။
“သာမန်လူတွေ မမြင်နိုင်တဲ့ အကြောင်းရင်းတစ်ခု ရှိရမယ်”
ထန်ချင်းသည် သတိမေ့နေသော အိပ်မက်ဆိုးပိုင်ရှင်ကို ကြည့်လိုက်သည်။
“တံခါးကို တွန်းဖွင့်နိုင်တာ လူနည်းနည်းလောက်ပဲ ရှိတယ် ၊သူတို့ အဲဒီလို တွန်းဖွင့်ပြီးတာနဲ့ ပျောက်ကွယ်သွားကြတယ်၊ အချို့ကတော့ ရူးသွားကြတယ်”
“မသေဆေးကုမ္ပဏီတောင် တံခါးတွေကို လက်တွေ့ဘဝမှာ ရှာမတွေ့နိုင်ဘူးလား”
“အဆင့် ၅ ဓာတ်ခွဲခန်းတွေမှာတော့ ရှိနိုင်ပါတယ်၊ ငါတော့ အဲဒါကို သိနိုင်ဖို့ အခွင့်အာဏာ မရှိပါဘူး၊ မင်းသာ အစွမ်းကုန် ကြိုးစားရင်တော့ သိနိုင်ပါလိမ့်မယ်”
ထန်ချင်းသည် အပြုံးကို ဖျောက်လိုက်ပြီး ခပ်တိုးတိုး ပြောသည်။
“ငါ့အစ်မက မင်းကိုတွေ့ချင်နေတယ်”