မင်းက ဘယ်လောက်ထိပုန်းနေဖို့ စီစဉ်ထားတာလဲ...
Vol. 60 Ch. 859
ကောင်းကင်ဆုတ်ဖြဲခြင်းစွမ်းရည်တွင် ပါဝင်သော နက်နဲမှုက မဟာသူတော်စင်များပင်လျှင် တုပရန် ခက်ခဲလှသော အရာမျိုးဖြစ်သည်။ လင်းယွမ်၏ စွမ်းအားက မဟာသူတော်စင်အဆင့်သို့ မရောက်သေးသော်လည်း သူက ထိုသို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်။
၎င်းကို မွေးရာပါနတ်စွမ်းရည်တစ်ခုအဖြစ်သာ ပြောနိုင်ပေလိမ့်မည်။ မွေးရာပါနတ်စွမ်းရည်က မွေးဖွားလာစဉ်ကတည်းက ပါလာသော ပါရမီကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းက နိယာမများ အသုံးပြုပုံကို နားမလည်သော်လည်း အလိုအလျောက်အသုံးပြုနိုင်သော စွမ်းရည်မျိုးဖြစ်သည်။
" တိုက်ခိုက်ရေးစွမ်းရည်ကို ဒီလောက်ထိ ကျွမ်းကျင်နေသူတစ်ယောက်က မဟာသူတော်စင်အဆင့်ကိုသာ ခြေချနိုင်ရင် ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်လာနိုင်တယ်။ " ကလေးသံက ရေရွတ်လိုက်သည်။
ဖရိုဖရဲမဟာသူတော်စင်ဖြစ်စေ ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်စေ နှစ်ခုလုံးက ဖရိုဖရဲအဆင့် အထွတ်အထိပ်များသာဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားက ကွာခြားလှသည်။
" ကျွန်တော်လည်း သေချာမသိဘူး။ " ကန်ယုလုံက ပြန်ဖြေလိုက်သည်။
ကျောက်လူသားမျိုးနွယ်၏ အထွတ်အထိပ်ကာလမှာပင် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်သာ ထွက်ပေါ်ခဲ့ပြီး ထိုဘိုးဘေးကလည်း လွန်ခဲ့သော စကြာဝဠာခေတ်ဆယ်ခုကျော်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ချန်ထားခဲ့သော စိတ်ဝိညာဉ်မီးအိမ်ပင် ငြိမ်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
" ဒါနဲ့ စီနီယာနဲ့ ကျိုရှန်းအရှင်သခင်တို့ရဲ့ ယှဉ်ပြိုင်မှုက ဘယ်လိုဖြစ်သွားလဲ။ " ကန်ယုလုံက တစ်စုံတစ်ခုကို သတိရသွားသည်။
" ယှဉ်ပြိုင်မှုလား။ " ကလေးသံက အနည်းငယ် ဝေခွဲမရဖြစ်နေသည်။ " မင်းရဲ့ စီနီယာ မူလခန္ဓာကိုယ် ထွက်ပေါ်လာတာက ရိုးရိုးယှဉ်ပြိုင်တာလို့ မင်းထင်နေတာလား။ "
" ဟမ် " ကန်ယုလုံက အံ့ဩသွားသည်။
သူမှတ်မိသည်မှာ လင်းယွမ်၏ မူလခန္ဓာကိုယ်က ကျိုရှန်းလျို့ဝှက်နယ်မြေရှိရာသို့ တစ်ချက်ကုတ်ဆွဲပြီးနောက် လှည့်ထွက်သွားခဲ့ခြင်းဖြစ်သည်။
" ပြီးသွားပြီ။ ကျိုရှန်းအရှင်သခင်က ဒဏ်ရာအပြင်းအထန် ရသွားပြီး အရှုံးပေးလိုက်တာထင်တယ်။ " ထိုကလေးအသံက ကျိုရှန်းအရှင်သခင် အရှုံးပေးလိုက်သည်ကို မကြားသော်လည်း အခြေအနေကို ခန့်မှန်းလိုက်ခြင်းဖြစ်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ထွက်သွားခဲ့ပြီး လျို့ဝှက်နယ်မြေရှိရာတွင် နောက်ထပ်စွမ်းအားလှုပ်ရှားမှုများမရှိတော့သောကြောင့် ဖြစ်သည်။
" စီနီယာရဲ့ လက်တစ်ချက်တည်းနဲ့ ကျိုရှန်းအရှင်သခင်ကို အရှုံးပေးအောင် လုပ်နိုင်ခဲ့တာလား။ " ကန်ယုလုံက မယုံကြည်နိုင်စွာဖြင့် သက်ပြင်းချလိုက်သည်။
" မင်းရဲ့ အဆင့်နဲ့ စွမ်းအားက အဲ့ဒီကုတ်ဆွဲချက်မှာ ပါဝင်တဲ့ စွမ်းအားအစစ်အမှန်ကို သိမြင်နိုင်ဖို့ အရမ်းအားနည်းသေးတယ်။ " ကလေးသံက အံ့ဩစွာဖြင့် ပြောလိုက်သည်။ " ဒါပေမယ့် အဲ့ဒါ ကောင်းတဲ့အရာပဲ။ "
" ကောင်းတဲ့အရာလား။ " ကန်ယုလုံက ခဏစဉ်းစားပြီးနောက် နားလည်သွားသည်။
အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေ၏ ဖရိုဖရဲအရှင်သခင်များက ကျိုရှန်းလျို့ဝှက်နယ်မြေရှိရာသို့ လေးနက်စွာ ကြည့်နေကြသည်။
" ကျိုရှန်းအရှင်သခင်က အရှုံးပေးလိုက်တာလား။ "
" အဲ့ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက တကယ်ကြောက်စရာကောင်းတယ်။ "
" တကယ်လို့ ကျိုရှန်းအရှင်သခင်က အခု အရှုံးမပေးဘူးဆိုရင် ဒါက တကယ် သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်သွားလိမ့်မယ်။ ပြီးရင် သေဖို့က သေချာသလောက်ပဲ။ "
ဖရိုဖရဲအရှင်သခင်များက အချင်းချင်း အတွေးများ ဖလှယ်နေကြသည်။ ဟင်းလင်းပြင်နယ်တစ်ခုတည်းရှိ ဖရိုဖရဲအရှင်သခင်များဖြစ်သည့်အတိုင်း သူတို့အချင်းချင်း ဆက်သွယ်နိုင်သော နည်းလမ်းများ ရှိကြသည်။
" ကျိုရှန်းအရှင်သခင်မှာ အသုံးမပြုရသေးတဲ့ ဝှက်ဖဲတွေ ကျန်နေသေးပေမယ့် ဆက်တိုက်ဖို့ အကြောင်းပြချက်မရှိဘူး။ အဲ့ဒီအရှင်သခင်ကလည်း အဲ့လိုပဲခံစားမိလိမ့်မယ်။ "
" အဲ့ဒီအရှင်သခင်က တကယ်အံ့ဩဖို့ကောင်းတယ်။ အဲ့ဒီတိုက်ခိုက်မှုကို ငါကိုယ်တိုင်ရင်ဆိုင်ရရင်တောင် ရှောင်တိမ်းဖို့ အခွင့်အရေးမရှိဘဲ တိုက်ရိုက်ခုခံဖို့ပဲ ရှိတယ်။ "
" ကျိုရှန်းအရှင်သခင်က တိုက်ခိုက်မှုမှာ ထူးချွမ်ပေမယ့် ခုခံမှုနဲ့ ရှင်သန်နိုင်စွမ်းမှာ အားနည်းတယ်။ "
ဖရိုဖရဲအရှင်သခင်များက တိုက်ပွဲကို သုံးသပ်နေကြပြီး သူတို့ကိုသူတို့ ကျိုရှန်းအရှင်သခင်နေရာတွင် အစားထိုးက ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်အား မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားနေကြသည်။ ဖရိုဖရဲအရှင်သခင်များကြား တိုက်ရိုက်ယှဉ်ပြိုင်မှုက ရှားပါးပြီး လေ့ကျင့်ရေးအနေဖြင့် ယှဉ်ပြိုင်လျှင်တောင် သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်ခြင်းမပြုကြပေ။
အကယ်၍ သူတို့၏ ဝှက်ဖဲများကို ခဏခဏထုတ်ပြနေလျှင် အားလုံးသိသွားကြမည်ဖြစ်ပြီး ဝှက်ဖဲဟု ခေါ်နိုင်မည်မဟုတ်တော့ပေ။ သို့သော် လင်းယွမ်နှင့် ကျိုရှန်းအရှင်သခင်တို့၏ တိုက်ပွဲက ပြင်းထန်ခဲ့ပြီး သူတို့၏ ဝှက်ဖဲများကို အသုံးပြုခဲ့ကြသဖြင့် ဖရိုဖရဲအရှင်သခင်များအတွက် ပွဲကြီးပွဲကောင်းဖြစ်ခဲ့သည်။
သူတို့က ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်ကို မည်သို့တန်ပြန်ရမည်ကို ဆွေးနွေးနေကြသော်လည်း ၎င်းက အဓိပ္ပါယ်မရှိသည်ကို မည်သူမျှမသိကြပေ။ အကြောင်းမှာ ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကို ထုတ်ဖော်ခဲ့သော လင်းယွမ်က သူတို့နှင့် အဆင့်မတူသေးဘဲ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိသေးသည်။
အကယ်၍ လင်းယွမ်က လွှမ်းမိုးခြင်းအဆင့် သို့မဟုတ် ဖရိုဖရဲအဆင့်ဖြစ်လျှင် ဖရိုဖရဲအရှင်သခင်များက ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းကို ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ ၎င်းကို တားဆီးရန် ဖရိုဖရဲမဟာသူတော်စင် သို့မဟုတ် ပြိုင်ဘက်ကင်းမဟာသူတော်စင်သာ ဖြစ်နိုင်ပေလိမ့်မည်။
" ကျိုရှန်းအရှင်သခင်က အရှုံးပေးလိုက်ပြီ။ အဲ့ဒီအရှင်သခင်ကလည်း ထွက်သွားပြီ။ "
"ကျိုရှန်းအရှင်သခင်က ဒီတစ်ခါ တကယ် အထိနာသွားနာပဲ။ သူရခဲ့တဲ့ ဒဏ်ရာတွေ ကုသဖို့ အနည်းဆုံး စကြာဝဠာခေတ် တစ်ခု နှစ်ခုလောက်တော့ ကြာမှာပဲ။ "
ဖရိုဖရဲအရှင်သခင်များက ကျိုရှန်းလျို့ဝှက်နယ်မြေဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားနေရာများသို့ အာရုံလွှဲလိုက်ကြသည်။ သူတို့က လင်းယွမ်အပေါ် မည်သည့်ရည်ရွယ်ချက်မှမရှိကြပေ။
" ငါရှုံးသွားပြီ။ " ကျိုရှန်းအရှင်သခင်က လျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ရပ်၍ လင်းယွမ်ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ၏ မျက်နှာတွင် စိတ်မကောင်းဖြစ်မှုများ ရောယှက်နေသည်။
သူကိုယ်တိုင် ရလဒ်ကို လက်ခံခဲ့ပြီး အရှုံးပေးခဲ့ခြင်းဖြစ်သည်။ လင်းယွမ်၏ နောက်ဆုံးတိုက်ခိုက်မှုက သူ့အား သေခြင်းတရားကို ခံစားရစေခဲ့သည်။ အကယ်၍ အရှုံးမပေးခဲ့လျှင် သူက အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။
" ဒီပြိုင်ပွဲက ငါ့အတွက် တန်ဖိုးအများကြီး ပေးဆပ်လိုက်ရတာပဲ။ " ကျိုရှန်းအရှင်သခင်က ဆုံးရှုံးမှုများကို တွက်ချက်ခဲ့သည်။
ပထမအချက်မှာ လျို့ဝှက်ဆန်းကြယ်သော နေရာကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ အကယ်၍ သူက လင်းယွမ်ကို အနိုင်ယူနိုင်ခဲ့လျှင် ထိုနေရာမှ ကူးယူထားသော အမွေအနှစ်ကို ရရှိနိုင်ပေသည်။ သို့သော် ယခု ဘာမှမရနိုင်တော့ပေ။
ဒုတိယအချက်မှာ ပြိုင်ပွဲအတွင်း ထိန်းချုပ်မရသော တိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင် အလင်းနှစ်သန်းပေါင်းများစွာက ပြင်းထန်သော ပျက်ဆီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ သူ၏ လျို့ဝှက်နယ်မြေ အပြင်ပိုင်းပင် ပျက်ဆီးသွားခဲ့သည်။
နောက်ဆုံး ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကြောင့် ရရှိသော ဒဏ်ရာများက ပြန်လည်ကောင်းမွန်ရန် အချိန်များစွာ ယူရပေလိမ့်မည်။
" ထားလိုက်တော့ ရှုံးတာက ရှုံးတာပဲ။ အဲ့ဒါက မဟာသူတော်စင် အမွေအနှစ်တစ်ခုပဲ။ အဲ့ဒါကို ရရုံနဲ့ မဟာသူတော်စင်ဖြစ်လာဖို့ အာမခံချက်မရှိဘူး။ " ကျိုရှန်းအရှင်သခင်က သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
မဟာသူတော်စင်ဖြစ်လာရန် အခြေခံအကျဆုံး လိုအပ်ချက်မှာ ကိုယ်ကိုကိုယ် အားကိုးခြင်းသာဖြစ်သည်။ ပြင်ပအကူအညီများက အနည်းငယ်သာ အထောက်အကူဖြစ်နိုင်သည်။
မဟာသူတော်စင်တစ်ပါးကိုယ်တိုင် နေ့ညမပြတ် လမ်းညွှန်ပေးလျှင်တောင် ဖရိုဖရဲအရှင်သခင်တစ်ယောက်က မဟာသူတော်စင်ဖြစ်လာရန် သိသိသာသာ အထောက်အကူ ပြုနိုင်မည်မဟုတ်ပေ။
" ဒီတိုက်ပွဲကနေ ငါ့ရဲ့ သတ်ဖြတ်ခြင်းလျို့ဝှက်နည်းစနစ်တွေမှာ ရှိတဲ့ အားနည်းချက်အများကြီးကို ငါမြင်တွေ့ခဲ့ရတယ်။ " ကျိုရှန်းအရှင်သခင်၏ မျက်လုံးများက ပြတ်သားလာသည်။
" ငါသာ အဲ့ဒီအားနည်းချက်တွေကို ပြုပြင်နိုင်ရင် နောက်တစ်ကြိမ် ယှဉ်ပြိုင်တဲ့အခါ ရလဒ်က ဒီလိုဖြစ်မှာမဟုတ်တော့ဘူး။ " ကျိုရှန်းအရှင်သခင်က တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည်။
လင်းယွမ်က မည်သူဖြစ်သည်ကို သူမသိသော်လည်း ထိုမျှအင်အားကြီးသူတစ်ယောက်ကို လူမသိဘဲရှိလိမ့်မည်မဟုတ်ပေ။ အနာဂတ်တွင် သူက လင်းယွမ်အကြောင်းကို အနှေးနှင့်အမြန် သိရပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူကိုယ်တိုင် သွားရောက်စိန်ခေါ်နိုင်သည်။
အချိန်လေဟာနယ်အလွှာများ၏ နက်ရှိုင်းသော နေရာတွင် ကန်ယုလုံက ရိုသေစွာ ရပ်နေသည်။ လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က ပေါ်လာပြီး လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေသည်။
" ကျေးဇူးတင်ပါတယ် စီနီယာ။ " ကန်ယုလုံက တုန်လှုပ်စွာဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။
လင်းယွမ်နှင့် အပေးအယူလုပ်ထားသော်လည်း ကျောက်လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကျိုရှန်းအရှင်သခင်နှင့် ယှဉ်ပြိုင်ရန်မှာ သူ့အတွက် မလိုအပ်သော ကိစ္စဖြစ်သည်။ သူတို့ကို မကယ်တင်နိုင်ဘူး ပြောလိုက်ရုံနှင့် ကန်ယုလုံက လင်းယွမ်ကို အတင်းအကျပ် မတောင်းဆိုရဲပေ။
" အင်း.." လင်းယွမ်က ခေါင်းညိမ့်လိုက်သော်လည်း သူ၏ နာက်ဆက်တွဲစကားက ကန်ယုလုံကို တုန်လှုပ်သွားစေခဲ့သည်။ " မင်းက ဘယ်လောက်ထိပုန်းနေဖို့ စီစဉ်ထားတာလဲ။ "
" စီ စီနီယာ ဘာကိုဆိုလိုတာလဲ။ " ကန်ယုလုံက တုန်လှုပ်သွားသည်။
သူက လင်းယွမ်၏ စကားကို ချက်ချင်း နားလည်သွားသည်။ လင်းယွမ်က သူ၏ အကြီးမားဆုံး လျို့ဝှက်ချက်ကို ရှာတွေ့သွားခြင်း ဖြစ်သည်။