ရတနာများ ရောင်းချခြင်း...
Vol. 60 Ch. 863
ယခုအချိန်ထိ ဖရိုဖရဲဟင်းလင်းပြင်တွင် ထောလုံတစ်ယောက်သာ ရှိသည်။ ထို့ကြောင့် ထောလုံမဟာသူတော်စင်က ဆွေးမျိုး သို့မဟုတ် မျိုးနွယ်မရှိဘဲ တစ်ကိုယ်တည်း နေထိုင်ခဲ့ရသည်။ သူက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားချိန်တွင် ထောလုံအမွေအနှစ် ကျန်ရှိစေရန် ရည်ရွယ်ချက်ဖြင့် အမွေအနှစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
" ဒီထဲမှာ အကျိုးအမြတ်တွေ အများကြီးရှိတာပဲ။ " လင်းယွမ်က အမွေအနှစ်ကို ဂရုတစိုက် ဖတ်ရှုပြီး စဉ်းစားနေသည်။
အဆင့်အရ ထိုရုပ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်က ရွှမ်ဟွမ်မူလခန္ဓာနှင့် နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာတို့ထက် အနည်းငယ် နိမ့်ကျသည်။ ၎င်းက အမြင့်ဆုံးအထိ ကျင့်ကြံနိုင်လျှင်တောင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ထောလုံတစ်ကောင်၏ စွမ်းအားကို ရရှိနိုင်သောကြောင့် ဖြစ်သည်။
နှိုင်းယှဉ်လျှင် ရွှမ်ဟွမ်မူလခန္ဓာနှင့် နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာတိူ့က အဆုံးစွန်ထိ ကျင့်ကြံနိုင်လျှင် ရုပ်ခန္ဓာသက်သက်ဖြင့် ဖရိုဖရဲမဟာသူတော်စင်တစ်ပါးကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ သို့သော် မဟာသူတော်စင်တစ်ပါး၏ ရုပ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်တစ်ခုဖြစ်သောကြောင့် ၎င်းက အသေးစိတ်ကျလှသည်။
သူက သူ၏ ရုပ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်ကို ပိုမိုပြည့်စုံလာစေရန် ထိုနည်းစနစ်မှ အစိတ်အပိုင်းများကို ပေါင်းစပ်ထည့်သွင်းနိုင်သည့် အချက်အလက်များကို ရှာဖွေနိုင်သည်။
" ထောလုံ..." လင်းယွမ်၏ စိတ်ထဲတွင် အထူးသက်ရှိ ထောလုံ၏ ခန္ဓာတည်ဆောက်ပုံအသေးစိတ်ကို ပုံဖော်လိုက်သည်။ ထောလုံက မိချောင်းခေါင်းနှင့် မြေနဂါးတစ်မျိုးဖြစ်သည်။
ကပ်ဘေးကိုးပါးထောလုံခန္ဓာ၏ ရည်ရွယ်ချက်မှာ ထောလုံတစ်ကောင်အဖြစ် ပြောင်းလဲရန်ဖြစ်ပြီး သက်ရှိပုံစံ၏ အသေးစိတ်အချက်အလက်များကို သိရှိရန် လိုအပ်သည်။
" ဖရိုဖရဲဟင်းလင်းပြင်က အထူးသက်ရှိတွေကို မွေးဖွားပေးတယ်။ ကြယ်စကြာဝဠာကလည်း အထူးသက်ရှိတွေ ဖြစ်ပေါ်တယ်။ နှစ်ခုလုံးက ထူးခြားတဲ့ သွေးမျိုးဆက်ပါရမီတွေရှိကြတယ်။ " လင်းယွမ်က စဉ်းစားနေသည်။
အမွေအနှစ်ဟင်းလင်းပြင်အတွင်း ကပ်ဘေးကိုးပါးထောလုံခန္ဓာအပြင် အခြားအမွေအနှစ်များလည်း ရှိနေသည်။ လင်းယွမ်က ၎င်းတို့ကို အသေးစိတ်လေ့လာပြီး သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အကျိုးရှိသော အစိတ်အပိုင်းများကို သူ၏ ကိုယ်ပိုင်လမ်းစဉ်အတွင်းသို့ ပေါင်းစပ်လိုက်သည်။
လင်းယွမ်၏ ရုပ်ခန္ဓာက ဖြည်းညင်းစွာ ပြောင်းလဲလာသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်သော ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ အင်အားကြီးသူတစ်ယောက်အတွက်ပင် မဟာသူတော်စင်အဆင့် အထူးသက်ရှိတစ်ယောက်ကို အရှင်ဖမ်းရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ အကယ်၍ လုပ်ဆောင်နိုင်ခဲ့လျှင်တောင် အထူးသက်ရှိများက အသက်ကယ်နည်းလမ်းများရှိပြီး သူတို့၏ ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ပြန်လည်ရှင်သန်နိုင်သည်။
လင်းယွမ်က အမွေအနှစ်နေရာမှ ရတနာများကိုလည်း စတင်စစ်ဆေးလိုက်သည်။ သူ၏ အတွေးတစ်ချက်ဖြင့် အမွေအနှစ်နေရာမှ ရတနာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ဆယ်မီတာခန့်ကြီးမားသော ခရမ်းရောင် သလင်းကျောက်တစ်တုံးပေါ်လာပြီး ၎င်း၏ အတွင်းပိုင်းတွင် ခရမ်းရောင်အရည်များ စီးဆင်းနေသည်။
" ခရမ်းရောင်ကျောက်စိမ်းအသိုက် " လင်းယွမ်က ဝမ်းသာသွားသည်။
ခရမ်းရောင်ကျောက်စိမ်းအသိုက်က ဖရိုဖရဲအဆင့် ရတနာတစ်ခုဖြစ်ပြီး ထိုအရွယ်အစားက ဖရိုဖရဲသလင်းကျောက် တစ်သန်းထက်မနည်း တန်ဖိုးရှိသည်။ အလင်းနှစ်သန်းပေါင်းများစွာ ကျယ်ဝန်းသော ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာ၏ တန်ဖိုးက ဖရိုဖရဲသလင်းကျောက် တစ်သန်းကျော်သာ ရှိသည်။
လင်းယွမ်က အခြားရတနာများကို ကြည့်လိုက်သည်။ စိတ်ကို ကြည်လင်စေသော အဝါရောင်သလင်းကျောက်များ၊ အရောင်ကိုးမျိုးရှိသော ကိုးရောင်ခြယ်ဆေးပင် စသည်ဖြင့် ရတနာမျိုးစုံရှိနေသည်။
" ဒီရတနာတွေ အားလုံးပေါင်းရင် ဖရိုဖရဲသလင်းကျောက် ၃၈သန်းလောက် တန်ဖိုးရှိတယ်။ " လင်းယွမ်က ကျေနပ်သွား၏။
ထောလုံမဟာသူတော်စင် ဖန်တီးခဲ့သော အမွေအနှစ်နေရာက အမွေဆက်ခံသူကို လေ့ကျင့်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် အမွေဆက်ခံသူများကို လေ့ကျင့်ပေးရာတွင် လမ်းညွှန်မှုသက်သက်ဖြင့် မလုံလောက်ဘဲ အရင်းအမြစ်များစွာ လိုအပ်သည်။
ဖရိုဖရဲသလင်းကျောက် နှစ်သန်းနီးပါး တန်ဖိုးရှိသော အရင်းအမြစ်များက သာမန်အလွှာဆယ့်တစ် သက်ရှိတစ်ယောက်ကို ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန်အတွက် ထောက်ပံ့ပေးရန် လိုအပ်သည်။
" ဒီအရင်းအမြစ်တွေကို တိုက်ရိုက်သုံးစွဲပစ်တာက နှမြောဖို့ကောင်းတယ်။ အဲ့ဒါတွေကို ဖရိုဖရဲသလင်းကျောက်တွေအဖြစ် ပြောင်းလဲပြီး ငါ့အတွက် လိုအပ်တဲ့ ရတနာတွေ လဲလှယ်တာက ပိုကောင်းတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ကုမင်ဖရိုဖရဲကုန်းမြေ။
" နဂါးငွေ့တန်း " ဝမ်ချူက လင်းယွမ်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
သူ၏ ဆရာ အရှင်ကုမင်၏ ညွှန်ကြားချက်ကြောင့် ဝမ်ချူက လင်းယွမ်ကို အလွန်ပင်လေးစားသည်။ သူက မည်မျှအလုပ်များသည်ဖြစ်စေ လင်းယွမ်ရောက်လာလျှင် ချက်ချင်း တွေ့ဆုံခဲ့သည်။
" ဝမ်ချူ " လင်းယွမ်က ဝိုင်ခွက်ကို မော့သောက်ပြီး ပြောလိုက်သည်။ " ဒီတစ်ခါ ငါ ရတနာအချို့ရောင်းဖို့လာတာ။ "
" ရတနာတွေရောင်းမှာလား။ " ဝမ်ချူက ပြုံးလိုက်သည်။ " နဂါးငွေ့တန်း ထုတ်သမျှ ရတနာတွေကို ကျုပ်ဝမ်ချူးက ဝမ်မြောက်ဝမ်းသာ ဝယ်ယူမှာပါ။ "
ယခင်ကလည်း လင်းယွမ်က ရတနာအချို့ကို ရောင်းချဖူးပြီး သူတို့၏ အရောင်းအဝယ်မှာ အမြဲတမ်း ပြေလည်ခဲ့သည်။ ဝမ်ချူက မူတစ်ခုကို လက်ကိုင်ထားသည်။ လင်းယွမ်ကျေနပ်စေရန်အတွက်ဆိုလျှင် သူက ဘာမှမရလျှင်တောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။
" အရင်ကြည့်လိုက်ပါဦး။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး အရင်းအမြစ်အချို့ ထုတ်ပြလိုက်သည်။ ဆယ်မီတာရှိသော ခရမ်းရောင်ကျောက်စိမ်းအသိုက်၊ ကိုးရောင်ခြယ်ဆေးပင်...
" ဟင် " ဝမ်ချူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
လင်းယွမ် ထုတ်ပြလိုက်သော ရတနာများက ဖရိုဖရဲအဆင့်များဖြစ်ကြပြီး ဖရိုဖရဲအဆင့်မှာပင် ၎င်းတို့က တန်ဖိုးမြင့်မားလှသည်။
" ရတနာတွေများလှချည်လား။ " ဝမ်ချူက ကျောစိမ့်သွားသည်။ လင်းယွမ်က ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ ရတနာသိုက်ကို လုယက်လာခြင်းများလား။
" ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုရှိလို့လား။ " လင်းယွမ်က ဝမ်ချူကို စိုက်ကြည့်လိုက်သည်။
" မဟုတ်ဘူး။ ဘာပြဿနာမှမရှိဘူ။ " ဝမ်ချူက ခေါင်းခါလိုက်သည်။ " ဒီရတနာတွေက အရမ်းတန်ဖိုးကြိးလို့ ငါ့ဆရာနဲ့ တိုင်ပင်ရဦးမယ်။ "
ဖရိုဖရဲအဆင့် ရတနာများကို ကိုင်တွယ်ခြင်းက သူ၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေပြီး အရှင်ကုမင်၏ ခွင့်ပြုချက်ကို လိုအပ်သည်။
" ကောင်းပြီ။ သွားပါ။ " လင်းယွမ်က နားလည်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
" ခဏစောင့်ပါဦး။ " ဝမ်ချူက စိတ်အသိအပိုင်းအစတစ်ခုကို ခွဲထုတ်ပြီး ကိုယ်ပွားတစ်ခု ဖန်တီးကာ အရှင်ကုမင်၏ ကျင့်ကြံခြင်းနေရာသို့ ထွက်ခွာသွားသည်။
" ဆရာ နဂါးငွေ့တန်းက ရတနာအချို့ ရောင်ချင်လို့တဲ့။ " ဝမ်ချူက အရှင်ကုမင်နှင့်တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြလိုက်သည်။
" ဒါတွေလား။ " အရှင်ကုမင်ကလည်း အံ့အားသင့်သွားခဲ့သည်။ လင်းယွမ်ထုတ်ပြခဲ့သော ရတနာများက ဖရိုဖရဲအရှင်သခင်အချို့ပင် တွေ့ရခဲသော အရာများ ဖြစ်သည်။
" ဆရာ ကျွန်တော်တို့ ဒါတွေကို ယူသင့်လား။ " ဝမ်ချူက မေးလိုက်သည်။
" ယူရမှာပေါ့။ သေချာပေါက် ယူရမှာပေါ့။ " အရှင်ကုမင်၏ မျက်လုံးများက တောက်ပသွားသည်။ " ဒီထဲက ရတနာအများစုက တွေ့ရခဲတဲ့ ရတနာတွေပဲ။ ငါ ပြန်မရောင်နိုင်ရင်တောင် သိမ်းထားလို့ရတယ်။ "
အရှင်ကုမင်က ရတနာများ၏ စျေးနှုန်းများကို သတ်မှတ်ပေးလိုက်သည်။ ရတနာများ၏ ပုံမှန်စျေးနှုန်းနှင့် ယှဉ်လျှင် အရှင်ကုမင်က အမြင့်ဆုံးစျေးနှုန်းကို ပေးထားခြင်းဖြစ်သည်။
ပထမအချက်မှာ ထိုရတနာများက အမှန်တကယ် ရှားပါးသည်။ ဒုတိယအချက်မှာ ဖရိုဖရဲနဂါးသားရဲမြင်တွေ့ခဲ့ရသော နိမိတ်လက္ခဏာများကြောင့် အရှင်ကုမင်က လင်းယွမ်၏ မျက်နှာသာရရန် အဓိကရည်ရွယ်ထားသည်။
ဝမ်ချူးထွက်သွားသောအခါ အရှင်ကုမင်၏ ဘေးတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ဖြစ်သည်။
" ကုမင် အဲ့ဒီနဂါးငွေ့တန်းက ပြန်လည်ဝင်စားလာတဲ့ မဟာသူတော်စင်တစ်ပါးထင်တယ်။ " အနက်ရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်သည်။ သူက အရှင်ကုမင်နှင့် ဝမ်ချူတို့၏ စကားများကို နားထောင်နေခဲ့သည်။
" မှန်တယ်။ " အရှင်ကုမင်က ခေါင်းညိမ့်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ် ဖရိုဖရဲနဂါးသားရဲ၏ ကြိုတင်သိမြင်နိုင်စွမ်းအရ လင်းယွမ်ကို စော်ကားမိလျှင် သေချာပေါက် သေဆုံးရပေလိမ့်မည်။ ဤသည်မှာ အနာဂတ်တွင် လင်းယွမ်က မဟာသူတော်စင်အဆင့်သို့ တက်လှမ်းလိမ့်မည်ဟု ဆိုလိုသည်။ မဟုတ်လျှင် ဤသို့သော ကံကြမ္မာမျိုးကို မြင်တွေ့နိုင်မည်မဟုတ်ပေ။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မပြောနှင့် ဖရိုဖရဲအရှင်သခင်များပင် မဟာသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု မသေချာပေ။ ပြန်လည်ဝင်စားလာသော မဟာသူတော်စင်တစ်ပါးသာ သူတို့၏ ယခင်စွမ်းအားများကို ပြန်လည်ရရှိလိမ့်မည်ဟု သေချာပြောဆိုနိုင်သည်။
ထို့ကြောင့် အရှင်ကုမင်နှင့် ဖရိုဖရဲနဂါးသားရဲတို့က လင်းယွမ်ကို မဟာသူတော်စင်ဟု ပို၍ ယုံကြည်လာကြသည်။ ယခု လင်းယွမ်က ဖရိုဖရဲအဆင့် ရတနာများကို ထုတ်ပြလိုက်သောအခါ ထိုယူဆချက်က ပို၍ သေချာသွားခဲ့သည်။
ဖရိုဖရဲအဆင့်ရတနာများက ရှားပါးလှပြီး မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားခြင်းမပြုမီ ကြိုတင်ပြင်ဆင်ထားခြင်းမဟုတ်လျှင် ရှင်းပြနိုင်ရန် ခက်ခဲလှသည်။ လင်းယွမ်က သူ၏ မဟာသူတော်စင်အဆင့် မှတ်ဉာဏ်များကို ပြန်လည်ရရှိပြီး သူပြင်ဆင်ထားသော အရာများကို ပြန်လည်ရယူခြင်းဖြစ်နိုင်သည်။
" မဟာသူတော်စင်တစ်ပါး..." အရှင်ကုမင်နှင့် ဖရိုဖရဲနဂါးသားရဲတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
လင်းယွမ်က ပြန်လည်ဝင်စားလာသော မဟာသူတော်စင်တစ်ပါးဖြစ်သည်ဟု အတည်ပြုလိုက်နိုင်ခြင်းမှာ လင်းယွမ်၏ တည်ရှိမှုက အဆုံးမဲ့ခေတ်ကာလများအထိ ကျယ်ပြန့်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူက ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးတွင် ကျော်ကြားသော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ပါးပင် ဖြစ်နိုင်ပေသည်။