← Chapters

အနီရောင်ကမ္ဘာမှ လီယန်ဘိုးဘေး...

Vol. 60 Ch. 866

အနီရောင်ကမ္ဘာမှ လီယန်ဘိုးဘေး...

Vol. 60 Ch. 866

အနီရောင်ကမ္ဘာ၏ အမြင့်ဆုံးနေရာတွင် ပုံရိပ်တစ်ခုရပ်နေသည်။ လင်းယွမ်က ထိုပုံရိပ်ကို စောင့်ကြည့်သည့်အကြိမ်တိုင်း မတူညီသော နားလည်မှုများနှင့် အသိအမြင်အသစ်များကို ရရှိခဲ့သည်။ လင်းယွမ်က လီယန်မျိုးစေ့ သုံးသောင်းကို စုစည်းပြီးချိန်တွင် အနီရောင်ကမ္ဘာသို့ တစ်ကြိမ်ရောက်ခဲ့ဖူးသည်။

အမြင့်ဆုံးနေရာရှိ ထိုပုံရိပ်က လီယန်ရှေးဟောင်းနိုင်ငံ၏ အလွှာဆယ့်သုံး အချိန်သက်ရှိ လီယန်ဘိုးဘေး ဖြစ်နိုင်သည်။ အစတွင် လင်းယွမ်က အနီရောင်ကမ္ဘာသို့ ရောက်ရှိခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက်ဟု ထင်ခဲ့သည်။

သို့သော် လီယန်မျိုးစေ့ ၃၃၀၀၀ကို စုစည်းပြီးနောက်တွင် လင်းယွမ်က အနီရောင်ကမ္ဘာနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်မိကြောင်း ရုတ်တရက် ရှာတွေ့ခဲ့သည်။ ထိုဆက်နွယ်မှုမှတစ်ဆင့် လင်းယွမ်က ဤကမ္ဘာသို့ ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

ထိုအချက်ကို သိရှိပြီးနောက် လင်းယွမ်က ပုံမှန်ဝင်ရောက် လေ့လာခဲ့သည်။ ဤအနီရောင်ကမ္ဘာက စစ်မှန်သော မီးကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် သေချာလေ့လာကြည့်သောအခါ ဤကမ္ဘာ၏ မီးထဲတွင် နိယာမပေါင်းများစွာ ပါဝင်နေသည်ကို သူတွေ့ရှိခဲ့ပြီး ၎င်းတို့ထဲတွင် သူနားလည်ထားသော နိယာမများ ပါဝင်နေသည်။

ထို့အပြင် လီယန်ဘိုးဘေးဟု ယူဆရသော အမြင့်ဆုံးမှ ပုံရိပ်ကလည်း လင်းယွမ်ကို ကြီးမားသော တုန်လှုပ်မှုကို ပေးစွမ်းနေသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင်လျှင် အလွှာဆယ်သုံးသက်ရှိ၏ လမ်းစဉ်ကို ခက်ခက်ခဲခဲရှာဖွေနေကြရပြီး အခွင့်အရေးအနည်းငယ်ရရှိလျှင် အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားကြခြင်းဖြစ်သည်။

သို့သော် ရင်းမြစ်ကမ္ဘာတွင် အလွှာဆယ့်သုံး အချိန်သက်ရှိကို ဤမျှ နီးကပ်စွာ လေ့လာနိုင်သည်။ အကယ်၍ ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် ထိုအကြောင်းကို သိလျှင် မနာလိုဖြစ်ပြီး ရူးသွပ်သွားကြပေလိမ့်မည်။

ဧကရာဇ်ရွှမ်ဟွမ်၊ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်များက လင်းယွမ်ကဲ့သို့ အခွင့်အရေးမျိုး ရရှိရန် အိပ်မက်ပင်မက်ရဲမည်မဟုတ်ပေ။

" ငါ လီယန်မျိုးစေ့တွေ လုံလုံလောက်လောက် ဖန်တီးထားလို့ ဒီကမ္ဘာထဲကို ဝင်နိုင်တာပဲ။ " လင်းယွမ်က ထိုအချက်ကို ကောင်းစွာ နားလည်ထားသည်။

၎င်းက သူ၏ ခန္ဓာကိုယ်ထဲမှ လီယန်သွေးမျိုးဆက် အနည်းငယ်နှင့် လီယန်မျိုးစေ့များ ပေါင်းစပ်ထားမှုကြောင့်ဖြစ်သည်။

" ငါက လီယန်မျိုးစေ့ ၃၃၃၃၃ခု ပြည့်ဖို့ တစ်ခုပဲလိုတော့တာကို။ " လင်းယွမ်က အနည်းငယ် အားမလိုအားမရဖြစ်နေသည်။

လွန်ခဲ့သော ၃၅နှစ်ကပင် လင်းယွမ်က လီယန်မျိုးစေ့ ၃၃၃၃၂ခုကို စုစည်းထားခဲ့ပြီးဖြစ်ပြီး ထိုအချိန်မှစ၍ နောက်ဆုံးတစ်စေ့ကို စုစည်းရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ ပြီးမြောက်ရန် နီးကပ်လာသည်နှင့်အမျှ မျိုးစေ့ ၃၃၃၃၃ခုဆိုသည်မှာ မတူညီသော နယ်ပယ်တစ်ခုကို ကိုယ်စားပြုကြောင်း နားလည်လာခဲ့သည်။

ထိုအချိန်ကျလျှင် လီယန်မျိုးစေ့အားလုံးက သူ၏ ခန္ဓာကိုယ်အတွင်း ပြည့်စုံသော စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေပေလိမ့်မည်။ ထိုစက်ဝန်းဖြစ်တည်လာသည်နှင့် သူ့အတွက် ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

" ဖြည်းဖြည်းချင်းပဲ သွားရမှာပေါ့။ နှစ်ပေါင်းတစ်ထောင်ကျော်သွားရုံပဲ ရှိပါသေးတယ်။ " လင်းယွမ်က သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်သည်။

သူက လီယန်မျိုးစေ့၏ ရှုပ်ထွေးမှုနှင့် နက်ရှိုင်းမှုကို သူကိုယ်တိုင် မစုစည်းမီ သေချာနားလည်အောင် ကြိုးစားရဦးမည်ဖြစ်သည်။ ခက်ခဲသော်လည်း လင်းယွမ်၏ ကောင်ကင်ကိုဆန့်ကျင်နိုင်စွမ်းဖြင့် ၎င်းက အချိန်ပေးရန်သာ လိုအပ်သည်။

" ငါ ဆက်ပြီး မစောင့်ကြည့်နိုင်တော့ဘူး။ " လင်းယွမ်က အနီရောင်ကမ္ဘာထဲတွင် ခဏနေထိုင်ပြီးနောက် ဆက်လက်တောင့်မခံနိုင်သည်ကို ခံစားလိုက်ရသည်။

ဤကမ္ဘာက လီယန်မီးတောက်များ ပြည့်နှက်နေပြီး လင်းယွမ်၏ စိတ်ဝိညာဉ်က လီယန်မျိုးစေ့များ၏ ကာကွယ်မှုဖြင့် ဆင်းသက်လာနိုင်သောကြောင့် ထိုကာကွယ်မှုက အကန့်အသတ်နှင့် ရှိနေသည်။

ထိုခဏတွင် လင်းယွမ်၏ ကိုယ်ပွားက ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအတွင်း လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" နှစ်တစ်ထောင် ကျင့်ကြံတာက ငါ့အတွက် မျက်စိတစ်မှိတ်အတွင်း ကုန်သွားသလိုပဲ။ "

အသက်အဆင့် မြင့်လာလျှင် အချိန်ဟူသော အယူအဆမှာ ပိုပြီးဝေဝါးလေဖြစ်သည်ကို လင်းယွမ် တွေးမိသည်။ မဟာအရှင်သခင်များနှင့် နတ်ဘုရားအရှင်သခင်များအတွက် တံခါးပိတ်ကျင့်ကြံလျှင် နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားခြင်းက ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။

" ဒါပေမယ့် ဒီနှစ်တစ်ထောင်အတွင်း ငါ အများကြီး တိုးတက်ခဲ့တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

အကြီးမားဆုံးအောင်မြင်မှုမှာ ဖရိုဖရဲနိယာမက ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ဖရိုဖရဲနိယာမ ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းခြင်းက အဆင့်တစ်ခုသာ ဖြစ်သော်လည်း လင်းယွမ်က မရေတွက်နိုင်သော နိယာမများကို နားလည်ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။

ဖရိုဖရဲနိယာမကို တိုးတက်ရန် တိုက်ရိုက်တွက်ချက်၍ မရပေ။ ၎င်းက ပိုမိုများပြားသော နိယာမများကို နားလည်ရန် လိုအပ်သည်။ ပုံမှန်အားဖြင့် ဖရိုဖရဲအရှင်သခင်များက ဖရိုဖရဲနိယာမ၏ ပထမအဆင့်သာရှိကြပြီး ဒုတိယအဆင့်သို့ တက်လှမ်းရန် စကြာဝဠာခေတ်ဆယ်ခု သို့မဟုတ် ထိုထက်ပို၍ အချိန်ယူကာ နိယာမများကို တဖြည်းဖြည်း နားလည်ရသည်။

သို့သော် လင်းယွမ်က ၎င်းကို နှစ်တစ်ထောင်အတွင်း ပြီးမြောက်ခဲ့သည်။ ထို့အပြင် လင်းယွမ်က ဖရိုဖရဲအဆင့်မဟုတ်ဘဲ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိသေးသည်။ အသက်အဆင့်ပိုများလေ နိယာမများကို နားလည်ရန် ပိုမိုလွယ်ကူရိုးရှင်းလေဖြစ်သည်။

" ဖရိုဖရဲနိယာမက ဒုတိယအဆင့်ကို ရောက်သွားပေမယ့် အဲ့ဒါကို အခြေခံပြီး ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲဖို့က အခုထိ လမ်းစမတွေ့သေးဘူး။ " လင်းယွမ်က စဉ်းစားနေသည်။

သူ၏ ယခင်ခန့်မှန်းချက်အရ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲရန် ဖရိုဖရဲနိယာမ ဒုတိယအဆင့်ကို လိုအပ်သည်ဟု ထင်ခဲ့သည်။ သို့သော် ဖရိုဖရဲနိယာမ ဒုတိယအဆင့်က လိုအပ်ချက်များထဲမှ တစ်ခုသာ ဖြစ်သည်။

" ဖရိုဖရဲကနေ ယင်ယန်၊ ယင်ယန်ကနေ ထိုက်ကျိဖြစ်တည်တယ်။ အဲ့ဒါက ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲလာတာလဲ။ " လင်းယွမ်က စဉ်းစားနေသည်။ " အဲ့ဒါက ငါ့အတွက် သီးသန့်လမ်းစဉ်ပဲ။ ဖရိုဖရဲယင်ယန်ထိုက်ကျိဆိုတာ ဖရိုဖရဲဟင်းလင်းပြင်မှာရော ရင်းမြစ်ကမ္ဘာမှာရော အရင်က မရှိခဲ့ဖူးတဲ့အရာပဲ။ "

အလားတူလမ်းစဉ်မျိုးရှိလျှင်တောင် အခြေခံအားဖြင့် မတူညီပေ။ ဥပမာ အရှင်ချင်းဖန်လျှောက်လှမ်းသော ဖရိုဖရဲမီးတောက်လမ်းစဉ်က အခြားသူများ၏ လမ်းစဉ်များနှင့် မတူပေ။ အရှင်ချင်ဖန်၏ ဖရိုဖရဲမီးတောက်က အပြာရောင်ဖြစ်ပြီး လောင်ကျွမ်းစေနိုင်သော သဘာဝရှိသည်။ အလားတူ ဖရိုဖရဲမီးတောက်လမ်းစဉ်များ ဖြစ်စေ ထင်ရှားသော ကွဲပြားမှုများ ရှိနေမည်ဖြစ်သည်။ ဖရိုဖရဲယင်ယင်ထိုက်ကျိဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိပေ။

" တကယ်လို့ ငါက အနီရောင်ကမ္ဘာထဲကို ဝင်ပြီး အလွှာဆယ့်သုံးအချိန်သက်ရှိကို လေ့လာနိုင်ခြင်းမရှိရင် ငါ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဖော်ထုတ်ဖို့ နှစ်ပေါင်း တစ်သောင်း၊ တစ်သိန်းလောက် ကြာသွားနိုင်တယ်။ ဒါတောင် အောင်မြင်ချင်မှ အေင်မြင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အကယ်၍ ဖရိုဖရဲယင် သို့မဟုတ် ဖရိုဖရဲယန် တစ်ခုတည်းကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်လျှင် ၎င်းက လင်းယွမ်အတွက် သိပ်မခက်ခဲပေ။ သို့သော် လင်းယွမ်က လမ်းစဉ်တစ်ခုတည်းကို ဆင့်ကဲပြောင်းလဲရုံနှင့် မကျေနပ်နိုင်ပေ။

အလွှာနှစ်ကတည်းက သူက ယင်ယန်ထိုက်ကျိကို အသုံးပြု၍ သူ၏ အခြေခံကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖရိုဖရဲလမ်းစဉ်ကို ဆင့်ကဲပြောင်းလဲရာတွင်လည်း ယင်ယန်ထိုက်ကျိကိုသာ ရွေးချယ်ရမည်ဖြစ်သည်။

" လီယန်ဘိုးဘေး..." လင်းယွမ်က အတွေးနက်နေသည်။

အနီရောင်ကမ္ဘာမှ အလွှာဆယ့်သုံး အချိန်သက်ရှိကို လေ့လာခြင်းက ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲရန် တိုက်ရိုက်မကူညီပေးနိုင်သော်လည်း အနည်းဆုံးတော့ သူ့ကို မှန်ကန်သော ဦးတည်ချက်တစ်ခု ပြသပေးနိုင်သည်။

" နိယာမတွေကို ပိုပြီး နားလည်အောင် လုပ်ရမယ်။ ဖရိုဖရဲနိယာမ တတိယအဆင့်ကို ရောက်ရင် ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲနိုင်လောက်တယ်။ "

သီအိုရီအရ ဖရိုဖရဲနိယာမ ဒုတိယအဆင့်တွင် ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းနိုင်စွမ်းရှိသင့်သော်လည်း ၎င်းက သီအိုရီအရသာ ဖြစ်ပြီး လက်ရှိ လင်းယွမ်က ဖြစ်လာနိုင်မည့်အလားအလာကို မတွေ့ရသေးပေ။

ထို့ကြောင့် ဖရိုဖရဲနိယာမအပေါ် သူ၏ နားလည်မှုကို မြှင့်တင်ရမည်ဖြစ်သည်။ ဖရိုဖရဲနိယာမ တတိယအဆင့်က အခြေခံအားဖြင့် ဖရိုဖရဲနိယာမ၏ အဆုံးစွန်သော အဆင့်ဖြစ်သည်။ ထိုအဆင့်သို့ ရောက်လျှင် လမ်းစဉ်အမျိုးမျိုးကို အလွယ်တကူ ဆင့်ကဲပြောင်းလဲနိုင်ပေသည်။

" တကယ်တော့ ငါ့ရဲ့ နားလည်မှုနဲ့ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲဖို့ မဖြစ်နိုင်သေးတာက ဒီလမ်းစဉ်ရဲ့ အလားအလာက အရမ်းမြင့်တယ်ဆိုတာ ပြနေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲမီးတောက် သို့မဟုတ် ဖရိုဖရဲရွှေကဲ့သို့ စွမ်းအားများက ဖရိုဖရဲနိယာမ ပထမအဆင့်နှင့် ဆင့်ကဲပြောင်းလဲနိုင်သည်။ သို့သော် အချို့စွမ်းအားများက ဖရိုဖရဲနိယာမ ဒုတိယအဆင့်ကို လိုအပ်ပြီး ဆင့်ကဲပြောင်းလဲလာသော စွမ်းအားများကလည်း ပို၍ သန်မာလေသည်။

ထို့ကြောင့် ဖရိုဖရဲနိယာမ၏ လိုအပ်ချက် ပိုမြင့်လေ လမ်းစဉ်စွမ်းအား၏ အလားအလာက ပိုမိုမြင့်မားလေ ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

" ဖရိုဖရဲနိယာမ တတိယအဆင့်။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲနိယာမ တတိယအဆင့်က မဟာသူတော်စင်များပင် မတတ်နိုင်သည့်အရာဖြစ်သည်။ အကြောင်းမှာ နားလည်ရမည့် နိယာမအရေအတွက် ကြောက်စရာကောင်းအောင် များပြားလှသောကြောင့် ဖြစ်သည်။

သို့သော် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သော လင်းယွမ်အတွက် နိယာမများစွာကို နားလည်ခြင်းက ရိုးရှင်းလှသည်။ အထူးသဖြင့် ရင်းမြစ်ကမ္ဘာတွင် လီယန်မျိုးစေ့များ၏ အကူအညီဖြင့် လင်းယွမ်၏ နိယာမများအပေါ် အမြင်က များစွာမြင့်တက်လာပြီး နိယာမလှိုင်းများကို ပို၍ ရှင်းလင်းစွာ အာရုံခံနိုင်လေသည်။

" ဒီရင်းမြစ်ကမ္ဘာက ငါ့အတွက် အများကြီး အထောက်အကူဖြစ်ခဲ့တယ်။ "

အကယ်၍ ရင်းမြစ်ကမ္ဘာတွင်မဟုတ်ဘဲ ဖရိုဖရဲဟင်းလင်းပြင်တွင်သာ ကျင့်ကြံနေလျှင် သူက အတားအဆီးများကို ကြုံတွေ့နိုင်သည်။

" ရင်းမြစ်ကမ္ဘာတစ်ခုတည်းက ဒီလိုဆိုရင် ကျန်တဲ့ ရင်းမြစ်ကမ္ဘာ ၃၂ခုက ဘယ်လိုနေမလဲမသိဘူး။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။

All Chapters