တင်းမာနေသော အခြေအနေ...
Vol. 60 Ch. 867
အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်တွင် ရင်းမြစ်ကမ္ဘာ ၃၃ခု၏ တည်နေရာဆုံမှတ်များကို မှတ်တမ်းတင်ထားသည်။ ဆိုလိုသည်မှာ ရင်းမြစ်ကမ္ဘာစုစုပေါင်း ၃၃ခု ရှိနေခြင်းပင်ဖြစ်သည်။
" ထားလိုက်တော့။ ငါ ဒီရင်းမြစ်ကမ္ဘာထဲ ဆင်းသက်ဖို့တောင် ငါ့ရဲ့ စိတ်အသိအစိတ်အပိုင်းအချို့ကို အသုံးပြုလိုက်ရတာ။ နောက်ထပ် ရင်းမြစ်ကမ္ဘာတစ်ခုကို ထပ်ပြီး ဆင်းသက်ဖို့ဆိုရင် ငါ့ရဲ့ မူလခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အပြင် ကြီးမားတဲ့ သက်ရောက်မှုလည်း ရှိလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးသောအခါ သူ၏ အသက်အနှစ်သာရက ပြောင်းလဲသွားခဲ့ပြီး ယခင်ဆင်းသက်ခြင်းများကဲ့သို့ စိတ်အသိတစ်ခုလုံးကို နစ်မြှုပ်ရန် မလိုအပ်တော့ပေ။ သို့သော် ၎င်းက စိတ်အသိအစိတ်အပိုင်းအနည်းငယ်ကို ခွဲထုတ်ရန် လိုအပ်ပြီး စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားအပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်ရှိ မူလခန္ဓာကိုယ်အတွက် စိတ်အသိအစိတ်အပိုင်းတစ်ခုကို ခွဲထုတ်၍ ရင်းမြစ်ကမ္ဘာတစ်ခုကို စူးစမ်းခြင်းက ကြီးမားသော သက်ရောက်မှုမရှိပေ။ သို့သော် ဒုတိယရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ရန် စိတ်အသိကို ထပ်မံခွဲထုတ်လိုက်လျှင် ၎င်းက စိတ်အသိနှင့် စိတ်စွမ်းအား ထက်ဝက်သာ ကျန်သည်နှင့် တူညီသည်။
အကျိုးဆက်မှာ ခွန်အားလျော့နည်းခြင်း၊ နားလည်နိုင်စွမ်းကျဆင်းခြင်း စသည့်ကဏ္ဍပေါင်းစုံကို သက်ရောက်ပေလိမ့်မည်။ ရင်းမြစ်ကမ္ဘာတစ်ခုကို ဆင်းသက်ခြင်းက ကိုယ်ပွားတစ်ခု ဖန်တီးခြင်းကဲ့သို့ မရိုးရှင်းပေ။ ၎င်းက စိတ်အသိအနည်းငယ်ထက် ပိုမိုလိုအပ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကြားခံအဖြစ် ရှိနေလျှင်တောင် ကြီးမားသော အချိန်လေဟာနယ်ကွာခြားမှုများကြား ဆက်သွယ်မှုကို ထိန်းသိမ်းထားရန် လုံလောက်သော စိတ်အသိကို လိုအပ်သည်။
" ရင်းမြစ်ကမ္ဘာ တစ်ခုချင်းစီပဲ လေ့လာသွားရမှာပေါ့။ "
ရင်းမြစ်ကမ္ဘာ ၃၃ခု၏ တည်နေရာဆုံမှတ်များက ရှိနေပြီးသားဖြစ်သည်။ ယခု သူက ရင်းမြစ်ကမ္ဘာကို လေ့လာပြီးလျှင် သို့မဟုတ် အတားအဆီးတစ်ခုကို ကြုံတွေ့ရလျှင် စိတ်အသိအစိတ်အပိုင်းကို ပြန်လည်ရုတ်သိမ်းပြီး နောက်ထပ်ရင်းမြစ်ကမ္ဘာကို ဆင်းသက်နိုင်သည်။
" နှစ်တစ်ထောင်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာ ငါ့ရဲ့ ခုနှစ်ခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်က နိုးထလာတော့မယ်။ "
လင်းယွမ်က သူ၏ သွေးမျိုးဆက် အနက်ရှိုင်းဆုံးတွင် စွမ်းအားများ ရောယှက်နေပြီး ကောင်းကင်ရှိ ထာဝရနေနှင့် ဆင်တူသော တံဆိပ်တစ်ခု စုစည်းလာသည်ကို အာရုံခံမိလိုက်သည်။
" ဒီရုပ်ခန္ဓာနတ်စွမ်းရည်က အချိန်အများကြီး ပေးလိုက်ရတာပဲ။ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ တကယ် သိချင်မိတယ်။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။
သိုင်းတာအို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ရုပ်ခန္ဓာနတ်စွမ်းရည်က လူတစ်ယောက်၏ သွေးမျိုးဆက်အတွင်းရှိ အခြေခံစွမ်းအားအပေါ် မူတည်နေသည်။ လင်းယွမ်၏ ရုပ်ခန္ဓာက လီယန်ရှေးဟောင်းနိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်သော လီယန်ဘိုးဘေး၏ သွေးများ စီးဆင်းနေသည်။
ထို့ကြောင့် ၎င်းမှ နိုးထလာသော ရုပ်ခန္ဓာနတ်စွမ်းရည်က လီယန်ဘိုးဘေးနှင့် ဆက်နွယ်နေနိုင်ပြီး သူပိုင်ဆိုင်ထားသော စွမ်းရည်တစ်ခုဖြစ်နိုင်ပါသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိ၏ စွမ်းရည်က လင်းယွမ်၏ လက်ရှိအသက်အဆင့်နှင့် ထုတ်ဖော်ရန် အကျိုးသက်ရောက်မှုများမှာ များစွာ လျော့နည်းနေပေလိမ့်မည်။
၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိမှ ဆင်းသက်လာခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ နိုးထလာသော ရုပ်ခန္ဓာနတ်စွမ်းရည်ကို လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်နှင့် အခြားကမ္ဘာများတွင် အသုံးပြုရန် အပြည့်အဝ နားလည်နိုင်လေသည်။
" အလွှာဆယ့်သုံး အချိန်သက်ရှိရဲ့ စွမ်းရည်။ " လင်းယွမ်က စိတ်လှုပ်ရှားနေမိသည်။
အလွှာဆယ့်သုံး အချိန်သက်ရှိ၏ စွမ်းရည်မှတစ်ဆင့် အချိန်သက်ရှိများ၏ အနှစ်သာရကို ခွဲခြားသိမြင်နိုင်သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် အခြား ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အချိန်သွေးမျိုးဆက် ကြွယ်ဝသော အထူးသက်ရှိတစ်ခုကို အမဲလိုက်ရန် ကြိုးစားအားထုတ်မှုများစွာကို ရင်းနှီးမြှုပ်နှံခဲ့သည်။
အကြောင်းမှာ ၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိ၏ အချက်အလက်အချို့ကို ထိတွေ့နိုင်သောကြောင့်ဖြစ်သည်။ သို့သော် လင်းယွမ်က လိုရင်းကို တိုက်ရိုက်ရောက်ရှိသွားပြီး အလွှာဆယ့်သုံး အချိန်သက်ရှိ၏ စွမ်းရည်ကို ရရှိနိုင်ပေလိမ့်မည်။
" အခု ငါ့ရဲ့ အတွင်းစကြာဝဠာ၊ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က ကန့်သတ်ချက်အထိ တိုးတက်လာပြီ။ ငါ လွှမ်းမိုးခြင်းအဆင့်ကို တက်လှမ်းလို့ရပြီ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်သည်။
သူက လက်ရှိရုပ်ခန္ဓာဖြင့် လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းခြင်းဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်က ယခင်အတိုင်း ရှိနေဆဲ ဖြစ်သည်။ ယခု ခန္ဓာကိုယ်က လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ရှိမှသာ မူလခန္ဓာကိုယ်က အဆင့်တက်နိုင်လေသည်။
လင်းယွမ်၏ နက်ရှိုင်းသော အခြေခံဖြင့် မမျှော်လင့်ထားသော အခြေအနေများ မဖြစ်လျှင် လွှမ်းမိုးခြင်းအဆင့်သို့ ချောမွေ့စွာ တက်လှမ်းနိုင်ပေလိမ့်မည်။ သို့သော် ပိုမိုသေချာသော နည်းလမ်းရှိလျှင် အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်။
ရင်းမြစ်ကမ္ဘာ၏ ခန္ဓာကိုယ်ကို သူက စွန့်လွှတ်နိုင်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်ရှိ မူလခန္ဓာကိုယ်ကို သူက မလိုအပ်ဘဲ မစွန့်လွှတ်လိုပေ။
" ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ရောက အသွင်ပြောင်းဖို့ စတင်နေပြီ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ သိမ်မွေ့သော ပြောင်းလဲမှုများကို အာရုံခံနေပြီး ထိုပြောင်းလဲမှုများ၏ ဦးတည်ရာသို့ ရောက်ရှိရန် ထိန်ညှိပေးနေသည်။
" ဒီရုပ်ခန္ဓာရဲ့ အခြေခံနက်ရှိုင်းမှုက မူလခန္ဓာကိုယ်ကို မမီသေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို သုံးကြိမ်တိုင်တိုင် ခံယူထားပြီး အတွင်းစကြာဝဠာကို များစွာ မြှင့်တင်ပေးခဲ့သည်။ ဤကမ္ဘာတွင် ထိုကဲ့သို့သော အကျိုးအမြတ်မျိုးမရှိသော်လည်း လီယန်နတ်ခန္ဓာနှင့် လီယန်မျိုးစေများက လင်းယွမ်အပေါ် တူညီသော သက်ရောက်မှုကို ပေးခဲ့သည်။
မြို့စားစံအိမ်တွင် မဟာအရှင်သခင်များ၏ အော်ရာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေကြသည်။ နှစ်ပေါင်းထောင်ချီအတွင်း ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့ကြား တင်းမာမှုများက မြင့်တက်လာခဲ့ပြီး နှစ်ဖက်လုံးက မဟာအရှင်သခင်များကို စုစည်း၍ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
လီယန်ရှေးဟောင်းနိုင်ငံကလည်း ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့ကြား အခြေအနေများကို အထူးအလေးထားနေပြီး တော်ဝင်မိသားစုတစ်ယောက်က စစ်ပွဲကို ကွပ်ကဲနေသည်။
" ယုယန် မင်းရောက်လာပြီ။ " အရှင်ချင်းဖန်က လင်းယွမ်ကို နှုတ်ဆက်လိုက်သည်။
" ဟုတ်ကဲ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
မဟာအရှင်သခင်များရှိနေသည့်အတွက် သူက အရှင်ချင်းဖန်၏ တပည့်တစ်ယောက်အနေဖြင့် ပေါ်မလာလျှင် အနည်းငယ် ရိုင်းပျရာ ရောက်ပေလိမ့်မည်။ သို့သော ဤနေရာရှိ လင်းယွမ်က မူလစိတ်ဝိညာဉ်သာ ဖြစ်ပြီး မူလခန္ဓာကိုယ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမထဲတွင် လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသည်။
လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက ပုံရိပ်ယောင်အစစ်အမှန် နည်းစနစ်ဖြင့် ရုပ်ခန္ဓာများကို ပိုင်ဆိုင်ကြပြီး အပြင်လူများ အနေဖြင့် ခွဲခြားရန် မဖြစ်နိုင်ပေ။ ရောက်ရှိနေသော မဟာအရှင်သခင်များကလည်း လင်းယွမ်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြသည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ မဟာအရှင်သခင်များအနေဖြင့် ရန်သူနိုင်ငံနှင့် ရင်ဆိုင်နေရချိန်တွင် အတွင်းပဋိပက္ခများ ဖြစ်စရာ အကြောင်းမရှိပေ။ ဤနေရာရှိ မဟာအရှင်သခင်များက အများအားဖြင့် အရှင်ချင်းဖန်နှင့် ရင်းနှီးကြသူများဖြစ်သည်။
" မဟာအရှင်သခင်ဟုန်ယဲ.." လင်းယွမ်က သူရင်းနှီးသော မဟာအရှင်သခင်ဟုန်ယဲ၏ ဘေးတွင် ထိုင်လိုက်သည်။ ဟုန်ယဲက အရှင်ချင်းဖန်ထက်ပင် သာလွန်သော ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
" စစ်ပွဲက မကြာခင် စတင်တော့မယ်ထင်တယ်။ " ဟုန်ယဲက စိတ်မသက်သာစွာဖြင့် ပြောလိုက်သည်။
သူက လီယန်ရှေးဟောင်းနိုင်ငံ၏ လက်အောက်ခံမဟုတ်သော်လည်း အရှင်ချင်းဖန်၏ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
" မှန်တယ်။ ဇီမန်နယ်မြေကလည်း အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေလောက်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
နှစ်ပေါင်းတစ်ထောင်လုံး သူ၏ ကျင့်ကြံခြင်းကို မြှုပ်နှံထားသော်လည်း နယ်မြေနှစ်ခုကြား အခြေအနေများကို အကြမ်းဖျင်း နားလည်ထားသည်။ နှစ်တစ်ထောင်ကြာ ပြင်ဆင်ပြီးနောက် ဇီမန်နယ်မြေနှင့် ချင်းဖန်နယ်မြေတို့က အစွမ်းထက်သော အင်အားကြီးသူများကို စုစည်းပြီးပြီဖြစ်သည်။ နှစ်ဖက်လုံးက အဆင်သင့်ဖြစ်နေပြီး တစ်ဖက်က ဟန်ချက်တစ်ခုကို ချိုးဖောက်မည့်အချိန်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ခဏနေရင် ငါတို့ နယ်စပ်ကို သွားကြမယ်။ " အလယ်တွင် ထိုင်နေသော အရှင်ချင်းဖန်းက ပြောလိုက်သည်။
နယ်စပ်သို့ သွားရခြင်း၏ အကြောင်းရင်းမှာ ဇီမန်နယ်မြေက မဟာအရှင်သခင် မည်မျှစုစည်းထားသည်ကို လေ့လာရန်နှင့် ကြိုတင်ရင်းနှီးမှုရှိစေရန်ဖြစ်သည်။
ရောက်ရှိနေသော မဟာအရှင်သခင်များက စကားခဏပြောနေကြပြီး လင်းယွမ်က ဘေးမှ နားထောင်နေခဲ့သည်။ ထိုမဟာအရှင်သခင်များက ဖရိုဖရဲနိယာမမှ သူတို့၏ လမ်းစဉ်ကို ဆင့်ကဲပြောင်းလဲလာကြသူများဖြစ်သည်။
လင်းယွမ်က တိတ်တဆိတ်လေ့လာနေသကဲ့သို့ တစ်ခါတစ်ရံ သိမြင်မှုအချို့ ရရှိခဲ့သည်။ ယခင် လင်းယွမ်က အချိန်အများစုကို အနီရောင်ကမ္ဘာထဲရှိ လီယန်ဘိုးဘေး၏ ပုံရိပ်ကို စောင့်ကြည့်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ ထိုပုံရိပ်အတွင်းရှိ အချက်အလက်များက အလွန်ပင်ကျယ်ပြန့်လှသည်။ ထိုမဟာအရှင်သခင်များကို စောင့်ကြည့်ခြင်းကလည်း လင်းယွမ်အတွက် မတူညီသော အတွေ့အကြုံအသစ်များကို ရရှိစေသည်။
" လီယန်ရှေးဟောင်းနိုင်ငံရဲ့ မဟာအရှင်သခင်အများစုက ဖရိုဖရဲမီးတောက်မီးတောက်လမ်းစဉ်ကို လိုက်ကြတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။