လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းခြင်း....
Vol. 60 Ch. 869
ဖရိုဖရဲဟင်းလင်းပြင်၊ ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က ပေါ်လာပြီး လင်းချောင်ချန်နှင့် လုချုံးတို့ကို ကြည့်လိုက်သည်။
" ရှောင်ယွမ် ဘာလို့ရောက်လာတာလဲ။ " လုချုံးက အံ့ဩစွာဖြင့် လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ " သားက အမေတို့ လူသားမျိုးနွယ်ရဲ့ ဒဏ္ဍာရီတစ်ခုဖြစ်နေပြီ။ "
နယ်မြေအသစ်သို့ ပြောင်းရွှေ့ပြီးနောက် လင်းယွမ်၏ ဂုဏ်သတင်းက လူသားမျိုးနွယ်အတွင်း မယုံကြည်နိုင်သော အမြင့်သို့ ရောက်ရှိသွားခဲ့သည်။ လင်းယွမ်က သူ့ထံသို့ အဆက်မပြတ် စီးဝင်နေသော ယုံကြည်မှုစွမ်းအားများကိုပင် ခံစားနေရသည်။
လူသားမျိုးနွယ်၏ နိုင်ငံသားများစွာက လင်းယွမ်ကို ပြင်းပြင်းထန်ထန် ကိုးကွယ်လာသောကြောင့် ယုံကြည်မှုစွမ်းအားများကိုပင် ဖြစ်ပေါ်စေခဲ့သည်။
" ကျွန်တော်ပေးတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို အဖေတို့ အမေတို့ ကျင့်ကြံကြရဲ့လား။ " လင်းယွမ်က မေးလိုက်သည်။
သူဆိုလိုသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များမှာ သူ၏ မိဘများ၏ အခြေအနေများစွာကို အခြေခံ၍ အထူးဖန်တီးထားခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် လင်းယွမ်၏ မိဘများက ဆင့်ကဲပြောင်းလဲခြင်းပါရမီ မကောင်းမွန်ကြပေ။
ဆင့်ကဲပြောင်းလဲခြင်းဆေးရည်များနှင့် အသက်ရှည်ဆေးများကို အားကိုး၍ ဆက်လက်ရှင်သန်လျှင်တောင် သူတို့၏ စိတ်စွမ်းအားက အားနည်းလာပေလိမ့်မည်။ အလွှာဆယ့်တစ် အထွတ်အထိပ်ရှိသော အချို့အထူးသက်ရှိများက သီအိုရီအရ ထာဝရသက်တမ်းရှိကြပြီး စကြာဝဠာခေတ်တစ်ခုလုံး ရှင်သန်နိုင်စွမ်းရှိကြသည်။
သို့သော် ကြာရှည်စွာ ရှင်သန်ခြင်းမှာ စိတ်စွမ်းအားကို ပုံပျက်သွားစေနိုင်သောကြောင့် ဖြစ်သည်။ သန်မာသော စိတ်စွမ်းအားမရှိလျှင် မပျက်ဆီးနိုင်သော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ရှိနေလျှင်တောင် အဓိပ္ပါယ်မရှိပေ။
လင်းယွမ်က သူ၏ မိဘများ ထိုအခြေအနေသို့ ရောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သူ၏ စွမ်းအားဖြင့် သူ၏ မိဘများကို အကြိမ်ကြိမ် ပြန်လည်အသက်သွင်းနိုင်သော်လည်း စိတ်စွမ်းအားပုံပျက်သွားခြင်းမှာ ပြန်လည်အသက်သွင်းသည့်ကိစ္စဖြင့် ဖြေရှင်းနိုင်သည့် ကိစ္စမဟုတ်ပေ။
" ရှောင်ယွမ် အဖေနဲ့အမေလည်း ဒီရက်ပိုင်း ကျင့်ကြံနေပါတယ်။ " လုချုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ဘာကြောင့်လဲတော့မသိဘူး။ သားပေးထားတဲ့ လမ်းစဉ်အတိုင်း ကျင့်ကြံရတာ ရိုးရှင်းပြီး လွယ်ကးနေသလိုပဲ။ " လင်းချောင်ချန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒါကောင်းတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" အဖေတို့ အချိန်ပေးပြီး ကျင့်ကြံကြပါ။ ဆင့်ကဲပြောင်းလဲခြင်းကသာ ထာဝရရှင်သန်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ။ "
" သေချာတာပေါ့။ အခုဆို အဖေက ကျင့်ကြံဖို့ အရမ်းတက်ကြွနေတာ။ " လင်းချောင်ချန်က ပြောလိုက်သည်။
ယခင် ကျင့်ကြံခြင်းက ခက်ခဲလွန်းသဖြင့် သူက စိတ်မဝင်စားခဲ့ပေ။ သို့သော ယခုလင်းယွမ်ပေးထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတိုင်း ကျင့်ကြံခြင်းက သူကိုယ်တိုင် ပါရမီရှင်တစ်ယောက်ကဲ့သို့ ခံစားခဲ့ရပြီး ကျင့်ကြံလိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။
" သူတို့ ငါ့ကိုရှာနေကြတယလား။ " လင်းယွမ်က ကိုယ်ပွားတစ်ခု ခွဲထုတ်ပြီး ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများရှေ့တွင် ပေါ်လာခဲ့သည်။
" လင်းယွမ် " အားလုံးက လင်းယွမ်ကို နှုတ်ဆက်လိုက်ကြသည်။
" ငါကိုယ်တိုင် ချက်ထားတဲ့ ဝိုင်ကောင်းလေး၊ မြည်းကြည့်လိုက်ဦး။ " ရွှမ်ယွမ်က ဝိုင်တစ်ခွက်ကို လင်းယွမ်ဘက်သို့ တွန်းပို့လိုက်သည်။
" အရသာက တော်တော်ကောင်းတယ်။ " လင်းယွမ်က တစ်ငုံသောက်ပြီး ချီးကျူးစကားပြောလိုက်သည်။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မြှင့်တင်ပေးသည့်အပိုင်းတွင် ရွှမ်ယွမ်ချက်လုပ်သော ဝိုင်က ဖရိုဖရဲဟင်းလင်းပြင်မှ ဝိုင်အကောင်းစားများနှင့် နှိုင်းယှဉ်နိုင်သည်။
" ဟားဟား ကုလီနဲ့ ရှုချန်တို့က ဒီလိုဝိုင်ကောင်းကို မမြည်းနိုင်တာ နှမြောစရာပဲ။ " ရှချင်က ရယ်ပြီး ပြောလိုက်သည်။
ကုလီနှင့် ရှုချန်တို့က လင်းယွမ်ပေးသော သိုင်းတာအိုလမ်းစဉ်ခွဲများကို ကျင့်ကြံရန်အတွက် လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက သူတို့၏ လမ်းစဉ်များကို စွန့်လွှတ်ခဲ့ကြသည်။ သူတို့က အလွှာဆယ့်နှစ်သို့ မရောက်မချင်း တံခါးပိတ်ကျင့်ကြံကြမည်ဖြစ်သည်။
" ကုလီနဲ့ ရှုချန်တို့က ကျင့်ကြံခြင်းက ထွက်လာခါနီးပြီ။ " လင်းယွမ်က အာရုံစိုက်လိုက်ရုံနှင့် သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းကို သိမြင်နိုင်သည်။
နှစ်တစ်ထောင်အတွင်း သူတို့နှစ်ယောက်က အလွှာတစ်ဆယ်အထိ ကျင့်ကြံနိုင်ခဲ့ကြသည်။ သူတို့က ပြန်လည်ကျင့်ကြံခြင်းဖြစ်သောကြောင့် အမြင့်ဆုံးခုန်ပျံကျော်လွှားခြင်းက ခက်ခဲမည်မဟုတ်ဘဲ အလွှာဆယ့်တစ် အထွတ်အထိပ်သို့ ရောက်သည်နှင့် အလွှာဆယ့်နှစ်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပေလိမ့်မည်။
ထိုသို့ လွယ်ကူစွာကျင့်ကြံနိုင်ခြင်းက သူတို့က ပြန်လည်ကျင့်ကြံခြင်းဖြစ်သောကြောင့် ဖြစ်သည့်အပြင် လင်းယွမ်ကလည်း သူတို့အတွက် အထူးသီးသန့်ဖန်တီးပေးထားသော လမ်းစဉ်များကြောင့် ဖြစ်သည်။ ၎င်းတို့က သူ၏ မိဘများကို ပေးသော လမ်းစဉ်များလောက် မနက်ရှိုင်းသော်လည်း သူတို့အတွက်မူ လုံလောက်ပေသည်။
" သူတို့ ကျင့်ကြံခြင်းက ထွက်လာတော့မှာလား။ " ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်နှင့် အခြားသူများက မျှော်လင့်ချက်များ မြင့်တက်လာခဲ့ကြသည်။ ကုလီနှင့် ရှုချန်တို့ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးလျှင် နောက်ထပ်နှစ်ယောက်က သိုင်းတာအိုလမ်းစဉ်ခွဲများကို ကျင့်ကြံနိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။
" မှန်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်မလာခဲ့လျှင် ကုလီနှင့် ရှုချန်တို့က လင်းယွမ်၏ သိုင်းတာအိုလမ်းစဉ်ခွဲမှ အလွှာဆယ့်နှစ်သို့ ပထမဆုံး ဝင်ရောက်သူများ ဖြစ်လာပေလိမ့်မည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ အလွှာဆယ့်နှစ် သက်ရှိနှစ်ယောက် ထွက်ပေါ်လာခြင်းက သိုင်းတာအို၏ ဘိုးဘေးဖြစ်သော လင်းယွမ်အတွက်လည်း အကျိုးရှိသည်။
နှစ်ပေါင်းတစ်ထောင်အတွင်း လမ်းစဉ်တစ်သောင်းခန်းမမှတစ်ဆင့် သိုင်းတာအိုကို ဖြန့်ဝေခဲ့သောကြောင့် သိုင်းတာအိုလမ်းစဉ်ခွဲတစ်ထောင်ကျော်က ဖရိုဖရဲဟင်းလင်းပြင်တွင် ပျံ့နှံ့သွားခဲ့သည်။ သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက အလွှာဆယ့်နှစ်သို့ ရောက်ရှိရန် ဝေးကွာနေဆဲ ဖြစ်သည်။
" အင်း ရင်းမြစ်ကမ္ဘာက ကိုယ်ပွားက လွှမ်းမိုးခြင်းအဆင့်ကို ရောက်သွားပြီပဲ။ ဘာပြဿနာမှမရှိခဲ့ဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။ ဒါဆို ငါလည်း လွှမ်းမိုးခြင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းရတော့မှာပေါ့။ "
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာ၏ အနက်ရှိုင်းဆုံးမှ လင်းယွမ်၏ မူလခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့ပြီး ဖရိုဖရဲဟင်းလင်းပြင်တွင် ပေါ်လာသည်။
" ဖရိုဖရဲဟင်းလင်းပြင်မှာ လွှမ်းမိုးခြင်းအဆင့်ကို တက်လှမ်းတာက ရင်းမြစ်ကမ္ဘာနဲ့ ကွဲပြားလိမ့်မယ်။ " လင်းယွမ်က ထိုင်ပြီး တွေးလိုက်သည်။
အဓိက ကွာခြားချက်မှာ မတူညီသော အတွင်းစကြာဝဠာပင်ဖြစ်သည်။ နှစ်ယောက်လုံးက အဆုံးမဲ့ဟင်းလင်းပြင် ပထမအဆင့်ကို အောင်မြင်ထားကြပြီး ဖြစ်သော်လည်း ရင်းမြစ်ကမ္ဘာမှ ခန္ဓာကိုယ်၏ အတွင်းစကြာဝဠာက မူလခန္ဓာကိုယ်လောက် ကြီးမားလိမ့်မည်မဟုတ်ပေ။
ရင်းမြစ်ကမ္ဘာရှိ ခန္ဓာကိုယ်က ဖရိုဖရဲသစ်ပင်ကဲ့သို့ အလွှာဆယ့်နှစ် ရတနာများ၏ ကောင်းချီးများ မရရှိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ဖရိုဖရဲဟင်းလင်းပြင်ရှိ ရုပ်ခန္ဓာက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို သုံးကြိမ် စုပ်ယူထားခြင်းဖြစ်သည်။
" စလိုက်ရအောင်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် အတွင်းစကြာဝဠာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့အပေါ်မှ ဖိနှိပ်မှုများကို လွှတ်ပေးလိုက်သည်။ ပထမဆုံး ပြောင်းလဲလာသည်က အတွင်းစကြာဝဠာပင် ဖြစ်သည်။
ဝုန်း....
မူလက အလင်းနှစ် ၃၃,၃၃၃,၀၀၀တွင် အတွင်းစကြာဝဠာ၏ ကျယ်ပြန့်မှုက ရပ်တန့်လုနီးပါး ဖြစ်ခဲ့သော်လည်း ယခု အဆင့်တက်ချိန်တွင် ၎င်းက ချက်ချင်း ရူးသွပ်စွာ ကထယ်ပြန့်လာခဲ့ပြန်သည်။
" ငါ့ရဲ့ အတွင်းစကြာဝဠာက မူလရင်းမြစ်ကို သုံးကြိမ်စုပ်ယူတာရယ် ဖရိုဖရဲသစ်ပင်ရယ် အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ပထမအဆင့်တို့ကြောင့် အဆင့်တက်ရင် ကြီးမားတဲ့ စွမ်းအားကို လိုအပ်လိမ့်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ထိုနေရာတွင် အဆုံးမရှိသော ဖရိုဖရဲစွမ်းအားများ လွင့်မျောနေပြီး ၎င်းတို့က အပြည့်အဝ မသန့်စင်သော်လည်း အတွင်းစကြာဝဠာအတွက်မူ စုပ်ယူဝါးမြိုနိုင်သရွေ့ အရေးမကြီးပေ။ လင်းယွမ်၏ အတွင်းစကြာဝဠာက ရူးသွပ်စွာ ကျယ်ပြန့်လာခဲ့သည်။
လင်းယွမ်၏ အတွင်းစကြာဝဠာထဲတွင် အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် သက်ရှိများအပါအဝင် အခြားသက်ရှိများ ရှိနေသည်။ လင်းယွမ်ကို အညံ့ခံပြီးနောက် သူတို့က အတွင်းစကြာဝဠာထဲတွင် နေထိုင်ပြီး လင်းယွမ်။ အမိန့်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
" ကြီးမြတ်သူနဂါးငွေ့တန်းရဲ့ အတွင်းစကြာဝဠာက ထပ်ပြီး ကျယ်ပြန့်လာပြန်ပြီ။ "
" ဒါနဲ့ဆို ဘယ်နှစ်ကြိမ် ရှိနေပြီလဲ။ ဖရိုဖရဲအရှင်သခင်တွေရဲ့ အတွင်းစကြာဝဠာတောင် ဒီလိုဖိအားမျိုး မရှိလောက်ဘူး။ "
" ကြီးမြတ်သူနဂါးငွေ့တန်းက တကယ်ကြောက်စရာကောင်းတာပဲ။ "
အလွှာဆယ့်နှစ် သက်ရှိများက စိတ်ထဲမှ တုန်လှုပ်နေကြသည်။ သူတို့ထဲမှ အများစုက လင်းယွမ်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သူများဖြစ်ကြသည်။