← Chapters

နည်းလမ်းကောင်းပဲ

Vol. 13 Ch. 121

နည်းလမ်းကောင်းပဲ

Vol. 13 Ch. 121

ပုံရိပ်ယောင်သည် လက်တွေ့အား သက်ရောက်နိုင်သည့်အတွက် သိပ်မဝေးသော နေရာတွင် ရပ်နေသော လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မသည် ပုံရိပ်ယောင်အတွင်းကအတိုင်း ဝတ်ဆင်ထားပြီးဖြစ်လေရာ သူမ၏ တံဆိပ်ပြားကိုသာ ရေကန်ဘေးတွင် ထားထားသည်။

သို့သော်ငြား ချီယွမ်သည် အနည်းငယ်သော်မျှ သတိမလွတ်ရဲချေ။ ပုံရိပ်ယောင်၏ မှော်အစွမ်းအတွင်းသို့ တုံ့ပြန်မှုများ ဝင်ရောက်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ထိုတံဆိပ်ပြားအား လှမ်းယူရန် စိတ်ဝိညာဉ် စွမ်းအင် အနည်းငယ်သော်မျှ ထုတ်မသုံးခဲ့ပေ။ ထိုအစား ခြေဖျားထောက်ကာ လှမ်းယူလိုက်သည်။

ထိုမိန်းကလေး နှစ်ယောက်သည် ပုံရိပ်ယောင်ကြောင့် ဝေဝါးနေကြသည် ဆိုသော်ငြား သူ့အနေနှင့် ဤအခြေအနေအား အခွင့်အရေးယူလို့ ရသည်ဟု မဆိုလိုပါချေ။

အထူးသဖြင့် လင်လုံ သန့်စင်နယ်မြေ၏ တာအို စုစည်းခြင်း နယ်ပယ်ရှိသော ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိသည် အနည်းငယ်သော တုံ့ပြန်မှု ရလျှင်တောင်မှ ပုံရိပ်ယောင်အတွင်းမှ အချိန်မရွေး ချိုးဖျက်နိုင်ကာ ကြီးမားသော အန္တရာယ်ကို ပေးလာနိုင်၏။

အကြာကြီး စဥ်းစားပြီးနောက်တွင် ချီယွမ်တစ်ယောက် သတိထားသည့်အနေဖြင့် အကာအကွယ် စည်းများစွာကို ရေကန်၏ ပတ်ပတ်လည်တွင် ချထားခဲ့ပြီး ပြင်ပကမ္ဘာနှင့် သီးခြားဖြစ်စေလိုက်သည်။ အပြင်ဘက်ရှိ တပည့်များ ရုတ်တရက် ချဥ်းကပ်လာကာ ထိုမိန်းကလေး နှစ်ယောက်အား ပုံရိပ်ယောင်အတွင်းမှ နိုးထလာမှုကို ကြိုတင်ကာကွယ်လိုက်၏။

ဤနေရာသည် လင်လုံ သန့်စင်နယ်မြေ၏ ပင်မနေရာတွင် ရှိနေပြီး ပွဲတော်ကို လာရောက်ဆင်နွှဲသော ဧည့်သည်တော်များအား ဝင်ရောက်ခွင့် ပြုမထားချေ။

ထို့အပြင် ဤစိတ်ဝိညာဥ် ရေကန်များ ပေါများသည့် နေရာသည် လင်လုံသန့်စင်နယ်မြေ၏ အမျိုးသမီးတပည့်များ မကြာခဏ ရေချိုးလေ့ရှိသော

နေရာဖြစ်သည်။ ထို့ကြောင့် ဖြတ်သွားဖြတ်လာ တပည့်များက အကာအကွယ်စည်းကို မြင်သည်နှင့် တစ်စုံတစ်ယောက်သည် အထဲမှာ ရေချိုးနေသည်ဟု သတ်မှတ်ကာ နှောင့်ယှက်လာမည် မဟုတ်ပေ။

ထို့ကြောင့် ချီယွမ်အတွက်တော့ အချိန်အများဆုံးဆွဲနိုင်လေ ကောင်းလေပင်။

အရာအားလုံး စီစဉ်ပြီးနောက်တွင် ချီယွမ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်တစက္ကန့်မှာပဲ သူ၏ ခန္ဓာကိုယ်ကို အလင်းများ ဖုံးလွှမ်းသွားကာ လွတ်မြောက်အစွမ်းကို အသုံးပြုရင်း အလျင်မြန်ဆုံး အရှိန်ဖြင့် သံလိုက်အိမ်မြှောင် ညွှန်ပြရာနေရာသို့ သွားလိုက်လေ၏။

ချီယွမ် ကောင်းစွာနားလည်ပါသည်။ သူသည် လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်နှင့် သူတော်စင်မကို ရန်စထားသည့်အတွက် ကောင်းမွန်သော ဖြေရှင်းချက်ရဖို့ လိုအပ်နေပြီပင်။

ထိုကောင်းမွန်လှသော မိန်းကလေးနှစ်ယောက်လုံးက ဤကြီးမားလှသည့် နစ်နာမှုကို သည်းခံပေးမည့် စေတနာရှင်မလေးများဟုတော့ ချီယွမ် မယုံကြည်ရဲပါချေ။

ရှောင်ရွှမ်ကျိသည် တာအိုသားတော်ဖြစ်သော သူ့အား သတ်ဖြတ်၍ မရလျှင်တောင်မှ ဖော်ပြ၍ မရနိုင်သော ခံစားရမှုများစွာနှင့် သူ့ဘဝကို ဆိုးရွားအောင် လုပ်ဖို့ နည်းလမ်း ရာချီပြီးရှိသည်။

(ဒါကြောင့် မိန်းမတွေကို စိတ်ဆိုးအောင်မလုပ်နဲ့လို့ လူကြီးတွေ ပြောတာကိုး.. အထူးသဖြင့် ခေါင်းဆောင် မိန်းကလေးတွေပဲ။ နတ်ဆိုးဂိုဏ်းက မိန်းကလေးကို အပ်ထိပ်လိုမျိုး စူးရှတယ်လို့ ခေါင်းစဥ်တပ်ရရင် စစ်မှန်ဂိုဏ်းရဲ့ မိန်းကလေးတွေက ဓားထိပ်လိုမျိုး ထက်ရှတာပဲ.. မိန်းမတွေအားလုံးက သောက်ရမ်းကြောက်ဖို့ကောင်းတယ်)

( ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် ရှောင်ရွှမ်ကျိ တွန့်ဆုတ်စေမယ့် ကိစ္စတစ်ခုကို အရင်ဆုံး ရှာဖွေရမယ်။ ဒါဆို သူမရဲ့ လက်စားချေလိုစိတ်ကို နှောင့်နှေးအောင်လုပ်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်)

(ဒီနတ်သားရဲက လင်လုံ သန့်စင်နယ်မြေရဲ့ ထူးခြားကောင်းမွန်တဲ့ လက္ခဏာတစ်ရပ် ဖြစ်နေမှာ သေချာတယ်။ နတ်သားရဲကိုသာ တိတ်တဆိတ်နဲ့ အောင်မြင်စွာ သိမ်းသွင်းနိုင်လိုက်မယ်ဆိုရင် ရှောင်ရွှမ်ကျိရဲ့ သတိထားမှုကို ရဖို့ လုံလောက်ပြီ)

တာအိုသားတော် ဖြစ်သည့်အတွက် ချီယွမ်၏ လှုပ်ရှားမှုတိုင်းက ထိုက်ရွှမ်း သန့်စင်နယ်မြေအား ကိုယ်စားပြုသည်။ အနည်းဆုံးတော့လူတိုင်းက ထိုသို့ မြင်ကြမည်ပင်။

အကယ်၍ နောက်ခံမရှိသော အလွတ်တမ်း ကျင့်ကြံသူ တစ်ဦးကသာ သူမနှင့် သူမ၏ ချစ်လှစွာသော တပည့်ကို အခွင့်ကောင်းယူရင်း သူမတို့၏ တန်ဖိုးထားရသော နတ်သားရဲကို သိမ်းသွင်းရဲပါက ရှောင်ရွှမ်ကျိသည် နေရာမှာတင် ချက်ချင်းသတ်ပစ်ပြီး ပြာမှုန့်ကိုများပင် လွှင့်ပစ်လိုက်မည်ဖြစ်သည်။

သို့သော်ငြား ချီယွမ်ကတော့ မတူညီပေ။ ထို့ကြောင့် နတ်သားရဲပါ ဆက်နွယ်လာခဲ့လျှင် သူမအနေနှင့် ထိုက်ရွှမ်း သန့်စင်နယ်မြေကို မဖြစ်မနေ ထည့်စဥ်းစားရတော့မည်။

ချီယွမ်သာ နတ်သားရဲကို ထိန်းချုပ်နိုင်ပြီးပါက သူမ ချီယွမ်ကို သတ်လိုက်နိုင်လျှင်တောင် ထိုက်ရွှမ်းသန့်စင်နယ်မြေကို မလိုအပ်ဘဲ ရန်စမိသလိုသာဖြစ်မည်။ ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်မှ တစ်ခြားသော လူယုံများလွှတ်လာပြီး လင်လုံသန့်စင်နယ်​မြေအတွင်းရှိ နတ်သားရဲကို ထပ်မံထိန်းချုပ်ဖို့ ကြိုးစားပါက သူမတို့သာ ထပ်မံအထိနာရမည်ဖြစ်သည်။

ရှောင်ရွှမ်ကျိမှာသာ ကောင်းမွန်သော စဥ်းစားနိုင်စွမ်း ရှိနေလျှင် သူမနှင့် ကောင်းမွန်စွာ ဆွေးနွေးနိုင်ပြီး အခြေအနေကို ထိန်းချုပ်နိုင်မည်ဟု ချီယွမ်ယုံကြည်ပါသည်။

(လက်ရှိအခြေအနေအရ အကြီးအကဲရှီရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းတာထက် ငါ့ဘဝအတွက် ငါ ကြိုးစားရတော့မယ့်ပုံပဲ)

ထိုအချိန်တွင် ချင်းယွမ်မြို့၌…

ကျိချန်အာသည် ခရမ်းပုတ်ရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး လူသွားလူလာ များပြားသော စျေးအတွင်းတွင် ခပ်ဖြည်းဖြည်း လျှောက်လှမ်းနေခဲ့သည်။ ကောင်းမွန်သော ခါးစည်းကြောင့် သူမ၏ သေးသွယ်သော ခါးနှင့် ကျက်သရေရှိသော ကောက်ကြောင်းက အထင်းသား မြင်နေရ၏။ သူမ၏ နဖူးထက်ရှိ ကြေးနီရောင် ကျောက်စိမ်းနဖူးစည်းကြောင့် နှင်းလိုဖြူဖွေးသော အသားအရေသည် ပိုမိုထင်ဟပ်လာကာ ဆွဲဆောင်မှု ရှိစေသည်။

ထိုအချိန်တွင် သူမ၏ အရှိန်အဝါက ဝေဝါးစေပြီး အိပ်မက်ဆန်သော ခံစားမှုကို ပေးနေသောကြောင့် ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်သို့ အဆင့်တက်သွားပြီမှန်း သိသာပါသည်။

ထိုမျှ မျက်စိကျိန်းလောက်အောင် လှပသော မိန်းကလေးသည် လူသွားလူလာ များပြားသော မြို့လမ်းမ အတွင်းတွင် လမ်းလျှောက်နေသည့်တိုင်အောင် ပတ်ဝန်းကျင်ရှိ လူများက သူမကို သတိမထားမိပေ။ ထူးဆန်းစွာပင် သူမက အကုန်လုံးအတွက် ကိုယ်ပျောက်လူသား ဖြစ်နေလေ၏။

ဖောက်ထွင်းမြင်နိုင်သော လေကို ရင်ဆိုင်နေရသည့်နှယ် လူတိုင်းက သူမအား သတိမထားမိကြဘဲ အနီးသို့ ရောက်လာလျှင်တောင်မှ ရှောင်ဖယ်ပေးကြသည်။

ထိုသို့ဖြင့် ကျိချန်အာတစ်ယောက် သံသယရှိသော ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ဖြတ်သွားဖြတ်လာ လူတစ်ဦးအား သာမန်လိုမျိုး တားလိုက်ရင်း လေသံနိမ့်ဖြင့် မေးလိုက်၏။

"ဒီနေရာက ကျားနက်ဂိုဏ်းရဲ့ ဋ္ဌာနချုပ် ရှိခဲ့ဖူးတဲ့ နေရာလား"

ထိုသူက ကျောက်တုံးတစ်တုံးကို ကြည့်နေရသည့်နှယ် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ကျိချန်အာကို လှည့်ကြည့်လာပြီး ခေါင်းညိတ်လိုက်သည်။

"ဒီနေရာက တစ်ကယ်ပဲ ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းဌာနချုပ်ပါ။ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူတစ်ဦးက ကျားနက်ဂိုဏ်းကို ဖျက်ဆီးပြီးနောက်မှာတော့ မြို့အရှင်က ဒီနေရာကို ချမ်းသာတဲ့ ကုန်သည်တစ်ဦးဆီ ရောင်းခဲ့တယ်”

ကျိချန်အာ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဆက်မေးလိုက်သည်။

"ကျားနက်ဂိုဏ်းကို ရှင်းလင်းခဲ့တဲ့ ကျင့်ကြံသူရဲ့ နာမည်ကို သိလား"

ထိုသူက ခေါင်းယမ်းပြလာပြီး

"အဲ့ဒါတော့ မသိဘူး။ ဒါပေမဲ့ ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က ချီမျိုးရိုး သာမန်သူတစ်ယောက်ကို သတ်ခဲ့တယ်လို့ ကြားတယ်။ နောက်ကျတော့ အဲဒီလူရဲ့ တစ်ဝမ်းကွဲက ရောက်လာပြီး လက်စားချေတဲ့အနေနဲ့ ကျားနက်ဂိုဏ်း တစ်ခုလုံးကို သတ်ပစ်ခဲ့တာပဲ"

"ချီမျိုးရိုး ဟုတ်လား"

ကျိချန်အာ၏ လှပသော မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားရင်း လျင်မြန်စွာ မေးလိုက်တော့သည်။

"ရှင် အခုပြောတဲ့ အသတ်ခံလိုက်ရတဲ့ ချီမျိုးရိုးကို ဘယ်မှာ မြှုပ်နှံထားလဲ"

ထိုသူက ချက်ချင်းပင် ဖြေကြားလာ၏။

"အမ်..၊အဲဒီကောင်လေးက ဆင်းရဲတဲ့အတွက် သေချာပေါက် မြို့ပြင်က စွန့်ပစ်နေရာမှာ မြှုပ်နှံခံထားရမှာ”

ထိုသူ၏ စကားမဆုံးခင်မှာဘဲ ကျိချန်အာသည် ကျက်သရေရှိစွာ လက်တစ်ဖက်ယမ်းလိုက်ရင်း မြို့ပြင်သို့ သွားလိုက်သည်။

ခဏမျှ အကြာတွင် သေးငယ်သော အုတ်ဂူ၏ ဘေး၌…

အုတ်ဂူရှေ့တွင် ကျိချန်အာက တိတ်ဆိတ်စွာ ရပ်နေရင်း သူမ၏ မျက်နှာထားကလည်း ထူးဆန်းနေ၏။

သူမရှေ့ရှိ အုတ်ဂူသည် ဖော်ထုတ်ခံရတာ ကြာမြင့်နေပြီး အတွင်းဘက်တွင် ဗလာဖြစ်နေကာ မြေကြီးများပင် အဘက်ဘက်သို့ ပြန့်ကြဲနေ၏။ ထိပ်ပိုင်းတွင် ထားနေကျဖြစ်သော သစ်သားပြားပင် ကျိုးကြေနေကာ ဘေးဘက်သို့ ပြုတ်ကျနေပြီး အလွန်ကို ဝမ်းနည်းဖွယ် မြင်ကွင်းပါပေ။

"ကျွန်မရဲ့ အကိုကြီး ချီယွမ်ရဲ့ အုတ်ဂူ"

ထိုသစ်သားပြားပေါ်က စာလုံးများကို ကြည့်နေရင်း ကျိချန်အာ အေးစက်စွာ ပြုံးလိုက်သည်။

ခဏအတွင်းမှာပဲ ဖြစ်စဥ်တစ်ခုလုံးကို သူမ မှန်းဆနိုင်သွား၏။

(မွေးရာပါ နတ်ဆိုးဗီဇနဲ့ လူဆိုတဲ့အတိုင်းပါပဲလား။ ဒီကောင်လေးရဲ့ လွတ်မြောက်နိုင်တဲ့ အစီအစဉ်က အရမ်းကို အရည်အချင်း ရှိလွန်းတယ်။ ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သေချင်ယောင်ဆောင်ဖို့ မတွန့်ဆုတ်ခဲ့ဘူး။ အလင်းထဲကနေ အမှောင်ထဲကို တိုက်ရိုက်သွားပြီး ရန်သူတွေ သတိမထားမိတဲ့ အချိန်မှာ သေစေနိုင်လောက်တဲ့ ရိုက်ချက်နဲ့ တစ်ချက်တည်း အဆုံးသတ်ပစ်ခဲ့တယ်။ အဆုံးမှာကျတော့ သေမျိုးခန္ဓာကိုယ်နဲ့ပဲ ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကိုတောင် သတ်နိုင်ခဲ့တယ်။ ဝမ်းကွဲဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်တဲ့ သူ့ရဲ့နည်းလမ်းက...မိုက်လှချည်လား)

(ရန်သူကို ရှင်းလင်းနိုင်ဖို့အတွက် ကိုယ့်ရဲ့ ညီမဖြစ်သူကိုတောင်မှ ငါးစာအဖြစ် အသုံးချဖို့ မတွန့်ဆုတ်ခဲ့ဘူးပဲ။ တစ်ကယ်ကို ထူးချွန်တယ်)

"ဒီလိုမျိုး ရက်စက်ပြီး စဥ်းစားနိုင်စွမ်း မြင့်တဲ့လူကမှ ငါ့ယောက်ျားဖြစ်ဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ သန့်စင်ဂိုဏ်းကို ဝင်ရောက်ဖို့ စိတ်ကူးမရှိတာတော့ စိတ်မကောင်းစရာပဲ။ နည်းနည်းလေး လေ့ကျင့်ပေးလိုက်တာနဲ့ အဲ့ဒီကောင်လေးက ဟိုစစ်မှန်ကျင့်ကြံသူတွေရဲ့ မှားယွင်းနေတဲ့ ဦးနှောက်ကို ခြေမွပစ်နိုင်မဲ့ နတ်ဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ချေရှိတာကို”

သူမကနူးညံ့စွာ သက်ပြင်းချလိုက်ပြီး လက်ဖျောက်တစ်ချက်တီးကာ မြေပြင်ပေါ်တွင် ကျနေသော သစ်သားပြားအား စိတ်ဝိညာဉ် မီးတောက်ဖြင့် ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။

"လူက ရှင်နေဆဲဆိုမှတော့ ဒီနေရာကို ဘာလို့ ထားထားရမှာလဲ။ ကံဆိုးစေလိမ့်မယ်"

(နေဦး)

ထိုအချိန်မှာပဲ ကျိချန်အာ၏ မျက်နှာထားသည် ရုတ်ချည်း ပြောင်းလဲသွား၏။ အုတ်ဂူ၏ အလယ်တည့်တည့်သို့ ချက်ချင်းပင် ပျံသန်းသွားလိုက်ကာ မည်းမှောင်နေသော မျက်နှာထားဖြင့် မြေကြီးတစ်ဆုပ်အား ဖမ်းယူရင်း သေချာစွာ စစ်ဆေးလိုက်သည်။

မကြာမီမှာဘဲ သူမ၏ အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ထိတ်လန့်သွားလေရဲ့။

မြေကြီးတွင် သေဆုံးမှု အရှိန်အဝါများ ပါဝင်နေပြီး အလောင်းတစ်ခုကို တစ်ကယ် မြှုပ်နှံထားမှန်း သိသာပါ၏။

ထို့အပြင် ဘေးတွင် ပြန့်ကြဲနေသော မြေကြီးစများသည် မြက်ပင်များပင် ပျောက်နေပြီဖြစ်လေရာ လွန်ခဲ့တဲ့ တစ်လ အစောပိုင်းကတည်းက တူးယူခံထားရလောက်သည်။

(အဲ့ဒီအချိန်တုန်းက ချီယွမ်က တိမ်ကြွေဂိုဏ်းမှာ အစေခံတပည့်အဖြစ် ဝင်ရောက်နေပြီ မဟုတ်ဘူးလား။ သူ့ရဲ့အုတ်ဂူကို တူးယူဖို့အချိန် ဘယ်မှာရှိမှာလဲ။ ဒါဆိုရင် ဆိုလိုတာက ဒီနေရာမှာ တစ်ကယ်ပဲ အလောင်းတစ်ခု ရှိခဲ့တယ်။ ပြီးတော့ တစ်စုံတစ်ယောက်က တူးယူသွားခဲ့တာပဲ)

(ပိုပြီးတော့ သံသယဝင်ဖို့ကောင်းတဲ့ အချက်က လွန်ခဲ့တဲ့ တစ်လဆိုတော့ ချီမိသားစုတစ်ခုလုံး အသတ်ခံရတဲ့အချိန်နဲ့ တစ်ပြိုင်နက်တည်းပဲ)

ထိုအတွေးကြောင့် ကျိချန်အာ မျက်မှောင်ကြုတ်သွားခဲ့ပြီး သံသယအပြည့်ကို ခံစားလိုက်ရသည်။

All Chapters