← Chapters

ဖီးနှစ်ငှက်နေထိုင်တဲ့ ထူးခြားကောင်းကင် ရှေးသစ်ပင်လား

Vol. 13 Ch. 122

ဖီးနှစ်ငှက်နေထိုင်တဲ့ ထူးခြားကောင်းကင် ရှေးသစ်ပင်လား

Vol. 13 Ch. 122

လင်လုံ သန့်စင်နယ်မြေရှိ စိတ်ဝိညာဥ်ရေကန် ဘေးတွင်

ဘန်း

မျက်စိရှေ့က မြင်ကွင်းများ အပိုင်းပိုင်း ကွဲကြေသွားသည်နှင့် ရှောင်ရွှမ်ကျိ၏ သတိက လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ပုံရိပ်ယောင်အတွင်းက အတွေ့အကြုံ မှတ်ဉာဏ်များက ပြေးလွှားနေသော အရိပ်များအဖြစ် ပြသနေလေရာ သူမ ချက်ချင်းပင် မူးဝေသွားတော့သည်။

ခဏမျှ ကြာပြီးနောက်တွင် ဖြစ်ခဲ့သည့် ကိစ္စရပ်များကို သဘောပေါက် သွားသည့်အတွက် ရှောင်ရွှမ်ကျိ ချက်ချင်းပင် ဒေါသထွက်သွားကာ အံကြိတ်ရင်း ကျိန်ဆဲလေတော့၏။

“မျိုးမစစ်တဲ့ ကျက်သတုံးကောင်၊ ဒီဂိုဏ်းခေါင်းဆောင်ကို ပုံရိပ်ယောင်ထဲ ကျသွားအောင် ဘယ်လို သတ္တိနဲ့လုပ်ရဲတာလဲ”

ပုံရိပ်ယောင်အတွင်းတွင် တစ်စုံတစ်ယောက်၏ မိဖုရားဖြစ်ခဲ့ပြီး ထိုသူထံမှ အခွင့်အရေး ယူခံရသည်ကို စဉ်းစားမိသည်နှင့် ဘယ်လိုပဲ တာအိုနှလုံးသားကို ပိုင်ဆိုင်ထားပါစေ၊ အရှက်တရားနှင့် ဒေါသ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။ တရားခံကို အပိုင်းပိုင်းသာ စုတ်ဖြဲချင်မိတော့၏။

သူမ ပတ်ဝန်းကျင်ကို အေးစက်စွာ လှည့်ပတ်ရှာဖွေလိုက်သည်။ သို့သော်ငြား ထိုက်ရွှမ်း သန့်စင်နယ်မြေက တာအိုသားတော်၏ အရိပ်အယောင်ကိုတောင်မှ မတွေ့ရတော့ချေ။ ထိုအစား ပုံရိပ်ယောင်ထဲ ပိတ်မိနေသည့် သူမ၏ ချစ်လှစွာသော တပည့်ကိုသာ တွေ့လိုက်ရ၏။

ဟူး

ပြင်းထန်သော ခံစားချက်များကို အတင်းအကြပ် တည်ငြိမ်စေလိုက်ပြီးမှ ရှောင်ရွှမ်ကျိ လက်ဖျောက်တချက်ကို ပေါ့ပါးစွာ တီးလိုက်သည်။ လက်ဖျားမှအရင်းခံကာ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းသည် သူတော်စင်မ၏ မျက်ခုံးဆက်ကြားသို့ ဝင်ရောက်သွား၏။

နောက်တစက္ကန့်မှာပဲ ရှောင်ယွဲ့နင်၏ နူးညံ့သောခန္ဓာကိုယ်က တုန်ယင်သွားကာ အိပ်မက်မှ နိုးထလာသည့်နှယ် ခပ်ဖြည်းဖြည်း ညည်းညူသံပေးရင်း သတိဝင်လာတော့သည်။

“ဘာတွေဖြစ်သွားတာလဲ”

သူမသည် မူလက ရှုပ်ထွေးနေသော်ငြား နောက်တစက္ကန့်မှာပဲ မျက်နှာတစ်ခုလုံး သေလောက်အောင် ဖြူဖွေးသွားရင်း အံ့သြတကြီး မေးလိုက်သည်။

“အခုတင်.....အခုတင် ပုံရိပ်ယောင်ထဲမှာ တပည့် အဲ့လိုကိစ္စကို လုပ်ခဲ့မိတာလား”

​ရှောင်ယွဲ့နင်၏ လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာတော့သည်။ ပုံရိပ်ယောင်အတွင်းက ကိစ္စများကို စဥ်းစားနေရင်း သူမ၏ မျက်လုံးက ပြူးသထက်ပြူးလာတော့၏။

သူတော်စင်မ တစ်ဦးဖြစ်သောသူမသည် ယောင်္ကျားတစ်ယောက်ကို ချီးမြှောက်ရင်း ထိုသူ၏ လက်မောင်းအတွင်းသို့ စိတ်လိုလက်ရ တိုးဝင်ခဲ့ရုံတင်သာမက သူမ၏ ဆရာသခင်နှင့်ပါ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့သေးသည်။ သူမ၏မျက်နှာသည် ရစရာမရှိတော့ချေ။

ထိုကိစ္စရပ်သာ ကျင့်ကြံရေးလောကတစ်ခုလုံးကို ပျံ့နှံ့သွားပြီး လင်လုံ သန့်စင်နယ်မြေကို အရှက်ရစေခဲ့လျှင်.. ဆိုသော အတွေးကြောင့် ခေါင်းတောင်မဖော်ရဲတော့ပေ။

ထိုအတွေးကြောင့် ရှောင်ယွဲ့နင်၏ နှလုံးသားတစ်ခုလုံး အရှက်တရားများနှင့် ပြည့်နှက်နေခဲ့သည်။ နီရဲနေသော မျက်နှာနှင့် မြေပြင်ပေါ်ဒူးထောက်ချလိုက်ပြီး အံကြိတ်ကာပြောလိုက်လေ၏။

“ဆရာ၊ ဒီတပည့်က ဒီကမ္ဘာကြီးပေါ်မှာ မရှင်သန်ရဲတော့ပါဘူး။ ဒီတပည့်ကိုသေဖို့ အမိန့်ပေးလိုက်ပါ”

“ယွဲ့နင်၊ တပည့် ရူးသွားပြီလား”

ရှောင်ရွှမ်ကျိ ပြောင်းလဲသွားသော မျက်နှာထားနှင့် ချက်ချင်း အရှေ့တိုးကာ တားမြစ်လိုက်သည်။

“ဒါတပည့်ရဲ့ အမှားမဟုတ်ဘူး။ ပုံရိပ်ယောင် ကြယ်သစ်သီးရဲ့ အစွမ်းက အရမ်းကို လွှမ်းမိုးနိုင်စွမ်း မြင့်လွန်းနေခဲ့တာမို့ ဆရာတောင် မခံနိုင်ခဲ့တာ.. တပည့်က ဘယ်လိုလုပ်ရမှာလဲ”

ထို့နောက်တွင် သူမ၏ လှပသော မျက်လုံးများက ကျဉ်းမြောင်းသွားရင်း အေးစက်မှုတစ်ချို့ ဖြတ်ပြေးသွား၏။

“အဲ့ကောင်စုတ်ရဲ့ ပုံရိပ်ယောင်ကြယ်သစ်သီးက နှစ်တစ်သောင်းသက်တမ်းရ အပင်က ဖြစ်နိုင်တယ်။ ဒါကြောင့် ဆရာတောင် ရှုတ်ထွေးသွားပြီး အမှားကြီးကျူးလွန်မိခဲ့တယ်။ ကံကောင်းလို့ အဲ့ကောင်စုတ်က ပုံရိပ်ယောင်ထဲ မသင့်တော်တာတော့ မလုပ်ခဲ့ဘူး။ မဟုတ်လို့ကတော့ သန့်စင်နယ်မြေ နှစ်ခုကြား စစ်ပွဲစရရင်တောင် ဆရာအဲ့ကောင်ကို သတ်ပစ်မယ်”

ရှောင်ယွဲ့နင် အနည်းငယ် စိတ်သက်သာသွားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်မှာပဲ သူမ၏ လှပသော မျက်လုံးက အနည်းငယ် ယောက်ယက်ခတ်သွားရင်း မုန်းတီးမှုတစ်ချို့ ပါဝင်ဆဲဖြစ်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ဆရာ၊ ချီယွမ်က မရည်ရွယ်ဘဲ လုပ်ခဲ့တာဖြစ်နိုင်ပါတယ်။ သူ့ရဲ့ရိုးသားမှုကို သက်သေပြချင်ပြီး ကြံမိကြံရာလုပ်ခဲ့တာမျိုးပဲ။ တပည့်တို့ ဘယ်လို ဆက်လုပ်ကြတော့မလဲ”

“ယွဲ့နင်၊ တပည့်က ငယ်ပါသေးတယ်။ လူဆိုတာ လွယ်လွယ်ယုံလို့မရဘူး”

ရှောင်ရွှမ်ကျိက တည်ငြိမ်ကာ ခန့်မှန်း၍မရနိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟိုကောင်စုတ်က မရည်ရွယ်ရင်တောင်မှ ဒီကိစ္စကို လုံခြုံစွာ ထိန်းသိမ်းပေးမယ်လို့ အာမခံနိုင်လို့လား။ ဒါကိုအသုံးချပြီး ဆရာတို့ လင်လုံသန့်စင်နယ်မြေကို ခြိမ်းခြောက်လာရင်ရော။ ဆရာတို့ဘက်က အကောင်းဆုံးဖြေရှင်းထားရမယ်။ မသတ်ပစ်ရင်တောင်မှ ပြဿနာမတက်အောင်လို့ မှတ်ဉာဏ်ဖျောက်ပစ်လိုက်တာ အကောင်းဆုံးပဲ”

“ အဲ့ကောင်လေးလဲ ပုံရိပ်ယောင်ထဲ ကျထားတယ်ဆိုတော့ ဘယ်လိုဆိုဆို ဆရာ့ထက် စောပြီးနိုးထလာစရာ အကြောင်းမရှိဘူး။ ဒီနားမှာမရှိတာက ပုံရိပ်ယောင်ထဲ လမ်းပျောက်နေလို့ ဖြစ်နိုင်တယ်”

ရှောင်ရွှမ်ကျိက ချက်ချင်းပဲ လွတ်မြောက်အစွမ်းဖြင့် ကောင်းကင်ပေါ် ပျံတက်သွားလိုက်သည်။

“သွားမယ်။ အဲ့ကောင်ကို သွားရှာကြရအောင်။ သူ့ကိုသာလွှတ်ပေးလိုက်မိလို့ကတော့ ဆရာ့ရဲ့ အမုန်းတွေကို ဖြေဖျောက်နိုင်မှာ မဟုတ်တော့ဘူး”

“ဆရာ....”

ရှောင်ယွဲ့နင် ပါးစပ်ဟလိုက်ကာ တစ်ခုခုပြောဖို့ ပြင်လိုက်သော်ငြား အဆုံးမှာတော့ ဘာမှပြောမထွက်ခဲ့ပဲ ဆရာဖြစ်သူ၏ နောက်ကိုသာ လိုက်သွားခဲ့သည်။

တစ်ဖက်ရှိ ချီယွမ်သည်လည်း အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေခဲ့သည်။ ထိုအချိန်မှာပဲ ကောင်းကင်တစ်ခွင်လုံးကို ဖြန့်ကျက်ထားသလို ကြီးမားသည့် မဟာသစ်ပင်ကြီးတစ်ပင်အား မြင်တွေ့လိုက်ရ၏။

အဝေးမှကြည့်လျှင် ထိုဧရာမသစ်ပင်ကြီးသည် ကောင်းကင်အား ထောက်ပံ့နေသော ထောက်တိုင်တစ်ခုနှင့် ဆင်တူသည်။ သစ်ပင်၏အမြစ်များက ခွေခေါက်နေသော နဂါးများနှယ် ထူထဲပြီး ပင်စည်က မီတာသောင်းချီ မြင့်မားသည်။ အကိုင်းအခက်နှင့် အရွက်စိပ်စိပ်များက ကောင်းကင် တစ်ဝက်လောက်ကို လွှမ်းမိုးထားလေ၏။

“ဒါက… ထူးခြားကောင်းမွန်တဲ့ ရှေးသစ်ပင်ပဲ”

ချီယွမ်တစ်​ယောက် မျက်လုံးများ တောက်ပသွားတော့သည်။ ရှေးအခါတည်းက မွေးဖွားလာသော ထိုရှေးသစ်ပင်သည် ထူးခြားကောင်းကင်ရှေးသစ်ပင်အဖြစ် ကျော်ကြားပြီး ထူးခြားကောင်းကင်သန့်စင်နယ်မြေ ကတောင်မှ ထိုသစ်ပင်ကို အစွဲပြုကာ နာမည်ပေးထားခြင်း ဖြစ်သည်။

ထူးခြားကောင်းကင် ရှေးသစ်ပင်သည် ဖီးနစ်ငှက်နားခိုရာ နေရာဖြစ်သည့်အတွက် ရှေးနတ်သားရဲ၏ သဘာဝနှင့် တစ်ကယ်ကို ကိုက်ညီပါ၏။

( ချန်းဖေးဟွမ်....ချန်းဟွမ်.....)

-T/N: ချန်ဟွမ်းဆိုတာ ဒဏ္ဍာရီထဲက ရှေးနတ်သားရဲမျိုးပဲ။ သူက မြေခွေးနဲ့ဆင်တယ်။ အဖြူရောင်ကိုမှ အမြှီးအရှည်ကြီးနဲ့ ကျောပေါ်မှာ ဆူးချွန်တွေရှိတယ်၊ ပျံလည်းပျံနိုင်တယ်။ သက်တမ်းတိုးပေးနိုင်တဲ့ အစွမ်းရှိတယ်။

သံသများကို အတည်ပြုနိုင်သွားသည့်အတွက် ချီယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူ၏ ခန့်မှန်းချက်အရဆိုလျှင် လင်လုံသန့်စင်နယ်မြေ၏ မဟာဘိုးဘေး ချန်ဖေးဟွမ်က အကြီးအကဲရှီ ရှာဖွေနေသော နတ်သားရဲပဲ။

လက်ရှိအခြေအနေက ကြီးမားသော အလောင်းအစားတစ်ခု ဖြစ်လာခဲ့လေပြီ။ သူသာ အနိုင်ခဲ့ရလျှင် အလွန်ကြီးမားသော အကျိုးကျေးဇူး ရနိုင်ပါသော်ငြား ကျရှုံးခဲ့ပါက လွတ်မြောက်နိုင်မည့် အခွင့်အရေးပါ ပျက်ဆီးရကာ အသက်အန္တာရယ်ကျနိုင်သည်။

(အေးလေ၊ ဘာလို့စမ်းမကြည့်ရမှာလဲ။ နိုင်မလား ရှုံးမလားက အချိန်တန်ရင် သိရမှာပေါ့)

သစ်ပင်အနီးသို့ ချီယွမ်ရောက်လာသည်နှင့် အရောင်စုံသော ဝတ်စုံအားဝတ်ဆင်ထားသော အမျိုးသမီးတပည့်နှစ်ဦး ရုတ်ချည်း ပေါ်လာခဲ့သည်။ သူမတို့က ဝင်ပေါက်ကို ပိတ်ကာလိုက်ရင်း သတိအနေအထားဖြင့် မေးခွန်းထုတ်လာ၏။

“ဘယ်သူလဲ။ ဒီနေရာက မဟာဘိုးဘေးဖေးဟွမ် ကျင့်ကြံနေထိုင်တဲ့နေရာပဲ။ အပြင်လူတွေ ဝင်ခွင့်မပြုဘူး”

အမျိုးသားကျင့်ကြံသူတစ်ဦးမှ မမြင်ရတာ ကြာမြင့်လွန်းသော လင်လုံသန့်စင်နယ်မြေ၏ အဓိကအကျဆုံးနေရာတွင် ချီယွမ်၏ ရုတ်တရက်ရောက်လာမှုကို အစောင့်နှစ်ယောက်လုံး အနည်းငယ် အံ့သြနေကြသည်။

“နှုတ်ဆက်ပါတယ်”

ချီယွမ် ချက်ချင်းပဲ အင်္ကျီအတွင်းမှ တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

“ကျွန်‌တော်က ထိုက်ရွှမ်း သန့်စင်နယ်‌မြေရဲ့တာအိုသားတော် ချီယွမ်ပါ။ မဟာဘိုးဘေးကို နှုတ်ဆက်ချင်လို့ ရောက်လာခဲ့တာပါ။ လင်လုံသန့်စင်နယ်​မြေရဲ့ သူတော်စင်မလေးဆီမှာလဲ ခွင့်တောင်းပြီးပါပြီ။ ဒါကသူမရဲ့ တံဆိပ်ပြားပါ။ အမတို့စစ်ဆေးကြည့်လို့ ရပါတယ်”

“ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ဟုတ်လား”

ချီယွမ်၏ စကားကြောင့် စောင့်ကြပ်နေသော တပည့်နှစ်ယောက်လုံး အနည်းငယ် အံ့အားသင့်သွားပြီး ကျောက်စိမ်းပြားကိုယူကာ အသေးစိတ် စစ်ဆေးလိုက်သည်။ သူတော်စင်မ ရှောင်ယွဲ့နင် ပိုင်ဆိုင်‌သော တံဆိပ်ပြားမှန်း အတည်ပြုပြီးသည်နှင့် နှစ်ယောက်လုံး၏ မျက်နှာထားက အနည်းငယ် သက်သာသွားခဲ့သည်။

“တာအိုသားတော်ချီ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ မဟာဘိုးဘေးကို သွားပြီး တင်ပြလိုက်ပ့ါမယ်”

“ခဏလေး”

ချီယွမ် ချက်ချင်းပဲ သိုလှောင်လက်စွပ်အတွင်းမှ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော် ပိုင်ဆိုင်သော တံဆိပ်ပြားကိုထုတ်ယူကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဒါက ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် တံဆိပ်ပြားပါ။ ဒါကိုမြင်ရင် မဘာဘိုးဘေး အတည်ပြုနိုင်ပါလိမ့်မယ်”

ပြောပြီးသည်နှင့် ချီယွမ်သည် တံဆိပ်ပြားထဲသို့ ကောင်းကင်တာအို အရှိန်အဝါအနည်းငယ်အား သိပ်မွေ့စွာထည့်သွင်းလိုက်ရင်း သေးငယ်သော ချိတ်ပိတ်စည်းနှင့် ပိတ်သိမ်းလိုက်သည်။ တံဆိပ်ပြားကိုတစ်ချက်မျှကြည့်လိုက်ရုံဖြင့် ချန်းဖေးဟွမ်၏ စူးရှသော မျက်လုံးများက မှတ်မိလိမ့်မည်ဟု ချီယွမ်ယုံကြည်ပါသည်။

နတ်သားရဲများအတွက် ကောင်းကင်တာအို အရှိန်အဝါသည် အလွန်ကဲကဲဆက်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်လေ။

အစောင့်နှစ်ယောက်လုံး အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူမတို့၏ ပုံစံက ပိုမိုစိတ်သက်သာရာရသွားဟန်ပင်။

“ဒီလိုဆိုမှတော့ ကျွန်မတို့ ယူသွားပေးပါ့မယ်”

ခဏမျှ ကြာပြီးနောက်တွင် ကြည်ရှင်းကာ သာယာသော မိန်းကလေးအသံတစ်ခုကို ထူးခြားကောင်းကင် ရှေးသစ်ပင်အတွင်းကနေ ကြားလိုက်ရသည်။

“ဝင်ခွင့်ပေးလိုက်”

All Chapters