တစ်ကယ်တော့ ကျွန်တော် လက်ခံခွင့်လာတောင်းတာပါဗျ
Vol. 13 Ch. 123
ခြံဝန်းအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ရိုးရှင်းသော ပြင်ဆင်မှုကို မြင်တွေ့လိုက်ရသည်။ ကြီးမားသောပင်စည်၏ ဘေးတွင် ထိုင်ခုံငယ်တစ်ခုကိုသာ ရိုးရှင်းစွာ ချထားပြီး တစ်ခြားအရာမတွေ့ရချေ။
ထိုထိုင်ခုံပေါ်တွင် အသက်ဆယ့်ငါးနှစ်အရွယ်နီးပါး ရှိသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့် မိန်းမငယ်တစ်ယောက် ခြေချိတ်ကာ တရားကျင့်ကြံနေသည်။ သူမ၏ အသားအရေက နှင်းလို ဖြူဖွေးကာ လှပသောမျက်နှာနှင့် ကျော့ရှင်းသန့်စင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ရှည်လျားပြီး ကျဉ်းမြောင်းသော ဗာဒံစေ့မျက်လုံးများက နက်ရှိုင်းနေကာ ရွှေရောင်နှင့်အနီစပ်ထားသော အလင်းက သူမ၏ ပတ်ပတ်လည်တွင် သိမ်မွေ့စွာ ဖြာကျနေသည်။ ကောင်းမွန်သော အရှိန်အဝါကြောင့် သူမထံမှ တက်ကြွသော အသက်စွမ်းအင်ကို ခံစားရ၏။
နေရာတွင် ရပ်ကြည့်နေရုံဖြင့် ချီယွမ်၏ နှလုံးသားသည် သက်သာမှုကို ခံစားလိုက်ရပြီး သတိထားနေမှုများ အားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
ထိုအချိန်မှာပဲ သူမ၏ မျက်လုံးက ခပ်ဖြည်းဖြည်း ပွင့်လာခဲ့ပြီး အရှေ့ကချီယွမ်ကို ဝေဝါးစွာ ကြည့်လိုက်သည်။
စိုက်ကြည့်ခံရခြင်းကြောင့် ချီယွမ်ပင် စိတ်လှုပ်ရှားလာတော့၏။ ထိုအချိန်မှာပဲ အကြီးအကဲရှီ သင်ပေးလိုက်သော အမိန့်ပေးမန္တာန်က အသုံးမဝင်မှန်း ချီယွမ် ရိပ်စားမိလိုက်တော့သည်။
ဤခြံဝန်းအတွင်းသို့ ဝင်ရောက်လာကတည်းက အကြီးအကဲရှီ သင်ပေးလိုက်သော အမိန့်ပေးမန္တာန်ကို ဆက်တိုက်ရွတ်ဆိုနေပါသော်ငြား မျက်စိရှေ့က ချန်းဖေးဟွမ်သည် တုတ်တုတ်တောင် မလှုပ်သေးချေ။
(သေစမ်း။ ဟိုအဖိုးကြီး ငါ့ကိုလိမ်ပြန်ပြီ။)
တစ်ဆတ်တည်းမှာပဲ အကြီးအကဲရှီ၏ ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သော စကားလုံးများကို ပြန်မြင်ယောင်သွားလေရဲ့။
ချန်ဟွမ်းနဲ့တွေ့ရင် အမိန့်ပေးမန္တာန်ကို စိတ်ထဲကရွတ်လိုက်။ အဲ့သားရဲက မင်းကို အန္တာရယ်လေး နည်းနည်းတောင် မပေးစေရဘူး……
အမှန်စင်စစ် ထိုစကားလုံးများကို ချီယွမ် ယုံကြည်ခဲ့ပါသည်။ ထိုစကားများအပေါ် အားကိုးပြီး အလောင်းအစားအကြီးကြီးပါ လုပ်မိနောက်မှာတော့ အမှန်တရားက…..
(ခင်ဗျား..လူလိမ်ကောင်)
ချီယွမ်တစ်ယောက် ဒေါသကြောင့် သွေးအန်ထွက်ချင်စိတ်များကို အတင်းအကြပ် ဖိနှိပ်လိုက်ရင်း ဘာကိုမှဂရုမစိုက်ဟန်ဆောင်လိုက်ကာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။
"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် ချီယွမ်က မဟာဘိုးဘေး ဖေးဟွမ်ကို နှုတ်ဆက်ပါတယ်။"
ဤအရေးပါသော အခြေအနေတွင် သူ့၏ နောက်ခံ အစစ်အမှန်အား ဖော်ထုတ်ပြသမှ ဖြစ်လိမ့်မည်။ မဟုတ်လို့ တစ်ဖက်သူထံမှ သေမိန့်ပေးလိုက်လျှင် အရှက်တကွဲ အကျိုးနည်းဖြင့် သေဆုံးရလိမ့်မည်ပင်။
အကြီးအကဲရှီ သင်ပေးထားသော အမိန့်ပေးမန္တာန်ကတော့...ဤနေရာတွင် ဆက်လက်ရွတ်ဆိုနေပါက သူ၏ တုံးအမှုကိုသာ သက်သေပြနေမည်သာ။
မဟာယနနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိသော ကျင့်ကြံသူထံမှ အသတ်မခံရအောင် ကာကွယ်နိုင်မည့် တစ်ခုတည်းသော လက်နက်က အမိန့်ပေးမန္တာန် ဆိုသည့်အတွက် သူ၏ ကြီးမားလှသော ကံဆိုးမှုကိုသာ ချီယွမ် အပြစ်တင်လိုက်တော့သည်။
ချီယွမ်တစ်ယောက် တိတ်တဆိတ် ကျိန်ဆိုလိုက်တော့၏။
(ငါဒီနေရာကနေ ထွက်သွားနိုင်လို့ကတော့ သေချာပေါက် ပြန်သွားပြီးတော့ အဲ့ဒီ့ရှီမျိုးရိုး အဖိုးကြီးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။ ပြီးတာနဲ့ အဲ့ဒီ့အဖိုးကြီးရှိနေတဲ့ လက်စွပ်ကို ဆွဲလုပြီးတော့ အက်ဆစ်ရည်ထဲမှာ နှစ်သုံးထောင်လောက် နှစ်ထားပစ်အုန်းမယ်။)
သို့သော် လက်ရှိအခြေအနေမှ လွတ်မြောက်ဖို့ လိုပါသေး၏။
ဖြေရှင်းချက်ရဖို့အတွက် ချီယွမ်တစ်ယောက် သူ၏ ဦးနှောက်ကို အသည်းအသန် အလုပ်ပေးနေစဉ်မှာပဲ ထိုကောင်မလေး၏ နှုတ်ခမ်းက အနည်းငယ် တင်းကြပ်သွားကာ ကြည်ရှင်းပြီး သံစဉ်ကဲ့သို့ ချိုမြသော သာယာနာပျော်ဖွယ်အသံကို ကြားလိုက်ရသည်။
"ချီယွမ် မင်းအပေါ်မှာ ကောင်းကင်တာအိုအစွမ်း အနည်းငယ်ကို ငါ ခံစားလိုက်ရတယ်။ ဘယ်လိုလုပ်ရလာခဲ့တာလဲ။"
ထိုမေးခွန်းကြောင့် ချီယွမ်သည် အများကြီးမစဉ်းစားတော့ဘဲ လျင်မြန်စွာ ရှင်းပြလိုက်၏။
"မဟာဘိုးဘေးကို တင်ပြပါတယ်။ ဒီတာအိုသားတော်က နှစ်တစ်သောင်းသက်တမ်းရှိတဲ့ အပင် ဝိညာဉ်အိုကို ကယ်တင်ခဲ့မိပြီး ကောင်းကင်တာအို ချီစွမ်းအင် အနည်းငယ်ကို ရရှိခဲ့တာပါ။"
"အော် ငါသိပြီ။"
ထိုကောင်မလေးက ခေါင်းငြိမ့်လိုက်ပြီး သူမ၏ အသံကလည်း ညင်သာသွား၏။
"ကောင်းကင်တာအို ချီစွမ်းအင်ကို ရတယ်ဆိုကတည်းက မင်းရဲ့ စိတ်ထားကောင်းကို သက်သေပြလိုက်တာပဲ။ အနာဂတ်မှာလည်း ကောင်းမွန်တဲ့ ဆုလာဒ်တွေ အများကြီးကို ရရှိအုန်းမှာပါ။ မင်းရဲ့ အနာဂတ်က အဆုံးအစ မရှိဘူးပဲ။"
အကြောင်းအရင်းမသိ သူမသည် ထိုဆန်းကြယ်သော သူစိမ်းတစ်ယောက်အား အနည်းငယ် နှစ်ခြိုက်သလိုမျိုး ခံစားနေရ၏။ ထိုသို့မဟုတ်လျှင် မသိသော သူစိမ်းကျင့်ကြံသူတစ်ဦးကို သူမ၏ နေရာသို့ လာရောက် ဂါရဝပြုဖို့ ခွင့်ပြုမည်မဟုတ်ချေ။
ကောင်းကင်တာအိုချီစွမ်းအင်ကို ရရှိထားသည့်အတွက် ထိုကောင်လေး၏ နှလုံးသားသည် သန့်စင်ကာ မကောင်းသော လူတစ်ဦးမဟုတ်မှန်းသိနိုင်ပါသည်။
တစ်ဖက်သူ၏ စကားလုံးများအတွင်းမှ ကောင်းမွန်သော အရိပ်အငွေ့ကို ခံစားမိ၍ ချီယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ကောင်းကင်တာအို အရှိန်အဝါသည် ချန်းဖေးဟွမ်ကို အနည်းငယ်အမြင်ကြည်စေအောင် ဆောင်ရွက်ပေးနိုင်ဟန်ပင်။
ထို့အပြင် စနစ်ထံမှ ရထားသော လူသားမဟုတ်သည့် ဝိညာဉ်တိုင်းထံမှ ချစ်ခင်စေသည့် ပင်ကိုစွမ်းရည်ကြောင့် ထိုချန်းဖေးဟွမ်ဆိုသော ဘိုးဘေးသည် နတ်သားရဲ ချန်းဟွမ်မှန်း ချီယွမ်တစ်ယောက် လုံးဝအတည်ပြုနိုင်သွား၏။
သို့သော်ငြား ချီယွမ်သည် အပြင်ဘက်တွင် တည်ငြိမ်အောင် ဟန်ဆောင်ထားရင်း နိမ့်ချစွာဖြင့် ပြောလိုက်၏။
"မဟာဘိုးဘေးက ကျွန်တော့်ကို ချီးကျူးနေပါပြီ။ ကျွန်တော်က သေးငယ်တဲ့ စွမ်းဆောင်မှုတစ်ခုကိုပဲ လုပ်ခဲ့တာမလို့ ဒီကိစ္စနဲ့ မောက်မာပြီးတော့ ချီးကျူးမှုကို မခံယူရဲပါဘူး။ ကျွန်တော် အခုလိုမျိုး အသိမပေးဘဲ ရောက်လာတာက တစ်ကယ်ကို ရိုင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် မဟာဘိုးဘေး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။"
ချီယွမ်သည် သူ့၏ လက်ရှိ အခြေအနေအား ကောင်းမွန်စွာ နားလည်ပါ၏။ ကောင်းကင်တာအိုချီစွမ်းအင်သည် စနစ်ထံမှ လက်ဆောင်ပေးခဲ့ခြင်းသာ ဖြစ်ပြီး ကောင်းကင်၏ လက်ခံသဘောတူမှုနှင့် အနည်းငယ်သော်မျှ မသက်ဆိုင်ပါချေ။
ဝိညာဉ်သန္ဓေတည် နယ်ပယ် အဆင့်သို့ အဆင့်တက်စဉ်က ကောင်းကင်မိုးကြိုးကို မလိုအပ်ပါဘဲ နှစ်ကြိမ်မျှ ခံယူခဲ့ရသည့် အကြောင်းအား တွေးလိုက်ရုံဖြင့် ကောင်းကင်ဘုံသည် သူ့အပေါ်တွင် အမြင်ကောင်းမရှိမှန်း ချီယွမ်နားလည်ထား၏။
"ဒီလိုတွေးတဲ့လူက တော်တော်လေး ရှားတာကို…”
ဖေးဟွမ်က ရယ်မောကာ ခေါင်းညိမ့်လိုက်ရင်း ထိုကိစ္စကို ဆက်လက်မပြောဆိုတော့ဘဲ ထိုအစား မေးလိုက်၏။
"ပြောပါအုန်း၊ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။"
ထိုစကားကြောင့် ချီယွမ်တစ်ယောက် နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။ သင့်တော်သော ဖြေရှင်းချက်ကိုသာ မပေးနိုင်ပါက ဤနေရာမှာတွင် သံသယအဝင်ခံရမည် ဆိုတာကို နားလည်ပါ၏။
(ငါပျင်းနေလို့ လင်လုံသန့်စင်နယ်မြေရဲ့ တံဆိပ်ပြားကို ခိုးပြီးတော့ ဒီနေရာကိုရောက်လာတာလို့ ပြောလိုက်ရင်ကောင်းမလား။ ဒါဆိုရင်တော့ အသတ်မခံရလောက်ပါဘူးနော့်။)
(မဟုတ်သေးပါဘူး။ ငါသာ အဲ့လိုသွားပြောလို့ကတော့ မဟာယနနယ်ပယ် နတ်သားရဲ ဆီကနေ အချိန်မရွေး အသတ်ခံလိုက်ရပြီး ငါ့ရဲ့ စိတ်ကောင်းစေတနာ အနည်းငယ်လေးတောင် ပြသခွင့် ရလိုက်မှာ မဟုတ်ဘူး။)
(ဒါဆိုရင်...ဒါဆိုရင် ငါဒီ အခြေအနေကို ဘယ်လိုရှင်းပြရတော့မှာလဲ။)
ချီယွမ်၏ ဦးနှောက်သည် အသည်းအသန် အလုပ်လုပ်နေပြီး သင့်တော်သော ရှင်းပြချက်ကို ပေးနိုင်ဖို့ ကြိုးစားခဲ့သည်။
ထို့နောက်တွင် တစ်ခုခုကို စဉ်းစားမိခဲ့ပြီး ချီယွမ်တစ်ယောက် စိတ်ဝိညာဉ်များ တက်ကျသွားတော့သည်။ ချက်ချင်းဆိုသလို အလွန်ရိုးသားသော မျက်နှာပေးကို ဆင်မြန်းလိုက်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။
"အဟမ်း၊ မဟာဘိုးဘေး၊ တစ်ကယ်တော့ ကျွန်တော်က လက်ထက်ဖို့ တောင်းဆိုချင်လို့ ရောက်လာတာပါ။"
(လက်ထက်ဖို့ တောင်းဆိုချက် ဟုတ်လား။)
ချန်းဖေးဟွမ် အံ့ဩသွား၏။ သူမသည် ချီယွမ်အား ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်ကာ မျက်လုံးအတွင်း၌လည်း ရှုပ်ထွေးမှုများ ဝင်ရောက်လာတော့သည်။
"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာရှိတဲ့ တာအိုသားတော်က လင်လုံသန့်စင်နယ်မြေရဲ့ မဟာဘိုးဘေး ငါ့ထံကို လာပြီးတော့ လက်ထက်ဖို့ တောင်းဆိုနေတာလား။"
ချီယွမ် ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်ရင်း ရိုးသားစွာ ပြောလိုက်သည်။
"အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်က သူတော်စင်မလေး နတ်သမီးရှောင်နဲ့ တော်တော်လေးရင်းနှီးပါတယ်။ သူမကိုတွေ့လိုက်တဲ့ အချိန်ကတည်းက သူမရဲ့ တုနှိုင်းမမှီတဲ့ အလှတရားမှာ ကျွန်တော်ကျရှုံးသွားခဲ့တာပါ။"
"သိပ်မကြာခင်တုန်းကပဲ သူတော်စင်မလေးက ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကို မြှုပ်နှံဖို့အတွက် လင်လုံ သန့်စင်နယ်မြေမှာ ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခု ရှာပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ချို့ကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး မတော်တဆနဲ့ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ အပင်ဝိညာဉ်ကနေ ဆင်းသက်လာတဲ့ ပုံရိပ်တစ်သောင်း ကြယ်သစ်သီးရဲ့ ပုံရိပ်ယောင်အောက်မှာ ပိတ်မိသွားခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ရှောင်ကိုပါ ဆွဲခေါ်ခဲ့မိတယ်။"
"အဲ့ဒီ့ ပုံရိပ်ယောင်က အရမ်းကိုမသင့်တော့လွန်းတဲ့ အတွက် ကျွန်တော် ပုံရိပ်ယောင်ထဲမှာ မပြုမူသင့်တဲ့ ကိစ္စတစ်ချို့ကို ပြုမူခဲ့မိတယ်။ ကြီးလေးတဲ့ပြစ်မှုတွေကို မကြူးလွန်ခဲ့ရသေးဘူး ဆိုပေမယ့် နတ်သမီးရှောင်ရဲ့ ဂုဏ်သတင်းကို ထိပါးစေခဲ့ပါတယ်။ ပုံရိပ်ယောင်ကနေ လွတ်မြောက်လာတာနဲ့ ကျွန်တော့်ရဲ့ နှလုံးသားက သည်းထန်စွာ နာကျင်ခဲ့ရတယ်။ နတ်သမီးရှောင်ရဲ့ ကြင်နာမှုကို ကျွန်တော်ရင်ဆိုင်ဖို့ မျက်နှာ မရှိတော့ပါဘူး။ ဒါပေမယ့် ယောင်္ကျားတစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ အမှားအတွက် တာဝန်ယူမှဖြစ်မယ်။ ဒါ့ကြောင့် ကျွန်တော် ဒီနေရာကို အရဲစွန့်ရောက်လာပြီးတော့ နတ်သမီးရှောင်နဲ့ လက်ထက်ခွင့် ရဖို့အတွက် တောင်းဆိုရတာပါ။ မဟာဘိုးဘေးရဲ့ ခွင့်ပြုမှုကို ကျွန်တော် ရဲတင်းစွာ တောင်းဆိုပါတယ်။"
ထိုစကားကြောင့် ချန်းဖေးဟွမ် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
(ဒီနေ့ခေတ်ရဲ့ လူငယ်တွေက အချစ်ရေးကိစ္စမှာ ဒီလိုမျိုး ရဲတင်းကြတာပဲလား။)
(ဒီကောင်လေးက လင်လုံသန့်စင်နယ်မြေရဲ့ မဟာဘိုးဘေးဖြစ်တဲ့ ငါ့အရှေ့ကို လာပြီးတော့ သန့်စင်နယ်မြေရဲ့ သူတော်စင်မကို လက်ထက်ချင်တယ်လို့ မကြောက်မရွံ့ ပြောရဲတယ်။)
အကြောင်းအရင်းမသိ ချန်းဖေးဟွမ်သည် မျက်စိရှေ့ရှိ ချစ်ခြင်းအတွက် အရဲစွန့်ကာ ကြိုးစားရဲသော ကောင်လေးအတွက် အနည်းငယ် ရင်ထဲထိသွားခဲ့သည်။
ထို့နောက်တွင် သူမသည် နောက်ထပ် အရေးကြီးသော အချက်အား စဉ်းစားမိသွားပြီး ချက်ချင်းပင် မျက်မှောင်ကျုံ့သွားလေ၏။
"တာအိုသားတော်ချီ"
ချန်ဖေးဟွမ်သည် နူးညံ့စွာ သက်ပြင်းချလိုက်ရင်း အနည်းငယ် ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။
"လင်လုံသန့်စင်နယ်မြေရဲ့ စည်းကမ်းအရ သန့်စင်နယ်မြေရဲ့ သူတော်စင်မက အပြင်လူနဲ့ လက်ထက်လို့မရဘူး။ ပြီးတော့ ဒီကိစ္စက မင်းတစ်ယောက်တည်း စိတ်ကူးယဉ်တဲ့ကိစ္စလို့ ပြောလို့ရတယ်။ မင်း သူတော်စင်မဆီကနေ ခွင့်ပြုချက်မတောင်းရသေးဘူးမလား။ ငါသဘောမတူနိုင်ဘူး။"
(ဒါပေါ့ ဒါပေါ့ ဒါပေါ့)
ထိုအရာက ချီယွမ်ကြားချင်နေသော အရာပင်။ ချန်းဟွမ်သည် ရှေးခေတ် အခါကတည်းက တည်ရှိခဲ့သော သန့်စင်သည့် နတ်သားရဲ ဖြစ်သည့် အတွက် သစ္စာရှိသော ဆက်ဆံရေးကို ကြိုက်နှစ်သက်သည်။ လွန်ခဲ့တဲ့ နှစ်များစွာက ပေါင်းစည်းပျော်ရွှင်ခြင်းဂိုဏ်းအား ထိန်းကျောင်းပေးခဲ့သော လင်လုံသန့်စင်နယ်မြေ၏ မဟာဘိုးဘေးကလည်း ချန်းဟွမ်ပင်။ ထို့ကြောင့် အကယ်၍ သူသာ ရှောင်ယွဲ့နင် နှင့် နက်ရှိုင်းစွာ ချစ်နေသကဲ့သို့ ဟန်ဆောင်လိုက်ပါက အပြစ်ပေး မခံရရုံတင်သာမက၊ လက်ရှိအခြေအနေမှ ရှင်းပြလို့ ရနိုင်သွားမည်ပင်။
ချန်းဖေးဟွမ်၏ လင်လုံသန့်စင်နယ်မြေ အတွင်းတွင် အလွန်မြင့်မားသော ဂုဏ်ထူးကြောင့် သူ့၏ အခက်အခဲကို စကားလုံး အနည်းငယ်ဖြင့် ဖြေရှင်းလို့ရတော့မည်ဖြစ်သည်။
သို့သော် ချီယွမ်တစ်ယောက် စကားဆက်မပြောရသေးခင်မှာပဲ အပြင်ဘက်မှ လေးစားသော အသံတစ်ခုကို ကြားလိုက်ရသည်။
"မဟာဘိုးဘေးကို တင်ပြပါတယ်။ ဂိုဏ်းခေါင်းဆောင်နဲ့ သူတော်စင်မက တွေ့ဆုံဖို့ ခွင့်တောင်းနေပါတယ်။"
(သူတို့ရောက်လာပြီပဲ။)
ချီယွမ်ထပ်မံ နှလုံးတုန်သွားရင်း သူမတို့ထက် အရင်ဦးဆုံး ရောက်လာရသည့်အတွက် အနည်းငယ် စိတ်သက်သာ သွားခဲ့သည်။
အကယ်၍ သူသာ အနည်းငယ်သော်မျှ နောက်ကျသွားခဲ့ပါက ပိုမိုဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်၏။
(ရှီမျိုးရိုးနဲ့ အဖိုးကြီး ငါနားလည်ပြီ။ ခင်ဗျားက ထိုက်ရွှမ်းသန့်စင်နယ်မြေနဲ့ အတိတ်ဘဝမှာတုန်းက ရန်ညှိုးရှိခဲ့ရမယ်။ ဒါ့ကြောင့် ခင်ဗျားအစား ညစ်ပတ်တဲ့အလုပ်တွေ လုပ်ဖို့အတွက် ကျွန်တော့်ကို ဓားစာခံအဖြစ် အသုံးချခဲ့တာမလား။ ခင်ဗျားစောင့်နေလိုက်စမ်းပါ)