← Chapters

မောလိုက်တာ ငါခဏနားမှရတော့မယ်

Vol. 13 Ch. 124

မောလိုက်တာ ငါခဏနားမှရတော့မယ်

Vol. 13 Ch. 124

ချီယွမ်၏ မြင်ကွင်းထဲသို့ ရင်းနီးသော ပုံရိပ်နှစ်ခု ဝင်ရောက်လာခဲ့သည်။ အဝါဖျော့ရောင် တာအိုဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး နူးညံ့မှုနှင့်ထည်ဝါမှုကို တစ်ပြိုင်နက်ထဲ ခံစားရစေသည့် ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိက အရှေ့မှဦးဆောင်ကာ ဝင်လာ၏။

သူမ၏ဘေး၌ လမင်းလိုဖြူစင်ကာ ပန်းပွင့်လို နူးညံ့သော လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မလေး ရှောင်ယွဲ့နင် လိုက်ပါလာသည်။ ကျောက်စိမ်းလို ဖြူဖွေးသော အသားအရေက မျက်လုံးထဲ ထင်းခနဲဝင်ရောက်လာသည့်အပြင် သူမ လမ်းတစ်လှမ်းလျှောက်လိုက်တိုင်း ပန်းပေါင်းစုံ ယိမ်းနွဲ့နေသည့်နှယ် ပန်းချီကားထဲက နတ်သမီးတစ်ပါးလို ခံစားရစေသည်။

ခြံဝန်းအတွင်းတွင် ရပ်နေသော ချီယွမ့်ကိုမြင်သည်နှင့် ဆရာ တပည့် နှစ်ယောက်လုံး အနည်းငယ် အံ့သြသွားကြသော်လည်း အမြန်ထိန်းချုပ်လိုက်ကြရင်း တပြိုင်နက်ထဲ အရိုအသေပေးလိုက်ကြသည်။

“တပည့် ရှောင်ရွှမ်ကျိနဲ့ ရှောင်ယွဲ့နင်က မဟာဘိုးဘေးကို အရိုအသေပေးပါတယ်။”

“ထကြပါ”

ချန်းဖေးဟွမ် အနည်းငယ်ခေါင်းညိမ့်လိုက်ရင်း ထိုမိန်းကလေးနှစ်ယောက်ကို ယဉ်ကျေးမှုများ ဆက်လက်မပြသဖို့ လက်တစ်ဖက်ယမ်းကာသာ တားမြစ်လိုက်၏။

ခေါင်းမော့ပြီးသည်နှင့် ရှောင်ယွဲ့နင်သည် မျက်စိရှေ့ကအမျိုးသားအား ဗလာဖြစ်နေသော မျက်လုံများဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာထားက အရှက်ရမှုနှင့် မုန်းတီးမှုများ ရောနှောနေကာ စကားပြောချင်ပေမယ့် တွန့်ဆုတ်နေပြီး တစ်ခွန်းမှပြောမထွက်ခဲ့ချေ။

တစ်ဖက်ခြမ်းရှိ လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိတော့ တူညီသော လူသားကိုပဲ အေးစက်စွာ ကြည့်လိုက်ရင်း ခက်ထန်သော လေသံဖြင့်ပြောလိုက်သည်။

“သူခိုးစုတ် ဒီလောက်ပြဿနာအကြီးကြီး ရှာပြီးတာတောင်မှ မဟာဘိုးဘေးရဲ့ ငြိမ်းချမ်းတဲ့ ခြံဝန်းကိုလာပြီး နှောင့်ယှက်ရဲတယ်လား။ ဒီတစ်ခေါက် မင်းမှာဘယ်လိုပဲ သက်သေရှိနေပါစေ၊ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ငါက မင်းဆရာကိုယ်စား အပြစ်ပေးမယ်”

သို့သော် မဟာဘိုးဘေးလည်း ရှိနေခဲ့သလို သူမကိုယ်တိုင်ကလည်း လင်လုံသန့်စင်နယ်မြေကို ကိုယ်စားပြုနိုင်သော ဂိုဏ်းခေါင်းဆောင် ဖြစ်နေသောကြောင့် ဒေါသများကို ဖိနှိပ်လိုက်ရင်း အရင်ခွင့်တောင်းလိုက်လေ၏။

“မဟာဘိုးဘေး၊ ဒါတွေအားလုံးက တပည့်ရဲ့ အမှားပါ။ တပည့် ဂရုမစိုက်မိပြီးတော့ ဒီကောင့်ကို လင်လုံသန့်စင်နယ်မြေအတွင်း လျှောက်သွားခွင့်ပြုခဲ့မိတယ်။ ကျေးဇူးပြုပြီး သူ့ကိုအပြစ်ပေးနိုင်အောင် တပည့်ကို လက်လွှဲပေးနိုင်မလား။ မဟာဘိုးဘေး ကျေနပ်စေလောက်မဲ့ အဖြေမျိုးပေးပါ့မယ်”

“ရပြီ”

ချန်းဖေးဟွမ်က မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း ပုံမှန်လိုလက်တစ်ဖက် ယမ်းကာ ပြုံးလိုက်သည်။

“ဒီနေရာကို ဝင်ပြီး အရိုအသေပေးဖို့ ခွင့်ပြုခဲ့တဲ့သူက ငါကိုယ်တိုင်ပဲ။ ဒီကောင်လေးက ပြဿနာအများကြီးရှာခဲ့တယ်ဆိုမှတော့ ဘာတွေလဲ အသေးစိတ်ပြောပြပါအုံး”

“ဒါက...”

ရှောင်ရွှမ်ကျိ၏ မျက်လုံးများက အနည်းငယ် နက်မှောင်သွားရင်း နှလုံးသားတစ်ခုလုံး စိုးရိမ်မှုများ ပြည့်နှက်သွားတော့သည်။

ပုံရိပ်ယောင်အတွင်းက ကိစ္စရပ်များအားလုံးကိုသာ အသေးစိတ်ပြောပြလိုက်ပါက မဟာဘိုးဘေး၏ နားနှစ်ဖက်ကို အရှက်ရစေမိပြီး အနာဂတ်တွင် မျက်နှာချင်းမဆိုင်နိုင်တော့မှာ စိုးရသည်။ အကယ်၍ မပြောပါကလည်း အမိန့်မနာခံသည့်သဘော သက်ရောက်သွားကာ မဟာဘိုးဘေး၏ ဆိုးရွားသော ဒေါသကို ခံစားရနိုင်သည်။ ထို့ကြောင့် ဝေခွဲရ ခက်နေတော့၏။

ထိုမြင်ကွင်းကြောင့် ချီယွမ်တစ်ယောက် သူ့အချိန်ကျလာပြီမှန်း သဘောပေါက်လိုက်သည်။ ရှောင်ရွှမ်ကျိ၏ တွန့်ဆုတ်နေမှုကို အခွင့်ကောင်းယူလိုက်ရင်း လျင်မြန်စွာရှေ့တိုးလိုက်ကာ စတင်ပြီးပြောဆိုလိုက်၏။

“မဟာဘိုးဘေးကို တင်ပြပါတယ်။ ဒီကိစ္စက တစ်ကယ်တော့ ဒီလိုပါ။ ကျွန်တော့်မှာ လျိုမျိုးရိုး မိတ်ဆွေတစ်ယောက်ရှိခဲ့တယ်...”

“ဒီလိုနဲ့ပဲ ကျွန်တော် သတိပြန်ဝင်လာတဲ့အချိန်မှာ ဒီနေရာကို ရောက်နေခဲ့ပြီ။ လက်ထဲမှာလည်း သူတော်စင်မရဲ့တံဆိပ်ပြား ရှိနေတယ်”

ထို့နောက်တွင် ချီယွမ်သည် ရှောင်ယွဲ့နင် ရှိရာသို့ နူးညံ့စွာဖြင့်လှမ်းကြည့်လိုက်ပြီး ရဲတင်းစွာပြောလိုက်၏။

“ဒါတွေအားလုံးက နားလည်မှုလွဲတာကနေ စခဲ့ရိုးမှန်ပေမဲ့ ကျွန်တော်ချီယွမ်က သစ္စာမရှိ၊ နှလုံးသားမရှိတဲ့သူတစ်ဦး မဟုတ်ပါဘူး။ သူတော်စင်မ ရှောင်ယွဲ့နင်နဲ့ ကျွန်တော့်ကို ခွင့်ပြုပေးဖို့ မဟာဘိုးဘေးကို အရဲစွန့်ပြီး ထပ်တောင်းဆိုချင်ပါတယ်။ မဟာဘိုးဘေးသာ ခွင့်ပြုရင် ကျွန်တော့်ရဲ့ နှလုံးသားတစ်ခုလုံးကို သူမအပေါ်မှာ ပေးဆပ်မှာပါ။ သူမကို.ဘယ်တော့မှ သစ္စာမဖောက်ဘူး”

ချီယွမ်၏ ပြတ်သားသော စကားလုံးများအတွင်းတွင် ကြင်နာမှုများကို အပြည့်အဝ မြင်တွေ့နေရသည်။

ထို့အပြင် အပြစ်အားလုံးကို တစ်ယောက်တည်း ခံယူသွားလေရာ၊ ရိုးသားမှုကို သက်သေပြသလိုဖြစ်သွား၏။ ချီယွမ်၏ သရုပ်ဆောင်မှုက ပြီးပြည့်စုံကာ ချို့ယွင်းချက်မရှိခဲ့ချေ။

(ရိုးသားမှုက အကောင်းဆုံးလက်နက်ဆိုတာ စောက်ရမ်းမှန်တယ်)

(အခု လင်လုံသန့်စင်နယ်မြေဘက်က ငြင်းတာကို ထိုင်စောင့်​နေရုံပဲ။ အဲ့ဒီအချိန်ကျရင် ငါက ကျေကွဲလူငယ်လို ဟန်ဆောင်ပြီး ဝမ်းနည်းပမ်းနည်း ထွက်သွားပေးလိုက်မယ်ကွာ။ အကုန်ငါ့ကို သနားသွားလိမ့်မယ်။ တစ်ခွန်းတောင် အဆဲခံရမှာမဟုတ်ဘူး။ ဘယ်လောက့်ကောင်းတဲ့ ဖြေရှင်းချက်လဲ ဟဟ)

(ပြီးဒီကိစ္စပြီးသွားရင် အဲ့ဆရာတပည့်နှစ်ယောက်လုံးက ငါ့ကို ပလိပ်ရောဂါလို ဟိုးအဝေးကြီး ရှောင်ကြလိမ့်မယ်။ ငါ့ကို ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး)

ချီယွမ်တစ်ယောက် နှုတ်ခမ်းထက်သို့ ဝင်ရောက်လာတော့မည့် အပြုံးများကို အတင်းအကျပ် တားမြစ်လိုက်ရသည်။

ချီယွမ်၏ စကားလုံးကြောင့် အကုန်လုံးမှင်သက်သွားလေ၏။ ရှောင်ရွှမ်ကျိနှင့် သူတော်စင်မကို လိုက်ပို့သော အမျိုးသမီးတပည့်များပင် ဆွံ့အသွားကြကာ ထူးဆန်းသော မျက်နှာထားမျာဖြင့် ချီယွမ်ကို စိုက်ကြည့်လိုက်ကြသည်။

ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ကို ယခုကဲ့သို့ ချစ်ခြင်းတွင် စုံလုံးကန်းနေသူဟု ဘယ်သူမှ မထင်ထားခဲ့ပါချေ။

(ငါတို့လို သာမန် အစောင့်တပည့်တွေအနေနဲ့ ဒီလိုကြီးမားတဲ့ အတင်းတုတ်စရာ ကိစ္စကြီးကို ကြားလိုက်ရတာက အရမ်း အံ့အားသင့်ဖို့ကောင်းတာပဲ)

“တာအိုသားတော်ချီ ရှင်...”

အဓိက ဇာတ်ကောင်ဖြစ်သော ရှောင်ယွဲ့နင်လည်း အလွန်အမင်းရှက်ရွံ့သွားကာ နားနှစ်ဖက်လုံး ချက်ချင်းပင် တောက်လောင် နီရဲလာတော့သည်။ သူမ၏ နှလုံးသားသည် အကြမ်းပတမ်း ခုန်လှုပ်နေ၏။ ချီယွမ်ဘက်မှ အခုလိုမျိုး ရဲတင်းပွင့်လင်းစွာဖြင့် ဆရာသခင်နှင့် မဟာဘိုးဘေးထံတွင် ဝန်ခံလိမ့်မည်ဟု လုံးဝ မထင်ထားပါချေ။

“ဟာသပဲ ဒါဘယ်လို မဖြစ်နိုင်စရာ ကိစ္စလဲ။”

ရှောင်ရွှမ်ကျိ၏ မျက်နှာက ထိတ်လန့်မှုကြောင့် ချက်ချင်းပင် ဖြူဖွေးသွားတော့သည်။ ထို့နောက်တွင် ဒေါသကြောင့် နီရဲလာကာ နောက်ဆုံးတွင် မထိန်းချုပ်နိုင်စွာဖြင့် အေးစက်စွာ အော်ဟစ်လေတော့သည်။

“မင်း သားရဲကောင် ထိုက်ရွှမ်းသန့်စင်‌နယ်မြေရဲ့ ဂုဏ်သိက္ခာရှိလှပါတယ်ဆိုတဲ့ တာအိုသားတော်က ဒီလိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စကို မဟာဘိုးဘေးဆီမှာ ဘယ်လိုပြောရဲတာလဲ။ မင်း အရှက်မရှိဘူးလား”

“ငါ မင်းကို အခုပဲပြောမယ်။ ယွဲ့နင်ကို လက်ထပ်ဖို့ မင်းမှာ အခွင့်အရေးနည်းနည်းတောင် မရှိဘူး။ စဥ်းကိုမစဥ်းစားနဲ့”

သူမ၏ စကားမဆုံးခင်မှာပဲ တစ်ချိန်လုံးတိတ်ဆိတ်စွာ နားထောင်နေခဲ့သော ချန်းဖေးဟွမ်သည် ရုတ်တရက်ထရပ်လိုက်ကာ ချီယွမ်၏ အနီးသို့ ကျက်သရေရှိစွာဖြင့် ချည်းကပ်လိုက်ရင်း နူးညံ့စွာပြောလိုက်သည်။

“ချီယွမ်၊ မင်း သူတော်စင်မကို လက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးနိုင်တယ်။”

ထို့နောက်တွင် သူမ၏ အကြည့်က ရှောင်ယွဲ့နင်ထံသို့ ခပ်ဖြည်းဖြည်းကျရောက်သွားရင်း တည်ငြိမ်စွာညွှန်ကြားလိုက်သည်။

“သူတော်စင်မ ရှောင်ယွဲ့နင်၊ အခုကစပြီး မင်းက ချီယွမ်ရဲ့ မိန်းကလေးပဲ။ နှလုံးသား အပြည့်နဲ့ မင်းသူ့ကိုခစားရမယ်။ သူ့ကို ပစ်မထားရဘူး။ မဟုတ်ရင် ငါမင်းကို ခွင့်မလွှတ်ဘူး”

(ဘာ..ဘာရယ်)

ထိုစကားလုံးကြောင့် အကုန်လုံး ကြောင်အ သွားတော့သည်။ အချိန်ခဏကြာသည်အထိ ဘယ်သူမှ မတုန့်ပြန်နိုင်ဘဲ ပတ်ဝန်းကျင်သည် အလွန်ထူးဆန်းလာတော့သည်။

ချီယွမ်ပင် အလွန်အမင်း မှင်သက် သွားလေတော့၏။ သူ၏ ကောင်းမွန်စွာ ချထားသော အစီအစဉ်သည် ဒရာမာခင်းရင်း နောက်ပြန်လှည့်ဖို့ဖြစ်သည်။ အခုလို သဘောတူလာလိမ့်မည်ဟု လုံးဝ မတွေးထားမိဘူး။

(ချန်းဖေးဟွမ် ရူးသွားပြီလား)

(နေပါဦး)

ချက်ချင်းဆိုသလို ချီယွမ် မျက်လုံးလှုပ်သွားပြီး ရုတ်ချည်းသဘောထား ပြောင်းလဲသွားခဲ့သော ချန်ဖေးဟွမ်ကို မသိမသာ လှမ်းလျှိုးလိုက်သည်။ သူမ၏ မျက်လုံးအတွင်းရှိ ရွှေရောင်အလင်းက သိသာစွာ လျော့ကျသွားကာ.ထိုအစား စိမ်းပြာရောင်အလင်းတစ်ချို့ အစားထိုး ဝင်ရောက်လာ၏။

(သောက်ကျိုးနည်း၊ အမိန့်ပေးမန္တာန်က အလုပ်ဖြစ်တယ်ဟ)

ဘာကြောင့်ရယ်မသိ၊ အမိန့်ပေးမန္တာန်၏ အစွမ်းသည် အနည်းငယ် နောက်ကျခဲ့သော်ငြား အဆုံးသတ်တွင် အောင်မြင်သွာခဲ့သည့်အတွက် ချီယွမ်တစ်ယောက် ပျော်ရွှင်သွားတော့သည်။

(ငါ သိပြီ။ ဟားဟား ငါသိပြီကွ။)

(ဘယ်ကလေးမှ နေ့တိုင်းမငိုဘူး။ ဘယ်လောင်းကစားသမားကမှ နေ့တိုင်းမရှုံးဘူး။ ဒီလိုပဲ နောက်ကျတဲ့အစွမ်းကလည်း သေချာပေါက် အစွမ်းရှိသေးတယ်)

“မဟာဘိုးဘေး၊ ဒါ... ဒါကဘာကိုဆိုလိုတာလဲ”

ထိတ်လန့်မှုမှ အရင်ဆုံးသတိဝင်လာခဲ့သူသည် ရှောင်ရွှမ်ကျိဖြစ်ပြီး သူမ၏မျက်လုံးများက ပြူးကျယ်နေကာ အံ့အားသင့်စွာဖြင့် မေးခွန်းထုတ်လာလေရဲ့။

“ဒီကောင်လေးကို မဟာဘိုးဘေးက စိတ်မဆိုးဘူးလား။ တစ်ကယ်ပြောနေတာလား။”

“ဟမ့်”

ချန်းဖေးဟွမ်၏ လှပသော မျက်နှာက ချက်ချင်းပင် အေးစက်သွားကာ ကျောချမ်းဖွယ်လေသံဖြင့် ပြောလိုက်လေသည်။

“ဂိုဏ်းခေါင်းဆောင်ရှောင်၊ ငါပြောလိုက်တဲ့စကားကို ပြန် မေးခွန်းထုတ်နေတာလား”

သူမက ပြောနေရင်းဖြင့် ကြောက်မက်ဖွယ် ဖိအားကို ဖော်ထုတ်လိုက်သည့်အတွက် ထိုဖိအား၏ လွှမ်းမိုးမှုအောက်မှာ ရှောင်ရွှမ်ကျိ ချက်ချင်းပင် အသက်ရှုအောင့်လိုက်ပြီး ဒူးထောက်လိုက်ရသည်။

ရှောင်ရွှမ်ကျိ၏ နှလုံးသားက တုန်ယင်နေရင်း အလွန်ကြောက်ရွံ့စွာ ရှင်းပြလိုက်သည်။

“ဒီတပည့်က မလုပ်ရဲပါဘူး။”

ရှောင်ယွဲ့နင်သည်လည်း ကြောက်ရွံ့စွာ ဒူးထောက်ချလိုက်ရင်း ဦးညွှတ်အရိုအသေပေးလိုက်ကာ

“ဆရာက မဟာဘိုးဘေးကို စိတ်အနှောင့်ယှက်ပေးဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ဒေါသကို လျှော့ချပေးပါ။”

ချန်းဖေးဟွမ်က ထိုနှစ်ယောက်လုံးကို အေးစက်စွာစိုက်ကြည့်ရင်း ရေခဲတမျှ ကျောချမ်းဖွယ်ကောင်းသော လေသံဖြင့်…

“ဒီကိစ္စကို ပထမဆုံးကြိမ်အဖြစ် သတ်မှတ်ပြီး ငါခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် နောက်တစ်ခေါက်ရှိလာခဲ့လို့ကတော့ လုံးဝခွင့်မလွှတ်ဘူး”

ပြောပြီးသည်နှင့် သူမ၏ အကြည့်က ချီယွမ်ရှိရာသို့ ပြောင်းသွားခဲ့ပြီး မျက်နှာထားကလည်း ချက်ချင်းပင် နူးညံ့သွားလေရဲ့။

“ချီယွမ် မင်းဘာလိုချင်သေးလဲ။ အမိန့်ပေးလိုက်။ မင်းလိုချင်တာကို ရအောင် ငါကူညီပေးမယ်။”

ခဏမျှတွန့်ဆုတ်နေပြီးနောက်တွင် ချီယွမ်သည် နူးညံ့စွာ သက်ပြင်းတစ်ချက်ချလိုက်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“သူတို့အားလုံးကို သွားခိုင်းလိုက်ပါ။ ကျွန်တော် နှစ်ယောက်ထဲ ဆွေးနွေးချင်တယ်။”

“ဟမ်”

ချန်းဖေးဟွမ် ချက်ချင်း ခေါင်ညိမ့်ပြလိုက်သည်။ ထို့နောက်မှာ အခန်းအတွင်းရှိလူတိုင်းကို စိုက်ကြည့်လိုက်ရင်း နက်ရှိုင်းသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“မင်းတို့အားလုံး သွာလို့ရပြီ။”

“အမိန့်ကိုနာခံပါ့မယ်”

ရှောင်ရွှမ်ကျိတစ်ယောက် အလွန်သံသယဝင်နေပါသော်ငြား အခြေအနေ မကောင်းသေး၍ ထိန်းချုပ်ထားလိုက်ရသည်။ မဟာဘိုးဘေးကို လေးစားစွာ အရိုအသေ ပေးပြီးသည်နှင့် အံ့သြနေပုံရသော ရှောင်ယွဲ့နင်ကိုပါ ဆွဲခေါ်ရင်း အပြင်ထွက်သွားလိုက်တော့သည်။

လူမရှိတော့မှသာ ချီယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ထို့နောက်တွင် မဟာဘိုးဘေးထိုင်ခဲ့သော နူးညံ့သည့် အခင်းပေါ်သို့ ကိုယ့်အိမ်ကိုယ့်ယာအတိုင်း သွားထိုင်လိုက်သေးသည်။

(ဒီနေ့ဖြစ်ခဲ့သမျှက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်။ အရင်ဆုံးစိတ်ငြိမ်အောင်လို့ ငါကိုယ့်ကိုယ်ကို အချိန်ခဏပေးမှရတော့မယ်)

All Chapters