← Chapters

ဇရှိလို့ကတော့ မဟာဘိုးဘေးကိုတောင် ဖြိုချနိုင်တယ်ကွ

Vol. 13 Ch. 127

ဇရှိလို့ကတော့ မဟာဘိုးဘေးကိုတောင် ဖြိုချနိုင်တယ်ကွ

Vol. 13 Ch. 127

"တာအိုသားတော် ပြန်ရောက်လာပြီလား"

ညနက်ပိုင်းသို့ ရောက်မှသာ ချီယွမ် ခြံဝန်းသို့ ပြန်ရောက်လာခဲ့သည်။ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ လာရောက်နှုတ်ဆက်သော တပည့်များကို ကြည့်လိုက်ရင်း ချီယွမ်တစ်ယောက် ဝေဝါးစွာ ခံစားနေရ၏။

ခြံဝန်းအတွင်းသို့ ရောက်မလာခင်က သူ၏ လုပ်ရပ်များသည် တောင်တန်းများပေါ်တွင် ကခုန်နေသည် မဟုတ်ဘဲ တောင်တန်းများပေါ်မှ အထိန်းအကွပ်မပါဘဲ တိုက်ရိုက် ခုန်ဆင်းရသည်နှင့် ဆင်တူသည်။ ယခုကဲ့သို့ လမ်းလျှောက်နိုင်ပြီး စကားပြောနိုင်ခြင်းကိုက ကံကောင်းနေ၍ပင်။

ရလဒ်သည် ကောင်းမွန်သော်ငြား စိတ်နှလုံးတစ်ခုလုံး လွှမ်းမိုးခံနေရသည့်အတွက် ချီယွမ် တိတ်တဆိတ် ပင်ပန်းနေခဲ့သည်။

ချန်ဟွမ်းကို တက်စီးခြင်းသည် ဘဝသက်တမ်း တိုးမြှင့်ပေးနိုင်ခြင်း မဟုတ်ဘဲ အသွေးအသားများကို လျင်မြန်စွာ ကုန်ဆုံးစေမှန်း ချီယွမ် နောက်ဆုံးတော့ သဘောပေါက်သွားပြီပင်။

သို့သော် ချန်ဟွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် ခဏမျှ ထိုင်လိုက်ရုံဖြင့် သူ၏သွေးနှင့် စွမ်းအင်သွေးကြောအတွင်း၌ အင်အားများ ချက်ချင်း ပြည့်ဝလာသလို ခံစားလိုက်ရကာ ထို့ကြောင့်ပင် နှာခေါင်းသွေးလျှံခြင်းမှ ကာကွယ်နိုင်ခဲ့သည်။

ယခုဆိုလျှင် သူ၏ ခြေလက်များအတွင်း၌ စွမ်းအင်များ အလွန်အမင်း ပြည့်ဝနေသည့်အတွက် ကျိထျန်ဖန်းကို နောက်ထပ် တိုက်ပွဲတစ်ခု တိုက်ခိုက်ရန် ဆွဲခေါ်ဖို့ပဲ ဆုတောင်းချင်မိပါ၏။

အကျိုးရလဒ်သည် အလွန်အမင်း ကောင်းမွန်သည်ဆိုသော်ငြား ချီယွမ်တစ်ယောက် ထပ်မံမစမ်းသပ်ရဲတော့ပေ။

ချန်ဟွမ်း၏ မူလပုံစံသည် ခန့်ညားပါသည်။ သို့သော်ငြား ကျောပြင်၌ ခက်ထန်သော ဆူးချွန်အများအပြား ရှိနေလေရာ ထိုင်ဖို့အတွက် မသက်မသာ ဖြစ်စေသည်။

ဒဏ္ဍာရီပြောစကားအရ ချန်ဟွမ်း၏ ဘဝသက်တမ်းကို ဆွဲဆန့်ပေးနိုင်ခြင်းသည် အမှန်အတိုင်းဖြစ်ပြီး ထိုအရာက ချန်ဟွမ်းဘက်မှ နတ်သားရဲစွမ်းအင်ကို အသုံးပြုနေမှသာ ဖြစ်သည်။

ထိုစွမ်းအင်ကို အသုံးပြုတိုင်း ဒန်ထျန်အတွင်းရှိ အသွေးအသား အဆီအနှစ်ထဲမှတစ်ချို့ကို တိကျစွာ အသုံးပြုရလေရာ ထိုပမာဏကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ချန်ဟွမ်းအနေနှင့် ရှည်လျားသော အချိန်သက်တမ်းကို ပြန်ယူရသည်။

ကောင်းကင်ဘုံ၏ လမ်းစဉ်က မျှတပါသည်။ ဘဝသက်တမ်းသည် လူတိုင်းအတွက် ချွင်းချက်မရှိချေ။ တစ်ခြားသူ၏ ဘဝသက်တမ်းကို တိုးမြှင့်ပေးပါက မျှတသော တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်သည်။ ချန်ဟွမ်းလိုမျိုး နတ်သားရဲတစ်ကောင်အတွက်တောင်မှ တူညီသော အကျိုးကို ခံစားရလေ၏။

ထိုသို့မဟုတ်လျှင် လင်လုံသန့်စင်နယ်မြေ၏ လူတိုင်းသည် မသေမျိုးများ ဖြစ်နေလိမ့်မည် မဟုတ်ပါလား..

ဘဝသက်တမ်း တိုးမြင့်စေချင်လျှင် ချန်ဟွမ်းအနေနှင့် ကြီးမားသော ဆုံးရှုံးမှုကို ပြန်ပေးရသည်။ ထိုသို့မဟုတ်လျှင် မဖြစ်နိုင်ပါချေ။ အမှန်အတိုင်း ပြောရလျှင် လင်လုံသန့်စင်နယ်မြေ၏ ကျင့်ကြံသူများအထဲမှ ဆယ်ယောက်ထက်မကျော်သော သူများသာ ချန်ဟွမ်း၏ ဘဝသက်တမ်း တိုးမြင့်သော အကျိုးကျေးဇူးကို ဤနှစ်တစ်သောင်းအတွင်းတွင် ရရှိခဲ့ပြီး မဟာယနနယ်ပယ် ကျင့်ကြံသူ သုံးဦး ဖြစ်လာခဲ့ကြသည်။ ထို့အတွက် ကြီးမားသော အကျိုးကျေးဇူးဟု ဆိုနိုင်ပါသည်။

သို့သော် ချန်ဟွမ်းသည် မကြာမီကမှ လင်လုံသန့်စင်နယ်မြေ၏ လေးယောက်မြောက် မဟာယနနယ်ပယ် ကျင့်ကြံသူအတွက် စွမ်းအင်ကို အသုံးပြုထားသည်ဖြစ်လေရာ တစ်စုံတစ်ချီအတွက်တော့ နောင်တများသာ ရရှိစေခဲ့သည်။

သို့သော်ငြား ချီယွမ်သည် အများကြီး စိတ်မပျက်ပါချေ။ သူသည် အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ မကြာမီမှာပင် နှောင်းပိုင်းအဆင့်သို့ အဆင့်တက်နိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် ဤအခွင့်အရေးအား လက်လျှော့ပေးလိုက်ရလျှင်တောင်မှ အနာဂတ်တွင် ဘဝသက်တမ်း အများကြီး ကျန်နေပါသေး၏။ သူ၏ သက်တမ်းကုန်ဆုံးတော့မည့် အချိန်ကျလျှင် ချန်ဟွမ်းသည်လည်း ပြန်လည်သက်သာလာကာ အသုံးပြုလို့ရမည် ဖြစ်ပြီး သူ၏ ဘဝသက်တမ်းအတွက် စိုးရိမ်ဖို့ မလိုအပ်တော့ပါချေ။

ထို့အပြင် သူသည် အများကြီး မရခဲ့ဘဲ ကောင်းကင်အဆင့် ပြုပြင်ဖန်တီးခြင်းဆေးလုံးအတွက် ပါဝင်ပစ္စည်းများသာ ရရှိခဲ့သည်ဆိုသော်ငြား အကြီးဆုံးဆုလာဘ်အနေဖြင့် လင်လုံသန့်စင်နယ်မြေ၏ ပထမအဆင့် မဟာဘိုးဘေးကြီးထံမှ နှစ်သက်မှုကို ရရှိခဲ့သည်။ အခုကစပြီး လင်လုံသန့်စင်နယ်မြေအတွင်းတွင် စိတ်တိုင်းကျ သွားလာနိုင်တော့မည်ပင်။

ထိုမိန်းကလေး ရှောင်ရွှမ်ကျိ လူကိုယ်တိုင် ရောက်လာလျှင်တောင်မှ လေးစားစွာဖြင့် အရှင်မင်းကြီး သို့မဟုတ် ဧည့်သည်တော် အကြီးအကဲချီဟု သုံးနှုန်းရမည်ပင်။

ထိုအတွေးကြောင့် ချီယွမ် အကျယ်ကြီး အော်ရယ်ချင်လာတော့၏။

[ဟုတ်တယ်၊ အခု လင်လုံသန့်စင်နယ်မြေရဲ့ ပထမအဆင့် ဘိုးဘေးက အမိန့်ပေးလိုက်တဲ့အတွက် ငါကအခုဆိုရင် လင်လုံသန့်စင်နယ်မြေအတွင်းမှာရှိတဲ့ အမွန်မြတ်ဆုံး ဧည့်သည်အကြီးအကဲ ဖြစ်လာခဲ့ပြီ၊ ဂုဏ်ပြုနိုင်တဲ့ ဂုဏ်ပုဒ်တစ်ခုဆိုပေမယ့် အကျိုးကျေးဇူးက အရမ်းကို မြင့်မားနေတယ်၊ လင်လုံသန့်စင်နယ်မြေရဲ့ အရင်းအမြစ်တွေ အားလုံးကို ငါစိတ်တိုင်းကျ သုံးလို့ရပြီ၊ ပြောရရင် ဒီဂုဏ်ထူးက ငါ့အတွက် သီးသန့် ဖြစ်ပေါ်လာတဲ့ ဂုဏ်ထူးတစ်ခုပဲ၊ ဒီနေရာမှာ ဧည့်သည်အကြီးအကဲ ဖြစ်လာတဲ့အတွက် ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ဆိုတဲ့ ရာထူးကိုလည်း မထိခိုက်စေသလို ဂိုဏ်းကို သစ္စာဖောက်တယ်ဆိုတဲ့ သံသယဝင်မှုကိုလည်း မခံရတော့ဘူး၊ ပြီးတော့ ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်ကတောင်မှ ပျော်နေဦးမယ်]

[သူတို့ရဲ့ တာအိုသားတော်က လင်လုံသန့်စင်နယ်မြေအတွင်းမှာ အမွန်မြတ်ဆုံး ဧည့်သည်တော်အကြီးအကဲ ဖြစ်လာတဲ့အတွက် သန့်စင်နယ်မြေနှစ်ခုကြားက ဆက်ဆံရေး တိုးမြင့်လာသလို အခုဆိုရင် ထိုက်ရွှမ်းသန့်စင်နယ်မြေက လင်လုံသန့်စင်နယ်မြေထက် နည်းနည်းလေး ပိုသာတယ်ဆိုတဲ့ အခြေအနေမှာ ရှိသွားပြီ မဟုတ်လား]

ထိုအကြောင်းအရင်းကြောင့်ပင် ချီယွမ်တစ်ယောက် ဆရာသခင်ဖြစ်သူ ဟန့်ကျန်းထံ တင်ပြချိန်တွင် ဆက်သွယ်ရေးမန္တာန်စာရွက်အတွင်း၌ ဟန့်ကျန်း၏ အံ့ဩမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေသော အသံကို ကြားလိုက်ရသည်။ မမြင်ရသော်ငြား ထိုသူသည် ပါးစပ်ကြီး နားရွက်တက်ချိတ်တော့မတတ် ပြုံးနေမည်ပင်။

[မင်းသာ ရဲတင်းနေသရွေ့ မဟာဘိုးဘေးကြီးကိုတောင် ဖြိုချနိုင်တယ်ကွ]

ထိုအချိန်မှာပဲ အနည်းငယ် တွန့်ဆုတ်နေသော ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာကာ ချီယွမ်ကို မြင်သည်နှင့် မျက်လုံးများ ဝင်းလက်သွားရင်း လျင်မြန်စွာဖြင့် ရှေ့တိုးလာ၏။

"ဂိုဏ်းတူညီလေးချီ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

ထိုပုံရိပ်အား ရှင်းလင်းစွာ မြင်လိုက်ရသည့်အတွက် ချီယွမ် အနည်းငယ် အံ့ဩသွားရင်း.. ထို့နောက်တွင် မျက်မှောင်ကြုတ်သွားတော့သည်။

[အိုး၊ မဖြစ်တော့ဘူး]

[ငါ့ရဲ့ အကြီးဆုံး ဂိုဏ်းတူအကိုက လင်လုံသန့်စင်နယ်မြေရဲ့ သူတော်စင်မကို သေလောက်အောင် ချစ်နေတာမလား၊ ငါဘာလုပ်ခဲ့လဲဆိုတာ ရှာတွေ့သွားလို့ကတော့ ငါ့ကို အသေသတ်တော့မှာများလား]

"အဟမ်း၊ ဂိုဏ်းတူအကို ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"

ချီယွမ်သည် ဘာမှမမှားခဲ့သလိုမျိုး ဟန်ဆောင်ပန်ဆောင် ပြုမူနိုင်ရန်အတွက် နှစ်ကြိမ်မျှ ချောင်းအရင်ဟန့်လိုက်၏။

"အနောက်ခြံဝန်းမှာ လိမ်လိမ်မာမာနေဖို့ ကျွန်တော် ပြောမထားဘူးလား၊ လင်လုံသန့်စင်နယ်မြေရဲ့ အပြင်ဘက်မှာ လှည့်ပတ်သွားလာနေတဲ့ တပည့်တွေ ရှိနေတယ်၊ အကို့မှာ ဖိတ်ကြားလွှာ မရှိသေးဘူး၊ ထပ်ပြီး ဖမ်းမိခံရလို့ကတော့ ကျွန်တော် တာဝန်ယူပေးမှာ မဟုတ်ဘူးနော်"

လုချန်ဖန်း အနေခက်စွာ ခေါင်းကုတ်လိုက်ရင်း အပြစ်ရှိစွာ ပြောလိုက်၏။

"တောင်းပန်ပါတယ်၊ လင်လုံသန့်စင်နယ်မြေရဲ့ စောင့်ကြပ်မှုက ဒီလောက်အထိ တင်းကြပ်မယ်လို့ အကို ထင်မထားခဲ့ဘူး၊ ဂိုဏ်းရဲ့ အကြီးဆုံး အစီအရင်ကိုတောင်မှ အစွမ်းကုန် အသက်သွင်းထားသေးတယ်"

"အပြင်ဘက်စက်ဝန်းအနားကို ချဉ်းကပ်လိုက်တာနဲ့ အကို့ကို တန်း မိသွားတာပဲ၊ ဆိုးလိုက်တဲ့ကံ"

ထို့နောက်တွင် လုချန်ဖန်းက ရှက်ရွံ့နေသောဟန်ပန်ဖြင့် အသနားခံလေတော့၏။

"ဂိုဏ်းတူညီလေး တာအိုသားတော်ရေ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ဆရာ့ကို မပြောပါနဲ့လား၊ ဆရာက လွန်ခဲ့တဲ့ရက်ကမှ အကို့ကို သတိပေးထားခဲ့တာ ဒီတစ်ခေါက် မိသွားလို့ကတော့ ဂိုဏ်းကနေ နှင်ထုတ်ခံရနိုင်တယ်"

ချီယွမ် ဆွံ့အစွာဖြင့် ထိုသူအား လှည့်ကြည့်လိုက်တော့၏။

"အကို့ကို တိုင်ဖို့အတွက် ကျွန်တော် အရမ်းပျင်းနေတယ်၊တစ်ကယ်လို့ အတိုင်မခံချင်ဘူးဆိုရင် ကျွန်တော့်ကို မပြောဘဲ ခန်းမသခင်စုန့်ကို သွားပြောတာကမှ မှန်ဦးမယ် ထင်တယ်၊ ဒီတစ်ခေါက် အဖော်လိုက်လာတဲ့ တပည့်တွေအားလုံးက ပြင်ပခန်းမရဲ့ တပည့်တွေပဲ၊ခန်းမသခင်စုန့်ကသာ အဲဒီတပည့်တွေကို သတင်းစကား မဖြန့်ဖို့ တားမယ်ဆိုရင် အကောင်းဆုံးပေါ့၊ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဆုသာ တောင်းနေလိုက်တော့"

လုချန်ဖန်း ချက်ချင်းပင် အတွေးများသွားတော့သည်။

[ငါဘာလို့ မတွေးမိရတာလဲ၊ စုန့်ချန်း..ဒီလူက အပြင်ဘက်မှာတော့ အရမ်းကို ကျေးဇူးသိတတ်တဲ့ပုံမျိုး ရှိပေမဲ့ လက်တွေ့မှာ သူက ထိုက်ရွှမ်းသန့်စင်နယ်မြေကို သေလောက်အောင် သစ္စာရှိတဲ့သူပဲ၊ ဘယ်သူ့ကိုမှ ကြိုက်နှစ်သက်မှု ပြခဲ့တဲ့လူ မဟုတ်ဘူး]

[ဆရာ့အနေနဲ့ ငါတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးကို စဉ်းစားပေးပြီးတော့ ငါ့ကို ဂိုဏ်းကနေ နှင်မထုတ်ဖို့ပဲ မျှော်လင့်ပါတယ်]

ထို့နောက်တွင် လုချန်ဖန်း ရုတ်တရက် စိတ်တက်ကြွသွားကာ တောက်ပနေသော မျက်လုံးများဖြင့် ချီယွမ်ကို စိုက်ကြည့်လိုက်သည်။

"ဂိုဏ်းတူညီလေး၊ မင်းဒီတစ်ခေါက် နတ်သမီးရှောင်နဲ့အတူ သွားခဲ့တယ်လို့ ကြားထားတယ်၊ အကို အပြစ်မရှိဘူးဆိုတာ သူမကို ရှင်းပြလိုက်ရဲ့လား၊ ဒါမှမဟုတ် သူမက အကို့ကို တစ်ခုခု ပြောလိုက်သေးလား"

ချီယွမ် ပြုံးသွားလေကာ..

"မဟုတ်ဘူး သူမပြောတာက အကို့ရဲ့ပုံစံက အပြင်ဘက်မှာတော့ ရိုးသားပြီး ကြင်နာတတ်တဲ့သူနဲ့ တူပေမဲ့ တစ်ကယ်တော့ ယုတ်ညံ့ပြီး သေသင့်တဲ့လူတစ်ယောက်တဲ့၊ သူမရဲ့အမြင်က အကို့အတွက် တော်တော်လေး ဆိုးဝါးနေတယ်"

ချီယွမ်တစ်ယောက် ပြောနေရင်းဖြင့် သူ၏ လုပ်ရပ်များကို စဉ်းစားမိသွားသည်။

သူ၏ လုပ်ရပ်များအရ သူသည်လည်း လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မ မျက်လုံးအတွင်းမှာ လုချန်ဖန်းထက် မနိမ့်ကျသော ရွံစရာ လူသားတစ်ယောက် ဖြစ်လာတော့မည် ထင်ပါ၏။

ဘယ်လိုပင်ဆိုစေ လုချန်ဖန်းသည် သံသယဝင်ဖွယ် ကိစ္စတစ်ချို့သာ ရှိခဲ့ပြီး ချီယွမ်ကတော့ တစ်ကယ် တောင်းဆိုခဲ့သူ ဖြစ်သည်။

"ဘာ"

ထိုမှတ်ချက်ကြောင့် လုချန်ဖန်း၏ မျက်နှာထားသည် ချက်ချင်းပင် ပြိုလဲသွားကာ မျက်နှာတစ်ခုလုံး မခံမရပ်နိုင်မှုများဖြင့် ပြည့်နှက်သွားလေရဲ့။

"ဟူး နတ်သမီးရှောင်က အကို့ကို မခွင့်လွှတ်တော့ဘူးနဲ့ တူပါတယ်၊ နတ်သမီးရှောင်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရမှတော့.. အကိုအသက်ရှင်နေလို့ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

ချီယွမ် ခေါင်းယမ်းလိုက်ရင်း နူးညံ့စွာ သက်ပြင်းချလိုက်ကာ အကိုဖြစ်သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"အကို့ကို စိတ်ဓာတ်ကျအောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး၊ ပုံရိပ်ဖမ်းမန္တာန်စာရွက်ရဲ့ လုပ်ရပ်မရှိခဲ့ရင်တောင်မှ အကို့မှာ အခွင့်အရေး မရှိဘူး၊ သူမနဲ့ ပတ်သက်ပြီး မေ့ပစ်လိုက်ပါအကိုရာ"

ချီယွမ်၏ တက်ကြွသော သတိပေးချက်ကြောင့် လုချန်ဖန်း၏ နှလုံးသားသည် ပိုမိုထိခိုက်လာကာ မျက်လုံးများပင် နီရဲလာလေတော့၏။

"ဒီကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာ‌ဆိုတာ ဘာလဲ၊ နတ်သမီးရှောင်က အကို့အပေါ် ခံစားချက်မရှိဘူး၊ အကိုလည်း ဒါကိုသိပါတယ်၊ ဒါပေမဲ့ အကိုက မတတ်နိုင်ဘဲ သူမနဲ့ပဲ နီးစပ်ချင်‌နေတယ်၊ လူငယ်တွေရဲ့ အပြစ်ကင်းစင်တဲ့ မေတ္တာတရားက မေ့ပျောက်ဖို့ မလွယ်ဘူးနဲ့ တူပါတယ်"

[အပြစ်ကင်းစင်တဲ့ မေတ္တာတရား ဟုတ်လား]

ချီယွမ်၏ နှုတ်ခမ်းများက တွန့်လိမ်လာကာ အန်ချတော့မတတ် ဖြစ်လာလေရဲ့။

(ခင်ဗျားက အသက်တစ်ရာတောင် ရှိနေပြီနော်၊ ဒါကိုများ ကိုယ့်ကိုယ်ကိုယ် လူငယ်တစ်ယောက်လို့ သုံးနှုန်းရဲတာလား)

ထိုအချိန်မှာပဲ လုချန်ဖန်းက မျက်ရည်အပြည့်ဖြင့် သနားဖွယ်ကောင်းသော မျက်နှာထားကို ဆင်မြန်းလိုက်၏။

"ဂိုဏ်းတူညီလေး ပြောတာမှန်တယ်၊ ဆရာ့ကို စိတ်ဓာတ်ကျအောင် လုပ်လို့ မဖြစ်တော့ဘူး၊ ဒီနေ့ကစပြီးတော့ ငါ လုချန်ဖန်းက ငါ့ရဲ့ဘဝကို ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ အကြီးအကဲတစ်ယောက်အဖြစ် ကျင့်ကြံမှုမှာပဲ နစ်မြုပ်ထားတော့မယ်"

ပြောပြီးသည်နှင့် လုချန်ဖန်းသည် သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပုလင်းတစ်ခုအား တုန်ရီစွာ ထုတ်ယူရင်း တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

"နတ်သမီးရှောင်ကို မမေ့နိုင်တော့ဘူးဆိုတာ အကို သိပါတယ်၊ဒါကြောင့် ဒီထိပ်သီးအဆင့် နှလုံးနာကျင်ဆေးလုံးကို ကြိုပြီး ဆောင်ထားခဲ့တာ၊ ဒီဆေးလုံးကို သောက်ပြီးတာနဲ့ ဘယ်လိုခံစားချက်မှ ဆက်နွယ်ခြင်း မခံရတော့ဘဲ ရေလိုမျိုး တည်ငြိမ်တဲ့ နှလုံးသားကို ရရှိလာလိမ့်မယ်"

[ဒီလောက်တောင် လုပ်တော့မှာလား]

လုချန်ဖန်း၏ ဤလုပ်ရပ်ကိုတော့ လုံးဝကို မမျှော်လင့်ထားခဲ့‌သည့်အတွက် ချီယွမ် မှင်သက်သွားခဲ့သည်။

[ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တစ်ခါက အလေးပေးခြင်း ခံခဲ့ရတဲ့ တပည့်ဖြစ်တာ မအံ့ဩတော့ပါဘူး၊ သူ့မှာလည်း သူ့သတ္တိနဲ့သူ ရှိသေးတာပဲ]

[ဒါပေမဲ့ နှလုံးနာကျင်ဆေးလုံးရဲ့ အကျိုးကျေးဇူးက ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်စေတယ်၊ အကျိုးကျေးဇူးက ထိရောက်ပေမဲ့ အကျိုးဆက်ကလည်း ပြင်းထန်တယ်၊ သေးငယ်တဲ့ မှားယွင်းမှုတစ်ခုနဲ့တင် လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ ဗီဇကို ဖျက်ဆီးပစ်ပြီး အတွင်းနတ်ဆိုး လွှမ်းမိုးမှုခံရနိုင်တယ်]

"ဂိုဏ်းတူအကို၊ ပြန်စဉ်းစားပါဦး"

ထိုအတွေးကြောင့် ချီယွမ် လျင်မြန်စွာ ပြောလိုက်သည်။ သို့သော် မထင်မှတ်ထားစွာပင် လုချန်ဖန်းက အေးစက်စွာ မျက်နှာမဲ့လိုက်ရင်း ခိုင်မာစွာဖြင့် ပုလင်းကို ဖွင့်လိုက်တော့သည်။

"ဂိုဏ်းတူညီလေးချီ၊ မင်းက လူကောင်းတစ်ယောက်ဆိုတာ အကို သိပါတယ်၊ ဒါပေမဲ့ အကို့ကို ဖြောင်းဖျဖို့ မကြိုးစားပါနဲ့တော့၊ ဒီဆေးလုံးကိုမှ မသောက်ရရင် အကို့ရဲ့ နှလုံးသားက ဘယ်တော့မှ ငြိမ်းချမ်းတော့မယ် မထင်ဘူး”

All Chapters