← Chapters

ဂိုဏ်းတူညီလေးချီ၊ အကို့အတွက် မင်း လုပ်ပေးနိုင်မလား

Vol. 13 Ch. 128

ဂိုဏ်းတူညီလေးချီ၊ အကို့အတွက် မင်း လုပ်ပေးနိုင်မလား

Vol. 13 Ch. 128

“ဂိုဏ်းတူအကို ခဏနေဦး”

ချီယွမ် လျင်မြန်စွာဖြင့် တားမြစ်လိုက်သည်။

ဆေးလုံးထုတ်လာသည့်အတွက် လုချန်ဖန်းက ကြီးမားသော ဆုံးဖြတ်ချက်ချထားမည်မှန်း သိသာပါ၏။ လုချန်ဖန်းကို သာမန်လိုမျိုး ကယ်တင်ဖို့ ဖြစ်နိုင်တော့ချေ။

ဘယ်လိုပဲဆိုဆို သူတို့နှစ်ဦးလုံးသည် ဆရာတူတပည့်များ ဖြစ်သည့်အတွက် အခုလိုမျိုး ချောက်နက်ထဲ ပြုတ်ကျမည့်ဖြစ်စဉ်အား မြင်တွေ့ပါလျက်နဲ့ မကယ်ခဲ့လျှင် ချီယွမ်အနေနှင့် အပြစ်ရှိစိတ် ခံစားရမည်ပင်။

“အမ်း”

လုချန်ဖန်းသည် ချီယွမ်ကို မော့ကြည့်လာပြီး စကားစဖို့ပြင် လိုက်သည်။ ထိုအချိန်မှာပဲ ချီယွမ်က ကျောက်စိမ်းပုလင်းကို လက်ဖြင့် ကာလိုက်ရင်း လည်ချောင်းရှင်းကာ အရင် ရှင်းပြလိုက်သည်။

“ဂိုဏ်းသူအကိုလု ဒီဆေးကို သောက်လိုက်မယ် ဆိုရင်တောင်မှ ရောဂါကို အရင်းကနေ ပျောက်အောင်ကုသနိုင်မှာ မဟုတ်ဘူး။ ဒါတင်မကပဲ.. ဒီဆေးက ဂိုဏ်းတူအကိုရဲ့ တာအိုနှလုံးသားကို ပျက်စီးစေပြီး အနာဂတ်လမ်းကြောင်းကို ထိခိုက်စေလိမ့်မယ်။ အကယ်လို့ အကိုက နတ်သမီးရှောင်ကို တစ်ကယ်ပဲ မေ့ချင်နေတာဆိုရင် ပြဿနာအရင်းအမြစ်ကို တိတိကျကျ ဖော်ထုတ်သင့်တယ်။ အကိုက ဆေးလုံးကိုတောင် ထုတ်လာဖို့သတ္တိရှိမှတော့ ဘာလို့ ရင်မဆိုင်ရဲရမှာလဲ”

“ပြဿနာ အရင်းအမြစ်ဟုတ်လား”

ချီယွမ်၏ သတိပေးချက်ကြောင့် လုချန်ဖန်း အနည်းငယ် တွေးစစဖြစ်လာခဲ့သည်။

ထို့နောက်တွင် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် လုချန်ဖန်း၏ မျက်နှာက ရုတ်ချည်းဖြူဖွေးသွားကာ ခန္ဓာကိုယ်အောက်ပိုင်းအား ငုံ့ကြည့်လိုက်ရင်း ကတုန်ကယင် မေးခွန်းထုတ်လာ၏။

“ဂိုဏ်းတူညီလေးချီ.. မင်း၊ မင်းရဲ့ ဆိုလိုရင်းက ဒီမကောင်းတဲ့ အတွေးတွေ မြစ်ဖျားခံလာတဲ့ အကို့ရဲ့ မွေးရာပါ ပိုင်ဆိုင်မှုလေးကို ဖြတ်ပစ်စေချင်တာလား”

ထိုသို့ စဉ်းစားမိသည်နှင့် လုချန်ဖန်းတယောက် မခံနိုင်စွာ ဦးခေါင်းကို တစ်ဆက်ဆက် ခါယမ်းရင်း အကြမ်းပတမ်း ပြောလိုက်တော့သည်။

“မရဘူး မရဘူး”

“ငါ့ရဲ့ ဒီညီငယ်လေးက ကျင့်ကြံမှုလမ်းကြောင်း စတင်ကတည်းက ဖော်ထုတ်ဖို့ အခွင့်အရေး မရှိခဲ့ဘူးဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တာအိုအခြေခံပဲ။ ကမ္ဘာကြီးမှာ ရှင်သန်နေနိုင်မယ့် အဖိုးထိုက်တဲ့ အထောက်အပံ့ တစ်ခုဖြစ်တယ်။ ဒီလိုအရာကို ငါဘာကြောင့်အလွယ်တကူ စွန့်လွှတ်နိုင်ရမှာလဲ။ အကို ဆေးလုံးပဲ သောက်တော့မယ်”

( ချီးပဲ။ ဒီဘဲ ဘယ်လိုတွေ တွေးနေရတာလဲ။ သင်းကွတ်ပါဆိုတဲ့ စကားလုံးတစ်လုံးတောင် ငါ ပြောလိုက်မိလို့လား )

ချီယွမ်၏မျက်နှာသည် မဲ‌မှောင်သွားသော်ငြား ဆဲရေးချင်စိတ်အား အတင်းအကြပ် ထိန်းချုပ်လိုက်သည်။ ထို့နောက်တွင် စိတ်အားထက်သန်စွာဖြင့် အကြံပြုလိုက်၏။

“ဂိုဏ်းတူအကိုလု ထင်လွဲနေပြီ..။ ကျွန်တော်ပြောချင်တာက ရုပ်ပိုင်းဆိုင်ရာ အခြေခံကိုမဟုတ်ဘူး။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အခြေခံပဲ”

“ဆိုရိုးစကား ရှိတဲ့အတိုင်းပဲလေ လူတစ်ယောက်ကို မေ့ပစ်ဖြစ်ချင်ရင် တခြားတစ်ယောက်နဲ့ စတင်လိုက်တာက အလွယ်ကူဆုံးပဲတဲ့။ ဒီလောကကြီးမှာ ငါးတွေအများကြီးပါ အကိုရာ။ ကျွန်တော်တို့ ယောင်္ကျားတွေအနေနဲ့ တစ်ခုတည်းမှာပဲ အာရုံစိုက်ဖို့ မလိုဘူးလေ။ဟုတ်တယ်မလား”

“အကယ်လို့ နတ်သမီးရှောင် မရှိဘူးဆိုရင် အခြားနတ်သမီးတွေ မရှိလို့လား။ ဘာလို့များ အကို့ရဲ့ပစ်မှတ်ကို ပြောင်းမကြည့်ရမှာလဲ။ အကို နောက်ထပ်ပိုများတဲ့ နတ်သမီးတစ်ချို့ရဲ့ နောက်ကို လိုက်သင့်တယ်။ ပိုက်ကွန်ကို အကြီးကြီးချစမ်းပါ အစ်ကိုရာ။ ငါးတွေကို ဖြစ်နိုင်သလောက် အများကြီး ဖမ်းပစ်လိုက်”

“အဟမ်း ကျွန်တော်ပြောတာယုံပါ။ မိန်းကလေး တော်တော်များများက စံနှုန်းမြင့်ကြတာ မဟုတ်ဘူး။ မိန်းကလေးတွေ အများကြီးထဲက တစ်ယောက်ကတော့ အကို့ကို စိတ်ဝင်စားလာမှာပဲလေ ဟုတ်တယ်မလား”

ထို့နောက်တွင် ချီယွမ်သည် ခဏရပ်တန့်လိုက်ပြီးမှ အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်သည်။

“တစ်ယောက်တည်း နောက်ကိုပဲ သည်းကြီးမဲကြီး လိုက်နေတာက ပုစွန်လိုမျိုး ဦးနှောက် မပါဘူးဆိုတာကို သက်သေပြလိုက်တာပဲ။ ရာချီတဲ့ လူတွေရဲ့နောက်ကို တစ်ပြိုင်နက်ထဲ လိုက်မှသာ နောက်ဆုံးကျရင် ပင်လယ်ဘုရင် ဖြစ်လာလိမ့်မယ်”

( ပင်လယ်ဘုရင်ကွ )

ပင်လယ်ဘုရင်ဆိုသော စကားလုံးနှစ်လုံးကြောင့် လုချန်ဖန်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ သူ၏နှလုံးသား တစ်ခုလုံးက စိတ်လှုပ်ရှားမှုကြောင့် ခုန်လှုပ်နေကာ ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။

စွမ်းအင်လိုင်းများ အပြည့်အဝ တောက်လောင်ပြီးသည်နှင့် လုချန်ဖန်း၏ ပုံစံသည် လျင်မြန်စွာ အားကုန်သွားသည့် ဘတ္တရီတစ်ခုလိုမျိုး ချက်ချင်းငြိုးငယ်သွားရင်း မျက်နှာတစ်ခုလုံး ငယ်ကျသွား၏။

“ဂိုဏ်းတူညီလေးချီ၊ မင်းပြောတော့ လွယ်တာပေါ့။ ဒါပေမယ့် ဘယ်မိန်းကလေးက နတ်သမီးရှောင်နဲ့ နှိုင်းယှဉ်နိုင်မှာမို့လို့လဲ ဟူး”

ချီယွမ်တစ်ယောက် နည်းလမ်းပြောင်းရင်းဆက်လက် ဆွဲဆောင်ဖို့ ကြိုးစားလိုက်သည်။

“အကို့အနေနဲ့ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုမှတော့ ဘာလို့ နောက်ထပ် ချဉ်းကပ်နည်းတစ်ခုကို ကြိုးစားမကြည့်ရမှာလဲ။ ကျွန်တော်တို့ ကျင့်ကြံသူတွေမှာ အရေးအကြီးဆုံးက တာအိုနှလုံးသား တည်ငြိမ်ဖို့ပဲ။ တာအိုနှလုံးသားသာ တယိမ်းတယိုင်ဖြစ်လာရင် အတွင်းနတ်ဆိုးက အလွယ်တကူ ထိန်းချုပ်လိုက်ပြီး အဆုံးမရှိတဲ့ ပြဿနာတွေကို ဖြေပေါ်စေလိမ့်မယ်။ အကို့အနေနဲ့ လူသားတစ်ယောက်ရဲ့ ခံစားချက်တွေကို မေ့ဖျောက်ချင်ရင်လည်း နှလုံးနာကျင် ဆေးလုံးသောက်လိုက်တာက နောက်ဆုံး ရွေးချယ်မှုပဲ။ ဘာလို့များ သူတော်စင်မကို အခွင့်အရေး တစ်ခုလိုမျိုး အသုံးပြုရင်း အကို့ရဲ့တာအိုနှလုံးသားကို သန်မာလာအောင် မကြိုးစားရမှာလဲ”

“သူမဘက်က အကို့ကို အေးစက်စက်ဆက်ဆံလေလေ၊ အကိုက တည်ငြိမ်တဲ့ ပုံစံပြရမယ်။ မကောင်းတဲ့ခံစားချက်တွေအားလုံးကို လျစ်လျူရှုထားလိုက်။ ဒါဆိုရင် အဲဒီခံစားချက်တွေက အကို့ရဲ့နှလုံးသားနဲ့ အကိုရဲ့စိတ်ခံစားချက်ကို ဘယ်လိုမှသက်ရောက်မှာ မဟုတ်တော့ဘူး။ တစ်ကယ်လို့ တစ်ရက်ကျရင် သူမက အခြားတယောက်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင်တောင်မှ အကို ခံစားချက်တစ်ခုမှ ပြလို့ မဖြစ်ဘူးနော်။ အဲ့လိုဖြစ်လာပြီဆိုရင် အကိုရဲ့တာအိုနှလုံးသားက ခွင့်လွှတ်နိုင်စွမ်းတွေနဲ့ ပြည့်နှက်သွားပြီး ပြီးပြည့်စုံသွားတဲ့အတွက် အကိုရဲ့အနာဂတ်က အရမ်းကို ကြီးမားလာတော့မှာ သေချာတယ်”

နှလုံးနာကျင် ဆေးလုံးကို သောက်သုံးရင်း လုချန်ဖန်း လမ်းကြောင်း လွဲချော်သွားမည်ကို မကြည့်ရက်သလို ရှောင်ယွဲ့နင်နှင့် သူ၏ကြားက လက်ရှိဆက်ဆံရေးကို စဉ်းစားမိသည့်အတွက် ရင်းနှီးသော တပည့်များကြားတွင် စိတ်ဝမ်းကွဲမှု မဖြစ်စေရန် ချီယွမ်တစ်‌ယောက် ကြိုတင်ကာကွယ်ဖို့ တစ်ဆက်တည်း ဆုံးဖြတ်လိုက်သည်။

“နတ်သမီးရှောင်က တစ်ခြားတစ်ယောက်ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာရင်ဟုတ်လား....”

လုချန်ဖန်း၏ မျက်နှာသည်ချက်ချင်းပင် စိမ်းနက်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။

“အဲ့ဒီအကြောင်းကို တွေးလိုက်တာနဲ့ မသက်မသာ ခံစားရတယ်။ ကိုယ့်ရဲ့ခေါင်းကို ကြမ်းပြင်နဲ့ ရိုက်ခွဲလိုက်ရသလိုမျိုးပဲ။ ဒါပေမယ့် ညီလေးပြောပြထားတော့ အကို့ရဲ့ နှလုံးသားမှာ နားလည်နိုင်စွမ်း အနည်းငယ်တော့ ရှိလာပါပြီ။ တစ်ကယ်ပဲ နတ်သမီးရှောင်သာ တခြားသူရဲ့ တာအိုလက်တွဲဖော် ဖြစ်သွားမယ်ဆိုရင် အကို့ရဲ့ နှလုံးသားတစ်ခုလုံး သေဆုံးသွားမှာပဲ။ ဒါဆိုရင် ဒီကမ္ဘာကြီးရဲ့ခံစားချက်တွေအားလုံးနဲ့ အကို အဆက်အသွယ် ပြတ်သွားပြီးတော့ ခွင့်လွှတ်မှုတွေ ပြည့်နက်နေတဲ့ တာအိုနှလုံးသားကို ရရှိတော့မှာပေါ့နော်”

ချီယွမ်၏ မျက်နှာထားသည် တဖြည်းဖြည်း ထူးခန်းလာတော့သည်။

( မဖြစ်နိုင်တာ )

( ငါဒီလောက် ပြောနေတာတောင်မှ ဒီဘဲက ဘာလို့ စောက်ဆန်းတွေပဲ ပြောနေရတာလဲ )

“ဟ ဟား အကိုနားလည်ပြီ။ ဂိုဏ်းတူညီလေးရဲ့ ရှင်းပြချက်ကအရမ်းကို ထူးကဲတာပဲ။ အကြံကအရမ်းကောင်းတယ် အရမ်းကောင်းတယ်”

လုချန်ဖန်းတစ်ယောက် အလင်းပွင့်သွားသည့်နှယ် မျက်လုံးများ ဝင်းလက်လာကာ…

“နတ်သမီးရှောင်က အကို့ရဲ့အတိဒုက္ခပဲ။ နတ်သမီးရှောင်က ဒီလုချန်ဖန်းရဲ့ ကံကြမ္မာအခက်အခဲပဲ။ ဒီအတိဒုက္ခကိုသာ ကျော်ဖြတ်ပြီး သန်မာမှုနဲ့စိတ်ဓာတ်ကို မြှင့်တင်နိုင်ရင် ခံစားချက်ပိုင်းမှာ အကို အောင်မြင်သွားပြီ။ ဒါဆို ကျင့်ကြံမှုတွေလည်း အများကြီး တိုးတက်လာလိမ့်မယ်”

“နတ်သမီးရှောင်ကသာ သူမရဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ လက်တွဲဖော်ကို ရှာတွေ့သွားမယ်ဆိုရင်.... အဲ့ဒီ နှလုံးကွဲကြေစရာ သတင်းကိုသာ အကို တောင့်ခံနိုင်မယ်ဆိုရင်....ခံစားချက်တွေကို ကျော်ဖြတ်မယ့် အကိုရဲ့လမ်းစဉ်က ပြီးပြည့်စုံသွားပြီ”

ထို့နောက်တွင် လုချန်ဖန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ဝေခွဲရခက်သော မျက်နှာထား ဖြစ်လာသည်။

“ဒါပေမယ့် ရှောင်ယွဲ့နင်က သန့်စင်ပြီး အထီးကျန်တဲ့ မိန်းကလေးမျိုးပဲ။ သူမက ယောင်္ကျားတွေကို စိတ်မဝင်စားဘူး။ ဘယ်လိုလုပ် သူမအနေနဲ့ ဒီလောက်အမြန်ကြီး တာအိုလက်တွဲဖော်ကို ရှာတွေ့မှာလဲ”

ခဏအတွင်း လုချန်ဖန်းတစ်ယောက် စိတ်တက်ကြွသွားကာ ချီယွမ်အား တောက်ပစွာဖြင့် ကြည့်လာပြန်၏။

“ဂိုဏ်းတူညီလေးချီ၊ မင်းဘာလို့ သူမရဲ့ လက်တွဲဖော် မလုပ်ရမှာလဲ”

ချီယွမ် “....”

အခုချိန်မှာတော့ လုချန်ဖန်းသည် အလွန် စိတ်အားထက်သန်စွာဖြင့် လှည့်ကြည့် လာလေတော့သည်။

“နတ်သမီးရှောင်က ညီလေးကိုတော့ တော်တော်လေး အမြင်ကောင်းရှိခဲ့ပုံပဲ။ ဒီလိုမှမဟုတ်ရင် ညီလေးကို တွေ့ဖို့အတွက် သူမ အထူးတလည် ရောက်လာမှာမဟုတ်ဘူး။ ဒါ့အပြင် ညီလေး၊ မင်းမှာ ထူးချွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ အရမ်းကိုမှ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်။ သူမကို လက်ထပ်ရမယ်ဆိုရင် မင်းကလည်း မနှိမ့်ကျပါဘူး”

“ပိုပြီးတော့ အရေးကြီးတာက မင်းက အကို့ရဲ့အရင်းအနှီးဆုံး မိတ်ဆွေပဲ။ ဒီတာဝန်ကို မင်းကိုပေးလိုက်တာက အကို့အနေနဲ့ ခံစားရ အသက်သာဆုံးလို့ ပြောလို့ရတယ်”

“ဂိုဏ်းတူညီလေးချီ၊ ဒီကိစ္စအတွက် အကို မင်းကို အပြည့်အဝ လိုအပ်တယ်။ အကို တောင်းဆိုတာပါ.... အကို့အနေနဲ့ နတ်သမီးရှောင်ရဲ့ ပင်ကိုယ်စရိုက်နဲ့ အကြိုက်တွေကို ညီလေးကို ပြောပြမယ်။ ဒါဆိုရင် မင်း ရှောင်စရာရှိတာတွေ ရှောင်လို့ရသွားပြီ”

( ဒီလူရူးနေတာလား )

ချီယွမ်တစ်ယောက် တတွတ်တွတ်ရွတ်နေသော လုချန်ဖန်းအား အလွန် ကြောင်အစွာ ကြည့်လိုက်သည်။ သူ၏ အတွေးထဲတွင် လုချန်ဖန်း၏ ဦးခေါင်းပေါ်၌ အစိမ်းရောင်ဂျိုများပင် ပေါက်လာဟန်ရှိ၏။

ချီယွမ်တစ်ယောက် ပါးစပ်ကြီးဖွင့်ဟစွာဖြင့် မျက်နှာတစ်ခုလုံး အံ့ဩမှင်သက်နေတော့သည်။ အချိန်အကြာကြီး နေပြီးမှသာ နောက်ဆုံးတော့ စကားလုံးတစ်ချို့ကို ပြောလိုက်နိုင်၏။

“ထားလိုက်တော့။ အကို နှလုံးနာကျင်ဆေးကိုသာ သောက်လိုက်ပါတော့ဗျာ”

All Chapters