← Chapters

တိုက်ပွဲကြီးအစ

Vol. 1 Ch. 426

တိုက်ပွဲကြီးအစ

Vol. 1 Ch. 426

နောက်တစ်နေ့တွင် ကျူးကော့ချမ်ယွမ် ရောက်ရှိလာခဲ့သည်။ သို့သော် သူသည်လည်း ဆင်းမသွားရဲချေ။ သူသည် ငွေပန်းပွင့်အဘွားအိုနှင့် တိုင်ပင်လိုက်ပြီး ရွှေယို့လန်နှင့် နတ်ဆိုးဧကရီကို စောင့်နေကြရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။ အချိန်ကျလျှင် သူတို့လေးယောက်လုံး ပြိုင်တူလှုပ်ရှား၍ ကျန်းရီကို ကယ်နိုင်မည်လား ဟူသည်ကို ကြည့်ရမည်။

တတိယမြောက်နေ့တွင် ရွှေယို့လန် ရောက်လာခဲ့သည်။ သူမသည် ကျွန်းအား ကောင်းကင်ယံထက်မှပင် သွားရောက်အကဲခတ်ခြင်းမရှိပါဘဲ နေနက်မိစ္ဆာနွယ်ကို သူမတစ်ဦးတည်းဖြင့် ရင်ဆိုင်ရန်မဖြစ်နိုင်ဟု ပြောလာခဲ့သည်။

ချမ်ဝမ်ကွမ်တို့ လူစုမှာ မျှော်လင့်ချက် မီးတောက်လေး တောက်လောင်လာလိုက်၊ ငြိမ်းသွားလိုက် ဖြစ်နေသည်။ သူတို့သုံးယောက်သည် သူတို့၏ မျှော်လင့်ချက် အလုံးစုံကို နတ်ဆိုးဧကရီထံတွင်သာ ပုံအပ်ထားလိုက်သည်။ သို့သော် သူမရောက်လာပါမည်လော။

ထိုညတွင် ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် ငွေပန်းပွင့်အဘွားအိုတို့သည် မျက်လုံးများ တစ်ပြိုင်တည်း ပွင့်လာကြပြီး ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ကြသည်။ သူတို့သည် သင်္ဘောကုန်းပတ်ပေါ်သို့ ထွက်၍ အရှေ့ဘက်အရပ်ဆီသို့ မျှော်ကြည့်လိုက်ကြသည်။ ချမ်ဝမ်ကွမ်တို့ လူစုသည်လည်း ချက်ချင်းအပြင်ထွက်ကာ အရှေ့ဘက်ကောင်းကင်ဆီသို့ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

ညကောင်းကင်ပြင်သည် လူ့အလိုနှင့် ဆန့်ကျင်စွာ မိုးဖွဲဖွဲကို သယ်ဆောင်လာခဲ့သည်။ မိုးရွာကျလာသည်နှင့် အောက်မှလူများ၏ ဆံပင်နှင့် အဝတ်အစားများ စိုရွှဲကုန်ကြသည်။ ကောင်းကင်သည် အလွန်မည်းမှောင်နေလေရာ ချမ်ဝမ်ကွမ်တို့ သုံးဦးမှာ သုံးကီလိုမီတာထက် ကျော်လွန်၍ ဘာကိုမှမမြင်ရပေ။ အရှေ့ဘက်ကောင်းကင်တွင် ဘာမှမရှိသော်ငြား သူတို့၏ နှလုံးကို အခုမြန်စေသည့် အရှိန်အဝါ တစ်ခု ရှိနေခဲ့သည်။ ရှေးဟောင်းသားရဲကြီးတစ်ကောင် ချည်းကပ်လာနေသည့်နှယ် သူတို့ခံစားနေရသည်။

ဝှစ်...

လေခွင်းသံ ခပ်တိုးတိုးနှင့်အတူ အနက်ရောင် ပုံရိပ်တစ်ခုသည် သူတို့ထံ ပျံသန်းလာနေသည်။ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း ပို၍ ပြင်းထန်လာနေခဲ့သည်။ ဗာဂျရာအဆင့်ပုဂ္ဂိုလ်သုံးယောက်မှတစ်ပါး ကျန်လူများမှာ အသက်ရှူမဝ ဖြစ်လာကြသည်။

ပုံရိပ်မှာ နီးသထက် နီးလာနေခဲ့သည်။

ရောက်လာသည့်သူကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သွားခဲ့ပြီဖြစ်သည်။ အမျိုးသားများစွာ၏ မျက်လုံးတို့သည် ရွှေယို့လန်အား မြင်ရစဉ်အချိန်နှင့် အလားတူစွာ ပြိုင်ဘက်ကင်းအလှတစ်ပါးကို မြင်လိုက်ရသောကြောင့် တောက်ပသွားကြသည်။ သို့သော် ဤအမျိုးသမီးမှာ ပို၍ စွဲဆောင်မှု ရှိလေသည်။ သူမ၏ ညှို့ငင်နိုင်စွမ်းသည် အရိုးများအတွင်းမှ လာခြင်းဖြစ်သည်။

"နတ်ဆိုးဧကရီကို ကြိုဆိုပါတယ်"

ကျူးကော့ချမ်ယွမ်၊ ငွေပန်းပွင့်အဘွားအိုနှင့် ရွှေယို့လန်တို့သည် ယဉ်ကျေးမှုအနေဖြင့် ဦးညွှတ်လိုက်ကြသည်။ ငွေပန်းပွင့်အဘွားအိုသည် ရှားယွိမြို့ပြင်တွင် နတ်ဆိုးဧကရီ၏ ဖိနှိပ်ခြင်း ခံခဲ့ရဖူးသည်။ သို့သော် ကျန်းရီ၏ မျက်နှာကြောင့် နတ်ဆိုးဧကရီအပေါ် ရန်လိုသည့် သဘောထား မရှိတော့ပေ။ ထို့ပြင် နတ်ဆိုးဧကရီ၏ စွမ်းအားကြောင့် သူမ ရန်လည်းမလိုရဲပါချေ။ နတ်ဆိုးဧကရီသည် ဤနေရာရှိ လူများအားလုံးထက် ကျင့်ကြံဆင့် အဆင့်ကြီးတစ်ဆင့်လုံးလုံး မြင့်မားလေရာ သူတို့အနေနှင့် လေးစားသမှု ပြရပေမည်။

"နတ်ဆိုးဧကရီကို ကြိုဆိုပါတယ်"

ယွင်ဖေး၊ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည်လည်း ကျင့်ဝတ်ထုံးတမ်းတို့ကို နားလည်ထားလေရာ ဒူးတစ်ဖက်ထောက် ထိုင်လိုက်ကြသည်။ နတ်ဆိုးဧကရီသည် လူသားအသွင်ပြောင်းနိုင်ပြီး နယ်မြေရှိ သိုင်းသမားများအားလုံးကို သူတစ်ဦးတည်းနှင့် အနိုင်ယူနိုင်သည်။ လေးစားသမှုနှင့် ဒူးထောက်ရန် ထိုက်တန်သည်ဟု သူတို့ခံစားရလေသည်။

"အားလုံးပဲ ထကြပါ"

နတ်ဆိုးဧကရီ၏ အမြီးငါးချောင်းမြေခွေးခန္ဓာမှ ထွက်ပေါ်လာသော မွှေးရနံ့သည် သူမ၏ အားကောင်းလှသော အရှိန်အဝါကို ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးလေသည်။ ထို့ကြောင့် သူမထံတွင် တင့်တယ်၍ တည်ငြိမ်ခမ်းနားသော ကိုယ်ရောင်ကိုယ်ဝါ ရှိလေသည်။ လူတိုင်းသည် သူမအပေါ်တွင် ညစ်ညမ်းသည့် အတွေးများ မတွေးဝံ့ကြဘဲ သူမရှေ့မှောက်တွင် ဝပ်တွားခံစားလိုစိတ်တို့သာ စိတ်တို့သာ ဖြစ်တည်နေကြသည်။

ယနေ့တွင် သူမသည် အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားခဲ့သည်။ အမျိုးသမီးများသည် အနက်ရောင်ကို ဝတ်ခဲလှသည်။ သူတို့အနေဖြင့် အရောင်၏ အလှအပကို ပေါ်လွင်စေနိုင်ခြင်း မရှိပါက သူတို့အား အသားမဲသယောင် ဖြစ်သွားစေသောကြောင့်ဖြစ်သည်။ သို့သော်လည်း အနက်ရောင်ဝတ်စုံသည် နတ်ဆိုးဧကရီ၏ ကိုယ်ပေါ်တွင် အလွန်တင့်တယ်၍ စွဲဆောင်မှု အပြည့် ရှိနေလေသည်။

မိုးသည် တစ်စတစ်စ ပိုမိုသည်းထန်လာခဲ့သည်။ ထူးဆန်းသည်မှာ မိုးရေစက်တို့သည် နတ်ဆိုးဧကရီ၏ ကိုယ်ပေါ်ကျဆင်းသည်နှင့် အလိုလို ပျောက်ကွယ်သွားကြသည်။ သူမကိုယ်ပေါ်တွင် မိုးစိုထားသည့် အရိပ်အယောင် လုံးဝမရှိပေ။ ရွှေယို့လန်၊ ငွေပန်းပွင့်အဘွားအိုနှင့် ကျူးကော့ချမ်ယွမ်တို့မှာလည်း အလားတူပင်။ ချမ်ဝမ်ကွမ်တို့မှာ အံ့အားသင့်နေကြရသည်။

နတ်ဆိုးဧကရီသည် ထုံးတမ်းစဉ်လာတို့ လုပ်မနေကြရန် လက်အသာဝှေ့ယမ်းပြလိုက်ပြီး ခပ်လှမ်းလှမ်းမှ ကျွန်းကြီးအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ကိုယ်သည် အလင်းတန်းတစ်ခုသဖွယ် လေထဲသို့ ထိုးတက်သွားခဲ့သည်။ ရွှေယို့လန်နှင့် ကျန်လူနှစ်ယောက်သည်လည်း သူမနောက်မှ ချက်ချင်းလိုက်ပါသွားခဲ့သည်။ သူတို့သည် တိုက်ပွဲကြီးကို ရင်ဆိုင်ရန် အဆင်သင့် ပြင်ထားလိုက်ကြသည်။

သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေကြသူများသည် ရွာကျနေသော မိုးစက်များကို မမှုဘဲ အသက်အောင့်ထားမိကြသည်။ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့၏ နှလုံးများမှာ တဒိန်းဒိန်း ဖြစ်လာခဲ့သည်။ နတ်ဆိုးဧကရီပါ ဘာမှမလုပ်နိုင်လျှင် ကျန်းရီအတွက် လုံးဝမျှော်လင့်ချက်မဲ့သွားပြီဖြစ်သည်။

နတ်ဆိုးဧကရီသည် ကျွန်းအထက်သို့ ပျံသန်းသွားခဲ့ပြီး လက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အဖြူရောင်အလင်းတန်းတစ်ခုသည် အောက်ရှိကျွန်းပေါ်သို့ ကျဆင်းသွားခဲ့သည်။

"ဝိုး"

လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ချမ်ဝမ်ကွမ်သည် လက်မထောင်လိုက်မိသည်။ နတ်ဆိုးဧကရီသည် စူးစမ်းထောက်လှမ်းခြင်းပင် မပြုဘဲ တိုက်ပွဲကို ချက်ချင်းစတင်ခဲ့သည်။ နယ်မြေ၏ နံပါတ်တစ်စစ်သည်တော်သည် အမှန်တကယ်ကို ဝံ့ကြွားလှချေသည်။

ဗုန်း...ဗုန်း

အနက်ရောင်နကျယ်ကောင်များ၏ အသိုက်ရှိရာသို့ အလင်းတန်းမကျရောက်ခင်မှာပင် ကျွန်းပတ်လည်တွင် ပင်လယ်ရေလှိုင်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ကျွန်းသည် သိမ့်ခနဲ တုန်ခါသွားခဲ့ပြီး အနက်ရောင်နကျယ်ကောင်များ၏ တကျီကျီ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

နတ်ဆိုးဧကရီ အလင်းတန်းများ ပစ်ချပြီးသည့်နောက် ကျွန်းထံမှ အနက်ရောင် နွယ်ရှည်ကြီးတစ်ချောင်း ထိုးထွက်လာကြောင်း ချမ်ဝမ်ကွမ်တို့ မြင်လိုက်ရလေသည်။ အနက်ရောင် နွယ်ကြီးသည် မရပ်တန့်နိုင်လောက်သည့် အရှိန်ဖြင့် နတ်ဆိုးဧကရီရှိရာသို့ တိုးဝင်လာခဲ့သည်။ နွယ်ကြီး၏ ကြောက်စရာအရှိန်အဝါသည် ရွှေယို့လန်၏မျက်နှာအား ပျက်ယွင်းသွားစေသည်။

"နေနက်မိစ္ဆာနွယ်"

ချမ်ဝမ်ကွမ်တို့မှာ သူတို့ဝိဉာဉ်များပင် ပြိုကွဲသွားတော့မယောင် ခံစားနေရသည်။ အနှီအနက်ရောင်နွယ်သည် တမလွန်လောကမှ ထွက်လာသည့် ဝိဉာဉ်ရိတ်သိမ်းလက်နက်ကြီး အလားပင်။ ထိုတစ်ခဏတွင် သူတို့၏ မျက်ဝန်းထဲတွင် လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားပြီး နွယ်ကြီးတစ်ခု၏ ပုံရိပ်သာ ကျန်ရစ်လေသည်။ လူတိုင်း၏ ရင်သည် တင်းကြပ်လာခဲ့ပြီး ဤနေနက်မိစ္ဆာနွယ်ကို နတ်ဆိုးဧကရီ အနိုင်ယူနိုင်ပါမည်လောဟု စတင်တွေးတောလာကြသည်။ သူတို့ကိုယ်တိုင်လည်း စတေးခံလေးများ ဖြစ်မသွားစေရန် ကြိတ်၍ ဆုတောင်းနေကြသည်။

"ဟမ့်"

နတ်ဆိုးဧကရီသည် နှာမှုတ်လိုက်ပြီး သူမ၏ ကျောက်စိမ်းဖြူသွယ် လက်များကို ဆန့်ထုတ်လိုက်သည်။ သူမ၏ လက်ညွှန်ပြရာ လေဟာနယ်သည် လင်းလက်လာခဲ့သည်။ ချမ်ဝမ်ကွမ်တို့လူစု၏ မျက်ဝန်းထဲမှ ကမ္ဘာကြီးသည် ထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။ ဖြူဖွေးသော လက်ညှိုးလေးတစ်ချောင်းသည် နွယ်ကြီးရှိရာသို့ ဦးလှည့်ထားခဲ့သည်။ လက်ညှိုးသည် သေးငယ်လှသော်လည်း ၎င်းမှ ထွက်ပေါ်နေသော အရှိန်အဝါတို့မှာ ၎င်းထက် အဆများစွာ ကြီးမားသည့် နွယ်ကြီးအောက် မလျော့ပေ။

"ဟိုင်းယား"

ငွေပန်းပွင့်အဘွားအိုသည် အော်ဟစ်လိုက်ပြီး သူမ၏ နှင်တံကို လွှဲယမ်းလိုက်သည်။ နှင်တံသည် အရိပ်တစ်ခုပမာ လေကိုခွင်းသွားခဲ့ပြီး ဆယ်မီတာကျော် ရှည်လျားသော နှင်တံကြီးတစ်ခုအသွင် ပြောင်းသွားခဲ့သည်။ ထို့နောက် နေနက်မိစ္ဆာနွယ်ရှိရာသို့ ကျဆင်းသွားလေသည်။

"ဒီအဘိုးကြီးရဲ့ လက်သီးကို မြည်းကြည့်လိုက်ဦး"

ကျူးကော့ချမ်ယွမ်သည် ဘီးတပ်ကုလားထိုင်အား လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီး လေပေါ်ထိုးတက်သွားခဲ့သည်။ သူ၏ညာဘက်လက်သီးသည် အလင်းရောင်များ ဖြာထွက်လာခဲ့သည်။

ရွှေရောင်လက်သီးအရိပ်သည် သူ့လက်သီးမှ ခွဲထွက်သွားခဲ့သည်။ အဆိုပါလက်သီးအရိပ်သည် အတွင်းအားတိုက်ခိုက်မှုနှင့် လုံးဝမတူဘဲ ကျူးကော့ချမ်ယွမ်၏ လက်သီးအစစ်သည် ဆယ်ဆခန့် ကြီးသွားသလိုပင်။ ထိုလက်သီး၏ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းလှပြီး တောင်ကြီးတစ်ခုကိုပင် အမှုန့်ချေနိုင်မည်ဟု ထင်ရလေသည်။

ကျူးကော်ချမ်ယွမ်သည် ခြေသည်းခြောက်ခုပါ ရွှေရောင်နဂါးကို ထုတ်မသုံးခဲ့ပေ။ နတ်ဆိုးသားရဲဘုရင်အဆင့် ရွှေရောင်နဂါးသည် အကူအညီဖြစ်လိမ့်မည် မဟုတ်မှန်း သူသေချာသိသည်။ ၎င်းသည် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာလိမ့်မည်။ အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်တောင် အလွယ်တကူ ဖမ်းချုပ်ခံရလေရာ ထိုထက်ပို၍ အဆင့်နိမ့်သော ရွှေရောင်နဂါးဆိုပါက ထည့်ပြောနေရန်ပင် မလိုချေ။

"ကျား"

ရွှေယို့လန်သည်လည်း စတင်တိုက်ခိုက်လိုက်သည်။ သူမသည် လက်သင်္ကေတ တစ်ခုပြုလုပ်လိုက်ပြီး ရှေ့သို့ ညွှန်ပြလိုက်သည်။ ပင်လယ်ရေသည် ကြမ်းတမ်းစွာ စတင်လှုပ်ရှားလာခဲ့သည်။ သူမ၏ ဝတ်ရုံရှည်မှာ လေတွင် တဖျပ်ဖျပ် လွင့်နေလေသည်။ သူမ၏ လက်အဝှေ့တွင် ပင်လယ်ရေမှ သုံးဆယ်ကီလိုမီတာကျော်မြင့်သော လှိုင်းလုံးကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး လှိုင်းလုံးကြီးမှသည် ရေနဂါးတစ်ကောင်၏ ပုံံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ရေနဂါးသည် နေနက်မိစ္ဆာနွယ်ရှိရာသို့ ပြေးထွက်သွားခဲ့သည်။

ထိပ်သီးသိုင်းပညာရှင်လေးဦးသည် ပူးပေါင်း၍ နေနက်မိစ္ဆာနွယ်အား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ထိုအခိုက်အတန့်၌ ကောင်းကင်တစ်ခွင်တွင် မိုးခြိမ်းများနှင့်အတူ လျှပ်စီးများ လင်းလက်လာခဲ့သည်။ လျှပ်စီးအလင်းသည် ကျွန်းတစ်ခုလုံးအား ဝင်းလက်သွားစေသည်။ ကျွန်း၏ ကောင်းကင်ယံအထက်မှ မြင်ကွင်းသည် ဂိုဏ်းသုံးဂိုဏ်းမှ လူများအားလုံး၏ စိတ်ထဲတွင် စွဲထင်သွားခဲ့သည်။ ဤမြင်ကွင်းအား သူတို့တစ်သက် မေ့ပျောက်နိုင်တော့မည်မဟုတ်။

ဗုန်း...

နောက်ထပ်ဖြစ်ပေါ်လာသော မြင်ကွင်းသည်ကား သူတို့၏ နောက်ဘဝအထိပါ မေ့မရနိုင်မည့် မြင်ကွင်းမျိုးဖြစ်သည်။ နေနက်မိစ္ဆာနွယ်နှင့် နတ်ဆိုးဧကရီ၏ လက်ညှိုးတိုက်ခိုက်မှုတို့ ထိပ်တိုက်တွေ့သွားသည့်အခါတွင် မိုးခြိမ်းသံပမာ ကျယ်လောင်လှသည့် အသံကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး လေထုသည် အက်ကွဲသွားခဲ့သည်။ နေနက်မိစ္ဆာနွယ်သည် တုန်ခါသွားခဲ့သော်လည်း ရှေ့သို့ဆက်လက် တိုးဝင်လာခဲ့သည်။ နတ်ဆိုးဧကရီသည် ၎င်း၏ တိုက်ခိုက်မှုကို လျှပ်စီးအလျင်နှင့် ရှောင်ရှားလိုက်လေရာ နွယ်ပင်ကြီးသည် ရွှေယို့လန်တို့လူစု၏ တိုက်ခိုက်မှုသုံးခုနှင့် တိုက်မိသွားခဲ့သည်။ ရလဒ်မှာ နေရာရှိ လူအားလုံးကို ဆွံ့အသွားစေခဲ့သည်။

***

All Chapters