ငါဘယ်တုန်းက စော်ကြည်ဘဲ ဖြစ်သွားတာလဲဟ
Vol. 13 Ch. 130
( ငတုံးစနစ်ရဲ့ မူရင်းပိုင်ရှင်က မသေသေးဘူးလား )
ကျိချန်အာနှင့် ဖြစ်ကြောင်းကုန်စင် ပြောပြီးသည်နှင့် ချီယွမ်တစ်ယောက် အံ့ဩမှင်သတ်စွာ မျက်မှောင်ကြုတ်သွားတော့သည်။
တစ်ချိန်တည်းမှာပဲ ချင်းယွမ်မြို့အပြင်က မြင်ကွင်းများကို ထူးကဲသော မှတ်ဉာဏ်များအတွင်းမှ လျင်မြန်စွာပြန်တွေးလိုက်သည်။
ထိုအချိန်က သူသည်လုံခြုံစေရန်အတွက် နတ်အာရုံဖြင့် အုတ်ဂူအတွင်းကို စစ်ဆေးခဲ့သည်။ မြေအောက်တွင် တစ်ကယ်ပဲအလောင်းတစ်ခု မြုပ်နှံထားပြီး ထိုအလောင်းကလည်း အသက်အရွယ် ကိုက်ညီနေပါ၏။
အေးစက်နေသော အလောင်းကောင်သည် အသက်ပြန်ရှင်လာနိုင်ချေ ဘယ်လိုမှမရှိပါချေ။
အခုတော့ နောက်ထပ်ချီယွမ် တစ်ကောင်ပေါ်လာပြီး မိုင်ပေါင်းသောင်းချီဝေးကွာသော လီယွမ်သန့်စင်နယ်မြေထိ သွားရောက်ရှာဖွေခဲ့သည်။ ဖြစ်စဉ်တွေက အရမ်းကိုတိုက်ဆိုင်နေပါ၏။
( ဖြစ်နိုင်တာ မကောင်းတဲ့အောက်လမ်းပညာတတ်တဲ့ ကျင့်ကြံသူတစ်ယောက်က ချင်လင်ရှူးကို စိတ်ဝင်စားပြီးတော့ မူရင်းပိုင်ရှင်ရဲ့အလောင်းကို အသက်ဝင်လာအောင် အောက်လမ်းသိုင်းတစ်ချို့နဲ့ ပြုပြင်ခဲ့တာများလား။ ပြီးတော့ လီယွမ်သန့်စင်နယ်မြေရဲ့ အငယ်ဆုံးဓားသခင်မ ချင်လင်ရှူးကို လှည့်စားမလို့ ကြံနေတာဖြစ်နိုင်တယ်။ )
သို့သော်ငြား ချီယွမ်သည် ထိုအတွေးအား လျင်မြန်စွာ လက်လျော့လိုက်တော့သည်။
ကြားသိခဲ့ရသော သတင်းအရ မူရင်းပိုင်ရှင်၏ လီယွမ်သန့်စင်နယ်မြေသို့ သွားရောက်ခြင်းရည်ရွယ်ချက်သည် စေ့စပ်မှုအား ဖျက်သိမ်းရန်ဖြစ်ပြီး သတိုးသမီးလောင်းကို အတင်းအကျပ်ရယူရန် မဟုတ်ပါချေ။ အကယ်၍ သူတွေးခဲ့သလိုမျိုး ချင်လင်ရှူးကိုသာ ပစ်မှတ်ထားနေပါက ထိုလုပ်ရပ်သည် မဖြစ်နိုင်ပေ။
( ပြီးတော့ လီယွမ်သန့်စင်နယ်မြေဆိုတာ ဘယ်လိုနေရာမို့လို့လဲ။ အောက်လမ်းပညာနဲ့ လိမ်ညာထားတဲ့ ရုပ်သေးရုပ်အလောင်းတစ်ခုကို မမှတ်မိဘဲနဲ့ လူလိမ်တစ်ယောက်ရဲ့ စကားတွေကို ယုံကြည်စရာလား။ အကောင်းမွန်ဆုံး အလောင်းကြိုးကိုင်ခြင်း သိုင်းပညာကတောင်မှ ပြစ်ချက်ကင်းတဲ့ သိုင်းပညာတစ်ခုဖြစ်လာမှာ မဟုတ်ဘူး။ )
( စိတ်ဝင်စားစရာတော့ ကောင်းနေပြီ )
ချီယွမ်တစ်ယောက် စနောက်လိုစွာ ပြုံးလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ ကြည့်ရတာ ချီအိမ်တော်တစ်ခုလုံးကို သတ်သွားတဲ့လူသတ်သမားက ထင်သလောက်မရိုးရှင်းဘူးပဲ။ ဒါ့ကြောင့် ငတုံးစနစ်က ကြယ်ငါးပွင့်တောင် ပေးထားတာကိုး။ တစ်ကယ်ကို ချဲ့ကားလွန်းတာပဲ ”
“ ဒါပေမဲ့ ငတုံးစနစ်ကတော့ သေလောက်မယ့် တာဝန်တွေပေးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဘယ်လိုပဲဆိုဆို သူ့ရဲ့အမြင်မှာ ငါကအခြေခံတည်ထောင်ခြင်းနယ်ပယ်ရှိတဲ့ ကျင့်ကြံသူတစ်ဦးပဲ ရှိသေးတာ။ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးကို လက်စားချေခိုင်းမှာတော့ မဟုတ်ဘူးထင်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က လက်သည်တရားခံက ကျင့်ကြံဆင့်မမြင့်ဘူး။ သူ့ရဲ့နည်းလမ်းတွေက ပုံမှန်ထက် ကွဲလွဲနေတာလေးပဲရှိတာ ”
ချီယွမ် မျက်လုံးများ ကျဉ်းမြောင်းပြီး ခဏတာစဉ်းစားလိုက်သည်။ ထို့နောက်တွင် စိတ်ပိုင်းဖြတ်လိုက်တော့၏။
မနက်ဖြန် ပွဲတော်ပြီးသည်နှင့် လီယွမ်သန့်စင်နယ်မြေသို့ ကိုယ်တိုင်သွားရောက်ကာ မူရင်းပိုင်ရှင်အား အတည်ပြုပြီး စနစ်၏ ပင်မတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်မည်။
ထိုအချိန်မှာပဲ တံခါးအပြင်ဘက်မှ အမျိုးသမီးအသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
“ တာအိုသားတော်ချီ အထဲမှာရှိနေလား ”
( ဘာလား သူမငါနဲ့ စာရင်းရှင်းဖို့ ရောက်လာတာလား )
ချီယွမ်အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် လျင်မြန်စွာဖြင့် ပြန်လည်ထိန်းသိမ်းလိုက်ရင်း တံခါးဖွင့်လိုက်ကာ အပြုံးတစ်ခုဖြင့် မေးခွန်းထုတ်လိုက်၏။
“ နတ်သမီးရှောင် လိုအပ်တာ တစ်ခုခုရှိလို့ပါလား ”
ကျက်သရေရှိသော ရိုးရှင်းသည့် ဗေဒါရောင်ဝတ်စုံအား ဝတ်ဆင်ထားသော နတ်သမီးရှောင်ကို ချီယွမ်တွေ့လိုက်ရသည်။ သူမ၏ လှပသောမျက်နှာက မျက်နှာချေမှုန့် မပါဘဲနဲ့တောင်မှ ပွင့်အာနေသော နှင်းဆီဖူးတစ်ခုလိုမျိုး ဆွဲဆောင်မှုရှိလှ၏။
“ တာအိုသားတော်ချီ ကျွန်မ... ကျွန်မရှင်နဲ့ ဆွေးနွေးဖို့ ရောက်လာတာပါ။ အထဲအရင်ဝင်လို့ ရမလား ”
စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားသော ရှက်ရွံ့နေပုံရသည့် အသံဆုံးသွားသည်နှင့် ရှောင်ယွဲ့နင် အနေခက်စွာ နှုတ်ခမ်းအား တင်းတင်းစေ့ထားလိုက်သည်။
ညနက်ပိုင်းမှာ သူမသည် ယောက်ျားတစ်ဦးနေထိုင်သော ခြံဝန်းထဲသို့ တစ်ယောက်တည်း ရောက်လာခဲ့၏။ ထိုအကြောင်းသာ ကျင့်ကြံရေးလောကအတွင်းသို့ ပျံ့နှံသွားပါက အလွန်ချဲ့ကားသော သတင်းများထွက်လာနိုင်သည်။
သူမသည် သူမနေထိုင်ရာ စက်ဝန်းအကြောင်း ကောင်းစွာနားလည်ပါ၏။ လင်လုံသန့်စင်နယ်မြေအတွင်းတွင် အမျိုးသမီးတပည့်များ ပြည့်နှက်နေသည့်အတွက် တဖြည်းဖြည်းချဲ့ကားလာမည့် သတင်းစကားများအား မတွေးရဲပါချေ။
ထို့ကြောင့် သူမသည်ဘယ်သူမှ မမြင်အောင် အထူးဂရုစိုက်ခဲ့ပြီး အရင်ဦးဆုံး ခြံဝန်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။
“ ကောင်းပါပြီ ”
ချီယွမ် ချက်ချင်းခေါင်းညိတ်လိုက်ရင်း သူမအား အထဲဝင်ဖို့ ဖိတ်ကြားလိုက်သည်။
“ နတ်သမီးရှောင် ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ ”
ရှောင်ယွဲ့နင်က အနည်းငယ်နီရဲနေသော ပါးပြင်များနှင့် ညင်သာစွာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ထို့နောက်တွင် အနေခက်စွာဖြင့် အခန်းအတွင်းသို့ ဝင်ရောက်လိုက်၏။ ပြီးသည်နှင့် တံခါးကိုတင်းကျပ်စွာ ပိတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ချီယွမ် မျက်လုံးတစ်ဖက်ပင့်သွားကာ သံသယတစ်ချို့ ဝင်လာတော့သည်။
“ နတ်သမီးရှောင် ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းကိုတောင်းပန်ပါတယ် ”
သို့သော် သူ၏စကားမဆုံးခင်မှာပဲ ရှောင်ယွဲ့နင်က ခေါင်းယမ်းပြရင်း နူးညံ့စွာပြောလိုက်သည်။
“ တာအိုသားတော်ချီ အရမ်းစိတ်မပူပါနဲ့။ ရှင်ကလည်း ပုံရိပ်ယောင်သစ်သီးရဲ့ အကျိုးသက်ရောက်ခြင်း ခံလိုက်ရတာပဲ။ ဒါကြောင့် ပုံရိပ်ယောင်ထဲကျသွားပြီးတော့ မသင့်တော်တဲ့ အပြုအမူတစ်ချို့ လုပ်ခဲ့မိတာပါ။ ရှင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်တဲ့အတွက် အခုလိုမျိုး အပြစ်တင်ဖို့ မလိုအပ်ပါဘူး။”
နားလည်ပေးလွန်းနေသော သူတော်စင်မကြောင့် ချီယွမ်ပင် ပြောစရာစကား ပျောက်ဆုံးသွားလေရဲ့။ ဘယ်လိုတုန့်ပြန့်ရမည် မသိတော့သည့်အတွက် ချီယွမ်တစ်ယောက် စာအုပ်ကြီးဆန်စွာ ဖြေကြားလိုက်သည်။
“ နတ်သမီးရှောင်က အရမ်းကိုစဉ်းစားပေးတတ်တာပဲ။ ကျွန်တော် လေးစားရပါတယ် ”
ထို့နောက်တွင် ချီယွမ်သည် လက်ထဲတွင်ကိုင်ထားသော အခါးရည်ခွက်အား ကြောင်အစွာ ကြည့်နေလိုက်တော့သည်။
ချန်ဟွမ်း၏ မူရင်းခန္ဓာကိုယ်ပေါ်တွင် တက်စီးပြီးနောက်တွင် သူ၏အသွေးအသားစွမ်းအင်များက အလွန်အမင်းပြင်းထန်နေကာ များစွာသော အားတိုးဆေးပုလင်းလိုက်အား သောက်ထားရသလိုမျိုး တက်ကြွနေခဲ့သည်။ ဤအချိန်မျိုးတွင် လှပပြီးဆွဲဆောင်မှုရှိသော လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မနှင့် နှစ်ယောက်တည်းရှိနေရခြင်းက အမှားပေါင်းများစွာ ကျူးလွန်အောင် နှိုးဆွပေးနေလေ၏။
ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်းမှ ကာကွယ်နိုင်ရန်အတွက် အတင်းအကျပ်အာရုံပြောင်းရင်း စကားပြောပြီးသည်နှင့် တစ်ဖက်သူ လျင်မြန်စွာထွက်သွားဖို့သာ ချီယွမ် ဆုတောင်းမိပါသည်။
သို့သော် အနည်းငယ် အရုံလွင့်နေဟန်ရသော ချီယွမ်၏ပုံစံကြောင့် ရှောင်ယွဲ့နင်က မတတ်နိုင်စွာဖြင့် နှုတ်ခမ်းကိုက်လိုက်သည်။ ခဏမျှ တုန့်ဆုတ်နေပြီးနောက်တွင် သူမက နောက်ဆုံးတော့ မေးခွန်းထုတ်လာ၏။
“ တာအိုသားတော်ချီ၊ မဟာဘိုးဘေးကို မနက်တုန်းက ရှင် ပြောခဲ့တဲ့စကားတွေက အမှန်တိုင်းပြောခဲ့တာလား ”
ဆရာဖြစ်သူ ပေးခဲ့သော အရေးကြီးတာဝန်ကိုဆောင်ရွက်ရန် ရောက်လာသည့်တိုင်အောင် ရှောင်ယွဲ့နင်သည် အခြေအနေကို ရှင်းလင်းစွာ သိချင်သေးသည်။ သူမ၏ တာအိုနှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်ဖို့လိုအပ်သည်မလား..
ထိုမေးခွန်းကြောင့် ချီယွမ် လျင်မြန်စွာခေါင်းညိတ်လိုက်ရင်း ပြတ်သားစွာပြောလိုက်သည်။
“ သေချာပေါက် အမှန်အတိုင်းပြောခဲ့တာပေါ့။ ကျွန်တော်က ရိုးသားတဲ့လူတစ်ယောက်ပါ ဘယ်တုန်းကမှ မလိမ်ညာဘူး။ နတ်သမီးရှောင်က လှလည်းလှတယ်၊ ကြင်နာတတ်တယ်၊ ဒါ့အပြင် ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ကျက်သရေရှိမှုကို ပိုင်ဆိုင်ထားတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး တာအိုလက်တွဲဖော်တစ်ယောက်ပဲ။ ”
( ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး တာအိုလက်တွဲဖော်တွေထဲက တစ်ယောက်ပေါ့)
ထိုစကားကိုတော့ ချီယွမ် စိတ်ထဲကသာ ပြောလိုက်သည်။
T/N: ထုတ်ပြောလဲ ဟိုက ပါးချသွားမှာပေါ့
ရှောင်ယွဲ့နင်၏ မျက်လုံးအတွင်းတွင် ခံစားချက်အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားရင်း နူးညံ့စွာပြောလာခဲ့သည်။
“ ကျွန်မတို့နှစ်ယောက်လုံးက ရွေးချယ်ခံထားရတဲ့သူတွေပဲ။ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ ပုခုံးပေါ်မှာ ဂိုဏ်းကိုယ်စီအတွက် မျှော်လင့်ချက်ကြီးတွေကို ထမ်းပိုးထားရတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ရေပြင်ပေါ်မှာ အရိပ်ထင်လာတဲ့ အရိပ်တစ်ခုလိုမျိုးပဲ ကြာရှည်ခံမယ်လို့ ရှင်ထင်သလား “
“ ရှင်သာကျွန်မကို တစ်ကယ်ချစ်တယ်ဆိုရင် ဘာကြောင့် ကိုယ့်ရဲ့ကျင့်ကြံမှုကိုပဲ အာရုံစိုက်မထားရမှာလဲ။ ဒီလိုဆိုရင် ကျွန်မတို့ရဲ့လမ်းစဉ်က တူညီနေတဲ့အတွက် အနာဂတ်မှာ အချင်းချင်းဖေးမလို့ရမယ်။ ကျန်တဲ့ကိစ္စတွေကတော့ ခဏနောက်ဆုတ်ထားရအောင်။ တာအိုသားတော်ချီ၊ ကျွန်မရှင်နဲ့အတူ အမတ တစ်ယောက်ဖြစ်လာတဲ့အထိ ကျင့်ကြံချင်တယ်”
ပြောပြီးသည်နှင့် ရှောင်ယွဲ့နင်၏ လှပသောမျက်လုံးများသည် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာတော့သည်။
( ဘာ )
ချီယွမ် ရင်ခုန်သွားရင်း မျက်နှာထားသည်လည်း ထူးဆန်းသွားလေတော့၏။ သူသည်ရိုးရှင်းသော လူငယ်တစ်ယောက် မဟုတ်တော့သည့်အတွက် သူမ၏စကားလုံးများ နောက်ကွယ်ကဆိုလိုရင်းကို နားလည်ပါသည်။
သူတော်စင်မ၏ စကားလုံးများက ငြင်းဆိုမှုနှင့်ဆင်တူသည် ဆိုသော်ငြား သူမ၏ မျက်လုံးအတွင်းက ရှုပ်ထွေးနေသော ခံစားချက်များကို အရူးတစ်ယောက်ဆိုလျှင်တောင်မှ သိသာစွာမြင်နိုင်ပါ၏။
သူမသည် စကားလုံးတစ်ချို့နှင့် သူ၏ကျင့်ကြံမှုကို သူမကြောင့် လျစ်လျူရှုမထားစေရန် သတိပေးသွားခဲ့သည်။ ထို့နောက်တွင် သူမတို့နှစ်ယောက်လုံး ပျော်ရွှင်စွာဖြင့် မသေမျိုးဘဝအား ရရှိနိုင်သည်ဟု မျှော်လင့်ချက်ပါ ပေးသွားသေး၏။
“ မဖြစ်နိုင်တာ ”
( ငါနဲ့သူတော်စင်မနဲ့က တစ်ရက်တောင် အတူကုန်ဆုံးရသေးတာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ဒီအခြေအနေအထိ ရောက်သွားရတာလဲ။ ဘာလဲ ငါကပဲ မိန်းကလေးတွေနဲ့ ပတ်သက်ရင် အရမ်းစော်ကြည်လွန်းနေတာလား )
ချီယွမ်တစ်ယောက် အတွေးလွန်နေစဉ်မှာပဲ ရှောင်ယွဲ့နင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး စိတ်လှုပ်ရှားစွာ မေးခွန်းထုတ်လိုက်သည်။
“ တာအိုသားတော်ချီ၊ မဟာဘိုးဘေးဖေးဟွမ်နဲ့ ရှင်နဲ့ကြားက ဆက်ဆံရေးက တစ်ကယ်ပဲဘာတွေလဲ။ သူမက ဘာလို့ရှင့်ကို အထူးဆက်ဆံပေးရတာလဲ ”
ထို့နောက်တွင် သူမကထိုင်နေသော ချီယွမ်အနားသို့ အနည်းငယ် ကိုယ်ကိုယိမ်းလိုက်သည့်အတွက် သွယ်လျသောခါးလေးသည် ချီယွမ်၏ ပုခုံးနှင့်နူးညံ့စွာ ပွတ်သက်သွားခဲ့သည်။
“ မဟာဘိုးဘေးဖေးဟွမ်က လင်လုံသန့်စင်နယ်မြေမှာ အရမ်းကိုအဖိုးတန်တဲ့ တည်ရှိမှုတစ်ခုပဲ။ ကျန်တဲ့မဟာဘိုးဘေးသုံးယောက်လုံးကလည်း သူမကိုကြီးမားတဲ့ ကျေးဇူးရှိတဲ့အတွက် အရမ်းလေးစားကြတယ်။ သူမရဲ့ စကားလုံးကို အကုန် နာခံကြတယ်။ ပြောရရင် သူမရဲ့တည်ရှိမှုက ကျွန်မတို့ လင်လုံသန့်စင်နယ်မြေကို ရှင်သန်ဖို့ထောက်ပံ့နေတဲ့ ထောက်တိုင်ကြီးတစ်ခုလိုပဲ။ ဒီကိစ္စက ကျွန်မတို့အားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် တာအိုသားတော်ချီ အမှန်တိုင်းပြောပေးမယ်လို့ ယုံကြည်ပါတယ်”
ထို့နောက်တွင် ရှောင်ယွဲ့နင်၏ ကြီးမားကာတောက်ပနေသော မျက်လုံးများက ချီယွမ်ကို ဖောက်ထွင်းမြင်နိုင်ဖို့ ကြိုးစားနေသည့်နှယ် စိုက်ကြည့်လိုက်သည်။
ထိုအချိန်မှာ ချီယွမ်ကတော့ နှာခေါင်းဝတွင် ကျီစယ်နေသော နူးညံ့သည့်မွှေးရနံ့မှာသာ လွင့်မြောနေလေရဲ့။
စာစဉ်ပြီး၏