← Chapters

ပုံမှန်မဟုတ်သောအခြေအနေ

Vol. 27 Ch. 378

ပုံမှန်မဟုတ်သောအခြေအနေ

Vol. 27 Ch. 378

အခန်း (၃၇၈) ပုံမှန်မဟုတ်သောအခြေအနေ

လက်ရှိနှစ်များအတွင်း မီးတောက်မိစ္ဆာများ၏တိုက်ခိုက်မှုက ပြင်းထန်သည်ထက် ပြင်းထန်လာသည်။ ယခုတော့ သူတို့၏တိုက်ခိုက်မှုက ထိပ်ဆုံးအဆင့် ရောက်ရှိသွားပြီဟု ဆိုနိုင်၏။

အရှေ့ပင်လယ်အပြင်ပိုင်းတွင် လူသားသိုင်းကျင့်ကြံသူများဘက်မှ ခံစစ်စည်းပြိုကျနေပြီဟု ဆိုနိုင်သည်။ ဤကိစ္စကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည်။

ဤသို့သောအချိန်မျိုးတွင် လူသားမျိုးနွယ်မှ အထွတ်ထိပ်သိုင်းသမားများအနေဖြင့် အချင်းချင်းထားရှိသောရန်ငြိုးများကို ခေတ္တဖယ်ရှားပြီး တစ်ကမ္ဘာလုံး၏ ဘုံရန်သူကို အတူတကွပူးပေါင်းတွန်းလှန်ရန် လိုအပ်သည်။

အနည်းဆုံးတော့ အချင်းချင်းထားရှိသောရန်ငြိုးများကို အသာမေ့ထားပြီး မီးတောက်မိစ္ဆာများ၏ တိုက်ခိုက်မှုလှိုင်းလုံးများကို အရင်ဦးစွာ ကျော်ဖြတ်ကြရမည်။

ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ မည်မျှအစွမ်းထက်ကြောင်း ခန့်မှန်းနိုင်သူမရှိသော်လည်း စွမ်းအားကြီးမားသည်က အမှန်ပင်။ ဤသည်က လူသားကျင့်ကြံသူများအတွက် အားတက်စရာကိစ္စ ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ ပြီးလျှင် ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင် ယွမ်ကျန်းဖုန်းနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံ ပေါင်းစည်းထားခြင်း ၊ နေသူတော်စင်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲ အရှေ့အရပ်မှထွက်သောနေသူတော်စင် ဟွမ်ကွမ်လီတို့က စွမ်းအားအကြီးမားဆုံး ဖြစ်သည်။

ထို့ကြောင့် သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော မီးတောက်မိစ္ဆာဘုရင်များ အစွန်းရောက်ရှစ်ပါးကမ္ဘာအတွင်း ဝင်ရောက်လာကြောင်း ကြားသိရသည့်အခါ ဆရာဘိုးဘိုးနှင့် ဟွမ်ကွမ်လီတို့ လက်ရှိတွင် မည်သို့ရှိသည်ကို ဦးစွာစဉ်းစားမိသည်။

ရန်ကျောက်ကဲ မေးခွန်းကိုကြားတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားက...

“သတင်းတွေအရတော့... မင်းတို့ဂိုဏ်းက ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်နဲ့ နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီတို့လည်း အရှေ့ပင်လယ်ကို အလျှင်အမြန် ရောက်လာကြပြီတဲ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အဆုံးမဲ့တောင်တန်း ဂိုဏ်းချုပ်နဲ့ ကောင်းကင်မိုးကြိုးခန်းမရဲ့ အရှင်သခင် ချန်လီတို့ရော ရောက်လာကြပြီလား”

သူ့ရှေ့မှ သိုင်းသမားက...

“အဆုံးမဲ့တောင်တန်းက ဂိုဏ်းချုပ်’ချူးယန်’ က အခု မိုးဖြိုပုဆိန်နဲ့အတူ လမ်းမှာရောက်နေပါပြီ ၊ ကောင်းကင်မိုးကြိုးခန်းမက ခန်းမသခင် ‘ချန်လီ’ လည်း မြောက်ပင်လယ်ကိုဖြတ်ကျော်လာနေပြီလို့ပြောတယ် ၊ မကြာခင် အရှေ့ပင်လယ်ကို ရောက်လာတော့မှာပါ”

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထွတ်ထိပ်သိုင်းကျင့်ကြံသူ အများစု အရှေ့ပင်လယ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

သို့တိုင် ရန်ကျောက်ကဲနှင့် သူ့ရှေ့မှ သိုင်းသမားတို့မှာ စိတ်သက်သာရာမရနိုင်ဘဲ မျက်နှာပျက်နေကြဆဲပင်။

ထိုကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမား၏မျက်ဝန်းများတွင် ဖုံးကွယ်မရနိုင်သော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေသည်။ လက်ရှိတွင် မီးတောက်မိစ္ဆာများက ကျောက်စိမ်းပင်လယ်မြို့တော်ကို တောက်လျှောက်တိုက်ခိုက်နေပြီး မြို့တော်သခင်’စုန့်ဝူလျန်’ သည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးပေ။

တစ်ချိန်တည်းပင် အရှေ့ပင်လယ်အပြင်ပိုင်းမှ အထွတ်ထိပ်သိုင်းကျင့်ကြံသူများမှာလည်း ခံစစ်စည်းကျိုးပျက်လုနီးပါး ကြီးမားသောဖိအားကို ခံစားနေရသည်။ သူတို့က မီးတောက်မိစ္ဆာများ၏ ပြင်းထန်သောတိုက်ခိုက်မှုများကို တောင့်ခံရင်း အရှေ့ပင်လယ်ကုန်းတွင်းပိုင်းသို့ လျှင်မြန်စွာ ဆုတ်ခွာနေကြသည်။

ထို့ကြောင့် အရှေ့ပင်လယ်အပြင်ပိုင်းနှင့် အရှေ့ပင်လယ်ကုန်းတွင်းပိုင်း ဆုံချက်တွင်ရှိနေသော ‘ပင်လယ်ရှည်မြို့တော်’ သည်လည်း ခြိမ်းခြောက်ခံနေရသည်။

“မီးတောက်မိစ္ဆာတွေ နီးကပ်လာရင် ပင်လယ်ရှည်မြို့တော်က အဓိကစစ်မြေပြင် ဖြစ်လာနိုင်တယ် ၊ ဒါကြောင့် ဒီနေရာမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ် ၊ ပြီးတော့ ပိုပြီးလည်း ဂရုစိုက်ရမယ်”

ရန်ကျောက်ကဲက သူ့အရှေ့မှ သိုင်းကျင့်ကသူကို ပြောလိုက်သည်။

ထိုသူက စိုးရိမ်ပူပန်နေဟန်ဖြင့်...

“ဟုတ်တယ် ၊ အခုဆိုရင် သိုင်းဆရာသခင်အဆင့်နဲ့ညီမျှတဲ့ မီးတောက်မိစ္ဆာတွေ ဒီနေရာကို အများကြီးရောက်လာနေပြီ ၊ သာမန်လူတွေ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ဖို့အတွက်လည်း ငါတို့ စီစဉ်နေကြတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အဲဒါ ကောင်းတယ်”

ထိုသိုင်းသမားနှင့် နှုတ်ဆက်လမ်းခွဲပြီးနောက် အားဟူက ခါးသက်စွာဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်သည်။

“သခင်လေး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...

“ကျောက်စိမ်းပင်လယ်မြို့တော်က အခြေအနေကို ထိန်းချုပ်ဖို့အတွက် ဟွမ်ကွမ်လီကိုတော့ ငါတို့ အားကိုးလို့မရနိုင်ဘူး ၊ ဒီတော့ ငါတို့ ဆရာဘိုးဘိုးကို အချက်ပြဖို့ စဉ်းစားရမယ် ၊ ဆရာဘိုးဘိုးက ပြည်မကနေ ပင်လယ်ဒေသကိုဆင်းလာရင် အရှေ့ပင်လယ်ကုန်းတွင်းပိုင်းကို သေချာပေါက် ဖြတ်ကျော်လာမှာပဲ ၊ ဒီတော့ ကျောက်စိမ်းပင်လယ်မြို့တော်က မီးတောက်မိစ္ဆာဘုရင်နှစ်ကောင်ကို ရှင်းသွားပေးရင် အဆင်ပြေမယ်”

အားဟူက...

“အဲဒီမီးတောက်မိစ္ဆာနှစ်ယောက်က ကျောက်စိမ်းပင်လယ်မြို့တော်ကို စိမ်ပြေနပြေတိုက်ခိုက်နေတာ ၊ သူတို့ အချိန်မီနောက်မဆုတ်ဘူးဆိုရင် ဂိုဏ်းချုပ်ဟောင်းရောက်လာရင် တိုက်ခိုက်ခံရနိုင်ခြေများတယ် ၊ ဒါပေမဲ့ သခင်လေး မျှားခေါ်လာတဲ့ မီးတောက်မိစ္ဆာဘုရင်ကတော့ ဂိုဏ်းချုပ်ဟောင်းနဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံလက်က လွတ်အောင်ပြေးနိုင်လောက်တယ်”

ရန်ကျောက်ကဲက လမ်းလျှောက်လာရင်းပင် စကားဆိုသည်။

“ဒါကြောင့် ဒီကောင်ဒေါသပြေသွားလို့ မဖြစ်ဘူး ၊ ဆိုတော့... သူနဲ့ဆက်ပြီး ကစားကြတာပေါ့ ၊ သူ့ကို ဒေါသထွက်အောင် စွပေးခဲ့မယ်လေ ၊ မီးတောက်မိစ္ဆာတွေရဲ့ ပင်ကိုယ်ဗီဇက ဒေါသထွက်လာပြီဆိုရင် စုပြုံပြီးပေါက်ကွဲတတ်တယ် ၊ ရန်သူကို အနိုင်မယူနိုင်ဘူးလို့ ခံစားရရင်လည်း အဲဒီလိုပဲ ပေါက်ကွဲတတ်တယ်”

သူက ဆက်ပြောသည်။

“ငါ သူ့ကို အဲဒီအဆင့်ရောက်အောင် စွပေးလိုက်ရင် ဆရာဘိုးဘိုးနဲ့တွေ့တဲ့အခါ သူ ရှောင်ပြေးမှာမဟုတ်တော့ဘူး ၊ ငါ့ကို ရှာမတွေ့လို့ ဒေါသထွက်နေတော့ အကျိုးဆက်ကိုမစဉ်းစားဘဲ ဆရာဘိုးဘိုးနဲ့တိုက်ခိုက်ပြီး သူ့ဒေါသကို ဖွင့်ထုတ်လိမ့်မယ်”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း...

“သူက ငါ့ကို အရမ်းဒေါသထွက်ပြီး ငါ့ဆီကလက်စွပ်ကိုလည်း လိုချင်နေတာလေ ၊ ငါက သူ ဒေါသထွက်မှာကို မကြောက်ဘူး ၊ သူ ဒေါသပြေသွားမှာကိုပဲ ကြောက်တာ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ့မျက်လုံးများကို မှေးမှိတ်လိုက်သည်။

မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ က အလွန်ပြင်းထန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည့်တိုင် ရန်ကျောက်ကဲစိတ်ထဲတွင်တော့ သူက အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု မဟုတ်သေးပေ။

ရန်ကျောက်ကဲ စိုးရိမ်ပူပန်သည်မှာ အရှေ့ပင်လယ်အပြင်ဘက်မှ ကိုယ်ယောင်ဖျောက်ထားသည့်သည့် မီးတောက်မိစ္ဆာများ ဤနေရာသို့ ထပ်မံရောက်ရှိလာမည်ကို ဖြစ်သည်။

အန်းချင်လင်နှင့် အခြားသူများက အရှေ့ပင်လယ်တွင် နိုးနိုးကြားကြား စောင့်ကြပ်ကြည့်ရှုနေလျှင် မီးတောက်မိစ္ဆာများ နောက်တစ်ကြိမ် ကိုယ်ယောင်ဖျောက်ပြီး ဤနေရာသို့ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။

သို့သော် တိုက်ပွဲအစပိုင်းတွင် လူသားကျင့်ကြံသူများက နယ်မြေခံဖြစ်သဖြင့် အနည်းငယ်အသာစီးရရှိခဲ့ပြီး တိုက်ပွဲက မျှတခဲ့သည်။

ယခုတော့ အရှေ့ပင်လယ်အပြင်ပိုင်းမှ လူသားသိုင်းပညာရှင်များ၏ အခြေအနေက ဆိုးရွားလျှက်ရှိပြီး ကြီးမားသောဖိအားများနှင့်လည်း ရင်ဆိုင်နေရသည်။

တိုက်ရင်းခိုက်ရင်းဖြင့် ကိုယ့်အသက်မသေအောင်လည်း အာရုံစိုက်ရသလို မီးတောက်မိစ္ဆာများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သတိထားရန်မှာ မလွယ်ကူလှပေ။

ထို့ကြောင့် ချန်ဟွမ်အပါအဝင် မီးတောက်မိစ္ဆာဘုရင် နှစ်ယောက်တည်းသာဖြစ်ခဲ့လျှင် ရန်ကျောက်ကဲအနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စဉ်းစားနိုင်သည်။

ကျောက်စိမ်းပင်လယမြို့တော်သခင် ‘စုန့်ဝူလျန်’ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသည့်တိုင် ယွမ်ကျန်းဖုန်း အရှေ့ပင်လယ်ကုန်းတွင်းပိုင်းကို ဖြတ်ကျော်သွားလျှင် ကျောက်စိမ်းပင်လယ်၏အခက်အခဲအား ဖြေရှင်းနိုင်မည် ဖြစ်သည်။

သို့သော် သိုင်းသူတော်စင် ဒုတိယအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင်တစ်ယောက် လျှို့ဝှက်စွာ ဤနေရာသို့ ရောက်ရှိလာမည်ဆိုပါက အခြေအနေများ ပိုမိုရှုတ်ထွေးကုန်ပေမည်။

ထိုသို့ဖြင့်...

အနီးပတ်ဝန်းကျင်မှ မီးတောက်မိစ္ဆာများကို ရှောင်တိမ်းရင်း ရန်ကျောက်ကဲတို့အုပ်စု တိတ်ဆိတ်စွာပင် ပင်လယ်ရှည်မြို့တော်မှ ကျောက်စိမ်းပင်လယ်မြို့တော် တည်ရှိရာဒေသသို့ ပြန်လာကြသည်။

ထိုနေရာသို့ ရောက်မှ သူတို့က မီးတောက်မိစ္ဆာများ၏ အခြေအနေကို စုံစမ်းကြည့်ကြသည်။

ရန်ကျောက်ကဲ၏ ကြိမ်ဖန်များစွာ အဆက်မပြတ် အလစ်ချောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် မီးတောက်မိစ္ဆာအများအပြား သေဆုံးခဲ့ကြရသည်။ ထို့ကြောင့် ဒေါသနှင့်အမုန်းတရားများ ဖုံးလွှမ်းနေသော မီးတောက်မိစ္ဆာများက သူတို့၏ဗျူဟာကို ပြောင်းလဲခဲ့ကြသည်။

ယခုဆိုလျှင် မဟာမီးတောက်မိစ္ဆာတစ်ယောက်ကို ခေါင်းဆောင်ထားပြီး မီးတောက်မိစ္ဆာများက နီးစပ်ရာအုပ်စုဖွဲ့လျှက် လှုပ်ရှားကြသည်။

ထို့ကြောင့် ရန်ကျောက်ကဲမှာ ယခင်ကထက် ပိုမိုအားကောင်းလာသော မီးတောက်မိစ္ဆာအုပ်စုကြီးများကို တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

မီးတောက်မိစ္ဆာအုပ်စုကြီးတစ်ခုတွင် မဟာမီးတောက်မိစ္ဆာတစ်ယောက်က ဦးဆောင်နေသဖြင့် ရန်ကျောက်ကဲအတွက် သူတို့ကို အနိုင်ယူတိုက်ခိုက်ရန် ခက်ခဲလာသည်။

ထိုမျှမက သူက ထိုမီးတောက်မိစ္ဆာအုပ်စုကြီးကို တိုက်ခိုက်နေစဉ် မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ အလျှင်အမြန် ရောက်ရှိလာပါက ပင်လယ်ရေနက်ထဲသို့ အချိန်မီပြန်မဆင်းနိုင်ဘဲ တိုက်ပွဲထဲ ပိတ်မိနေပေလိမ့်မည်။

နောက်တစ်ချက်မှာ မီးတောက်မိစ္ဆာများအနေဖြင့် ရန်ကျောက်ကဲ၏သဲလွန်စမကျန် ခြေရာဖျောက်သည့်နည်းလမ်းကို သိရှိသွားပါက နောက်ပိုင်းတွင် သူတို့အနေဖြင့် လွတ်မြောက်အောင်ထွက်ပြေးရန် ခက်ခဲသွားနိုင်သည်။

ထို့ကြောင့် မီးတောက်မိစ္ဆာများ ဗျူဟာပြောင်းလဲထားသည်ကို သိရှိပြီးနောက် ရန်ကျောက်ကဲကလည်း အစီအစဉ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ သူက မီးတောက်မိစ္ဆာများကို မသတ်ဖြတ်တော့ဘဲ တုန်လှုပ်ထိတ်လန့်သွားအောင် ခြောက်လှန့်ပြီး လျှပ်တပြက်အတွင်း ‌ကိုယ်ယောင်ဖျောက်ပုန်းကွယ်လိုက်ရန် ရည်မှန်းထားသည်။

မီးတောက်မိစ္ဆာ အုပ်စုတစ်စုကို တွေ့သည်နှင့် ရန်ကျောက်ကဲတို့ လုပ်ငန်းစကြသည်။

သူက မီးတောက်မိစ္ဆာဧကရာဇ်၏လက်စွပ်ကို အယောင်ပြပြီးနောက် အဝေးမှပင် ကောင်းကင်တုန်လှုပ်လေးညှို့ဖြင့် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများအား သုံးကြိမ်ဆက်တိုက် ပစ်လွှတ်လိုက်သည်။

အေးခဲနေသောရွှေရောင်အလင်းတန်း (၃)စင်းထွက်ပေါ်လာပြီး မဟာမီးတောက်မိစ္ဆာ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက လက်စွပ်ကိုချက်ချင်းသိမ်းဆည်းပြီး ပင်လယ်ရေနက်ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

ရန်ကျောက်ကဲက ရုတ်တရက် အသွင်ယူတိုက်ခိုက်ခြင်းနည်းလမ်းကို အတုယူကာ မီးတောက်မိစ္ဆာများအနားသို့မကပ်ဘဲ အဝေးမှထိုးနှက်ပြီး ချက်ချင်းပြန်ဆုတ်သွားသည်။

သူ့အတွက် မြင်သာထင်သာရှိသောခြိမ်းခြောက်မှုမှာ အုပ်စုခေါင်းဆောင် မဟာမီးတောက်မိစ္ဆာဖြစ်သည်။ သူက နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတနှင့် ပစ်ခတ်ခံရမှုကြောင့် အုပ်စုအားဦးဆောင်နိုင်မှု ဆုံးရှုံးသွားချိန်တွင် ရန်ကျောက်ကဲသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။

မီးတောက်မိစ္ဆာများကို ခြောက်လှန့်ပြီးနောက် ရန်ကျောက်ကဲက ချက်ချင်းပင် ရေခဲစူးချွန်ကိုးခုကို ထုတ်ယူကာ ရေခဲစက်ဝန်းဖန်တီးပြီး အားဟူ ၊ ပန်ပန်တို့နှင့်အတူ ပင်လယ်ရေနက်ထဲသို့ ဆင်းသက်သွားသည်။

သို့သော် မီးတောက်မိစ္ဆာဘုရင်’ချန်ဟွမ်’ ၏ ဒေါသတကြီး တိုက်ခိုက်မှုက သူတို့နောက်ကွယ်တွင် ထွက်ပေါ်လာခြင်း မရှိပေ။

ပင်လယ်ပြင်တွင် သောင်းကြမ်းနေသူမှာ မဟာမီးတောက်မိစ္ဆာကြီးသာလျှင် ဖြစ်သည်။

ရန်ကျောက်ကဲမှာ စိတ်မပျော်ရွှင်သည့်အပြင် မျက်ခုံးများကိုပင် တင်းတင်းကျပ်ကျပ် တွန့်ချိုးထားမိလေတော့သည်။

All Chapters