သတင်းဆိုးနှစ်ခု ၊ သတင်းကောင်းတစ်ခု
Vol. 27 Ch. 379
အခန်း (၃၇၉) သတင်းဆိုးနှစ်ခု ၊ သတင်းကောင်းတစ်ခု
ပင်လယ်ရှည်မြို့တော်သို့ ထွက်ခွာသွားစဉ် ဤနေရာတွင် မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ မည်သို့သောအနေအထားဖြင့် ကျန်ရစ်ခဲ့ကြောင်း သူတို့ မသိရှိကြပေ။
ချန်ဟွမ် အလွန်တရာဒေါသထွက်ပြီး သောင်းကြမ်းလွန်းနေသဖြင့် ရန်ကျောက်ကဲက သူ့ကို စိတ်ထွက်ပေါက်ပေးရန် အချိန်များစွာပေးသည့်အနေဖြင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီအစဉ်အသုံးပြုကာ ပင်လယ်ရှည်မြို့တော်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ အချိန်အတန်ကြာအောင် စောင့်ကြည့်နေသည့်တိုင် ထို မီးတောက်မိစ္ဆာဘုရင် ပေါ်မလာခဲ့ပေ။
ဤသည်က အရင်ကနှင့် လုံးဝမတူကွဲပြားသည့်အခြေအနေဖြစ်လေရာ ရန်ကျောက်ကဲ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်
အားဟူလည်း အံ့အားသင့်သွားပြီး...
“သခင်လေး... ကျောက်စိမ်းပင်လယ်မြို့တော်ကို ဂိုဏ်းချုပ်ဟောင်းရောက်လာလို့များ အဲဒီမီးတောက်မိစ္ဆာဘုရင် သွားပြီးရင်ဆိုင်တိုက်ခိုက်တာ ဖြစ်နိုင်မလား”
ရန်ကျောက်ကဲက မျက်ခုံးများကို တွန့်ချိုးရင်း...
“အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့ ၊ ဒါပေမဲ့ သူက ငါ့ကိုရှာမတွေ့တဲ့အဆုံး ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်ဖို့အတွက် နောက်ကြောင်းပြန်လှည့်သွားတာလည်း ဖြစ်နိုင်တယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“မီးတောက်မိစ္ဆာတွေက ဒေါသကြီးပေမယ့် ဦးနှောက်ရှိတာတွေ မဟုတ်ဘူး ၊ သူတို့ အချိန်အကြာကြီးနေလို့မှ ကျောက်စိမ်းပင်လယ်မြို့တော်ကို မဖျက်ဆီးနိုင်ရင် ဂေဟာသခင်’အန်းချင်လင်’ ဆီက စစ်ကူရောက်မလာဘူးဆိုရင်တောင်မှ အစွန်းရောက်ရှစ်ပါးကမ္ဘာက အထွတ်ထိပ်သိုင်းကျင့်ကြံသူတွေ စစ်ကူးရောက်လာမှာပဲလေ ၊ အဲဒါကို မတွေးမိကြဘူးထင်တယ်”
သူက ဆက်ပြောသည်။
“ဂိုဏ်းချုပ်ဟောင်းက သူတို့ကို ရှင်းမပစ်နိုင်ဘူးလို့များ အဲဒီမီးတောက်မိစ္ဆာဘုရင်က ထင်နေလားမသိဘူး”
ရန်ကျောက်ကဲ သက်ပြင်းချရင်း...
“မူမမှန်တဲ့အခြေအနေတွေကတစ်ဆင့် ပြဿနာကို ကြိုတင်ခန့်မှန်းကြည့်လို့ရတယ် ၊ သူ ကျောက်စိမ်းပင်လယ်မြို့တော်ကို သတ္တိရှိရှိပြန်သွားတာ အကြောင်းတစ်ခုခုတော့ ရှိမှာပေါ့”
အားဟူ မျက်နှာပျက်သွားရင်း...
“အရှေ့နဂါးကျွန်းကို သိုင်းတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာတစ်ယောက် ရောက်နေပြီလို့ သခင်လေး ဆိုလိုတာလား”
ရန်ကျောက်ကဲက လက်ပိုက်ရင်း...
“အင်း... အတည်တော့မပြုနိုင်သေးဘူး ၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ စွန့်စားပြီး အရှေ့နဂါးကျွန်းကိုပြန်မယ်ဆိုရင်တော့ ကျွန်းထဲကိုမဝင်နိုင်ရင်တောင်မှ အဝေးကနေ အခြေအနေလေ့လာနိုင်တာပေါ့”
အားဟူက တံတွေးတစ်ချက် မျိုချရင်း...
“သခင်လေး ဒီအချိန် အဲဒီကိုပြန်သွားတာက ကျားပါးစပ်ထဲဝင်တာနဲ့ အတူတူပဲနောက် ၊ တကယ်လို့ သိုင်းသူတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင် ရောက်နေတယ်ဆိုရင်... သူက သခင်လေးရဲ့ အနီရင့်ရောင်လက်စွပ်ကိုယူဖို့ ရောက်လာတာ မဖြစ်နိုင်ဘူးလား”
ရန်ကျောက်ကဲက သူတို့ကိုဝန်းရံထားသည့် ကြည်လင်သော ရေခဲစက်ဝန်းကို ဖြတ်ကျော်ကာ ပင်လယ်နက်ရှိုင်းရာနေရာကို ကြည့်လိုက်သည်။
“ပြောရတော့ခက်တယ် ၊ မီးတောက်မိစ္ဆာတွေရဲ့ စရိုက်နဲ့ဆိုရင် အဲဒီလို ဖြစ်နိုင်ခြေ မရှိဘူး ၊ အဲဒီမီးတောက်မိစ္ဆာဘုရင်က ငါတို့နောက်ကိုတစ်ချိန်လုံးလိုက်နေလို့ တခြားမီးတောက်မိစ္ဆာတွေက သိုင်းသူတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင်ကို သတင်းပို့လိုက်ရင်တော့ မပြောတတ်ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့နောက်လိုက်နေတဲ့ကောင်ကတော့ ငါတို့ကိုမဖမ်းနိုင်လို့ တခြားတစ်ယောက်ကို အကူအညီသွားတောင်းမှာ မဟုတ်ဘူး ၊ သူက သိုင်းသူတော်စင် ဒုတိယအဆင့် မဟုတ်ပေမယ့် သိုင်းသူတော်စင်တစ်ယောက်ပဲလေ ၊ တခြားတစ်ယောက်ကို လွယ်လွယ်နဲ့ ဦးညွှတ်မှာ မဟုတ်ဘူး”
အားဟူက...
“ဒါဆို တခြားမီးတောက်မိစ္ဆာတွေကတစ်ဆင့် သတင်းပေါက်ကြားတာ ဖြစ်နိုင်လား”
ရန်ကျောက်ကဲက...
“အင်း... အဲဒါ ဖြစ်နိုင်ခြေရှိတယ် ၊ အစကတည်းက အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေ ရှိနေတာပဲလေ ၊ ပြီးတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှာ ကျန်ခဲ့တဲ့မီးတာက်မိစ္ဆာဘုရင်ရဲ့ လက်အောက်ငယ်သားတွေလည်း ရှိသေးဆိုတော့ သူတို့ကတစ်ဆင့် သတင်းပေါက်ကြားတာမျိုး ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက ရုတ်တရက် ပြုံးလိုက်သည်။
“မြောက်ဖျားကိုသွားတုန်းက အလုပ်တွေတော့ အောင်မြင်ခဲ့ပါတယ် ၊ ဒါပေမဲ့ လုပ်သမျှ အဆင်မပြေခဲ့ဘူး ၊ ရန်သူက အဆက်မပြတ်ပစ်မှတ်ထားတာခံရတော့ ငါများကံဆိုးနေသလားလို့တောင် ခံစားရတယ် ၊ ဒီတစ်ခါတော့ ငါတို့တကယ်ကံကောင်းခဲ့တယ်”
သူက ခေါင်းခါယမ်းရင်း...
“တကယ်တော့ ပင်လယ်ရှည်မြို့ကိုသွားလိုက်တာ အန္တရယ်ကိုရှောင်သလို ဖြစ်သွားတယ်”
သူတို့အုပ်စုသာ ပင်လယ်ရှည်မြို့တော်သို့ မသွားခဲ့ပါက သိုင်းသူတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ကျောက်စိမ်းမြို့တော်သို့ ရောက်လာမည်ဆိုလျှင် ပက်ပင်းတိုးရင်ဆိုင်မိမည် ဖြစ်သည်။ ထို သိုင်းသူတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင်ရောက်လာချိန် ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဧကရာဇ်၏လက်စွပ်နှင့်အတူ ကိုယ်ယောင်ပြမိပါက သေချာပေါက် အန္တရယ်တွင်းထဲ ခုန်ဆင်းသလို ဖြစ်နိုင်သည်။
ထို သိုင်းသူတော်စင်ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင်က ချန်ဟွမ်ထက် အမြန်နှုန်းရောစွမ်းအားပါ သာလွန်လေရာ ရန်ကျောက်ကဲအနေဖြင့် အခြေအနေမှန်ကို တွက်ချက်နိုင်မည် မဟုတ်ပေ။ တွက်ချက်မှုမှားယွင်းသွားပြီး ရန်သူ့လက်ထဲ ကျရောက်သွားနိုင်သည်။
ရန်ကျောက်ကဲမျက်နှာထက်မှ အပြုံးရိပ်က တဖြည်းဖြည်းပျောက်ကွယ်သွားပြီး...
“ဒါပေမဲ့ သိုင်းသူတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင်သာ ရောက်လာရင်တော့ ကျောက်စိမ်းပင်လယ်မြို့တေ် အန္တရယ်အကြီးကြီး ကျရောက်နေလောက်ပြီ”
မီးတောက်မိစ္ဆာဘုရင်’ချန်ဟွမ်’ ထွက်မလာသည့်အဆုံး ရန်ကျောက်ကဲက အရှေ့နဂါးကျွန်းသို့ အခြေအနေသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ပင်လယ်ခရီးရှည်တစ်ခု ဖြတ်ကျော်ပြီးနောက် အရှေ့နဂါးကျွန်းအနီးသို့ ရောက်ရှိလာကြသည်။ အခြေအနေများက သူခန့်မှန်းသည့်အတိုင်း ဖြစ်လာသည်ကိုတွေ့ရှိရသည်။
အရှေ့နဂါးကျွန်းတည်ရှိရာ မိုးကုတ်စက်ဝိုင်းဆီတွင် တိမ်တိုက်များ တဟုန်ထိုးမြင့်တက်လျှက် ပင်လယ်ရေလှိုင်းလုံးများလည်း ဆူပွက်လျှက်ရှိသည်။
ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ ခရမ်းစိမ်းရောင်လျှပ်စီးများ လင်းလက်လာပြီး သူက အဝေးမှအခြေအနေကို လှမ်းအကဲခတ်လိုက်၏။
အတော်လေးဝေးကွာနေသည့်အတွက် မိုးကြိုးဧရာဇ်မျက်လုံးအပိုင်းအစအသုံးပြုထားသည့်တိုင် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။
သို့သော် ထိုမျှ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကိုကြည့်ခြင်းအားဖြင့် တိုက်ပွဲမည်မျှပြင်းထန်ကြောင်း ခန့်မှန်းနိုင်သည်။
ရန်ကျောက်ကဲနောက်တွင်ရပ်နေသည့် အားဟူက...
“သခင်လေး ၊ အခု အခြေအနေ ဘယ်လိုလဲ"
အဝေးဆီမှထွက်ပေါ်နေသော ကြီးမားသည့်စွမ်းအားများက မိုးမြေတစ်ခွင်တုန်လှုပ်ထိတ်လန့်စေသလို စွမ်းအားအတက်အကျများက လူသားများ၏စိတ်နှလုံးကို တုန်လှုပ်စေသည်။
ရန်ကျောက်ကဲက...
“သတင်းကောင်းတစ်ခု သတင်းဆိုးနှစ်ခုပဲ”
သူက ဆက်ပြောသည်။
“ပထမသတင်းဆိုးကတော့ ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူး”
ထိုစကားကိုကြားတော့ အားဟူနှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
ရန်ကျောက်ကဲက...
“ဒုတိယသတင်းဆိုးကတော့ သိုင်းသူတော်စင် ဒုတိယအဆင့်နဲ့ညီမျှတဲ့ မီးတောက်မိစ္ဆာဘုရင် ဒီနေရာကို ရောက်နေပြီ ၊ အဲဒီနေရာက ထွက်ပေါလာတဲ့စွမ်းအားအတက်အကျ ပြင်းထန်မှုတွေက သူရောက်နေတယ်ဆိုတာကို ပြနေတာပဲ”
အားဟူ တံတွေးတစ်ချက်မျိုချရင်း တိုးလျသည့်လေသံဖြင့်...
“သခင်လေး... ကျွန်တော်တို့ အခုနေပြေးရင် အချိန်မီသေးလား”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ပြေးဖို့ပဲမစဉ်းစားနဲ့ဦး ၊ သတင်းကောင်းတစ်ခု ရှိသေးတယ်လေ ၊ သတင်းကောင်းကတော့ ဆရာဘိုးဘိုးလည်း ဒီကိုရောက်နေပြီ”
ထိုစကားကိုကြားတော့ အားဟူ အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက သူ၏ညာဘက်မျက်လုံးအတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုပြီး အဝေးသို့ စူးစိုက်ကြည့်လိုက်သည်။
“ဆရာဘိုးဘိုးက ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့အတူ ရောက်လာတာ ၊ သူ ရောက်လာတာကောင်းပါတယ် ၊ မဟုတ်ရင် ကျောက်စိမ်းပင်လယ်မြို့တော် ဒုက္ခရောက်တော့မယ်”
စွမ်းအားအတက်အကျများ ပြင်းထန်နေသဖြင့် အခြေအနေကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။ သို့သော် မိုးမြေတစ်ခွင်တွင် ကောင်းကင်ပမာကြည်လင်သော ချီစွမ်းအားစီးကြောင်းများ လွှမ်းခြုံနေသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင် ယွမ်ကျန်းဖုန်းသည် ဝါဒတောင်၏ အထွတ်ထိပ်မှော်ဝင်စ္စည်းဖြစ်သော ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်အတူ ရောက်ရှိနေပြီကြောင်း သိရှိနိုင်သည်။
ယွမ်ကျန်းဖုန်းနှင့် မီးတောက်မိစ္ဆာဘုရင်များက အရှေ့နဂါးကျွန်းအထက် ကောင်းကင်ယံတွင် အပြင်းအထန် တိုက်ပွဲဆင်နွှဲနေဟန် ရှိသည်။
ရန်သူက သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်သော်လည်း ယွမ်ကျန်းဖုန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် စွမ်းအားနိမ့်ပါးခြင်းမရှိသည့်အပြင် တိုက်ပွဲအသာစီးရနေဟန် ရှိသည်။
သို့သော် ချန်ဟွမ်နှင့် နောက်ထပ်မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ရှိနေခြင်းက ယွမ်ကျန်းဖုန်းအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေသည်။
ရန်ကျောက်ကဲ၏မျက်နှာက တည်ကြည်လေးနက်နေသည်။
ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်က မပျက်ဆီးသေးသော်လည်း ယွမ်ကျန်းဖုန်းက ပင်မအစီအရင်ကို ထိန်းချုပ်သူမဟုတ်သဖြင့် ထိုအစီအရင်မှစွမ်းအားကို ယူငယ်အသုံးပြုနိုင်ခြင်း မရှိပေ။ ထို့ကြောင့် နှစ်ဖက်စလုံး ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးတိုက်ခိုက်ကြရမည်ပင်။
ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကြီးက ဝါဒတောင်ပင်မအစီအရင်ကဲသို့ပင် အားကောင်းပြီး ရှုပ်ထွေးနက်နဲသည်။
ကျောက်စိမ်းပင်လယ်မြို့တော်က ပင်မအစီအရင်ထိန်းချုပ်မှုကို ယွမ်ကျန်းဖုန်းထံ တိုက်ရိုက်ပေးအပ်မည်ဆိုလျှင်ပင် ယွမ်ကျန်းဖုန်းအနေဖြင့် အစီအရင်ကို အချိန်တိုအတွင်း ချောမွေ့စွာထိန်းချုပ်နိုင်ရန် ခဲယဉ်းပေမည်။
ထို့ကြောင့် မီးတောက်မိစ္ဆာဘုရင်အုပ်စုဖြင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခါ ယွမ်ကျန်းဖုန်းအနေဖြင့် သူ့ကိုယ်ပိုင်စွမ်းအားကိုသာ အဓိကထား အားကိုးရသည်။
မည်သို့ပင်ဖြစ်စေ ယွမ်ကျန်းဖုန်းနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံ ပေါင်းစည်းလိုက်လျှင် သိုင်းသူတော်စင် ဒုတိယအဆင့်နှင့် ညီမျှသည်ဖြစ်ရာ မီးတောက်မိစ္ဆာဘုရင် (၃)ယောက် ဝိုင်းဝန်းတိုက်ခိုက်သည့်တိုင် ထင်သလောက်တော့ လွယ်ကူမည်မဟုတ်ပေ။
အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြသော ထူးချွန်ထက်မြက်သူအားလုံးက ထူးခြားသူများ ဖြစ်ကြသည်။ သူတို့က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်ကပင် သာမန်ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်အခါ အမြဲတမ်း အနိုင်ယူခဲ့သူများ ဖြစ်ကြ၏။
ထို့ကြောင့် သူတို့၏စွမ်းအားက အခြားသူများထက် များစွာသာလွန်ပြင်းထန်သည်မှာ သံသယဝင်စရာမရှိပေ။
အားဟူက ရန်ကျောက်ကဲကို သေသေချာချာကြည့်ရင်း...
“သခင်လေး ၊ ကျွန်တော်တို့ အရင်နည်းလမ်းဟောင်းကို ပြန်သုံးကြမလား ၊ မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို မျှားခေါ်နိုင်ရန် ဂိုဏ်းချုပ်ဟောင်းအတွက် အဆင်ပြေသွားနိုင်တယ် ၊ သူတို့ထဲက စွမ်းအားအကြီးဆုံးတစ်ယောက်ကိုတော့ ဂိုဏ်းချုပ်ဟောင်းက ထိန်းထားမှာပဲလေ ၊ ဒီတော့ ဒီလိုမျှားခေါ်တာ ကျွန်တော်တို့အတွက် ပြဿနာမရှိနိုင်ပါဘူး”
ရန်ကျောက်ကဲက အဝေးဆီမှ မိုးကုတ်စက်ဝိုင်းဆီသို့ အာရုံစိုက်ရင်း...
“သူတို့ထဲက စွမ်းအားအမြင့်မားဆုံးဖြစ်တဲ့ သိုင်းသူတော်စင် ဒုတိယအဆင့် မီးတောက်မိစ္ဆာဘုရင်က အခြေအနေ တည်ငြိမ်အောင်ထိန်းထားသရွေ့ တခြားမီးတောက်မိစ္ဆာဘုရင်နှစ်ယောက်ကို ငါတို့ မျှားခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”