← Chapters

အခြေအနေများကိုရိုက်ချိုးတဲ့ ‘ရန်ကျောက်ကဲ’

Vol. 27 Ch. 380

အခြေအနေများကိုရိုက်ချိုးတဲ့ ‘ရန်ကျောက်ကဲ’

Vol. 27 Ch. 380

အခန်း (၃၈၀) အခြေအနေများကိုရိုက်ချိုးတဲ့ ‘ရန်ကျောက်ကဲ’

အဝေးတစ်နေရာ အရှေ့နဂါးကျွန်း၏ ကောင်းကင်ထက်ယံတွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်ပွားလျှက် ရှိသည်။

ထိုတိုက်ပွဲမှဖြစ်ပေါ်နေသော စွမ်းအားအတက်အကျများကိုစမ်းစစ်ရင်း ရန်ကျောက်ကဲက အဖြေကို အဆက်မပြတ်တွေးတောနေသည်။

အားဟူက စိတ်ပျက်အားငယ်ဟန်ဖြင့်...

“သခင်လေး... သိုင်းသူတော်စင်ဒုတိယအဆင့်နဲ့ညီမျှတဲ့ မီးတောက်မိစ္ဆာဘုရင်တစ်ယောက် တကယ်ပဲ ဒီမှာရောက်နေတာလား ၊ အရှေ့ပင်လယ်အပြင်ဘက်မှာလည်း အဲဒီလိုမီးတောက်မိစ္ဆာဘုရင်တစ်ယောက် ရှိသေးတယ်နော် ၊ အဲဒါကြောင့် ပန်းချီဆရာသူတော်စင်နဲ့ တခြားသူတွေ ခက်ခက်ခဲခဲ တိုက်ခိုက်နေရတာ မဟုတ်လား”

သူက ဆက်ပြောသည်။

“ပန်းချီဆရာသူတော်စင်က အရင်မျိုးဆက်က သိုင်းသူတော်စင်တစ်ယောက်ဖြစ်လို့ စွမ်းအားဘယ်လောက်ကြီးမားသလဲ ခန့်မှန်းလို့မရနိုင်ဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သိုင်းသူတော်စင် ဒုတိယအဆင့်ဆိုလို့ ဟွမ်ကွမ်လီတစ်ယောက်ပဲ ရှိသေးတာ”

“ပြီးတော့ ဒီမီးတောက်မိစ္ဆာတွေက အားပြန်ကောင်းလာတာ အရမ်းမြန်လွန်းတယ် ၊ အရင်တစ်ခေါက်တိုက်ပွဲတုန်းက ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက အထွတ်ထိပ်သိုင်းသမားတွေ အများကြီး ကျဆုံးခဲ့ရသလို သူတို့မီးတောက်မိစ္ဆာတွေလည်း အများကြီးသေကြေပျက်ဆီးကြရတာပဲ”

အားဟူ ဒေါကြီးမောကြီးပြောနေသည်ကိုကြားတော့ ရန်ကျောက်ကဲက စကားဆိုသည်။

“ဒါက ပုံမှန်ပါပဲ ၊ သူတို့က မွေးရာပါ ပါရမီရှင်တွေလေ ၊ မွေးကလည်း မီးစွမ်းအားအနှစ်သာရခန္ဓာကိုယ် ပိုင်ဆိုင်ထားတော့ ကနဦးကျင့်ကြံခြင်းအဆင့်တွေကို ခပ်မြန်မြန်ပဲဖြတ်ကျော်နိုင်ကြတယ် ၊ အခု ငါတို့တိုက်ခိုက်လာတဲ့တစ်လျှောက်လုံးမှာ သိုင်းဆရာသခင်အဆင့်နဲ့ညီမျှတဲ့ မီးတောက်မိစ္ဆာတွေချည်းပဲ တွေ့ခဲ့တာ ၊ သိုင်းပညာရှင်အဆင့်တောင်ပါတာမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“တကယ်တော့ ငါတို့လူသားတွေ သိုင်းသူတော်စင်အဆင့်တက်ဖို့ရော သူတို့မီးတောက်မိစ္ဆာတွေ မီးတောက်မိစ္ဆာဘုရင်ဖြစ်ဖို့ရောက လွယ်တဲ့အထဲမပါဘူး ၊ ဒါပေမဲ့ ခက်ခဲတာခြင်းတူတာတောင်မှ သူတို့တွေက ငါတို့တွေထက် သိုင်းသူတော်စင်အဆင့်ရောက်တဲ့သူတွေ ပိုများတယ် ၊ ဒါတောင် သူတို့အချင်းချင်းဖြစ်တဲ့ ပဋိပက္ခအခြေအနေတွေက အရမ်းပြင်းထန်လို့ ၊ မဟုတ်ရင်တော့ ဒီကောင်တွေ ပိုတောင်နယ်ချဲ့ဦးမယ်”

စကားပြောရင်း ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်သည်။

“မီးတောက်မိစ္ဆာတွေမှာ မွေးရာပါ ချို့ယွင်းချက်တွေ ရှိတယ်လေ ၊ ကြမ်းတမ်းတယ် ၊ ဒေါသထွက်လွယ်တယ် ၊ စက်မက်ကိုသဘောကျပြီး ကျိုးကြောင်းဆီလျော်အောင် သိပ်မစဉ်းစားတတ်ဘူး ၊ အဲဒီအားနည်းချက်တွေအတွက် ကျင့်ကြံခြင်းအဆင့်လျှင်မြန်အောင် ကောင်းကင်ဘုံက သူတို့ကို လျော်ကြေးပေးထားတာနေမှာပေါ့”

အားဟူက တကျွိကျွိအသံမြည်သည်အထိ အံတင်းတင်းကြိတ်ရင်း...

“တောက်... မီးတောက်မိစ္ဆာကမ္ဘာထဲဝင်ပြီး အဲဒီကောင်တွေ သိုင်းပညာရှင်အဆင့်နဲ့ သိုင်းဆရာသခင်အဆင့်လောက်မှာတင် မျိုးတုံးသွားအောင် အများကြီး သတ်ပစ်ချင်လိုက်တာ”

ရန်ကျောက်ကဲက မျက်လုံးတစ်ချက်လှန်ရင်း...

“အမလေး... ငါတို့က ဦးအောင်သွားပြီး ဘာလို့ရန်စနေမလဲ ၊ အဲဒီမှာသာ တိုက်ပွဲဖြစ်ရင် မီးတောက်မိစ္ဆာတစ်ကောင်သေတိုင်း မီးစွမ်းအနှစ်သာရတွေ ထွက်ပေါ်လာမှာလေ ၊ ဒီတော့ သူတို့ မီးတောက်မိစ္ဆာကမ္ဘာတစ်ခုလုံး မီးစွမ်းအားအနှစ်သာရတွေနဲ့ ပြည့်နက်ပြီး သူတို့စွမ်းအားတွေက ကြောက်စရာ‌ကောင်းအောင် မြင့်မားသွားကြမှာ ၊ ငါတော့ အဲဒီအကြောင်းတွေ မသိပါဘူး ၊ ဒါပေမဲ့ ရှေးအရင်ကတည်းက ဘိုးဘေးတွေ အဲဒီလိုခန့်မှန်းခဲ့ကြတယ် မဟုတ်လား”

အားဟူလည်း ထိုသို့သောခန့်မှန်းချက်ကို သိရှိသည်ပင်။

တွေးရင်းဖြင့် သူ့မျက်နှာထက်မှ စိတ်နာကျင်သောအမူအရာက ပိုမိုပြင်းထန်လာသည်။

ထိုအချိန်...

ပင်လယ်ရေအောက်တွင် ပြင်းထန်သောငလျင်တစ်ခု လှုပ်ခတ်သွားပြီး အဝေးဆီမှ စွမ်းအားအတက်အကျများ ကြီးမားစွာ ဖြစ်ပေါ်လာသည်။

ပင်လယ်ရေလှိုင်းများက ကောင်းကင်အထိ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာဆူနာမီရေလှိုင်းများပမာ အရှေ့နဂါးကျွန်းဆီသို့ ဖြတ်ကျော်ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

ကြမ်းတမ်းသောဒီရေလှိုင်းကြီးမားက ကျယ်ပြန့်သောအကွာအဝေးသို့ ရွေ့လျားသွားသည့်တိုင် ကြောက်မက်ဖွယ်ရာအရှိန်အဟုန်က အနည်းငယ်မျှပင် လျော့နည်းမသွားပေ။

အရှေ့ပင်လယ်ကို ပင်လယ်ဒေသ (၄)ခု အဖြစ် ပိုင်းခြားထားသည်။

ယခုတော့ ကြောက်မက်ဖွယ်ရာ ဆူနာမီလှိုင်းလုံးများက ကျောက်စိမ်းပင်လယ်မြို့တော် ထိန်းချုပ်ဒေသတစ်ခုလုံးသာမက ပင်လယ်ရှည်မြို့တော်နှင့် အခားသော ပင်လယ်ဒေသများအထိ သက်ရောက်မှု ရှိနိုင်သည်။

ရန်‌ကျောက်ကဲက အားဟူ ၊ ပန်ပန်တို့နှင့်အတူ ဆူနာမီလှိုင်းလုံးများကို ရှောင်ရှားရင်း သူ့အကြည့်များက အရှေ့နဂါးကျွန်းဆီသို့ ဦးတည်နေသည်။

“ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီး ပျက်စီးတော့မယ်”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

သူက ခေါင်းခါယမ်းရင်း...

“ကျောက်စိမ်းပင်လယ်မြို့တော်ကို ကာကွယ်ပေးတဲ့ ပင်မအစီအရင်က ဆရာဘိုးဘိုးနဲ့ လိုက်လျောညီထွေ မဖြစ်နိုင်ဘူး ၊ သူက သီးခြားတိုက်ခိုက်နေတာဆိုတော့ မီးတောက်မိစ္ဆာဘုရင်တွေက ဆရာဘိုးဘိုးကို မတိုက်ခိုက်ဘဲ ပင်မအစီအရင်ကို တိုက်ခိုက်မယ်ဆိုရင် ဆရာဘိုးဘိုးလည်း ကူညီပေးဖို့ ခက်ခဲလိမ့်မယ်”

အားဟူ၏မျက်နှာထက် စိုးရိမ်စိတ်များ ပြည့်နက်လာသည်။

“ကျွန်တော်စိတ်ပူတာက သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကို အကုန်မဖျက်ဆီးဘဲ ပျက်ဆီးလုနီးပါးအခြေအနေနဲ့ မှေးထားပြီး ဂိုဏ်းချုပ်ဟောင်း အာရုံစိုက်လာအောင် လုပ်မှာကိုပဲ”

မီးတောက်မိစ္ဆာဘုရင်များက ကျောက်စိမ်းပင်လယ်အစီအရင်ကို တိုက်ခိုက်မည်ဆိုလျှင် ယွမ်ကျန်းဖုန်းက ပင်မအစီအရင်ကို ကာကွယ်ပေးမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် တိုက်ပွဲတွင် အသာစီးရရှိမှု ဆုံးရှုံးသွားမည်ပင်။

တစ်ဖက်က ဖျက်ဆီးလိုပြီး ၊ တစ်ဖက်က ကာကွယ်ပေးလိုလျှင် ဖျက်ဆီးချင်သူဘက်မှ အသာစီးရရှိမည်မှာ ဓမ္မတာပင်။

အကာအကွယ်ပေးသူက ကာကွယ်ရန် အာရုံစိုက်လွန်းပါ ဟာကွက်များဖြစ်ပေါ်လာပြီး ရန်သူကို အခွင့်အရေးပေးသလို ဖြစ်သွားနိုင်သည်။

ရန်ကျောက်ကဲက...

“မီးတောက်မိစ္ဆာတွေက သေချာပေါက် အဲဒီလိုလုပ်မှာပဲ ၊ သူတို့က ကျိုးကြောင်းစဉ်းစားနိုင်စွမ်း သိပ်မရှိပေမယ့် သူတို့ရဲ့ တိုက်ခိုက်ရေးနဲ့ပတ်သက်တဲ့ပင်ကိုယ်သိစိတ်အရ သူတို့အတွက် အကျိုးရှိတာကို လုပ်ဖို့ ရွေးချယ်လိမ့်မယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဆရာဘိုးဘိုးအတွက်တော့ စိတ်ပူစရာ မရှိပါဘူး ၊ ဆရာဘိုးဘိုးက အသက်အရွယ်ကြီးသလို အတွေ့အကြုံလည်း မြင့်မားတော့ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိမှာပါ ၊ သူက ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကို ကာကွယ်ပေးချင်တယ်ဆိုရင်တောင်မှ သူ့ကိုယ်သူတော့ ဟာကွက်မရှိအောင် အရင်ကြိုးစားမှာပါ”

ယွမ်ကျန်းဖုန်းသာ အမှားလုပ်မိပြီး ဟာကွက်ထုတ်ဖော်မိပါက တိုက်ပွဲတစ်ခုလုံး ဆုံးရှုံးမှုဖြင့် ရင်ဆိုင်ရပေမည်။

ရန်ကျောက်ကဲက အရှေ့နဂါးကျွန်းကို အာရုံစိုက်ရင်း...

“အဓိကကတော့ ကျောက်စိမ်းပင်လယ်မြို့တော်သခင်’စုန့်’ ဝူလျန်ပါ ၊ အခုထိ တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူး”

သူက ခဏမျှစဥ်းစားပြီးနောက် အားဟူနှင့်ပန်ပန်ကို လှည့်ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက် ဒီပင်လယ်ဒေသကနေ အရင်ဆုံးထွက်သွားနှင့်ကြပါ ၊ ပင်လယ်ရှည်မြို့တော်ကလည်း တိုက်ပွဲဖြစ်နေတာဆိုတော့ အဲဒီကိုလည်းမသွားနဲ့ ၊ တခြားအန္တရယ်ကင်းမယ့် နေရာတစ်ခုကိုသွားပါ”

ထိုစကားကိုကြားတော့ အားဟူ ဆံပင်များထောင်သွားပြီး...

“သခင်လေး... အရှေ့နဂါးကျွန်းကို ပြန်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... ငါ အဲဒီကိုပြန်မလို့ ၊ ကျောက်စိမ်းပင်လယ်မြို့တော် ဒီအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာ ကြည့်ချင်သေးတယ်”

အားဟူက စိုးရိမ်တကြီးဖြင့်...

“သခင်လေး... သိုင်းသူတော်စင်အဆင့် တိုက်ပွဲကြီး ဖြစ်နေတာ ၊ ဘယ်လိုလုပ် အနားကပ်နိုင်မှာလဲ”

ရန်ကျောက်ကဲက ခရမ်းစိမ်းရောင်တောက်ပနေသော ညာဘက်မျက်လုံးဖြင့် ပိုမိုဝေးကွာသည့် အရှေ့ဘက်ဆီသို့ လှမ်းမျှော်ကြည့်ရင်း...

“ငါ ကျောက်စိမ်းပင်လယ်မြို့တော်ထဲဝင်နိုင်ဖို့ သိုင်းသူတော်စင်တစ်ယောက်ကို အကူအညီတောင်းရမှာပေါ့”

အားဟူသည်လည်း ရန်ကျောက်ကဲကြည့်ရာသို့ လှမ်းကြည့်လိုက်သည်။

မိုးကုတ်စက်ဝိုင်းဆီမှ တိမ်တိုက်များကြားတွင် အေးမြသောလေနုအေးတစ်ချက်က ကျောက်စိမ်းပင်လယ်မြို့တော်ရှိရာသို့ အရှိန်အဟုန်ဖြင့် တိုက်ခတ်လာသည်ကို တွေ့မြင်ရသည်။

စီးဆင်းနေသော တိမ်တိုက်များက စိတ်ကူးယဉ်ဆန်စွာ ပုံသဏ္ဌန်အမျိုးမျိုးပြောင်းလဲလျှက် ပတ်ဝန်းကျင် မိုးမြေတစ်ခွင်ကို လွှမ်းခြုံထားသည်။

အားဟူ သဘောပေါက်သွား၏။

“လှိုင်းနက်ဂေဟာရဲ့ ဂေဟာသခင်မ ‘အန်းချင်လင်’ ရောက်လာတာပဲ”

ရန်ကျောက်ကဲက...

“သခင်မ’အန်းချင်လင်’က ဒဏ်ရာရထားပေမယ့် သူက သိုင်းသူတော်စင်တစ်ယောက်ပဲလေ ၊ အနည်းဆုံးတော့ ငါ့ကို ကျောက်စိမ်းပင်လယ်မြို့တော်ထဲ ပို့ပေးနိုင်မှာပဲ”

ထို့နောက် သူက ‌ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အချက်ပေးသည့်အနေဖြင့် ကျယ်လောင်သော အော်ဟစ်သံတစ်သံ ပြုလုပ်လိုက်သည်။

သူတို့ဦးခေါင်းထက်တွင် လွင့်မျောလာသော တိမ်တိုက်များက တုံ့ဆိုင်းမသွားသော်လည်း အဖြူရောင်တိမ်တိုက်တစ်စကျဆင်းလာပြီး ရန်ကျောက်ကဲကို လွှမ်းခြုံကာ ကောင်းကင်ထက်သို့ ဆွဲခေါ်သွားသည်။

“မင်းတို့ ဘာမှမလှုပ်ရှားနဲ့နော် ၊ ဒီပင်လယ်ပြင်ကနေ ဘေးကင်းတဲ့နေရာကိုထွက်ခွာပြီး အခြေအနေရှင်းတဲ့အထိ သွားစောင့်နေကြ”

ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ အဖြူရောင်တိမ်တိုက်နှင့်အတူ လိုက်ပါသွားပြီး အားဟူနှင့်ပန်ပန်ကို လှမ်းပြီး မှာကြားလိုက်သည်။

ရန်ကျောက်ကဲ တိမ်တိုက်များနှင့်အတူ ကောင်းကင်ထက်ပျံတက်သွားပြီး ပျောက်ကွယ်သွားသည်အထိ အားဟူနှင့်ပန်ပန်တို့ စိုးရိမ်ပူပန်သောမျက်ဝန်းများဖြင့် လှမ်းမျှော်ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။

တိမ်တိုက်များကြားတွင် အရပ်မြင့်မြင့်နှင့် ရိုးရှင်းဟန်ရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ရန်ကျောက်ကဲရှေ့တွင် ပေါ်လာသည်။

သူမသည်ကား ၎င်းသည် လှိုင်းနက်ဂေဟာ၏ ဂေဟာသခင်မ ၊ လွင့်မျောတိမ်လွှာသိုင်းသူတော်စင် ‘အန်းချင်လင်’ ပင် ဖြစ်သည်။

အန်းချင်လင်က ပုံမှန်အတိုင်းပင် တိုးတိတ်သည့်လေသံဖြင့် စကားဆိုသည်။

“ကောင်းကင်မိုးကြိုးခန်မသခင် ‘ချန်လီ’ ရောက်လာပြီး အရှေ့ပင်လယ်အပြင်ပိုင်းကို ကူညီတိုက်ခိုက်ပေးတယ်လေ ၊ ငါက ဒဏ်ရာရထားတော့ ကျောက်စိမ်းပင်လယ်မြို့တော်ကို ထွက်လာလာခဲ့တာ ၊ ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်ကိုလည်း တတ်နိုင်သမျှ ကူညီပေးမလို့ ၊ အခု မင်းက ထူးထူးခြားခြား ဒီနေရာရောက်လာတာ အစီအစဉ် တစ်ခုခုများ ရှိလို့လား”

ရန်ကျောက်ကဲက များပြားလှစွာသော ဒဏ္ဍာရီဆန်သည့် ကိစ္စများစွာကို ပြုလုပ်ပြီးသည့်နောက် အန်းချင်လင်ကဲ့သို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထွတ်ထိပ်သိုင်းသူတော်စင်ကြီးသည်ပင် သူ့အပေါ် အမြင်ပြောင်းလဲသွားခဲ့သည်။

ရန်ကျောက်ကဲက ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယော်ကဖြစ်သောကြောင့် လက်ရှိတိုက်ပွဲအတွက် အသုံးမဝင်ဟု တွေးထင်မည့်အစား သူမက ရန်ကျောက်ကဲ၏ထင်မြင်ယူဆချက်များကို မေးမြန်းခဲ့သည်။

ရန်ကျောက်ကဲက...

“ကျွန်တော်က မီးတောက်မိစ္ဆာဘုရင်တွေကို မတိုက်ခိုက်နိုင်ပေမယ့် သခင်မ’အန်း’ က ကျွန်တော့်ကို အရှေ့နဂါးကျွန်းက ကျောက်စိမ်းပင်လယ်မြို့တော်ကို ပို့ပေးစေလိုပါတယ် ၊ အလုပ်ဖြစ်မယ့် အစီအစဉ်တစ်ခု လုပ်ကောင်းလုပ်နိုင်မှာပါ”

အန်းချင်လင်က စကားလုံးများဖြင့် အချိန်မဖြုန်းတော့ဘဲ ချက်ချင်းပင် အရှေ့နဂါးကျွန်းအထက်ရှိ ကောင်းကင်ယံသို့ တိမ်းတိုက်များပျံ့လွင့်လျှက် လျှင်မြန်စွာ ရောက်ရှိလာသည်။

မီးတောက်မိစ္ဆာဘုရင်များနှင့် ယွမ်ကျန်းဖုန်းတို့သည်လည်း သူမ ရောက်လာသည်ကို သတိထားမိကြသည်။

အန်းချင်လင်ရောက်လာတော့ ယွမ်ကျန်းဖုန်း စိတ်အားတက်ကြွသွားပြီး မီးတောက်မိစ္ဆာများကတော့ ပိုပြီး သတိထားလာကြသည်။

မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ချက်ချင်းရောက်လာပြီး အန်းချင်လင်ကို ဟန့်တားလိုက်သည်။

အန်းချင်လင်က ထိုမီးတောက်မိစ္ဆာဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိဘဲ တိမ်တိုက်အလွှာတစ်ခုပမာ အရှိန်အဟုန်ဖြင့် ပင်လယ်ရေမျက်နှာပြင်ထက် ဆင်းသက်လိုက်သည်။

ထို့နောက် သူမက အဖြူရောင်တိမ်တိုက်တစ်စဖြင့် လွှမ်းခြုံရစ်သိုင်းထားသော ရန်ကျောက်ကဲကို ကျောက်စိမ်းပင်လယ်မြို့တော်ရှိရာနေရာသို့ ပစ်လွှတ်လိုက်လေ၏။

All Chapters