← Chapters

လေဟာနယ်ကို ထိန်းချုပ်ခြင်း တာအို

Vol. 1 Ch. 427

လေဟာနယ်ကို ထိန်းချုပ်ခြင်း တာအို

Vol. 1 Ch. 427

ငွေပန်းပွင့်အဘွားအို၏ တိုက်ခိုက်မှုသည် နေနက်မိစ္ဆာနွယ်အပေါ်သို့ အရင်ဆုံးကျရောက်သွားခဲ့သည်။ သို့သော် ၎င်းသည် မဆိုစလောက်လေးသာ တုန်ခါသွားခဲ့သည်။ မသိလျှင် သူမ၏ တိုက်ခိုက်မှုမှာ မည်သည့်အင်အားမှ မပါဝင်သည့် လှုပ်ရှားမှုလေးအလား။

ဗုန်း...

ကျူးကော့ချမ်ယွမ်၏ တိုက်ခိုက်မှုမှာလည်း ကျဆင်းသွားခဲ့သည်။ သူ၏ သံမဏိကိုတောင် ထွင်းဖောက်နိုင်ဟန်ရှိသော လက်သီးအရိပ်သည် နေနက်မိစ္ဆာနွယ်ကို ပို၍ ပြင်းထန်စွာ တုန်ခါသွားစေရုံသာ တတ်နိုင်ခဲ့သည်။ နေနက်မိစ္ဆာနွယ်၏ မျက်နှာပြင်သည် အက်ရာလေးတောင် မရှိခဲ့ပေ။

ရွှေယို့လန်၏ ရေနဂါးသည် အရှိန်အဟုန်ပြင်းပြင်းနှင့်ပြေးသွားခဲ့ပြီး နေနက်မိစ္ဆာနွယ်နှင့် ရင်ဆိုင်မိလေသည်။ ဤတစ်ကြိမ်တွင် နေနက်မိစ္ဆာနွယ်သည် ပိုမိုအထိနာသွားခဲ့ပြီး ကျွန်းပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ကျွန်းတစ်ခုလုံးမှာ တုန်ခါသွားခဲ့ပြီး ရေနဂါးမှာလည်း ပင်လယ်ရေအဖြစ် ပြန်ပြောင်းသွားကာ ပြိုကွဲသွားခဲ့သည်။

ထို့နောက်တွင်မူ နေနက်မိစ္ဆာနွယ်သည် ဘာမှမဖြစ်ခဲ့သည့်အလား ကျွန်းပေါ်မှ ပြန်ထိုးထွက်လာခဲ့ပြီး ကျူးကော့ချမ်ယွမ်ထံ ယခင်ကထက် ပို၍မြန်ဆန်သောအရှိန်နှင့် တိုးဝင်လာခဲ့သည်။

"ခြေကျိုးကျူးကော့...မြန်မြန်ရှောင်လိုက်လေ"

နတ်ဆိုးဧကရီသည် အော်ပြောလိုက်ပြီး လေထဲသို့ လက်ညှိုးညွှန်လိုက်ပြန်သည်။ သူမ၏ လက်ချောင်းထိပ်တွင် အလင်းရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး လေဟာနယ်သည် တစ်ခဏ အေးခဲသွားခဲ့သည်။ ပျံသန်းပြေးလွှားနေကြသော အနက်ရောင် နကျယ်ကောင်တို့မှာ မလှုပ်ရှားနိုင်တော့ဘဲ လေထဲတွင် ရပ်တန့်သွားကြသည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုတွေထဲက လေဟာနယ်ကို ထိန်းချုပ်ခြင်းတာအို"

ချမ်ဝမ်ကွမ်တို့၏ မျက်လုံးများမှာ လင်းလက်သွားခဲ့သည်။ သူတို့သာ နေနက်မိစ္ဆာနွယ်ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်လျှင် အရာရာ လွယ်ကူသွားပြီဖြစ်သည်။ သူတို့၏ အတွေးများပင် မဆုံးလိုက်သေး၊ လေဟာနယ်မှာ အက်ကွဲသွားခဲ့သည်။ အနက်ရောင်နွယ်ကြီးသည် ကျူးကော့ချမ်ယွမ်ရှိရာသို့ ဆက်လက်တိုးဝင်လာခဲ့သည်။

ကျူးကော့ချမ်ယွမ်သည်လည်း မျက်နှာပျက်ပျက်နှင့် အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူသည် နေနက်မိစ္ဆာနွယ်ကို ရှောင်ရှားရန် မျဉ်းဖြောင့်အတိုင်း မဆုတ်ဘဲ ကွေ့ကောက်၍ နောက်ဆုတ်လိုက်သည်။ သို့သော်လည်း ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုကို သူအလျင်အမြန် သဘောပေါက်သွားခဲ့သည်။ သူမည်သို့ပင် ရှောင်တိမ်းပါစေ၊ နေနက်မိစ္ဆာနွယ်သည် သူ့အား လာရောက်ထိမှန်ပေလိမ့်မည်။

"ဘုရားရေ...ဒီနေနက်မိစ္ဆာနွယ်ကလည်း လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့ တာအိုကို နားလည်ထားတာလား"

ငွေပန်းပွင့်အဘွားအိုသည် ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။ နေနက်မိစ္ဆာနွယ်သည် မျဉ်းဖြောင့်အတိုင်း တည့်တည့်တိုးဝင်လာနေပါသော်လည်း ကျူးကော့ချမ်ယွမ်အား တည့်မတ်စွာ ချိန်ရွယ်နိုင်နေခဲ့သည်။ သူမသည် သွေးအန်မိလုမတတ် ခြောက်ခြားသွားခဲ့ပြီး ဆက်လက်မတိုက်ခိုက်ရဲတော့ဘဲ နောက်သို့ ထိတ်လန့်တကြား ဆုတ်လိုက်သည်။

"ကျား"

ရွှေယို့လန်သည် ကျူးကော့ချမ်ယွမ်နှင့် အနီးဆုံးတွင်ဖြစ်သည်။ သူမသည် နောက်မဆုတ်ဘဲ နောက်ထပ်ရေနဂါးတစ်ခုကို နေနက်မိစ္ဆာနွယ်ရှိရာသို့ ထုတ်ဖော်လိုက်သည်။ ထို့နောက် သူမသည် လေထဲတွင် ခြေတစ်ချက်ဆောင့်၍ နောက်ဆုတ်လိုက်သည်။ နေနက်မိစ္ဆာနွယ်သည် အလွန်ကြောက်စရာ ကောင်းလှသည်။ ၎င်းသာ သူမအနီးသို့ ရောက်လာပါက သူမ၏အသက်မှာ အာမခံချက်မရှိပေ။

ဘန်း...

ရေနဂါးသည် နေနက်မိစ္ဆာနွယ်နှင့် တိုက်မိသွားသောငြား ဤတစ်ကြိမ်တွင် နွယ်ပင်အား တုန်ခါသွားစေရုံသာ တတ်နိုင်ခဲ့သည်။ နေနက်မိစ္ဆာနွယ်သည် ရှေ့သို့ဆက်တိုးလာခဲ့ပြီး ကျူးကော့ချမ်ယွမ်ထံ ရိုက်ချလာလေသည်။

"ဟိုင်းယား"

နောက်ဆုံးသော အခိုက်အတန့်တွင် ကျူးကော်ချမ်ယွမ်သည် သူ၏ အားအကောင်းဆုံးသော တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ သူ့ကိုယ်သည် ရွှေရောင်အလင်းများ တောက်ပလာခဲ့ပြီး သူ့ညာလက်မှာ ရွှေရောင်ပြောင်းသွားခဲ့သည်။ ထိုလက်သီးမှာ ရွှေသားဖြင့် ပြုလုပ်ထားသည့် သံမဏိလက်သီးနှင့် ပမာတူသည်။ သူသည် ရှောင်ရှားစရာ နေရာမရှိတော့လေရာ လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

ဗုန်း...

ရွှေရောင်အလင်းလှိုင်းကြီးတစ်ခု ဖြာထွက်လာခဲ့ပြီး ချမ်ဝမ်ကွမ်တို့လူစုအား မျက်စိကျိန်းသွားစေသည်။ နေနက်မိစ္ဆာနွယ်သည် တုန်ခါသွားခဲ့ပြီး ကျူးကော့ချမ်ယွမ်မှာ ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။ သူ့ကိုယ်သည် အမြောက်ဆံတစ်ခုအလား နောက်ပြန်လွင့်သွားခဲ့ပြီး ပင်လယ်ရေထဲသို့ ဝုန်းခနဲ ကျသွားခဲ့သည်။

"ကျောင်းအုပ်..."

ကျန့်ဝူရွှမ်းသည် အလန့်တကြား ရေရွတ်လိုက်ပြီး ပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် လူအမြောက်အများသည်လည်း အလျင်အမြန် လိုက်ဆင်းသွားခဲ့သည်။ ချမ်ဝမ်ကွမ်နှင့် ယွင်ဖေးသည် တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိကြသည်။

မိန်းမစိုးလင်းကို အလွယ်တကူ ထိခိုက်ဒဏ်ရာ အမြောက်အများ ရစေနိုင်ခဲ့သူ၊ နယ်မြေ၏ ထိပ်သီးသိုင်းပညာရှင်ဆယ်ယောက်အတွင်းမှ တစ်ယောက်ဖြစ်သူ ကျူးကော့ချမ်ယွမ်သည် နေနက်မိစ္ဆာနွယ်၏ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

ငွေပန်းပွင့်အဘွားအို၏ အင်အားမှာ ကျူးကော့ချမ်ယွမ်ထက် နိမ့်ကျလေရာ သူမကို ထည့်တွက်ရန် မဖြစ်နိုင်တော့။ ရွှေယို့လန်သည် ကျူးကော့ချမ်ယွမ်ထက် စွမ်းအားမြင့်သော်လည်း သူမ၏ တိုက်ခိုက်မှုများမှာလည်း နေနက်မိစ္ဆာနွယ်ကို အန္တရာယ် ဖြစ်စေရန် မစွမ်းဆောင်နိုင်ခဲ့။ နတ်ဆိုးဧကရီသည် လေဟာနယ်ကို ထိန်းချုပ်နိုင်သည့် တာအိုကို နားလည်သဘောပေါက်ထားခဲ့ငြား နေနက်မိစ္ဆာနွယ်ကို တစ်စက္ကန့်လောက်သာ ရပ်တန့်စေနိုင်ခဲ့သည်။ မည်သူကများ နေနက်မိစ္ဆာနွယ်ကို အနိုင်ယူ၍ ကျန်းရီကို ကယ်တင်နိုင်ပါဦးမည်နည်း။

"ဟိုင်းယား"

နတ်ဆိုးဧကရီနှင့် ရွှေယို့လန်တို့သည် အရှုံးမပေးလိုကြရာ လေထဲတွင် လျင်မြန်စွာ ပျံသန်းရင်း ဆက်လက်တိုက်ခိုက်ကြလေသည်။ လေထဲတွင် ပုံရိပ်များက မြန်ဆန်စွာ ရွေ့လျားနေလေရာ သေချာမမြင်ရသည့် ချမ်ရွှယ်မှာ ခေါင်းမူးလာခဲ့သည်။ နေနက်မိစ္ဆာနွယ်သည်လည်း ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသည့်သဖွယ် ဆက်တိုက်ပြန်လည်တိုက်ခိုက်နေခဲ့သည်။

ကောင်းကင်တွင် အက်ကွဲရာကြီးများ ဖြစ်ပေါ်လာလိုက် ပြန်ပေါင်းသွားလိုက် ဖြစ်နေသည်။ အောက်ရှိကျွန်းပေါ်မှ အနက်ရောင်နကျယ်ကောင်များလည်း ထွက်ပြေးသွားကြပြီဖြစ်သည်။ ၎င်းတို့၏ အသိုက်မှာ စွမ်းအင်လှိုင်းများ ရိုက်ခတ်မှုကြောင့် ယိမ်းထိုးလှုပ်ယမ်းနေသည်။ ရွှေရောင်လွှမ်းသည့် ပျားရည်တို့မှာ နေရာအနှံ့ ဖိတ်စင်ကျနေရာ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်နေခဲ့သည်။

အောက်ရှိသစ်ပင်ကြီးများမှာ စိစိညက်ညက် ကြေကုန်ကြပြီး လှပသော ကျွန်းကလေးသည် ချိုင့်ခွက်များ ဗရပွနှင့် ကြည့်ရဆိုးနေသည်။ ကျွန်း၏ အစိတ်အပိုင်း အတော်များများသည် ကွဲအက်ကုန်ကြရာ ပင်လယ်ရေများ တိုးဝင်လာကြသည်။ မိုင်တစ်ရာ ပတ်လည်အတွင်းရှိ ပင်လယ်နတ်ဆိုးသားရဲတို့သည် နောက်တစ်ခဏလေးတောင် တောင့်မခံနိုင်တော့ကြရာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကုန်ကြသည်။

ကျူးကော့ချမ်ယွမ်အား ကယ်နိုင်ခဲ့သော်လည်း သူသည် သတိလစ်နေပြီဖြစ်သည်။ သူ့ညာဘက်လက်ရှိ အရိုးများမှာ လုံးဝ ကျိုးသွားခဲ့ပြီး သူ့ကိုယ်မှာ လွန်စွာအားနည်းနေရကား အချိန်မရွေး သေဆုံးနိုင်သည့် အနေအထားဖြစ်သည်။

ငွေပန်းပွင့်အဘွားအိုသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ ပြန်လာခဲ့သည်။ သူမသည် ကျူးကော့ချမ်ယွမ်နှင့် ရန်စအချို့ ရှိခဲ့သော်လည်း သူသေမည်ကို သူမထိုင်ကြည့်နေမည်မဟုတ်ပေ။ သူမရှိနေလေရာ ကျူးကော့ချမ်ယွမ် သေသွားလိမ့်မည်မဟုတ်။

ဗုန်း...ဗုန်း...ဗုန်း...

ကျွန်းတစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး နစ်မြုပ်စပြုလာခဲ့သည်။ ထိပ်သီးသိုင်းပညာရှင်နှစ်ဦးနှင့် အားအကောင်းဆုံး မှင်စာ နေနက်မိစ္ဆာနွယ်တို့အကြားမှ တိုက်ပွဲသည် ကျွန်းကြီးတစ်ခုလုံးကို နစ်မြုပ်သွားစေရန် လုံလောက်ခဲ့သည်။

တစ်နာရီအကြာ....တိုက်ပွဲမှာ ပို၍ပြင်းထန်လာခဲ့သည်။

နှစ်နာရီအကြာ....တိုက်ပွဲမပြီးဆုံးသေးချေ။

လေးနာရီကြာပြီးနောက်တွင်မူ ရွှေယို့လန်၏ပုံရိပ်သည် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီး ပင်လယ်ထဲသို့ ကျသွားခဲ့သည်။ သူမ၏ ဒဏ်ရာများမှာ ကျူးကော်ချမ်ယွမ်လောက် မပြင်းထန်ပေ။ ငွေပန်းပွင့်အဘွားအို သွားကူရန် သူမသည် ပင်လယ်ထဲမှ ပြန်ခုန်တက်လာခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစအချို့ ရှိနေခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းများသည် ယခင်ကလောက် မတောက်ပတော့ပေ။ သူမသည် သင်္ဘောရှိရာသို့ ပြန်လည် ပျံသန်းလာခဲ့ပြီး ကိုယ့်ကိုယ်ကို ကုစားရန် အခန်းတစ်ခုအတွင်း ဝင်ရောက်သွားခဲ့သည်။

နတ်ဆိုးဧကရီတစ်ဦးတည်းသာ နေနက်မိစ္ဆာနွယ်နှင့် ဆက်လက်တိုက်ခိုက်နေခဲ့သည်။ နတ်ဆိုးဧကရီသည် အတော်အတန် အင်အားကြီးပြီး လေဟာနယ်ထိန်းချုပ်ခြင်းတာအိုကို နားလည်ထားသေးရာ နေနက်မိစ္ဆာနွယ်၏ ရစ်ပတ်ခံရမည့်ဘေးအား ရှောင်ရှားနိုင်လေသည်။

နောက်ဆုံးတွင် နေနက်မိစ္ဆာနွယ်မှာလည်း နတ်ဆိုးဧကရီ၏ လက်ချက်ကြောင့် အပေါက်များစွာ ဖြစ်တည်လာခဲ့သည်။ ကျူးကော်ချမ်ယွမ်နှင့် ငွေပန်းပွင့်အဘွားအိုတို့၏ တိုက်ခိုက်မှုများသည် ၎င်း၏ ခုခံနိုင်စွမ်းအား မထိုးဖောက်နိုင်ပေ။ ရွှေယို့လန်မှာ ၎င်း၏ ခုခံနိုင်စွမ်းကို ချိုးဖောက်နိုင်ရုံလေးသာဖြစ်သည်။ ယခုမူ နေနက်မိစ္ဆာနွယ်ထက်မှ အပေါက်ကလေးများသည် အနက်ရောင်အရည်တို့ စိမ့်ထွက်နေကြသည်။ ထိုအရည်များမှာ ၎င်း၏သွေးများလေလား၊ ကိုယ်တွင်းအရည်များလေလားကို သူတို့မသိနိုင်ကြပေ။

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ နတ်ဆိုးဧကရီနှင့် နေနက်မိစ္ဆာနွယ် နှစ်ဖက်စလုံးမှာ အနိုင်ရသူ မထွက်ပေါ်မချင်း ရပ်တန့်မည့်ပုံ မပေါ်ချေ။ နေနက်မိစ္ဆာနွယ်သည် ဝိဉာဉ်အသိဉာဏ် မြင့်မားပုံ မရပေ။ ၎င်းသည် နတ်ဆိုးဧကရီအား သွေးရူးသွေးတန်း ဆက်လက်တိုက်ခိုက်နေခဲ့သည်။ ၎င်း၏ကိုယ်မှ အနက်ရောင်အရည်တို့မှာ အဆက်မပြတ် စိမ့်ထွက်နေကြသော်လည်း နေနက်မိစ္ဆာနွယ်သည် တစ်ခဏလေးတောင် ရပ်မသွားခဲ့ပေ။

မိုးသည် ဆက်လက်ရွာနေဆဲဖြစ်သည်။ ယွင်ဖေးသည် မိုးရေထဲတွင် တစ်ချိန်လုံးရပ်နေခဲ့သည်။ သူမကိုယ်မှာ အအေးဒဏ်ကြောင့် တုန်ယင်နေသော်လည်း အထဲသို့ ဝင်နားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူမသည် ငွေပန်းပွင့်အဘွားအိုအား ပူပန်နေသည့် မျက်လုံးအစုံနှင့်ကြည့်၍ မေးမြန်းလိုက်သည်။

"ဒီအတိုင်းဆို နတ်ဆိုးဧကရီ နိုင်နိုင်ချေရှိလား"

"နိုင်နိုင်တယ်"

ငွေပန်းပွင့်အဘွားအိုသည် မဆိုင်းမတွ ဖြေပေးလိုက်ရာ လူတိုင်းအားတက်သွားကြသည်။ နေနက်မိစ္ဆာနွယ်သည် နတ်ဆိုးဧကရီအား တစ်ကြိမ်တစ်လေတောင် ထိအောင်မရိုက်နိုင်ခဲ့သော်ငြား သူမသည် ၎င်းကို အထိနာအောင် လုပ်နိုင်ခဲ့သည်။ ဤအတိုင်းဆိုပါက အနိုင်ရမည့်သူမှာ နတ်ဆိုးဧကရီသာဖြစ်သည်။

သို့သော် ကံဆိုးစွာပင်...

လူတိုင်းသည် အနိုင်ရတော့မည်ဟု မျှော်လင့်မိချိန်တွင် သူတို့၏ မျှော်လင့်ချက်မှာ တစ်စစီချေမွခံလိုက်ရသည်။

ဘန်း...

ပင်လယ်ရေသည် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး နောက်ထပ်နေနက်မိစ္ဆာနွယ်တစ်ပင် ထိုးထွက်လာခဲ့သည်။ ၎င်းသည် နတ်ဆိုးဧကရီအား အခြားတစ်ဖက်မှ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

နတ်ဆိုးဧကရီ၏ တည်ငြိမ်နေသော အမူအရာသည် စတင်ပြောင်းလဲသွားခဲ့သည်။ သူမသည် လေထဲသို့ လက်ညှိုးညွှန်၍ လေဟာနယ်အား အေးခဲလိုက်ကာ ချက်ချင်းနောက်ဆုတ်လိုက်သည်။ သူမသည် ညဝက်လုံးလုံး အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မောပန်းနေပြီဖြစ်သည်။ သူမသည် နေနက်မိစ္ဆာနွယ်တစ်ခုကို အနိုင်ယူနိုင်သည် ဆိုရုံလေးသာဖြစ်သည်။ နေနက်မိစ္ဆာနွယ်နှစ်ခုနှင့် တပြိုင်တည်းတိုက်ခိုက်ပါက သူမ သေချာပေါက် သေသွားလိမ့်မည်။

***

All Chapters