အခန်း (၂၉)
Vol. 3 Ch. 29
[ဒုတိယဆုများ]
> ဆိုးလ်မြို့၏ အထီးကျန်လူသား - အန်းဆွန်းဝို
> ကိုးဆယ်ပြည့်နှစ်များ၏ ကလေးငယ် - ဟာဂျယ်ဂန်း
> နွေရာသီနေ့ - ရှင်ဂျုံအုပ်
‘ဟာ..ဂျယ်..ဂန်း..?!’
မြောင်ဟွန်းဒုတိယဆုနေရာရှိ နာမည်တစ်ခုကိုမြင်သောအခါ ပါးစပ်များမပိတ်နိုင်တောင် ဖြစ်သွားသည်။ ဟာဂျယ်ဂန်း ဟူသောအမည်က တွေ့ရများသော နာမည်တစ်ခုမဟုတ်။ အနည်းဆုံး သူ့ဘဝတွင် နာမည်တူနောက်တစ်ယောက် မတွေ့ဖူးပါ။
ပြီးတော့ “ကိုးဆယ်ပြည့်နှစ်များ၏ ကလေးငယ်” စာအုပ်ကိုလည်းသူသိသည်။
ထိုအရာက ဂျယ်ဂန်း ကောလိပ်တက်စဉ်တည်းက ရေးသားခဲ့ဖူးသည့် ဝတ္ထုတိုဖြစ်သည်။
မြောင်ဟွန်းမှတ်မိသလောက်ဆို ကောလိပ်တက်တုန်းက ဂျယ်ဂန်းဒီစာအုပ်ကို အပြီးမသတ်နိုင်ခဲ့ပေ။ သူပိုပြီးတုန်လှုပ်မိသည် မြေကြီးထဲထည့်မြှပ်ဖို့သာတန်သည့် ဒီလိုဇာတ်လမ်းမျိုးက ဒစ်ဂျစ်တယ်ဆု ပြိုင်ပွဲမှာပေါ်လာသည့်အပြင် သူ့လိုလူတစ်ယောက်နှင့်တန်းတူ ဆုရရှိနေသည်။
‘ဒီကောင်…!’
မြောင်ဟွန်း စာရေးဆရာများတွေ့စုံပွဲတွင် ဂျယ်ဂန်းလုပ်ခဲ့သည့် မျက်နှာကို သတိရပြီး တုန်ယင်သွားသည်။
ထိုစဉ်က သူမှတ်မိသည့် ဟာဂျယ်ဂန်းနှင့်မတူ။ သူ့ဘက်မှ ဂျယ်ဂန်းကို အကြိမ်ပေါင်းများစွာ စကားဖြင့်ရန်စခဲ့သော်လည်း တုန့်ပြန်မှုမရှိခဲ့ပါ။ ထို့အပြင် ဂျယ်ဂန်းဘက်မှ သူ၏စကားအမှားကို ထောက်ပြီး ပြန်လည်တောင်အရှက်ရစေခဲ့သေးသည်။
သူ၏မှတ်ဉာဏ်များက ထိုနေရာတွင်သာမရပ်တန့်သွားပါ။
ဂျယ်ဂန်းကိုသူပြောခဲ့သည့် စကားလုံးတိုင်းကိုလည်း မှတ်မိနေသေးသည်။
‘စာရေးဆရာတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ အရည်အတွေးကောင်းတဲ့ အလုပ်တစ်ခုကို ငါဖန်တီးနေတယ်။ သိပ်မကြာခင်မှာ ဒစ်ဂျစ်တယ်ပြိုင်ပွဲတစ်ခုရှိတယ် တစ်ခြားဆုတွေကို အပိုင်သိမ်းပြီးပြီဆိုတော့ ဒီပြိုင်ပွဲကို အေးဆေးအနိုင်ရဖို့ယုံကြည်ချက်ရှိတယ်။ ငါ့ရဲ့အသက်မွေးဝမ်းကြောင်းလမ်းခရီးမှာ နောက်ထပ် အောင်မြင်မှုတစ်ခုထပ်တိုးမှာပေါ့’
‘ချီးပဲ ငါတကယ်ကိုမိုက်မဲတဲ့စကားတွေပြောခဲ့တာပဲ’
ပြန်တွေးလိုက်ရုံဖြင့် ရှက်ရွံ့သွားသည်။ အရှက်တရားက သူ့တစ်ကိုယ်လုံးကိုတိုက်ခိုက်နေသည်။
မြောင်ဟွန်းခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်သည်။ ထို့နောက် နဖူးကို စားပွဲနှင့် တဒိုင်းဒိုင်း စောင့်ချလိုက်သည်။ ပြိုင်ပွဲတစ်ခုတည်းမှာ ပြီးတော့ ဆုကလည်းအတူတူပဲ သူဘယ်လိုဆက်လုပ်ရမလည်း မသိတော့ပါ။
မြောင်ဟွန်း ဆုရရှိသူစာရင်းကို အကြိမ်ကြိမ်ပြန်စစ်ဆေးသည်။
ပြိင်ပွဲကို အနိုင်ရသွားသည်က ‘တုံးအသော အမျိုးသမီး’ ဖြစ်သည်။ သို့သော်သူ့အနေ့ဖြင့် ထိုပထမဆုအကြောင်းကို ဂရုမစိုက်နိုင်သေးပါ သူ၏အလုံးစုံသောအာရုံများက သူ့နှင့်တန်းတူ ဒုတိယဆုကို ရရှိသောဟာဂျယ်ဂန်းထံတွင်သာ ရှိသည်။
‘ဟုတ်တယ် ဒါကအရေးမပါဘူး ငါ့စာအုပ်က သုံးလအတွင်းရေးထားတာပဲ။ ဟာဂျယ်ဂန်း.. ဒီကောင်က ဒီစာအုပ်ကို ခုနှစ်နှစ်လောက်အချိန်ယူပြီးရေးခဲ့တာ။ ခုနှစ်နှစ်လောက်ရေးပြီးမှ ဒုတိယဆုရတာက ငါ့ရဲ့ သုံးလလောက်ပဲရေးထားတာနဲ့ဘယ်လိုလုပ်တူမလည်း။ ငါကပိုကောင်းတယ်။ ငါကပိုပြီးကောင်းကောင်းရေးနိုင်တယ်။’
မြောင်ဟွန်းထိုသို့သာ အဆက်မပြတ် တွေးနေသည်။
သူဆုအတွက်မိန့်ခွန်းကို ဘာပြောမလည်းတောင်စဉ်းစားနေခဲ့ပြီးဖြစ်သည်။
‘ဒီစာအုပ်ကို သုံးလလောက်ပဲ အချိန်ပေးပြီးရေးခဲ့ရတာတကယ်ကို စိတ်မကောင်းဖြစ်မိတယ်။ အကယ်လို့များအချိန်ပိုရခဲ့မယ်ဆို ပြိုင်ပွဲကိုနိုင်မှာပဲ။ ပြီးတော့ အလုပ်များခဲ့တဲ့အကြောင်းနဲ့ နောင်တကို ရယ်စရာစွက်ပြီး ခပ်မိုက်မိုက်ပဲ မိန့်ခွန်းကို အဆုံးသတ်လိုက်မယ်’
မြောင်ဟွန်းသူ့လက်ချောင်းများကိုခုံပေါ်ခေါက်ရင်း ခေါင်းကိုလှည့်နေခဲ့သည်။ သူ့ကိုသူ ဘယ်လိုထင်ပေါ်အောင်လုပ်ရမလည်းစဉ်းစားနေခြင်းဖြစ်သည်။
‘ဂျယ်ဂန်းက ငါ့ထက်အရင်မိန့်ခွန်းပြောရမှာပဲ ဒါဆို ငါ့အနေနဲ့ သူ့ရဲ့မိန့်ခွန်းကို ပြန်ထောက်နိုင်တယ်။ သူပြောတာကိုမူတည်ပြီး စကားလုံးအချို့ထပ်ပေါင်းထည့်လို့ရသေးတယ်။ သူအဲ့ဇာတ်လမ်းကို ရေးတဲ့ကြာချိန်ကိုထည့်ပြောမယ်လို့မျှော်လင့်မိတယ်။ အနည်းဆုံးတော့ ဒါက ငါ့ကိုပိုပြီးထင်ပေါ်စေမှာပဲ’
မြောင်ဟွန်းဒေါသတကြီးဖြင့် စာရေးသည့်အက်ပလီကေးရှင်းကိုဖွင့်လိုက်သည်။
သူ၏ လက်ချောင်းဆယ်ချောင်းက ဒေါသအပြည့်ဖြင့် လှုပ်ရှားကာ စကားလုံးများ ဝါကျများကို အရှိန်အဟုတ်ဖြင့် စာရိုက်နေသည်။
သူ၏မိန့်ခွန်းများက သူ့ကိုယ်သူ အမွန်းတင်ခြင်းများနှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ဟာဂျယ်ဂန်းလိုလူနှင့် ဆုအတူရရှိခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ်နှစ်သိမ့်နေခြင်းဖြစ်သည်။
ကလစ်!
မြောင်ဟွန်းရုတ်တရက်ရပ်တန့်လိုက်ပြီး ခေါင်းမော့လိုက်သည်။
ဂျယ်ဂန်းလည်းအခုလောက်ဆို ဆုရရှိသူစာရင်းကို သိရှိပြီးဖြစ်မှာသေချာသည်။ သူတို့နှစ်ယောက်က ဆုပေးပွဲတွင် တွေ့ဆုံရမည့်ကံကြမ္မာပါလာသည်။
‘ငါ့ဘက်က အရင်နှုတ်ဆက်လိုက်တာပေါ့’
ဒါက သူရင်ဆိုင်ရမယ့် ကံကြမ္မာပဲမဟုတ်လား။
‘ဆိုးလ်မြို့၏ အထီးကျန်လူသား’ ဝတ္ထုကို ရေးသားသူ အန်းဆွန်းဝိုးက သူဖြစ်သည်ကို ဂျယ်ဂန်းအား ပြောပြလိုက်ခြင်းက ပိုကောင်းသည်ဟုခံစားမိသည်။
အနည်းဆုံးတော့ ရှုံးမှာကြောက်လို့ ကလောင်အမည်နဲ့ သုံးပြီးရေးတာလားလို့ အပုပ်ချခံရတာမခံရတော့ဘူးမလား။
- ဂျယ်ဂန်း မင်းဒစ်ဂျစ်တယ်စာပေဆုပြိုင်ပွဲမှာ ဒုတိယဆုရတယ်ကြားတယ်။ တော်တယ်ကွာ။
သူမက်ဆေ့ပို့လိုက်သည်။ မြောင်ဟွန်းသူ့လက်ထိပ်များကိုကိုက်လျက် စိတ်လှုပ်ရှားစွာစောင့်နေသည်။ သူ့လက်ရှိအသံက တုန်နေမည်စိုးသောကြောင့် စာပို့ရန်သာရွေးချယ် ခဲ့ခြင်းဖြစ်သည်။
ဂျယ်ဂန်း၏ ပြန်စာက သူမျှော်လင့်ထားသည်ထက်စောစွာရောက်ရှိလာခဲ့သည်။
- ဘယ်လိုသိတာလဲ။ ကျေးဇူးပါ။
- မင်းလည်းငါ့ကိုဂုဏ်ပြုရမှာပဲ ဆိုးလ်မြို့၏ အထီးကျန်လူသားစာအုပ်ကိုသိတယ်မလား ဒုတိယဆုရတဲ့ စာရင်းထဲကပဲလေ အဲ့တာ ဒီသုံးလအတွင်းမှာ ငါရေးထားတဲ့တစ်ခုလေ ဟဲဟဲ
- အာ အန်းဆွန်းဝိုးက မင်းကိုး မင်းပြောတဲ့ ပြိုင်ပွဲကလည်းဒီတစ်ခုလား မင်းလည်းတော်တယ်ကွာ။
- ငါက ဒီတိုင်းပြောတာပါကွာ ဒီပြိုင်ပွဲရဲ့ ဆုသေးသေးလေးအတွက် ဒုတိယဆုပဲရတယ်ဆိုတာက တော်တယ်လို့ပြောဖို့မလိုအပ်ပါဘူး။ ငါဒီတိုင်း အလွယ်ရေးထားတဲ့စာအုပ်က ဆုရတာကိုတော့ နည်းနည်းအံ့ဩမိတယ်။ သုံးလလောက် ပေါ့ပေါ့ပါးပါးရေးပြီးတင်လိုက်တာ ဆုရတယ်တဲ့။
- အင်း မင်းရေးတာ ကောင်းပါတယ်။
ဂျယ်ဂန်း၏ ချီးကျူးစကားက မြောင်ဟွန်းအတွက် လှောင်ပြောင်နေသကဲ့သို့ ခံစားရသည်။
မြောင်ဟွန်း မျက်နှာပျက်ရွင်းစွာဖြင့် စာပို့မျက်နှာပြင်ကို ဆောင့်ကြီးအောင့်ကြီး ရိုက်ချလိုက်သည်။
- အနည်းဆုံးတော့ မင်းအပင်ပန်းခံရကျိုးနပ်တာပေါ့။ ‘ကိုးဆယ်ပြည့်နှစ်များ၏ ကလေးငယ်’ ကိုငါမှတ်မိပါသေးတယ်။ အင်းအဲ့တာကို ခုနှစ်နှစ်လောက် ရေးထားတဲ့ ပရောဂျက်မလား? အနည်းဆုံးတော့ အလင်းရောင်ကို နောက်ဆုံးမှာ မြင်လာရပြီဆိုတော့မကောင်းဘူးလား အခုတော့ မင်းအတွက် အသက်မွေးလမ်းကြောင်းခရီးမှာ ထပ်ဖြည့်ဖို့ စာကြောင်းတစ်ကြောင်း ရလာပြီပဲ။ ဟဲဟဲဟဲ
- ဒါပေါ့ ငါတကယ်ကိုကျေနပ်မိတယ်။
ထိုတိုတောင်းသော မက်ဆေ့ပြီးနောက် ဂျယ်ဂန်းဘက်မှ နောက်ထပ်ပြန်စာရောက်မလာတော့ပါ။
မြောင်ဟွန်း၏ ဒေါသက အလွယ်တကူမပြေသေးပါ။ ဂျယ်ဂန်းက ဖုန်းတစ်ဖက်တွင် လှောင်ရယ်နေမည်မှာသေချာသည်။ စကားဝိုင်းကို ဘယ်လိုအဆုံးသတ်ရမလည်းတွေးရင်း နောက်ထပ်မက်ဆေ့တစ်ဆောင်ထပ်ပို့လိုက်သည်။
- ဆုပေးပွဲမှာ တွေ့မယ်။ သန့်သန့်ပြန့်ပြန့်ဝတ်လာခဲ့ဦး။ စာရေးဆရာဆိုပြီးပဲ ခဏခဏ ကြွားလုံးထုတ် မနေနဲ့ဦး ဒီနေ့ခေတ်ကမ္ဘာကြီးက စာရေးဆရာတွေတောင်မှ သပ်ရပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ရတဲ့ခေတ်ရောက်နေပြီ။
-အိုကေ။ ကျေးဇူး၊ မင်းလည်းကောင်းကောင်းအနားယူပါ။
မြောင်ဟွန်းအသက်ပြင်းပြင်းရှုလိုက်ပြီး သူ့ရှေ့မှလေဟာနယ်ကိုစိုက်ကြည့်နေသည်။ သူ၏ ရှုပ်ထွေးနေသော စိတ်အစဉ်တွင် သူ့ကိုယ်သူသာလွန်သူအဖြစ်သာ အဆက်မပြတ် အတည်ပြုနေခြင်းဖြစ်သည်။
ငါက အရာရာမှာပိုသာတယ်။
ဆုတွေဆိုတာလည်း အရင်တည်းကရဖူးပြီးသားပဲ။
သူက ၇ နှစ်ကြာအောင်ရေးခဲ့ပေမယ့် ငါ့အတွက်က သုံးလပဲ ဆုတွေရဲ့ တန်ဖိုးကမတူဘူး။
‘လီဆုဟီး…!’
ဆုဟီး၏မျက်နှာက သူ့စိတ်ထဲပေါ်လာသည်။
သူရဲ့အောင်မြင်မှုက အခြားလူများဆီမှ ဂုဏ်ပြုစကားရသင့်လောက်အောင် ကြီးကျယ်သည်မှာ အမှန်ပင်။
ဟာဂျယ်ဂန်းအပေါ်တွင်ရှိသည့် သူ၏ဒေါသကိုဖယ်လိုက်လျင် ကျန်တာတွေက ဖြူစင်သော ပျော်ရွှင်မှုဖြစ်သည်။
မြောင်ဟွန်းသည် သူချီးမွမ်းခံချင်သောလူကိုရွေးလိုက်ပြီးနောက်တွင်ပဲ ဘဲလ်မြည်သံတစ်ခုကထွက်ပေါ်လာသည်။
…
“ဘာလဲ ပိုက်ဆံရလို့ပျော်နေတာလား?”
ဂျယ်ဂန်းရယ်ရင်းမေးလိုက်သည်။ သူ့ရှေ့တွင်သော့ ဂျယ်အန်း ကသူရဲပူးနေသကဲ့သို့ တွေတွေကြီးစိုက်ကြည့်နေသည်။
“တစ်ခုခုပြန်ပြောဦးလေ အဲ့ပုံစံကြီးက ဘာဖြစ်လို့လဲ”
ဆူဝမ်တွင်ရှိသော အိမ်တွင်ဖြစ်သည်။
ဂျယ်ဂန်း ဆုရလဒ်များကို သိသည်နှင့်တပြိုင်နက် မြေအောက်ရထားဖြင့် အိမ်သို့အပြေးလာခဲ့သည်။ ဒီရလဒ်တွေကို မိသားစုများနှင်အတူအမြန်ဆုံး မျှဝေချင်သည်။
“အခု မင်းရဲ့မောင်လေးက ဆုရဖူးတဲ့ အတွေ့ကြုံရှိသွားပြီလေ။ ဒါက ယဉ်ကျေးမှုဝန်ကြီးဌာနက အသိမှတ်ပြုထားတာ။ အကြီးဆုံး၊ ဂုဏ်အရှိဆုံးမဟုတ်ပေမယ့် အနည်းဆုံးတော့ အတော်လေးအသိမှတ်ပြုခံရတဲ့ထဲပါတယ်။”
ဂျယ်အန်းသူမ၏မျက်နှာကိုဖုံးအုပ်လိုက်သည်။ သူမ၏နှာခေါင်းသည်နီရဲလာပြီး မျက်လုံးနှစ်လုံးမှမျက်ရည်များကျလာသည်။
ဆုရဲ့အရွယ်အစာက အရေးမကြီးပါ။ သူမ ဝမ်းနည်းနေခဲ့ရုံသာ။ သူမ၏ မောင်ဖြစ်သူကို ချီးကျူးပေးရမှာဖြစ်သော်လည်း စကားလုံးများက ပါးစပ်မှထွက်မပေါ်လာနိုင်ခဲ့ပါ။
“အရာရာကပိုကောင်းလာတော့မှာ။ လုံးဝကို ပိုကောင်းလာမှာ။ ဒါကအစပဲရှိပါသေးတယ်။ ဒါကို မာရသွန်ပြိုင်ပွဲလို့မှတ်ယူလိုက်ရင် ကျွန်တော်က မီတာ ၁၀၀ အမှတ်မှာပဲရှိသေးတယ်။”
“ဂျယ်ဂန်း..”
တံခါးသော့ဖွင့်သံနှင့်အတူ တံခါးပွင့်လာသည်။
ဖခင်ဖြစ်သူအားသွားခေါ်သော မိခင်ပြန်ရောက်လာခြင်းဖြစ်သည်။
“အာ, သား ဒီကိုဘယ်တုန်းကရောက်နေတာလဲ?”
မိခင်ဖြစ်သူက ဂျယ်ဂန်းကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ အိမ်ထဲသို့ ဝင်လာသည်။ သူမ၏ မျက်လုံးများက ဂျယ်အန်း၏ ငိုနေသောမျက်နှာကို မြင်လိုက်ရသည်။
“ဂျယ်အန်း? ဘာလို့ငိုနေတာလဲ? တစ်ခုခုဖြစ်လို့လားသမီး?”
“အမေ, ဂျယ်ဂန်း..”
“ဂျယ်ဂန်းလား? ဂျယ်ဂန်းကဘာဖြစ်လို့လဲ? တစ်ခုခုပြောပါဦး”
“ဂျယ်ဂန်း…စာပေဆုရတယ်”
ဂျယ်အန်းက သူမ၏ အသံကို မနည်းထိန်းချုပ်ကာ ရှင်းပြလိုက်သည်။
မိခင်ဖြစ်သူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ခဏတာမျှကြောင်ငေးနေပြီးနောက် ဂျယ်ဂန်းကို ဂုဏ်ယူစွာဖြင့် ဖက်လိုက်သည်။
“အားး ငါ့သားလေးကတကယ့်ကိုအံ့မခန်းပဲ သားအောင်မြင်မယ်ဆိုတာ အမေသိတယ်။ တကယ်ကိုသိခဲ့တာ။ ဒါက အမေ့သားမလို့ပြောတာမဟုတ်ဘူးနော် သားလုပ်နိုင်မယ်ဆိုတာကို အမေသိခဲ့တာ။”
မိခင်ဖြစ်သူက ချီးကျူးစကားခနခနပြောနေရင်း သားဖြစ်သူ၏ပါးကို အဆက်မပြတ်နမ်းလိုက်သေးသည်။ သားဖြစ်သူအရွယ်ရောက်နေပြီဖြစ်သော်လည်း သူမအတွက်တော့ အရင်လိုပဲ ချစ်ဖို့ကောင်းနေဆဲဖြစ်ပြီး လောကထဲသို့စေလွှတ်ရန်စိတ်မချဆဲ ဖြစ်သည်။ ရယ်မောနေရင်းပဲ မိခင်ဖြစ်သူက ငိုနေခဲ့သည်။
ဖခင်ဖြစ်သူသည် ဖိနပ်များကိုစီပြီးနောက် ဧည့်ခန်းဆီသို့ဝင်လာသည်။ သူ့မျက်နှာတွင်အပြုံးမရှိ။ ဧည့်ခန်းထဲသို့အကြိမ်အနည်းငယ်ခန့်ဝေ့ကြည့်ပြီးနောက် ဘာမှမပြောပဲ သူ့အခန်းသို့ တန်းဝင် သွားသည်။
“အချစ်, ဂျယ်ဂန်းရဲ့ ဆုပေးပွဲက စနေ့နေ့နော်”
မိခင်ဖြစ်သူက မျက်ရည်စများဖြင့် တံခါးကို လှမ်းအော်လိုက်သည်။
အတွင်းမှ အဝတ်စားလှဲလှယ်သံမှလွဲ၍ အခြားဘာမှမကြားရ။
“အချစ်, စနေ့နေ့ ဂျယ်ဂန်းဆုပေးပွဲ”
“ငါ မနက်ပိုင်း အလုပ်ရှိတယ်”
“ဘာ?”
“မင်း ဂျယ်အန်းနဲ့သွားလိုက်”
“ဒီလူကတော့ တကယ်ပါပဲ…”
မိခင်ဖြစ်သူက ဒေါသတကြီး အခန်းထဲသို့ လိုက်ဝင်သွားသည်။
အခန်းထဲမှ မိခင်ဖြစ်သူ၏ အော်သံကိုသာကြားနေရသည်။
ဂျယ်ဂန်းခပ်မျှင်းမျှင်းရယ်လိုက်ပြီး သူ၏ဖခင်ထံမှ ထွက်ပေါ်လာမည့် တိတ်ဆိတ်နေသော အသံကို နားထောင်ရန်စောင့်နေသည်။ ဂျယ်အန်းကတော့ သူမမောင်ဖြစ်သူ၏ လက်ကိုဆုပ်ကိုင်ထားသည်။
….
ဆုပေးပွဲကို ဟာဟွာဒုန်း အမျိုးသားသိပ္ပံနှင့် နည်းပညာ ပြတိုက်ရှိ နေရာတစ်ခုတွင် ကျင်းပသည်။
မြောင်ဟွန်း ကိုယ်ပိုင်ကားဖြင့် စောစောရောက်လာသည်။
သူ၏မိသားစုကိုမပြောခဲ့။ လုပ်ဖော်ကိုင်ဘက်သို့မဟုတ် အခြားသူများကိုလည်းအသိမပေးခဲ့ပါ။ ဂျယ်ဂန်းနှင့်အတူ ဆုရရှိခြင်းက သူ့ကိုစိတ်အနှောင့်ယှက်ဖြစ်စေသည်။ ဂျယ်ဂန်းအနေဖြင့် ထပ်တိုး အာရုံစိုက်မှုများရရှိသွားမှာကို သူလုံးဝမလိုချင်ပါ။
ဆောင်းဦးကာလသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ရာသီဥတုက အတော်လေး အေးနေသည်။
ထိုစဉ် မျက်နှာချင်းဆိုင်ဘက်မှ အဖြူရောင်ကားတစ်စီးဝင်လာသည်။ မြောင်ဟွန်းရင်းနှီးနေသော ထိုကားကို ကြည့်လိုက်ရာ ကားတံခါးပွင့်လာပြီး ဆုဟီး ထွက်လာသည်။
“လီဆုဟီး?”
မြောင်ဟွန်း သတိမထားမိဘဲ ဆုဟီးနာမည်ကိုခေါ်လိုက်သည်။
အလုပ်များနေတယ်ဆိုပြီး သူနဲ့အတူဒီကိုလာဖို့ကိုငြင်းပယ်ခဲ့သောဆုဟီးက ဘာလို့စောစောရောက်နေတာလဲ?
အကြောင်းအရင်းကိုသိဖို့အကြာကြီးမစောင့်လိုက်ရပါ။ ရာသီဥတုအေးနေတာတောင်မှ မြောင်ဟွန်း၏ မျက်နှာက အလျင်အမြန်ပဲ ပူနွေးလာခဲ့သည်။