အခန်း (၃၁)
Vol. 3 Ch. 31
အခမ်းအနားမှူးက စင်ပေါ်သို့ တက်လာသော ဂျယ်ဂန်းကို ပြုံးပြလိုက်ပြီး သူ၏စကားကို ဆက်ပြောသည်။
“ဒီဂျစ်တယ် စာပေဆုပြိုင်ပွဲဟာ စာရေးဆရာအသစ် ဟုတ်မဟုတ်ဆိုတာထက် ထူးချွန်တဲ့ လက်ရာတွေကို ရှာဖွေဖို့ ရည်ရွယ်ပြီး စတင်ခဲ့တာပါ။ ဒါကြောင့် ကလောင်အမည်တွေ အသုံးပြုပြီး တစ်ခုထက်မကတဲ့ လက်ရာတွေကို ပေးပို့နိုင်သလို၊ လူတစ်ယောက်တည်းက ဆုနှစ်ခုထက်ပိုပြီး ရရှိနိုင်တဲ့ အခွင့်အလမ်းလည်း ရှိပါတယ်ခင်ဗျာ။”
ဂျယ်ဂန်း အခမ်းအနားမှူးဘေးတွင် လက်နှစ်ဖက်ကို သက်သောင့်သက်သာထားပြီး မတ်တပ်ရပ်နေသည်။
ရှေ့တည့်တည့်တွင် ရာနှင့်ချီသော ပရိသတ်များ၏ အကြည့်များက သူ့ထံသို့ စုပြုံကြည့်လျက်ရှိနေသည်။
သူ့ရင်ထဲတွင် ရင်ခုန်သံများ မြန်လွန်း၍ ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
လျှပ်စစ်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ တစ်ဆင့် အထက်သို့ ဖြတ်စီးသွားသကဲ့သို့ ခံစားမှုမျိုးဖြစ်သည်။
“လွန်ခဲ့တဲ့ ၄ နှစ်၊ ဒုတိယအကြိမ်မြောက် ပြိုင်ပွဲတုန်းက ဒုတိယဆုရော၊ ပါဝင်မှုဆုပါ ရရှိခဲ့တဲ့ စာရေးဆရာတစ်ယောက် ရှိခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ လူတစ်ယောက်တည်းက ဆုတွေအများကြီး ရတာမျိုး ကိုကျွန်တော်တို့ ထပ်မတွေ့ခဲ့ရတော့ဘူး”
အခမ်းအနားမှူးက ပရိသတ်တွေ ပိုပြီး စိတ်ဝင်စားလာအောင် စကားကို ခဏရပ်ပြီး တုန့်ဆိုင်းလိုက်သည်။
သူက အချိန်ဆွဲနေရင်းဖြင့်ပင် ပြုံးလိုက်ကာ သူ့၏မျက်လုံးအစုံက ရှက်ကိုးရှက်ကန်း ရပ်နေသည့် ဂျယ်ဂန်းဆီသို့ရွေ့ရှားသွားသည်။ (UwU)
“အခု စာရေးဆရာ ဆုဂွန်ဝိုက ‘တုံးအသောအမျိုးသမီး’ ဆိုတဲ့ လက်ရာနဲ့ အဓိကဆု ကို ဆွတ်ခူးသွားတာပါ။ ထို့အတူပဲ...စာရေးဆရာ ဆုဂန်ဝို ဟာ ဒုတိယဆု ကိုလည်း ရရှိခဲ့ပါသေးတယ် ကြွရောက်လာကြသော အမျိုသား အမျိုးသမီးများခင်ဗျာ!”
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...!”
ဂျောင်ဂျင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဂျယ်ဂန်း၏ မိသားစု၊ ဆူဟီးနှင့် ဟိုဂျင်တို့အားလုံးဟာ ပါးစပ်အဟောင်းသားနဲ့ စင်ပေါ်သို့ ငေးကြည့်နေကြသည်။ ခန်းမကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကာ ပိုပြီး ဆူညံလာသည်။ ဒီခန်းမထဲတွင် အကြီးမားဆုံး ထိတ်လန့်တုန်လှုပ်သွားရသူကတော့ မြောင်ဟွန်းဖြစ်သည်။
သူသည် လုံးဝ စိတ်လွတ်နေပြီဖြစ်ပြီး၊ သူ့လက်ထဲရှိ မိန့်ခွန်းစာရွက်ကို ဆုပ်ခြေနေမိသည်ကိုပင် သတိမထားမိတော့ပါ။
“နောက်ထပ်စာအုပ်အမည်က ‘၉၀ ပြည့်လွန်နှစ်များမှ ကလေးငယ်’ ဖြစ်ပြီး ရေးသားသူ စာရေးဆရာ ဟာဂျေဂွန်ပါ။ ဆရာ့ရဲ့ နာမည်ရင်းက ဘယ်ဟာများလဲခင်ဗျာ။”
အခမ်းအနားမှူးက သူသိနေသော်လည်း ပရိသတ်အတွက် မေးမြန်းလိုက်ခြင်းဖြစ်သည်။ ဂျယ်ဂန်း သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး အခမ်းအနားမှူး ပေးသည့် မိုက်ခရိုဖုန်းကို ယူလိုက်သည်။
“ဟာဂျယ်ဂန်း က ကျွန်တော့်ရဲ့ နာမည်အရင်းပါ။”
“ဟုတ်ကဲ့ပါ၊ စာရေးဆရာ ဟာဂျယ်ဂန်း။ ဒီလို ထူးချွန်တဲ့ လက်ရာတွေနဲ့ ဝင်ပြိုင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒိုင်လူကြီးတွေက အဓိကဆု အတွက် ဒီလက်ရာနှစ်ခုကြားမှာ ဆုံးဖြတ်ရတာ တကယ်ကို ခက်ခဲခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားရဲ့ လက်ရာနှစ်ခုစလုံးဟာ အဓိကဆုအတွက် အချင်းချင်း တိုက်ပွဲဝင်နေခဲ့တာလို့တောင် ပြောလို့ရပါတယ်။ ဒီအကြောင်းအရာအတွက်ကော ဘာများ ပြောချင်ပါသလဲ။”
ဂျယ်ဂန်းက မိုက်ကို ပြန်ယူလိုက်သည်။ သူ ဘာပြောရမလဲဟု ခဏစဉ်းစားပြီးမှ စကားစလိုက်သည်။
“ကျွန်တော် တကယ်ကို ဘာပြောရမှန်း မသိတော့ပါဘူး။ အခု ခေါင်းထဲမှာလည်း ဘာမှမရှိတော့သလို ဖြစ်နေလို့ စကားပြောဖို့ ခက်နေပါတယ်။ တောင်းပန်ပါတယ်ခင်ဗျာ။”
“ဟားဟား၊ ဟုတ်ကဲ့ပါ။ မြင်ရတဲ့ ပုံစံနဲ့မတူဘဲ တကယ့်ကို စိတ်လှုပ်ရှားနေပုံရပါတယ်။ ကဲ၊ အခုအချိန်မှာတော့ ဆုချီးမြှင့်ပေးမယ့် ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးပါရစေ။ နှစ်ပေါင်း (၃၀) လုံးလုံး စာပေလောကမှာ ကျင်လည်ခဲ့တဲ့ ကုမ္ပဏီပါ။ တစ်နိုင်ငံလုံးမှာ ဆိုင်ခွဲ (၂၅) ဆိုင်ကျောဖွင့်လှစ်ထားတဲ့ ကိုရီးယားရဲ့ ထိပ်တန်းစာအုပ်ဆိုင် ကျိုဂျီမန်ဂို ရဲ့ ကိုယ်စားလှယ် မစ္စတာဟန်ဂျုံဒိုကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။”
အထူးဧည့်သည်တော်နေရာတွင် ထိုင်နေသော အမျိုးသားတစ်ဦးက ထရပ်လိုက်သည်။ သူသည် ကျိုဂျီမန်ဂို၏ ကိုယ်စားလှယ် မစ္စတာဟန်ဂျုံဒို ဖြစ်သည်။ သူက စင်ပေါ်တက်ပြီးနောက် ဆုချီးမြှင့်ရန်အတွက် မိုက်ခရိုဖုန်းကို လက်ကမ်းယူလိုက်သည်။
“ဒီလက်ရာမြောက် ‘တုံးအသောအမျိုးသမီး’ စာအုပ်ဟာ ဒိုင်လူကြီးတွေအားလုံး အဓိကဆုအနေနဲ့ တညီတညွတ်တည်း ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သမီးတစ်ယောက်၊ အသက် ၂၀ အရွယ် အစ်မတစ်ဦးအကြောင်းကို ရေးသားထားတာပါ။ သူမကို တီထွင်ဖန်တီးမှုရှိပြီး ဆန်းသစ်တဲ့ အရေးအသားတွေနဲ့အတူ စိတ်ခံစားမှုအပြည့်ဖြင့် ဖော်ပြထားတယ်လို့ သုံးသပ်ထားပါတယ်။”
ပရိသတ်ထဲတွင် ရှိနေသော ဂျယ်အန်းသည် မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။
ဤလက်ရာသည် သူမ၏ မောင်ဖြစ်သူ ရေးသားထားခြင်းမှန်း သူမ မသိခဲ့သလို၊ ဇာတ်လမ်း၏ အဓိပ္ပာယ်ကိုလည်း သူမ မသိခဲ့ပေ။ ဘေးတွင်ရှိသော မိခင်ဖြစ်သူ မြောင်ဂျာမှာမူ မျက်ရည်များ ဝဲနေပြီ ဖြစ်ကာ သမီးဖြစ်သူ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
“‘တုံးအသောအမျိုးသမီး’ ရဲ့ ဇာတ်လိုက် ဂျေဟီး ဟာ နာမည်အတိုင်းပဲ တကယ်ကို တုံးအသူတစ်ယောက်ပါ။ သူမက သမီးတစ်ယောက်အနေနဲ့ ချစ်ခြင်းမေတ္တာကို မတောင်းဆိုခဲ့တဲ့အပြင်ကိုမှ သမီးတစ်ယောက်အနေနဲ့ပဲ အရာရာကို စွန့်လွှတ်ခဲ့တယ်။ သူမရဲ့ မောင်ဖြစ်သူ အနာဂတ်အတွက် သူမရဲ့ ကိုယ်ပိုင်အနာဂတ်တွေ၊ လှပတဲ့ လူငယ်ဘဝတွေကို မိသားစုအတွက် ပျော်ပျော်ကြီး စွန့်လွှတ်ပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ဂျေဟီးက ဒါကို စွန့်လွှတ်မှုလို့ ဘယ်တော့မှ မပြောခဲ့ဘူး။ သူမက ဒါကို စွန့်လွှတ်မှုလို့ တစ်ခါမှ မတွေးခဲ့ဘူး။ လူတွေက ဂျေဟီးရဲ့ စွန့်လွှတ်မှုအကြောင်း ပြောပြကြပေမဲ့၊ သူမအတွက်တော့ ဒါဟာ မိသားစုအပေါ် ထားရှိတဲ့ မေတ္တာနဲ့ လုပ်ဆောင်ရမယ့် တာဝန် တစ်ခုသာ ဖြစ်တယ်လို့ခံယူထားတာဖြစ်တယ်”
ဂျယ်အန်း ခေါင်းငုံ့ကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ တားမရအောင် စီးကျနေသည်။ ဤကဲ့သို့ ပျော်ရွှင်စရာနေ့မျိုးတွင် မငိုပါဟု မိမိကိုယ်ကို ကတိပေးထားသော်လည်း နွေးထွေးသော မျက်ရည်များက ရပ်တန့်ခြင်း မရှိတော့ပေ။
“ဂျယ်အန်း...”
မြောင်ဂျာက လက်ကိုင်ပဝါထုတ်ပေးသော်လည်း မလုံလောက်ပါ။ လက်ကိုင်ပဝါ သေးသေးလေးတစ်ခုတည်းဖြင့် သူမ၏ ရှည်လျားလှသော ပေးဆပ်ခဲ့ရသည့် လူငယ်ဘဝများမှ ထွက်ပေါ်လာသော မျက်ရည်အားလုံးကို ရှင်းလင်းသွားဖို့ရန် မဖြစ်နိုင်ခဲ့ပါ။
လက်ခုပ်သံများစွာနှင့်အတူ ဂျယ်ဂန်း ဆုကို လက်ခံရယူလိုက်သည်။ ဂျေဂွန်သည် လူရာပေါင်းများစွာ၏ ရှေ့တွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေပြီး ယခု သူမိန့်ခွန်းပြောရမည့် အချိန် ဖြစ်သည်။
“ကျွန်တော် မိန့်ခွန်းတစ်ခုတော့ ပြင်လာခဲ့သေးတယ်... ဒါပေမဲ့ အခုပြောဖို့ကျတော့ အဲ့ဒါတွေက အဓိပ္ပာယ်မရှိသလို ခံစားနေရတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့် မိသားစုနဲ့ အလုပ်များနေတဲ့ကြားက လာပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ချင်ပါတယ်... ဂျောင်ဂျင်၊ ဟိုဂျင်၊ ဆုဟီး... ကျေးဇူးပါ။ ပြီးတော့ ဒီပြိုင်ပွဲကို ကျင်းပပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် နာမည်ထုတ်ဖော်ပြောလို့မရတဲ့ ကျွန်တော့်ရဲ့ ဆရာသခင်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။”
“ဒီကောင်ကတော့ လူတွေကို အံ့ဩအောင်လုပ်တဲ့နေရာမှာ တကယ်ပဲ ဆရာကျတယ်။ မင်း စင်ပေါ်ကဆင်းလာရင် သေပြီသာမှတ်တော့။”
ဂျောင်ဂျင်ကဂျယ်ဂန်းကိုကြည့်ပြီးပြောလိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် ယားကျိကျိဖြစ်နေသော နှာခေါင်းကို ပွတ်နေမိသည်။ ဆုဟီးနှင့် ဟိုဂျင်တို့မှာလည်း မျက်လုံးလေးများ နီရဲလျက် ပြုံးနေကြသည်။
“ဒီကိုမလာခင်ကတည်းက ကျွန်တော့်ရဲ့ ‘ငိုတတ်တဲ့’ အစ်မကို ကျွန်တော် သတိပေးထားပါတယ်။ ကျွန်တော် ရှက်ရမှာစိုးလို့ မငိုပါနဲ့လို့ ပြောခဲ့တာပါ။ သူမကလည်း ရယ်ပြီးတော့ မငိုပါဘူးလို့ ကျိန်းသေပြောခဲ့ပေမဲ့ ဟိုမှာ ကြည့်လိုက်ပါဦး။ ရေတံခွန်လို ငိုနေတဲ့ ဟိုလှလှပပ မိန်းကလေးက ကျွန်တော့် အစ်မပါပဲ။”
ဂျယ်ဂန်းက ဂျယ်အန်းကို လက်ညှိုးထိုးပြီး နောက်ပြောင်လိုက်သည်။ ပရိသတ်အများအပြား ဂျယ်အန်းကို လှည့်ကြည့်ပြီး ရယ်မောလိုက်ကြသော်လည်း ဂျယ်အန်းမှာမူ မောင်ဖြစ်သူ၏ နောက်ပြောင်မှုကို လိုက်မရယ်နိုင်ဘဲ ငိုနေဆဲဖြစ်သည်။
“ကျွန်တော် အိမ်ပြန်ရောက်ရင် ဆူခံရဦးမှာပဲ။ ဘာလို့လဲဆိုတော့ စာအုပ်ခေါင်းစဉ်ကြောင့်ပေါ့။ နာမည်ကောင်းတွေ အများကြီးရှိတာကို ဘာလို့ 'တုံးအသောအမျိုးသမီး' လို့ နာမည်ပေးရတာလဲ၊ ဒါက ငါ့အကြောင်းရေးထားတာ သိသာနေတာပဲ၊ ငါက ဘာလို့ တုံးအရမှာလဲ ဆိုပြီး သူမက ကျွန်တော့်ကို အများကြီး ဆူပါလိမ့်မယ်။ ဒါပေမဲ့... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ကျွန်တော့် အစ်မက တကယ်ပဲ အရမ်းတုံးအလွန်းသူတစ်ယောက် ဖြစ်နေတယ်လေ”
ဂျယ်ဂန် စကားကို ခဏရပ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုထဲတွင် ဂျယ်ဂန်သည် အစ်မဖြစ်သူ၏ မေတ္တာရိပ်အောက်၌ သူ ဖြတ်သန်းခဲ့ရသည့် အချိန်များကို ပြန်လည်မြင်ယောင်နေမိသည်။ အရေးမကြီးသည့် နေ့တစ်နေ့မျှ မရှိခဲ့ပါ။
“ (၂၇) နှစ်တိုင်တိုင်...” ဂျယ်ဂန် မျက်လုံးဖွင့်ပြီး စကားပြန်ပြောလိုက်သည်။ သူ၏ ဝေဝါးနေသော မျက်လုံးထဲတွင် ငိုနေသော အစ်မဖြစ်သူ၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်နေရသည်။
“ (၂၇) နှစ်လုံးလုံး မပြောင်းလဲဘဲ... သူမဟာ သူမကိုယ်ပိုင်ဘဝကို ဂရုမစိုက်ဘဲ မောင်ဖြစ်သူအတွက်ပဲ အသက်ရှင်ခဲ့တဲ့ တုံးအသူတစ်ယောက်ပါ။ မောင်လေးဖြစ်သူ သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်မှာစိုးလို့ သူမရဲ့ ကားခတွေကို ဖဲ့ပေးခဲ့တဲ့သူ... မောင်လေးအတွက် အသားဟင်းတွေကို အမြဲဖယ်ပေးပြီး သူမကိုယ်တိုင်ကတော့ ဘာဟင်းမှမပါဘဲ ထမင်းကို ရေဖြင့်သာ စားခဲ့တဲ့သူ... မောင်လေးရဲ့ ပိုက်ဆံအိတ်ထဲကို တိတ်တိတ်လေး ပိုက်ဆံထည့်ပေးပြီး ဘာမှမသိချင်ယောင်ဆောင်နေခဲ့တဲ့သူ...”
သူပြင်ဆင်လာသည့် မိန့်ခွန်းနှင့်မတူဘဲ စကားလုံးများက တုန်ယင်နှေးကွေးနေသည်။ ပရိသတ်အများအပြားမှာ ဂျယ်ဂန်၏ ရိုးသားမှုအပြည့်ပါသော တုန်ယင်နေသည့် အသံကြောင့် စိတ်မကောင်းဖြစ်ကာ ထိခိုက်ကုန်ကြသည်။
“ဒီစာအုပ်ကို ကျွန်တော့်ရဲ့ ‘တုံးအတဲ့’ အစ်မအတွက် ဂုဏ်ပြုပါတယ်။ အဖေနဲ့အမေကိုလည်း ကျေးဇူးတင်ပါတယ်... ဒီလို အံ့ဩဖို့ကောင်းတဲ့ အစ်မတစ်ယောက်ကို မွေးဖွားပေးလို့၊ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ဒီလောက်အထိ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးလို့ပါ။”
“ဟီးးး... အီးးးး... ဟီးးးး!” ဂျယ်အန်းမှာ ဆက်မအောင့်နိုင်တော့ဘဲ ငိုချလိုက်ပါတော့သည်။ သူမ၏ မိတ်ကပ်များ ပျက်စီးကုန်သော်လည်း သူမ ဂရုမစိုက်နိုင်တော့ပေ။ မိခင်ဖြစ်သူ မြောင်ဂျာမှာလည်း သမီးဖြစ်သူ၏ ကျောပြင်ပေါ် ခေါင်းမှီကာ တိတ်တိတ်လေး ငိုနေမိသည်။
ဂျောင်ဂျင် မတ်တပ်ရပ်ပြီး လက်ခုပ်တီးလိုက်သည်။ ဟိုဂျင်နှင့် ဆုဟီးတို့က လိုက်တီးကြသည်။ ထိုမှတစ်ဆင့် ခန်းမတစ်ခုလုံးတွင် ကျယ်လောင်လှသော လက်ခုပ်သံများ ဖုံးလွှမ်းသွားတော့သည်။
လက်ခုပ်မတီးနိုင်သည့် တစ်ဦးတည်းသောသူမှာ...
‘အာ........!’ မြောင်ဟွန်းသည် ရင်ဘတ်ကို ဖိကာ တုန်ယင်နေမိသည်။ သူ၏ အကြည့်က သူဝတ်ထားသည့် တောက်ပြောင်နေသည့် ဖိနပ်များပေါ်သို့သာ ရောက်နေသည်။
ဒီဖိနပ်တွေက ဟိုစင်မြင့်ပေါ်အထိ လမ်းလျှောက်သွားနိုင်ပါဦးမလား။ ဂျယ်ဂန်ရဲ့ ဒီအောင်မြင်မှုတွေကို ဂရုမစိုက်ဘဲ ငါ့မိန့်ခွန်းကို ငါပြောနိုင်ပါဦးမလား။
ဒါတွေအားလုံးက မဖြစ်နိုင်တော့သလိုပင်။ သူမြင်နေရသည့် ပုံရိပ်အားလုံး ဝေဝါးနေသည်။ ခန်းမထဲက ဆူညံသံတွေကြောင့် သူ့နားတွေ ပြုတ်ထွက်မတတ် ခံစားနေရသည်။
‘မဖြစ်ဘူး...! ငါ ဒီမှာ နောက်ဆုတ်လိုက်ရင် ငါက ပိုပြီး လှောင်ပြောင်စရာ ဖြစ်သွားလိမ့်မယ်။ ငါက ငါပဲ! ဒီလိုမျိုးတွေကို ငါ ဂရုမစိုက်သင့်ဘူး! ဒီတုံးအတဲ့ ဒိုင်လူကြီးတွေ! ငါ ဒီမှာ အရှုံးပေးမယ် ထင်နေလား။ ငါက အိုမြောင်ဟွန်းကွ!’
မြောင်ဟွန်းသည် တုန်ယင်နေသော လက်များဖြင့် သူ၏ မိန့်ခွန်းစာမူကို ပြန်ဖြန့်လိုက်သည်။ သူ့စိတ်ကို တည်ငြိမ်စေဖို့ တစ်ခုခု လိုအပ်နေသည်။ ပုံမှန်ဆိုလျှင် လူအများရှေ့မှာ ရပ်ရတာကို သူ ယုံကြည်ချက်ရှိသော်လည်း ဒီနေ့မှာတော့ မတူတော့ပါ။ သူ့ကို ယုံကြည်မှုပေးနိုင်မည့်သူ ဘယ်သူမှ ရှိမနေပါ။
‘ဟာဂျယ်ဂန်...! ဒီလိုပြိုင်ပွဲမှာ ဆုရတာကို ဒီလောက်တောင် ပျော်နေတာလား။ မင်း မိသားစုကို ခေါ်လာပြီး ဒရာမာ လာခင်းနေတယ်ပေါ့။ အေး... အခု ပျော်ထားလိုက်စမ်းပါ! ဒါက မင်းဘဝရဲ့ အမြင့်ဆုံးအချိန် ဖြစ်သွားမှာမို့လို့!’
မြောင်ဟွန်းသည် ဂျယ်ဂန်ကို ကြည့်ပြီး စိတ်ထဲမှ ကျိန်ဆဲရင်း သူ၏ မိန့်ခွန်းကို ပြန်ကြည့်လိုက်သည်။ လူတွေရဲ့ အာရုံစိုက်မှုကို ဂျယ်ဂန်ဆီကနေ သူ့ဆီ ဘယ်လိုဆွဲယူရမလဲဟု တွေးတောနေစဉ်...
ရုတ်တရက် အခမ်းအနားမှူးက စကားဆက်ပြောလိုက်သည်။
“အချိန်မလောက်တော့တဲ့အတွက် ကျန်တဲ့ဆုရရှိသူတွေရဲ့ မိန့်ခွန်းပြောကြားမှုကို ပယ်ဖျက်လိုက်ပါမယ်။ ဆုရရှိသူများ အားလုံး စင်ပေါ်ကို တစ်ခါတည်း ကြွရောက်ပေးကြပါခင်ဗျာ။”
မြောင်ဟွန်း အံ့ဩတကြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ နားကြားမမှားပါ။ ဆုရရှိသူတွေ အားလုံးက စင်ပေါ်သို့ တစ်ပြိုင်နက် လျှောက်လှမ်းနေကြသည်။
‘အချိန်မရှိလို့... မိန့်ခွန်းတွေကို... ပယ်ဖျက်လိုက်တယ်?!’
ဆိုလိုသည်မှာ သူသည် တခြားဆုရရှိသူများနှင့်အတူ လူအုပ်ထဲတွင် ရောနှောပြီး ဆုတက်ယူရတော့မည် ဖြစ်သည်။ မိန့်ခွန်းတစ်ခွန်းမျှပင် သူ ပြောခွင့်မရတော့ပါ။
လက်တွေ့အခြေအနေကို နားလည်သွားသည့်အခါ မြောင်ဟွန်း၏ ခန္ဓာကိုယ်သည် လုံးဝကို ပြိုလဲသွားတော့သည်။ အရောင်အဝါ ကင်းမဲ့နေသည့် သူ၏ မျက်လုံးအစုံထဲတွင်တော့ တောက်ပနေသည့် ခန်းမကြီး၏ မီးရောင်များက ထင်ဟပ်နေသည်။
...
“ဥက္ကဋ္ဌကြီး၊ လက်ဖက်ရည် သောက်ဦးမလားခင်ဗျာ။”
“မလိုတော့ဘူး၊ သွားတော့။” အိုတဲဂျင်းက ထိုင်ခုံပေါ်တွင် ထိုင်ရင်း ပြောလိုက်သည်။
သူသည် အသက် (၅၀) ကျော်သွားပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းနေဆဲ ဖြစ်သည်။ သူသည် မိသားစုနှင့် ကုမ္ပဏီအတွက် သူ့ကိုယ်သူ အမြဲဂရုစိုက်တတ်သူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် တဲဂျင်းသည် စိတ်မသက်မသာ ဖြစ်နေရသည်။ အကြောင်းမှာ သူ၏ အငယ်ဆုံးသားကြောင့်ပင်။
သူ့အမေရဲ့ မွေးနေ့ကိုတောင် မလာနိုင်အောင် ဘယ်လို အရေးကြီးတဲ့ကိစ္စမျိုး ရှိနေလို့လဲ။
ဘယ်လောက်ပဲ စဉ်းစားကြည့်သော်လည်း အဖြေက ထွက်မလာပေ။ သူ့သားသည် အပြုသဘောဆောင်သည့် ဘဝနေထိုင်မှုမျိုးနှင့် အလွန်ဝေးကွာသူ ဖြစ်သည်။ ဘယ်သောအခါမှ အားကိုးရသူ မဟုတ်ခဲ့ပါ။
ထိုစဉ် စားပွဲပေါ်ရှိ ဖုန်းက မြည်လာသည်။
တဲဂျင်းသည် ပင်ပန်းနေသဖြင့် ဖုန်းကို လျစ်လျူရှုထားသော်လည်း တုန်ခါမှုက ဆက်တိုက်ဖြစ်နေသဖြင့် သက်ပြင်းချကာ ဖုန်းကို ကိုင်လိုက်သည်။
“ဟုတ်ကဲ့၊ အိုတဲဂျင်းပါ။”
-မင်္ဂလာပါ ဥက္ကဋ္ဌကြီး၊ ကျွန်တော် ဒါရိုက်တာ ပတ်ဂျောင်ဘေး ပါ။
“အာ... ဟုတ်ကဲ့၊ ဒါရိုက်တာပတ်။ နေကောင်းရဲ့လားဗျာ။” တဲဂျင်းသည် စိတ်ညစ်နေသော်လည်း ယဉ်ကျေးပျူငှာစွာ ပြန်ထူးလိုက်သည်။
ကျိုဂျီမန်ဂို သည် ပြည်တွင်း၌ အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးလုံးတွင် နာမည်ကြီးသည့် ကုမ္ပဏီကြီးဖြစ်သဖြင့် ၎င်းတို့နှင့် ဆက်ဆံရေးကောင်းရှိရန် လိုအပ်ကြောင်း သူ သိထားသည်။
-ဟုတ်ကဲ့၊ နေကောင်းပါတယ်။ အာ... ကျွန်တော်က ဂုဏ်ပြုစကားပြောချင်လို့ ဖုန်းဆက်တာပါ။
“ဂုဏ်ပြုစကား? ဟားဟား၊ ကျွန်တော့်မှာ ဂုဏ်ပြုစရာ ဘာရှိလို့လဲဗျာ။”
-ရှိတာပေါ့၊ ခင်ဗျားရဲ့သားက စာပေဆုရခဲ့တာပဲလေ၊ ဒါက ဂုဏ်ပြုစရာပေါ့။ စာပေထုတ်ဝေရေးကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်သလို ကိုယ်တိုင်လည်း စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ခင်ဗျားအတွက် ဒါဟာ တကယ်ကို ကောင်းတဲ့သတင်း မဟုတ်ဘူးလား။ ဂုဏ်ယူပါတယ်ဗျာ။
တဲဂျင်း၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ တည်ကြည်သော မျက်နှာထားဖြင့် သူ မတ်တပ်ရပ်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။
“ကျွန်တော့်သားက စာပေဆု ရတယ်?”
-ခင်ဗျား မသိသေးဘူးလား။ ဒီနေ့ပဲ ဆုပေးပွဲ ကျင်းပနေတာလေ။
“မသိပါဘူး၊ ကျွန်တော် မကြားမိဘူး။ ဘာပြိုင်ပွဲလဲ။”
-ကျွန်တော်တို့ နှစ်တိုင်း ပံ့ပိုးပေးနေတဲ့ ဒီဂျစ်တယ် စာပေဆုပြိုင်ပွဲလေ။ ခင်ဗျားသားက ဒုတိယဆုရခဲ့တာ။ ဒီပြိုင်ပွဲက ကလောင်အမည်နဲ့ ဝင်ပြိုင်လို့ရတာကြောင့်ရယ်၊ ကျွန်တော်ကိုယ်တိုင်လည်း တိုက်ရိုက်ကြီးကြပ်သူ မဟုတ်တာကြောင့်ရယ်ကြောင့် အခုမှ သိလိုက်ရတာပါ။ ကလောင်အမည်က အန်းဆွန်းဝူး တဲ့၊ စာအုပ်အမည်က ‘ဆိုးလ်မြို့၏ အထီးကျန်လူသား’ တဲ့ဗျာ။
“ဒါရိုက်တာ... ဖုန်းဆက်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြန်စစ်ကြည့်ပြီးမှ ဖုန်းပြန်ဆက်လိုက်ပါ့မယ်။”
-ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး။ ကောင်းသောနေ့လေး ဖြစ်ပါစေ။
ဖုန်းချလိုက်သည်နှင့် တဲဂျင်းသည် ကွန်ပျူတာဆီသို့ တန်းသွားလိုက်သည်။
သူသည် ‘ဒီဂျစ်တယ် စာပေပြိုင်ပွဲ’ ဟု ရိုက်နှိပ်ရှာဖွေလိုက်ရာ သတင်းများစွာ တက်လာသည်။
‘မြောင်ဟွန်းက ဒုတိယဆု ရတာလား...!’
တဲဂျင်းသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဆုရရှိသူများစာရင်းကို ကြည့်လိုက်သည်။ ဒါရိုက်တာပတ် ပြောသကဲ့သို့ပင် အန်းဆွန်းဝူး အမည်ဖြင့် ‘ဆိုးလ်မြို့၏ အထီးကျန်လူသား’ သည် ဒုတိယဆု ရရှိထားသည်။
‘ဒီအရူးကောင်! ဒီလိုမျိုး ဖြစ်နေရင် ငါ့ကို ကြိုပြောသင့်တာပေါ့...!’
နောင်တနှင့်အတူ တဲဂျင်းသည် သူ့နဖူးကိုသူ ပြန်ရိုက်မိသည်။ မြောင်ဟွန်းသည် အရှုံးပေးရမှာကို အလွန်မုန်းတီးတတ်သည့် သူ့အကျင့်ကို သူသိသည်။ မြောင်ဟွန်းသည် သူငယ်စဉ်ကကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သားဖြစ်သူအပေါ် အမြဲတမ်း တင်းကြပ်ခဲ့ခြင်း ဖြစ်သည်။
တဲဂျင်း သက်ပြင်းချကာ စာရင်းကို အပေါ်သို့ ဆွဲတင်ကြည့်လိုက်သည်။
ထိုစဉ်...
‘ဟမ်...?!’
တဲဂျင်းသည် မော်နီတာကို ကြည့်ရင်း တောင့်ခဲသွားသည်။
အဓိကဆု ရရှိသူ၏ အမည်သည် သူ၏ မျက်လုံးအစုံ၌ ထင်ဟပ်လာသည်။