အခန်း (၃၂)
Vol. 3 Ch. 32
[အဓိကဆုရှင်] "တုံးအသောအမျိုးသမီး" – ဆုဂန်းဝို
တဲဂျင်းသည် ဆုဂန်းဝို ဆိုသည့် အမည်ကို စိုက်ကြည့်နေမိသည်။
၎င်းသည် သူနှင့် မရင်းနှီးသည့် နာမည်တစ်ခု လုံးဝမဟုတ်ပေ။ မြင်လိုက်ရုံနှင့်တင် သူ့ကို တုန်လှုပ်ခြောက်ခြားစေသည့် နာမည်မျိုး ဖြစ်သည်။ သူ၏သား ဝင်ပြိုင်သည့် စာပေပြိုင်ပွဲတွင် ဤနာမည်ကို မြင်တွေ့ရလိမ့်မည်ဟု သူတစ်ခါမျှ မတွေးခဲ့ဖူးပါ။
‘ဒါက အတွေ့ရများတဲ့ နာမည်မျိုး မဟုတ်ဘူး။’
တဲဂျင်းသည် စိတ်မသက်မသာဖြစ်ကာ မော်နီတာရှေ့မှ မျက်နှာလွှဲလိုက်သည်။ သို့သော်လည်း သူသည် မျက်လုံးကို ပြန်ဖွင့်ကာ မောက်စ် (ကြွက်ကလေး) ကို ကိုင်လိုက်ပြန်သည်။
‘ဒါမှမဟုတ် သူ့သားက သူ့အဖေရဲ့ ကလောင်အမည်ကို အသုံးပြုတာများလား။’
ဆုဂန်းဝိုတွင် သားတစ်ယောက်ရှိသည်။ သူသည် စာရေးဆရာဟောင်းတစ်ဦးဖြစ်သော်လည်း ကြီးလေးသော အမှားတစ်ခု ကျူးလွန်မိပြီးနောက် စာရေးခြင်းကို စွန့်လွှတ်ကာ ပျောက်ကွယ်သွားခဲ့သူ ဖြစ်သည်။ တဲဂျင်း၏ အတွေးများသည် ထိုလူဆီသို့ ရောက်ရှိသွားသည်။
သတင်းထဲတွင် ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများအားလုံး ပါရှိသည်။
တဲဂျင်းသည် ဒီဂျစ်တယ် စာပေပြိုင်ပွဲ၏ ဓာတ်ပုံသတင်းများကို ရှာဖွေကာ ဆုဂန်းဝိုဆိုသူကို ရှာကြည့်လိုက်သည်။ ထိုအခါ မိသားစု၊ သူငယ်ချင်းများနှင့်အတူရှိနေသော အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို သူတွေ့လိုက်ရသည်။
‘မဟုတ်ပါဘူး၊ အင်း... အဲ့ဒီလို ဖြစ်စရာ အကြောင်းမရှိပါဘူး။’
ယခုမှ စိတ်သက်သာရာရသွားသော တဲဂျင်းသည် သူ၏သားကို ဆက်သွယ်ရန် စဉ်းစားလိုက်သည်။ သူ ဖုန်းခေါ်လိုက်သောအခါ မြောင်ဟွန်းက ချက်ချင်းပင် ဖုန်းပြန်ထူးသည်။
“ဟုတ်ကဲ့၊ အဖေ။”
“တော်တယ်၊ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။”
“...ဗျာ?”
“ဘာလို့ အစောကြီး မပြောတာလဲ။ မင်းပြောခဲ့ရင် မိသားစုလိုက် သွားပြီး ဂုဏ်ပြုပေးကြမှာပေါ့။”
“ဒါပေမဲ့ ဒါက အဓိကဆုမှ မဟုတ်တာ...”
“ညစာစားဖို့ အိမ်ကို စောစောပြန်လာခဲ့။”
“ဟုတ်ကဲ့။”
ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် တံခါးခေါက်သံနှင့်အတူ မြောင်ဆော့ ဝင်လာသည်။ သူ၏လက်ထဲတွင် ကုမ္ပဏီမှ စီစဉ်ထားသည့် သိပ္ပံဝတ္ထုစာရေးဆရာတစ်ဦး၏ နမူနာစာမူများ ပါလာသည်။
“ဒါက မနက်က ကျွန်တော်ပြောထားတဲ့ နမူနာစာမူတွေပါ။”
“အဲ့ဒီမှာပဲ ထားလိုက်။ ဒါနဲ့ မင်း သိပြီးပြီလား။”
“ဗျာ? ဘာကို သိရမှာလဲခင်ဗျာ။”
“မြောင်ဟွန်းက ဒီဂျစ်တယ် စာပေပြိုင်ပွဲလား ဘာလားဆိုတာမှာ ဝင်ပြိုင်တာလေ။”
“မသိ... မသိပါဘူးခင်ဗျာ။” မြောင်ဆော့သည် ခေါင်းကို ကုတ်ရင်း မဝံ့မရဲ ဖြေလိုက်သည်။ တဲဂျင်း၏ မျက်လုံးများက မြောင်ဆော့၏အမူအရာများကို လက်လွတ်မခံဘဲ ကြည့်နေသည်။
“သူ ဒုတိယဆု ရခဲ့တယ်။”
“ဒုတိယဆု?”
“စာအုပ်နာမည်က ‘ဆိုးလ်မြို့က အထီးကျန်လူသား’ တဲ့။”
“အာ... ဟုတ်ကဲ့။”
“မင်း သိနေတာပဲ။” တဲဂျင်း၏ မျက်လုံးများက စူးစိုက်ကြည့်လိုက်သည်။
မြောင်ဆော့မှာ ထိတ်လန့်သွားပြီး ကိုင်ထားသည့် စာမူများကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။
“သူ စာပေပြိုင်ပွဲ ဝင်နေတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ‘ဆိုးလ်မြို့က အထီးကျန်လူသား’ ဆိုတဲ့ စာအုပ်ကို ရေးနေတာတော့ သိပါတယ်။ သူ ကျွန်တော့်ကို ဖတ်ကြည့်ပေးဖို့ ပြောလို့ တစ်ခါတော့ ဖတ်ဖူးပါတယ်။”
“ဖတ်ရုံပဲ ဖတ်ခဲ့တာလား။”
“ဗျာ?”
“ဒါ မြောင်ဟွန်း ကိုယ်တိုင် ရေးထားတာ သေချာရဲ့လား။”
“ဟု... ဟုတ်ပါတယ် အဖေ။”
“မင်း သေချာလား။” တဲဂျင်းက အလျော့မပေးဘဲ ထပ်မေးလိုက်သည်။ မြောင်ဆော့သည် မျက်မှန်ကို ပြန်ပြင်တပ်ကာ ချောင်းဟန့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
“ဒါ မြောင်ဟွန်းရဲ့ ကိုယ်ပိုင်လက်ရာပါ။ သူ ဒုတိယဆုရတာဆိုတော့ ကျွန်တော်တို့ သူ့ကို ဂုဏ်ပြုပေးသင့်ပါတယ်။”
“သိပြီ၊ သွားတော့။”
မြောင်ဆော့သည် ရုံးခန်းထဲမှ ထွက်သွားသည်။ တဲဂျင်းမှာမူ ပြတင်းပေါက်အပြင်ဘက်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
“အေးလိုက်တာ။”
“တီရှပ်တစ်ထည်တည်း ဝတ်လာတာကိုးကွ၊ အရူးကောင်ရဲ့။”
“ဒီလောက်အေးမယ်လို့ ငါမှ မသိတာ။ ကဲ... ပေး၊ ငါ သယ်ပေးမယ်။”
“မလေးပါဘူး။”
“ပေးစမ်းပါဆို။”
ဂျယ်ဂန်းသည် ဂျယ်အန်း၏လက်ထဲမှ ခြင်းတောင်းကို လှမ်းယူလိုက်သည်။ ထိုထဲတွင် ယနေ့ညအတွက် ဟင်းချက်စရာများ ပါရှိသည်။ ယနေ့၏ အဓိကဟင်းလျာမှာ ဘိုဆမ် (ကိုရီးယား ဝက်သားပြုတ်ဟင်း T/N Note - ဝက်လက်ပေါင်းစားချင်လိုက်တာ ညဘက်ကြီးပြန်နေတာ T-T) ဖြစ်သည်။
“ဒါပေမဲ့ ငါတို့ အသားတွေ အများကြီး ဝယ်လာမိတာလား မသိဘူး။”
“စားလို့ကုန်ပါတယ်ဟ။”
ဆုပေးပွဲပြီးခဲ့သည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။ ဂျယ်ဂန်းနှင့် ဂျယ်အန်းတို့သည် ဆောင်းဦးရောင်စုံခြယ်ထားသော လမ်းမထက်တွင် လမ်းလျှောက်နေကြသည်။
“စာအုပ်မျက်နှာဖုံးအတွက် ဆုံးဖြတ်ပြီးပြီလား။”
“အင်း၊ သူတို့ကို အကြမ်းဖျင်းတော့ ပြောပြထားတယ်။ သူတို့က ကျွမ်းကျင်ပညာရှင်တွေဆိုတော့ ကောင်းကောင်းလုပ်ပေးနိုင်မှာပါ။”
“စာအုပ် အဖြစ်ကရော ဘယ်တော့လောက် ထွက်မှာလဲ။”
“တစ်လလောက်တော့ ကြာဦးမယ် ထင်တယ်။”
၎င်းမှာ ‘တုံးအသောအမျိုးသမီး’ စာအုပ်အကြောင်း ဖြစ်သည်။ ပြိုင်ပွဲတွင် အဓိကဆုရရှိသူတစ်ဦးသာ သူ၏လက်ရာကို စာအုပ်အဖြစ် ရိုက်နှိပ်ခွင့်ရခြင်း ဖြစ်သည်။ ကျန်သူများမှာ အွန်လိုင်းစျေးကွက်တွင် အီးဘွတ် (အီးဘွတ်လို့ပဲအလွယ်ပြန်တော့မယ်နော် အွန်လိုင်းစာအုပ်ကိုပြောတာပါ) အဖြစ်သာ ရောင်းချခွင့် ရရှိကြသည်။
“နင့်ဆန္ဒ ပြည့်ဝသွားပြီပေါ့။ ငါ့မောင်က စာအုပ်ကို စက္ကူပေါ်မှာ ရိုက်နှိပ်ချင်ခဲ့တာ မဟုတ်လား။”
ဂျယ်ဂန်းသည် ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ သူသည် စရိတ်စကကြီးသော်လည်း စာအုပ်အဖြစ် ထွက်ရှိရန် အမြဲတမ်း မျှော်လင့်ခဲ့သည်။ ကိုင်တွယ်လို့ရပြီး လှန်လှောဖတ်ရှုလို့ရသည့် စာအုပ်တစ်အုပ်သည် ပုံဖော်၍မရသော အီးဘွတ်ထက်စာလျှင် ပို၍ ရင်းနှီးမှုရှိသည် ထိုသည်မှာစာရေးဆရာတိုင်း၏ အိပ်မက်လည်းဖြစ်သည် မဟုတ်ပါလား။
သို့သော် ထို့ထက်ပိုသော အကြောင်းရင်းကြီးတစ်ခု ရှိနေသည်။
သူသည် သူ၏စာအုပ်ကို ခေတ်ဟောင်းလူကြီးဖြစ်သည့် ဖခင်ဖြစ်သူ ကို ပြသချင်သောကြောင့် ဖြစ်သည်။ ကွန်ပျူတာနှင့် ဖုန်းများအကြောင်း နားမလည်သော ဖခင်ဖြစ်သူသည် ယခုအချိန်အထိ စာအုပ်ဆိုင်များသို့သာသွားကာ စာအုပ်များကို ဝယ်ယူတတ်သူဖြစ်သည်။ ထို့ကြောင့် တစ်နေ့တွင် သူ၏သားဖြစ်သူ ရေးသားထားသော စာအုပ်ကို စာအုပ်ဆိုင်၏ အသစ်ထွက်ရှိသော အခန်းကဏ္ဍတွင် တွေ့ရှိပြီး ဖခင်ဖြစ်သူ စိတ်လှုပ်ရှားသွားမည့်နေ့ကို သူ အိပ်မက်မက်နေခဲ့သည်။
“ဝါး... အသားတွေ ဒီလောက်တောင် အများကြီး ဝယ်လာတာလား။ မင်းအဖေနဲ့ဆိုမှ ၄ ယောက်တည်းကို ဒါတွေ ဘယ်သူ ကုန်အောင်စားမှာလဲ။”
အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူ မြောင်ဂျာကလည်း ထိုအတိုင်းပင် ပြောလိုက်သည်။ ဂျယ်ဂန်းက ခြင်းတောင်းကို ချရင်း ပြန်ဖြေသည်။
“ဒီနေ့စားမယ်၊ မကုန်သေးရင် နောက်နေ့ တခြားဟင်းတွေ လုပ်စားမယ်၊ ကြော်စားမယ်၊ စွပ်ပြုတ်လုပ်စားမယ်ဆိုရင် ခဏလေးနဲ့ ကုန်သွားမှာပါ မေမေရယ်။”
“ဒါတောင်မှ ဒါတွေက ဘယ်လောက်တောင် ကုန်သွားပြီလဲ။ ပိုက်ဆံကို လိုအပ်တဲ့နေရာမှာပဲ သုံးစမ်းပါ...”
“အမေ။”
ဂျယ်ဂန်း သူ၏ အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း မိခင်ဖြစ်သူဘက်သို့ လှည့်လိုက်သည်။
“ပိုက်ဆံအတွက် မပူပါနဲ့။ သားမှာ အခု နေရာတစ်ခု ရနေပါပြီ။ ဒါက စားဖို့သောက်ဖို့ ဝယ်တာပဲ၊ ဘာမှ စိတ်ပူမနေနဲ့တော့။”
“အေးပါ၊ အေးပါ... ဆုကြီးရထားတော့ လူက အားတွေ ရှိနေတာပေါ့။ နောက်နှစ်ကျရင် နိုဘယ်လ်ဆုတောင် ရတော့မလားပဲ။”
မြောင်ဂျာက နှာခေါင်းရှုံ့ကာ ကျီစယ်လိုက်သဖြင့် ဂျယ်အန်းက ရယ်မောလိုက်သည်။ ပစ္စည်းများကို ရှင်းလင်းပြီးနောက် ဂျယ်ဂန်းသည် အိမ်ထဲကို ဝေ့ဝဲကြည့်ကာ စကားဆက်သည်။
“ဒီအိမ်ရဲ့ စာချုပ်ကို ထပ်မတိုးနဲ့တော့နော်။”
“ဘာ... ဘာပြောတယ်?”
“အိမ်အသစ်ဝယ်ပြီး ပြောင်းကြမယ်။”
၎င်းမှာ သူ အကြာကြီး စဉ်းစားထားသော ကိစ္စဖြစ်သည်။ ပိုက်ဆံရလာသည်နှင့် သူ၏မိသားစုအတွက် အိမ်တစ်လုံးဝယ်ပေးရန် သူ ဆုံးဖြတ်ထားသည်။ ပြုပြင်စရာတွေ များလှသည့်အပြင် တခြားသူများ၏ ဆူညံသံများကို သည်းခံနေရသော ဤအိမ်အိုကြီးထဲတွင် သူ၏မိသားစုမှာ အကြာကြီး နေထိုင်ခဲ့ရပြီးဖြစ်သည်။
“အရင်တစ်ခါကရတဲ့ ဒေါ်လာ ၃၀,၀၀၀ ရယ်၊ အခုရတဲ့ ဒုတိယဆုနဲ့ အဓိကဆုအတွက် အခွန်နုတ်ပြီးသား ဒေါ်လာ ၂၃,၀၀၀ ရယ် ရှိတယ်။ နောက်ထပ်လည်း ပိုက်ဆံတွေ ထပ်ဝင်လာဦးမှာပါ။ ဒီလောက်ဆိုရင်တော့ ဒီပတ်ဝန်းကျင်မှာ အတော်အသင့် ကောင်းတဲ့အိမ်တစ်လုံး ရနိုင်ပါတယ်။”
“ဂျယ်ဂန်း...”
“မဟုတ်ဘူး၊ အဆောက်အဦး မဟုတ်ဘဲ တစ်နှစ်လောက် စောင့်ကြည့်ရအောင်။ တစ်နှစ်အတွင်းမှာ ဥယျာဉ်လေးပါတဲ့ အိမ် တစ်လုံးကို ပြောင်းကြမယ်။ မေမေလည်း ဥယျာဉ်စိုက်ရတာ ကြိုက်တယ် မဟုတ်လား။ ကျွန်တော်တို့ပဲ သီးသန့်နေရမှာဆိုတော့ ဘာဆူညံသံမှလည်း ရှိမှာမဟုတ်ဘူး။”
ဂျယ်ဂန်းသည် တစ်ဦးတည်းပင် အားတက်သရော ပြောနေသည်။ မြောင်ဂျာနှင့် ဂျယ်အန်းတို့မှာမူ ဂျယ်ဂန်း သူ့ကိုယ်သူ အပင်ပန်းခံနေမည်ကို စိုးရိမ်နေကြသည်။ ဂျယ်ဂန်းမှာမူ ထိုစကားများကို သူတို့၏ ဦးနှောက်ထဲ စွဲနေစေချင်သကဲ့သို့ ထပ်တလဲလဲ ပြောနေသည်။
“အခု ကျွန်တော် ရေးနေတဲ့ အမျိုးအစားက ပိုက်ဆံပိုရတယ်။ ဒါကြောင့် နောက်ထပ် စာအုပ်တွဲတွေ ထပ်ထုတ်မယ်။ သိပြီလား... အိမ်စာချုပ်မတိုးနဲ့တော့၊ ကျွန်တော်တို့ ပြောင်းကြမယ်။”
ထိုစဉ် ‘ဘီပ်’ ဆိုသော အသံနှင့်အတူ တံခါးပွင့်လာသည်။ ဖခင်ဖြစ်သူ ဟာဆော့ဂျေး ပြန်ရောက်လာခြင်း ဖြစ်သည်။ သူသည် သူ၏ ဇနီး၊ သားနှင့် သမီးတို့ကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။
“ရှင် ပြန်လာပြီလား။ ဂျယ်ဂန်းက ဒီနေ့ ညစာအတွက် အသားတွေ အများကြီး ဝယ်လာတယ်။ သွား... ရေမိုးချိုးပြီး မြန်မြန် ထွက်လာခဲ့တော့။”
“ငါ စားခဲ့ပြီးပြီ။”
ဆော့ဂျေးသည် ကုတ်အင်္ကျီကို ချွတ်ပြီး သူ၏ အခန်းထဲသို့ တန်းဝင်သွားသည်။ ဂျယ်ဂန်းသည် မီးဖိုချောင်ရှိ မိုက်ခရိုဝေ့ဖ်ကို ကြည့်ရင်း ခပ်ချဉ်ချဉ် ပြုံးလိုက်မိသည်။
“စိတ်မပူနဲ့၊ ငါ သူ့ကို ထွက်လာအောင် ခေါ်လိုက်မယ်။” မြောင်ဂျာက ဂျယ်ဂန်း၏ ခါးကို တံတောင်နှင့် တို့ကာ တိုးတိုးလေး ပြောလိုက်သည်။
ဂျယ်အန်းက ဧည့်ခန်းထဲတွင် စားပွဲတစ်လုံးကို ပြင်ဆင်လိုက်သည်။ အသားဟင်း၊ ဟင်းသီးဟင်းရွက်များ၊ တခြားသော ဘေးဟင်းများနှင့် ဘီယာများပါသည့် စားပွဲကြီးမှာ စည်ကားနေသည်။ ဆော့ဂျေးသည် ကိုယ်လက်သန့်စင်ပြီးနောက် အခန်းထဲမှ ထွက်လာသည်။
“ရှင်... ဒီကိုလာပြီး တစ်ခုခု စားလိုက်ပါဦး။”
“မင်းတို့နဲ့ ကလေးတွေပဲ စားကြပါ။”
“အဲ့ဒီလို မလုပ်စမ်းပါနဲ့၊ လာထိုင်ပါ။ ဒီအသားတွေက တကယ် ကောင်းတယ်နော်။”
ဆော့ဂျေးက သူမကို လျစ်လျူရှုလိုက်သည်။ သူသည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ရေခဲသေတ္တာကို ဖွင့်ကာ လက်ဖက်ရည်ကို သူ့ဘာသာသူ ငှဲ့သောက်သည်။ သောက်ပြီးပြီးချင်းတွင် သူသည် သူ့အခန်းထဲသို့ ဝင်ရန် ချက်ချင်း လှည့်ထွက်သွားသည်။
ထိုစဉ်၊
“ဘာတွေ ဒီလောက်တောင် မကျေမနပ် ဖြစ်နေတာလဲ။”
ဂျယ်ဂန်းက အကြည့်ကို အောက်ချလျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဆော့ဂျေးက ဖြည်းဖြည်းချင်း လှည့်လာသည်။
“ဘာတွေက ဒီလောက်တောင် မကျေမနပ် ဖြစ်နေရတာလဲ။ အဖေက ညစာစားပွဲကိုတောင် ရှောင်ချင်လောက်အောင် သားကို အဲ့ဒီလောက်တောင် မုန်းနေတာလား။”
“ငါ စားခဲ့ပြီးပြီလို့ ပြောပြီးပြီပဲ။”
“မဟုတ်ဘူး၊ အဖေ့အလုပ်ဆိုင်းက လွန်ခဲ့တဲ့ မိနစ် ၃၀ ကတည်းက ပြီးတာလေ၊ အဲ့ဒီအချိန်တိုအတွင်းမှာ အိမ်ကို လမ်းလျှောက်လာရင်း ဘယ်မှာ စားခဲ့မှာလဲ။ အမှန်အတိုင်းပဲ ဖြေလိုက်ပါတော့။ သားရဲ့ မျက်နှာကို မကြည့်ချင်လောက်အောင်၊ ကြည့်လိုက်ရင် အစာမကြေဖြစ်ရလောက်အောင်ကို မုန်းနေတယ်လို့ပဲ ပြောလိုက်ပါတော့။”
“ဒီကောင်ကတော့...?”
“ဂျယ်၊ ဂျယ်ဂန်း၊ မင်း ဘာတွေ လုပ်နေတာလဲ။”
ဂျယ်အန်း၏ အော်ဟစ်သံက ဘာမှ မထူးခြားခဲ့ပါ။
ဂျယ်ဂန်းက မတ်တပ်ရပ်ပြီး ဆော့ဂျေးကို ကြည့်လိုက်သည်။
“ကျွန်တော် ပထမဆုံးအကြိမ် စာပေဆု ရခဲ့တာပါ။ အကြီးဆုံးဆု မဟုတ်ပေမဲ့ အဓိကဆုနဲ့ ဒုတိယဆုကို ကျွန်တော် ရခဲ့ပါတယ်။ အဖေ့ရဲ့သားတစ်ယောက်အနေနဲ့ ကျွန်တော့်ကို ဂုဏ်မပြုနိုင်ဘူးလား။ ကျွန်တော်က အဖေ ဒီလောက်မုန်းတဲ့ စာရေးဆရာ ဖြစ်နေလို့ ကျွန်တော့်ကို ခွင့်မလွှတ်နိုင်တာလား။”
“ဟူး... အေးပါ၊ ငါ သိပြီ။ ဂုဏ်ယူပါတယ်။”
ဆော့ဂျေးက ပင်ပန်းနေသကဲ့သို့ လက်ကို ယမ်းပြပြီး လှည့်ထွက်သွားသည်။ ဂျယ်ဂန်းက လမ်းလျှောက်သွားပြီး သူ့လမ်းကို ပိတ်ကာ ဆက်ပြောသည်။
“ကျွန်တော် အခုထိ ဘယ်လောက်တောင် ရှာထားနိုင်ပြီလဲဆိုတာ အဖေ သိလား။ ကျွန်တော်တို့ အခု ဒီအိမ်အိုကြီးကနေ ပြောင်းသွားလို့ ရပြီ။ ကျွန်တော် စာရေးဆရာ ဖြစ်နေလို့ အဖေက ကျွန်တော့်ကို မုန်းနေတုန်းပဲလား။ ကျွန်တော် ပိုက်ဆံ ကောင်းကောင်း ရှာနိုင်နေပြီ။ အဖေ... သား အဆင်ပြေသွားတော့မှာပါ။”
ထိုစကားကြောင့် ဆော့ဂျေး၏ မျက်နှာ နီမြန်းသွားသည်။ သို့သော် သူသည် အကြိမ်ကြိမ် ပွင့်တော့မည့် သူ့နှုတ်ခမ်းကို ဖိပိတ်ထားနိုင်ခဲ့သည်။ ဘာစကားမှ မပြောဘဲ သူက အခန်းထဲဝင်ကာ တံခါးပိတ်လိုက်သည်။
“ဂျယ်ဂန်း၊ ဒီကိုလာ။”
ဂျယ်အန်းက သွားပြီး သူ့လက်မောင်းကို ကိုင်လိုက်သည်။ မြောင်ဂျာက ဝရန်တာပေါ်ရှိ အိုးတစ်လုံးကို ကြည့်ပြီး သက်ပြင်းချနေသည်။ သူတို့ ဒီလိုမျိုး တစ်ကြိမ်တော့ ထိပ်တိုက်တွေ့ကြလိမ့်မည်ဟု သူမ သိထားသည်။
“ကျွန်တော် စားပြီးပြီ။”
ဂျယ်ဂန်းသည် ဘာစကားမှ မပြောဘဲ ညစာစားခြင်းကို အဆုံးသတ်လိုက်သည်။ မြောင်ဂျာနှင့် ဂျယ်အန်းတို့ နှစ်ယောက်စလုံးက သူ့ကို သောက်စရာများ ပေးခဲ့သော်လည်း သူ ဘာမှ မသောက်ခဲ့ပါ။ သောက်လိုက်လျှင် သူ စာမရေးနိုင်တော့သောကြောင့် ဖြစ်သည်။
“ကျွန်တော် သွားတော့မယ်။”
“၉ နာရီပဲ ရှိသေးတာ၊ ဒီမှာပဲ အိပ်လိုက်ပါလား။”
“မအိပ်တော့ဘူး၊ ကျွန်တော် ရေးစရာတွေ ရှိသေးတယ်။ ပြန်လာခဲ့ပါ့မယ်။ မေမေ စောစောအိပ်ပါ၊ အစ်မလည်း အိပ်တော့။”
“ငါ နည်းနည်း လိုက်ပို့ပေးမယ်။”
ဂျယ်အန်းက ကာဒီဂန်အင်္ကျီကို ဝတ်ပြီး လိုက်လာခဲ့သည်။
မှောင်မိုက်နေသည့် လမ်းမပေါ်တွင် လမ်းမီးတိုင်များစွာ ရှိနေသည်။ ဂျယ်အန်းက ဂျယ်ဂန်း၏ လက်မောင်းကို ကိုင်ကာ လမ်းလျှောက်ရင်း စကားပြောသည်။
“အဖေက စိတ်ပူနေတာပါ။”
“ဘာကိုလဲ။”
“အဖေက မေမေနဲ့ ပြောနေတာ ငါ ကြားတယ်။ နောင်ကျရင် ထုတ်ဝေရေး အလုပ်ကို သင်ထားတာက ပိုကောင်းတဲ့ အကြံဉာဏ် ဖြစ်မလားလို့။”
“ဘာလို့ ထုတ်ဝေရေး ကုမ္ပဏီမှာ လုပ်ရမှာလဲ။”
“တစ်ခုခု မှားယွင်းသွားခဲ့ရင် နေစရာ နေရာတစ်ခု လိုအပ်တယ်လေ။ ပုံမှန် လစာရတာက အကောင်းဆုံးပဲ။ အဖေက အဲ့ဒီလိုပဲ အလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့တာ။ မင်း နားလည်ပေးရမယ်။”
“ကျွန်တော် သိပါတယ်။”
ဂျယ်ဂန်းက လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။ သူ့အဖေက သူ့ကို စာရေးဆရာတစ်ယောက်အဖြစ် မယုံကြည်သေးပါ။ ဒါပေမဲ့ အဖြေကတော့ တစ်ခုတည်းသာ ရှိနိုင်သည်...!
ဖြတ်သွားသည့် တက္ကစီတစ်စီးက ဟွန်းတီးလိုက်သည်။
ဂျယ်ဂန်းသည် အတွေးထဲမှ ထွက်လာပြီး တက္ကစီကို တားလိုက်ကာ ဂျယ်အန်းကို ပြောလိုက်သည်။
“ကျွန်တော် တက္ကစီစီးပြီး မြေအောက်ရထားနဲ့ သွားလိုက်မယ်။”
“အေးပါ၊ ဂရုစိုက်သွားပြီး ဖုန်းဆက်လိုက်ဦး။”
“ဟုတ်ကဲ့။”
တက္ကစီပေါ် ရောက်ပြီးနောက် ဂျယ်ဂန်းသည် ဂျောင်ဆိုမီ၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းမြည်ပြီးနောက် ဆိုမီ၏ တက်ကြွသော အသံ ထွက်လာသည်။
“အာ... ဟယ်လို၊ စာရေးဆရာ ဟာ။”
“ဟုတ်ကဲ့၊ ဆိုမီ၊ အလုပ်ဆင်းပြီလား။”
“မဆင်းသေးဘူး၊ ကျွန်မမှာ အလုပ်တွေ ကျန်နေသေးလို့ ၁၁ နာရီအထိ လုပ်ရမယ် ထင်တယ်။”
“အလုပ်များနေတာပဲ၊ ဒါဆို နောက်မှပဲ ဖုန်းပြန်ခေါ်လိုက်မယ်။”
“မဟုတ်ဘူး! မမဟုတ်ဘူး! အခုပဲ ပြောလို့ရပါတယ်!”
“ကျွန်တော် ခဏ နားထားတာဆိုတော့ နောက်ဆက်တွဲ (sequel) တစ်ခု ထုတ်ချင်လို့ပါ။”
ဂျယ်ဂန်းက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း ပြောလိုက်သည်။ ဆိုမီ၏ အသံက ချက်ချင်းပင် ပြန်ဖြေသည်။
“တကယ် ကောင်းတာပဲ ဆရာ! ဒီဂျစ်တယ် စာပေပြိုင်ပွဲပြီးတော့ ဆရာ ပင်ပန်းနေမှာစိုးလို့ ကျွန်မဘက်ကလည်း ဖုန်းမခေါ်ဘဲ ရင်ခုန်ပြီး စောင့်နေတာ! ကျွန်မတို့ တွေ့ကြမလား။ အယ်ဒီတာကို ဖုန်းဆက်ပြီးရင် ဆရာ့ဆီ ပြန်ဆက်လိုက်မယ်။”
“အေးပါ၊ ကြိုစားထား။”
“ဆရာလည်း ကောင်းကောင်းအနားယူပါနော်!”
ဖုန်းချလိုက်သည်နှင့် ဂျယ်ဂန်းသည် စာအုပ် အတွက် အိပ်မက်ကို စွန့်လွှတ်လိုက်သည်။ သူ့အဖေအတွက် သူ အခုလောက်ဆို လုံလောက်အောင် လုပ်ပေးခဲ့ပြီဟု သူ တွေးလိုက်သည်။ ဂျယ်ဂန်းသည် သက်သောင့်သက်သာ နားနေရင်း၊ လတ်တလော ဇာတ်လမ်းအမျိုးအစားများထဲတွင် ရောင်းအားအကောင်းဆုံးစာအုပ်များ ၏ အားသာချက်၊ အားနည်းချက်များကို ရှာဖွေလိုက်သည်။