အခန်း (၃၄)
Vol. 3 Ch. 34
ဂျောင်ဂုနှင့် ဂျောင်ဆူတို့မှာ စကားလုံးများ ပျောက်ရှသွားကြသည်။
သူတို့ ဘယ်လိုစပြောရမလဲဟု အသည်းအသန် စဉ်းစားနေသည့် အကြောင်းအရာကို ဂျယ်ဂန်းက ရုတ်တရက်ကြီး ထုတ်ပြောလိုက်ပြီဖြစ်သည်။
“ဟားဟားဟား... ဟိုလေ၊ လုံးဝကြီး အဲ့ဒီလို ရည်ရွယ်တာမျိုးတော့ မဟုတ်...”
ဂျောင်ဂုသည် ဝန်ခံရခက်၊ ငြင်းရခက် ဖြစ်နေသဖြင့် စကားကို ဝါးတားတား လုပ်လိုက်ပြီး ဘေးနားရှိ ဂျောင်ဆူကို လှမ်းကြည့်လိုက်သည်။ စကားပြောရန် အလှည့်သို့ရောက်လာသည့် ဂျောင်ဆူက တုန်တုန်ရင်ရင်ဖြင့် စကားဆက်သည်။
“အဲ့... အဲ့ဒီလို လုံးဝကြီး မဟုတ်ပါဘူး။ ဆရာက ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ ကို အတွဲ ၁၄ တွဲနဲ့ အပြည့်အစုံ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့လို့ ကျွန်တော်တို့ဘက်က ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အနေနဲ့ လာတာပါ... ဟင်း... ဒါကြောင့် ဆရာ ကျန်းကျန်းမာမာနဲ့ စာတွေ ကောင်းကောင်းရေးနိုင်ဖို့ ဒီလက်ဆောင်ကို ပေးတာပါ... မဟုတ်ပါဘူး၊ တောင်းပန်ပါတယ်၊ အဲ့ဒီလို မဟုတ်ပါဘူး။ ဟုတ်ပါတယ်၊ အဲ့ဒါ ဟုတ်ပါတယ်။”
“ဘာက ဟုတ်တာလဲ။”
“ဗျာ?”
“အခုပဲ ‘ဟုတ်ပါတယ်’ လို့ ပြောလိုက်တယ်လေ။ ဒါဆို ကျွန်တော်က ဒီလက်ဆောင်ကို ကျေးဇူးတင်တင်နဲ့ လက်ခံပြီး စားလိုက်ရုံပဲပေါ့၊ ဟုတ်လား။ ကျွန်တော် ကျန်းကျန်းမာမာနဲ့ စာပဲ ရေးနေလိုက်ရုံပေါ့။ ဒါဆိုရင်နှစ်ဖက်လုံးအဆင်ပြေသွားပြီလား။”
“မဟုတ်ပါဘူး၊ အဲ့ဒါကလေ... ဆရာ...!”
ဂျောင်ဆူသည် စကားဆက်ပြောရန် ကြိုးစားရင်း ရုတ်တရက်ကြီး ကြောင်သွားသည်။ ဂျယ်ဂန်း၏ မျက်နှာတွင်တော့ နောက်ပြောင်ကျီစယ်သည့် အပြုံးတစ်ခု ရှိနေသည်။
“ကျွန်တော် နောက်နေတာပါ။”
“ဟား... ဟားဟားဟား... ဆရာဟာက နောက်တောင် နောက်တတ်နေပြီပဲ။ ကျွန်တော်တို့ အနှင်ထုတ်ခံရတော့မယ် ထင်နေတာ။ ဟားဟား။”
ချွေးပြန်နေသော ဂျောင်ဂုမှာ တုန်တုန်ရင်ရင် ဖြစ်သွားသည်။
ဤသို့ အခြေအနေ ပြေလည်သွားချိန်တွင် ဂျယ်ဂန်း၏ အကြည့်မှာ သူ၏ လက်တော့ပ်ဆီသို့ ရောက်သွားသည်။
“ကျွန်တော် အဆင့်များ စီးရီးကို ရေးနေတာလေ။ သိုင်းပညာအဆင့်များ နဲ့ ခေတ်သစ်အဆင့်များ ပြီးရင် နောက်ထပ် တတိယမြောက် စီးရီးတစ်ခုကို ဖန်တီးဖို့ လည်းစီစဉ်ထားတယ်။”
“အာ... ဟုတ်ကဲ့၊ သိပါပြီ။ ဆရာ အလုပ်များနေတာပဲ။ ကျွန်တော်တို့ ဖိအားမပေးချင်ပါဘူး။ ဒါပေမဲ့...”
“မဟုတ်ဘူး၊ အလုပ်များတာက ပြဿနာမဟုတ်ပါဘူး။”
ဂျယ်ဂန်းက တည်ကြည်သွားပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဇာတ်လမ်းကိုသာ ဆုံးဖြတ်ပြီးသွားရင် ကျွန်တော် ရေးနိုင်ပါတယ်။ တခြားစာရေးဆရာတွေတော့ မသိဘူး၊ ကျွန်တော်ကတော့ အဲ့ဒီလိုပဲ။ အခု ပြဿနာက ဘာရေးရမလဲဆိုတာ စဉ်းစားလို့မရသေးတာပဲ။ ဒါကြောင့်လည်း ခင်ဗျားတို့ကို နောက်ဆက်တွဲ ဝတ္ထုအကြောင်း မပြောနိုင်သေးတာပါ။”
“ဟင်း... ဟုတ်ကဲ့... ဒါဆို ကျွန်တော်တို့ အတူတူ အစီအစဉ်ဆွဲကြရင်ရော... မဟုတ်ပါဘူး၊ ဘာမှမဟုတ်တော့ပါဘူး။”
ဂျောင်ဂုသည် စကားကို ရပ်လိုက်ပြီး ပါးစပ်ပိတ်လိုက်သည်။
သူကိုယ်တိုင် အမြဲတမ်း ဝေဖန်ခဲ့ဖူးသည့် ဂျယ်ဂန်းကို ‘ဇာတ်လမ်းစီစဉ်မှု’ အကြောင်း ပြောရန်မှာ ခက်ခဲလှသည်။
ဝတ္ထုတစ်ပုဒ်ကို စီစဉ်ခြင်းဆိုသည်မှာ ထုတ်ဝေရေးကုမ္ပဏီက ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပေးပြီး စာရေးဆရာက ထိုဇာတ်လမ်းပေါ် အခြေခံကာ စာအုပ်တစ်အုပ် ရေးသားခြင်း ဖြစ်သည်။ ၎င်းမှာ ကိုယ်ပိုင် ဇာတ်ကွက် စဉ်းစားမရသော စာရေးဆရာများအတွက် ဖြစ်သည်။
ဒါဟာ ထုတ်ဝေရေးကုမ္ပဏီက မတရားအမြတ်ထုတ်ဖို့ ကြိုးစားတာမျိုး မဟုတ်ပါဘူး။ စာရေးဆရာနဲ့ ထုတ်ဝေရေးကုမ္ပဏီ အတူတူ အလုပ်လုပ်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ဂျောင်ဂုသည် အတိတ်တုန်းက ဂျယ်ဂန်းကို သူစီစဉ်ထားသည့် ဇာတ်လမ်းတစ်ပုဒ် ပေးခဲ့ဖူးသည်။
ထိုစဉ်က ဂျယ်ဂန်း ပေးပို့ခဲ့သည့် မူကြမ်းများကို ဂျောင်ဂုက (၃) ကြိမ်တိုင်တိုင် လွှင့်ပစ်ခဲ့ဖူးသည်။
အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ စိတ်မဝင်စားစရာ ကောင်းသောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့သော အတိတ်ရှိခဲ့သဖြင့် ဂျောင်ဂုအနေနှင့် ဇာတ်လမ်းစီစဉ်ပေးမည့်အကြောင်းကို အရင်ဆုံး စတင်မပြောရဲတော့ပေ။
ရီခါက သန်းဝေရင်း အသံလေး တစ်ချက်ပေးလိုက်သည်။
ပြတင်းပေါက်မှတစ်ဆင့် ဆောင်းဦးလေပြေက ဖြတ်သန်းသွားသည်။
ကော်ဖီကို ငုံ့သောက်နေသည့် ဂျောင်ဆူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။
“ဆရာဟာ၊ ကျွန်တော် တစ်ခု စဉ်းစားမိသွားပြီ။”
“ဟုတ်ကဲ့၊ ပြောပါဦး။”
ဂျယ်ဂန်း၏ အကြည့်မှာ ပြတင်းပေါက်မှ ဂျောင်ဆူဆီသို့ ရောက်သွားသည်။ ဂျောင်ဆူက ဂျယ်ဂန်း၏ လက်တော့ပ်ကို ညွှန်ပြရင်း စကားဆက်သည်။
“ အဆင့်များ စီးရီးလိုမျိုး ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ စီးရီးကိုလည်း ဆက်ရေးရင် ဘယ်လိုလဲ။”
“ပီဂယ်လွန်ရဲ့ မှော်ဆရာ ကိုလား။”
“ဟုတ်ကဲ့၊ အဲ့ဒီဇာတ်လမ်းမှာ လွိုက်မိုးဘစ်က မှော်ဆရာကြီး ဖြစ်လာတယ်၊ အိမ်ထောင်ကျပြီး သားတစ်ယောက် ရတယ်ဆိုတဲ့ ပျော်ရွှင်စရာ ဇာတ်သိမ်းနဲ့ ပြီးသွားတာလေ။ သူ့ရဲ့သားက ဇာတ်လိုက်ဖြစ်လာပြီး ဒုတိယမြောက် စွန့်စားခန်းကို စတင်မယ်ဆိုရင် တကယ် စိတ်ဝင်စားဖို့ ကောင်းမှာပါ။”
“ဟင်း...”
ဂျယ်ဂန်းက မေးစေ့ကို ပွတ်ရင်း အလေးအနက် စဉ်းစားနေသည်။
ဂျယ်ဂန်းက ငြင်းလိုက်မည်ကို စိုးရိမ်သဖြင့် ဂျောင်ဆူက အသည်းအသန် စကားဆက်ပြောလိုက်ပြန်သည်။
“ဒါက ပီဂယ်လွန်ရဲ့ ကမ္ဘာပဲဖြစ်နေမှာဆိုတော့ အရင်စီးရီးက ဇာတ်ကောင်တွေကိုလည်း ပြန်သုံးလို့ရမယ်၊ ဒါဆိုရင် ဇာတ်လမ်းဖန်တီးရတာ သိပ်မခက်ခဲတော့ဘူးလေ။ အဖေဖြစ်သူက မှော်ဆရာကြီးဆိုတော့၊ သားဖြစ်သူကိုတော့ ဓားသမား ဒါမှမဟုတ် ကြေးစားစစ်သည်တစ်ယောက် အဖြစ် ထားလို့ရတာပေါ့။”
“ခဏလေး၊ ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါဦး။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဆရာ၊ အေးအေးဆေးဆေး စဉ်းစားပါ။”
ဂျယ်ဂန်းသည် တိတ်ဆိတ်စွာဖြင့် သေချာ စဉ်းစားနေမိသည်။
‘ဒါက သိပ်တော့ ခက်ခဲမှာ မဟုတ်ဘူး။’
အဆင့်များ စီးရီးတွေလိုပါပဲ။ အရင်ဇာတ်လမ်းက ဇာတ်ကောင်တွေနဲ့ ကမ္ဘာကို အသုံးချပြီး ဇာတ်လမ်းအသစ် ဖန်တီးလို့ ရသည်။ ဘာရေးရမလဲ စဉ်းစားမရဖြစ်နေသည့် ဂျယ်ဂန်းအတွက် ဂျောင်ဆူ၏ အကြံပြုချက်သည် အတော်လေး ဆွဲဆောင်မှု ရှိနေသည်။
“တစ်ခုလောက် မေးပါရစေ။”
ဂျယ်ဂန်းက ခေါင်းမော့ပြီး ပြောလိုက်သည်။ ဂျောင်ဂုနှင့် ဂျောင်ဆူတို့သည် ကိုယ်ကို တောင့်လိုက်ကြသည်။
“ဟုတ်ကဲ့ ဆရာ၊ ပြော... ပြောပါခင်ဗျာ။”
“ဒါက အရင်စီးရီးရဲ့ အဆက်ဆိုတော့ ကျွန်တော့်ဘက်က အများကြီး မတောင်းဆိုပါဘူး။ အရင် သဘောတူညီချက်အတိုင်းပဲ သွားမယ်၊ ဒါပေမဲ့ စာချုပ်ချုပ်ဆိုခ အနေနဲ့ နောက်ထပ် ဒေါ်လာ ၃၀,၀၀၀ ကြိုပေးဖို့ ဖြစ်နိုင်မလား။”
ဂျောင်ဂုနှင့် ဂျောင်ဆူတို့၏ ပါးစပ်များ အဟောင်းသား ဖြစ်သွားကြသည်။ သူတို့သည် ဒေါ်လာ ၃၀,၀၀၀ ဆိုသည့် ပမာဏကြောင့် အံ့ဩသွားခြင်း မဟုတ်ပါ။
တစ်အုပ်လျှင် အုပ်ရေ ၆,၀၀၀ ခန့် ရောင်းခဲ့ရသည့် ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ ကဲ့သို့ အောင်မြင်မှုမျိုးရှိထားသည့် ဂျယ်ဂန်းအတွက် ထိုပမာဏကို ပေးရန် သူတို့ ဝန်မလေးကြပေ။ သူတို့ အံ့ဩသွားသည်မှာ ဂျယ်ဂန်း၏ မေးခွန်းက သူတို့ စိတ်ထဲက အတွေးတွေကို အတိအကျ ပုံတူကူးလိုက်သလို ဖြစ်နေသောကြောင့်ပင်။
“ဒါ... ဒါဆိုရင်၊ ဆရာက ကျွန်တော်တို့နဲ့ နောက်ထပ် ဝတ္ထုအသစ်တစ်ခုကို ဆက်လုပ်မယ်လို့ ဆိုလိုတာလား... အဲ့ဒီလိုလားခင်ဗျာ...?”
“အကယ်၍ ခင်ဗျားတို့က ဒေါ်လာ ၃၀,၀၀၀ ကို ကြိုပေးမယ်ဆိုရင်ပေါ့။”
ဂျယ်ဂန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ဂျောင်ဂုနှင့် ဂျောင်ဆူတို့၏ မျက်နှာများမှာ မုန့်ရသွားသော ကလေးငယ်လေးများကဲ့သို့ တောက်ပသွားကြသည်။
“ရ... ရတာပေါ့ ဆရာရယ်။ ဒေါ်လာ ၃၀,၀၀၀ ကြိုပေးဖို့ဆိုတာ ဘာမှမဟုတ်ပါဘူး။ မဟုတ်ဘူး၊ ကျွန်တော်တို့က ဆရာ့ကို ဒီလောက်ပဲ ပေးနိုင်တာကိုတောင် အားနာနေတာပါ။ ဟားဟား၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ။”
ဂျောင်ဂု၏ အသံမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ခေါင်းကို တရစပ် ညိတ်နေတော့သည်။ သူသာ ဒီထက်ပိုပြီး စိတ်လှုပ်ရှားသွားလျှင် ဟာဂျယ်ဂန်းကို ချီးမွမ်းခန်းဖွင့်ပြီး သီချင်းတောင် ဆိုမိတော့မည့် အခြေအနေပင်။
“သဘောတူပြီဆိုတော့ စာချုပ်ချုပ်ကြတာပေါ့။ စာချုပ်ပေးပါ။”
“အာ... ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ဆရာဟာ။ ပတ်... စာချုပ်ထုတ်လိုက်။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဒီမှာပါခင်ဗျာ။”
ဂျောင်ဆူသည် သူ့အိတ်ထဲမှ စာချုပ်ကို ဆွဲထုတ်လိုက်သည်။
ဂျယ်ဂန်းသည် စာချုပ်ကို အမြန်ပင် လက်မှတ်ထိုးလိုက်သည်။ ဝတ္ထုခေါင်းစဉ် မသတ်မှတ်ရသေးသဖြင့် ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ အပိုင်း ၂’ ဟုသာ ရေးလိုက်သည်။
“တကယ်ကို ကျေးဇူးတင်ပါတယ် ဆရာ။ အရင်ဝတ္ထုက အရမ်းအောင်မြင်ခဲ့တာဆိုတော့ အခု တစ်ခုကလည်း ကျိန်းသေပေါက် ကောင်းမှာပါ။”
“ကောင်းမယ်လို့ မျှော်လင့်တာပါပဲ။ အခုတော့ ကျွန်တော် စာရေးရတော့မယ်။”
ထိုစကားကို ကြားသည်နှင့် ဂျောင်ဂုနှင့် ဂျောင်ဆူတို့ နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြသည်။
“ဒါဆို ဆရာ စာရေးတာကို အနှောင့်အယှက် မဖြစ်စေဖို့ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်။ အာ... ပိုက်ဆံကိုတော့ ဒီည ဒါမှမဟုတ် မနက်ဖြန် မနက်ပိုင်းမှာ အရောက်လွှဲပေးပါ့မယ်။”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။”
ဂျောင်ဂုနှင့် ဂျောင်ဆူတို့ အပြင်ထွက်ကာ သူတို့ဖိနပ်များကို စီးလိုက်ကြသည်။ ဂျယ်ဂန်းက သူတို့ကိုလိုက်ပို့ရန် လုပ်သော်လည်း ထိုနှစ်ယောက်က လက်ယမ်းကာ တားလိုက်သည်။
“လိုက်မပို့ပါနဲ့ ဆရာ၊ ကျွန်တော်တို့ အဆင်ပြေပါတယ်။”
“စာကို အာရုံစိုက်ပြီး ကောင်းကောင်းရေးပါ၊ လက်ဆောင်ကိုလည်း သုံးဆောင်ပါဦး။ ဒါက ဘယ်နေရာကမှန်းမသိတဲ့ ပစ္စည်းမဟုတ်ပါဘူး။ တကယ် အဆင့်မြင့်တဲ့ ပစ္စည်းပါ။ တီဗီအရောင်းအဝယ် အစီအစဉ်တွေမှာလည်း မကြာခဏ ပါတတ်ပါတယ်။”
“ဟားဟားဟား၊ သုံးဆောင်ပါ့မယ်။ ကောင်းကောင်းသွားပါခင်ဗျာ။”
ဂျောင်ဂုသည် အိမ်ထဲမှ ထွက်လာသည်နှင့် ချက်ချင်းပင် ကုမ္ပဏီဥက္ကဋ္ဌထံ ဖုန်းဆက်လိုက်သည်။ သူ ဖြစ်ပျက်ခဲ့သမျှကို ပြောပြသောအခါ ဥက္ကဋ္ဌက ပျော်ရွှင်စွာ ရယ်မောတော့သည်။
-ဟုတ်လား? နောက်ဆက်တွဲ စာချုပ်ကို ဒီလောက်မြန်မြန် ရခဲ့တာလား။ မင်းတို့တွေ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အလုပ်ကို ကောင်းကောင်းလုပ်နိုင်နေကြတာလဲ။ အားလပ်ရက် ဘောနပ်စ်တွေ ရချင်လွန်းလို့များ ရူးသွားကြပြီလား ဟားဟား?!
“အာ... ဒါဆို ဥက္ကဋ္ဌက ကျွန်တော်တို့ကို ဘောနပ်စ်မန်းနီးပေးတော့မှာမလား။”
ဂျောင်ဂုက ရယ်မောရင်း ပြန်ဖြေသည်။ သူ့ရုံးခန်းထဲမှာ အော်ဟစ်နေမည့် ဥက္ကဋ္ဌ၏ ဒေါသထွက်နေသော ပုံရိပ်ကို သူ မြင်ယောင်နေမိသည်။
-ရုံးကို ပြန်မလာနဲ့တော့၊ အနားယူလိုက်ကြ။ မဟုတ်ဘူး၊ အခုပဲ... မင်းတို့ နေ့လယ်စာ မစားရသေးဘူးမလား။ လာခဲ့၊ ငါနဲ့အတူ နေ့လယ်စာ သွားစားမယ်။ ပြီးရင် ညဘက်ကျရင်လည်း တစ်နေရာရာမှာ သွားသောက်ကြတာပေါ့။ ၁ နာရီဆို အဆင်ပြေတယ်မလား။
“ဥက္ကဋ္ဌခင်ဗျာ၊ တစ်နာရီကို ဒေါ်လာ ၁၀,၀၀၀ လောက် တန်မလား။”
-မင်း ကုမ္ပဏီကို ဖျက်ဆီးချင်နေတာလား။ ဒါဆို မင်းပဲ စီအီးအိုလုပ်လိုက်တော့။ နောက်ပြောင်မနေနဲ့တော့ မြန်မြန်ပဲ ပြန်လာခဲ့။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ လာခဲ့ပါ့မယ်။”
ဂျောင်ဂုသည် ဂျောင်ဆူ၏ ပခုံးကို ဖက်လိုက်တော့သည်။
“လက်ထောက်မန်နေဂျာပတ်ရဲ့ စကားပြောစွမ်းရည်က အခုတလော တကယ်တိုးတက်လာတာပဲ။ ဘယ်လိုများ ဒီလောက် ပြောတတ်ဆိုတတ် ရှိသွားတာလဲ။”
“ဘာတွေ ပြောနေတာလဲ။ ဒါတွေအားလုံးက မန်နေဂျာကြီးရဲ့ ကျေးဇူးတွေကြောင့်ပါ။”
“ကဲ... အရင်ဆုံး ဥက္ကဋ္ဌနဲ့ နေ့လယ်စာ သွားစားကြမယ်။ ပြီးရင် ညစာကိုတော့ ကျွန်တော် ဝယ်ကျွေးမယ်။ ဥက္ကဋ္ဌရဲ့... ကုမ္ပဏီ... အသုံးစရိတ်... ကတ်နဲ့ပေါ့... ဟားဟားဟား။”
“ဟားဟားဟား။”
ထိုလူနှစ်ယောက်သည် အတူတူ ရယ်မောနေကြသည်။ သူတို့၏ ရယ်သံမှာ ပြတင်းပေါက် ပိတ်ထားသည့် ဂျယ်ဂန်း၏ အခန်းထဲအထိပင် ကျယ်လောင်စွာ ကြားနေရသည်။
‘သူတို့ ဒီလောက်တောင် ပျော်နေကြတာလား။’
ဂျယ်ဂန်းအတွက်တော့ ဒါတွေက အခုထိ အိပ်မက်လိုလို ဖြစ်နေဆဲပင်။ သူ့ရဲ့ စကားတစ်ခွန်းက လူတွေကို ဒီလောက်အထိ ပျော်ရွှင်စေနိုင်၊ ဝမ်းနည်းစေနိုင်တာက တကယ့်ကို ထူးဆန်းလှသည်။ သူသည် နာမည်မရှိသော စာရေးဆရာဘဝဖြင့် အကြာကြီး နေထိုင်ခဲ့ရသူ ဖြစ်သည်။ ဤအခြေအနေသစ်ကို ကျင့်သားရရန် အချိန်ပိုယူရဦးမည်။
“ဟူး... ကဲ၊ စာချုပ်ချုပ်ပြီးပြီဆိုတော့ အလုပ်တွေ ပိုများလာပြီ။ အားသွန်ခွန်စိုက် လုပ်မှဖြစ်တော့မယ်။”
ဂျယ်ဂန်းသည် အဆင့်များ စီးရီး၏ ဇာတ်လမ်းအကျဉ်းကို စတင်အဆုံးသတ်လိုက်သည်။ နောက်တွင် ‘ပီဂယ်လွန်ရဲ့ မှော်ဆရာ’ ရှိနေပြီး၊ ဇာတ်ကွက်ကို အပြီးသတ် စဉ်းစားပြီးပါက ထိုဝတ္ထုနှစ်ခုလုံးကို တစ်လှည့်စီ ရေးသားသွားမည်ဖြစ်သည်။
ကလစ် ကလစ် ကလစ် ကလစ် …
တစ်နာရီ၊ နှစ်နာရီ အချိန်များ ကုန်ဆုံးသွားသည်။ မနေ့က သောက်ထားသည့် အရှိန်ကြောင့်လားမသိ၊ သူ တကယ်ကို ပင်ပန်းနေသလို ခံစားရသည်။
အကယ်၍ အရင်က ဂျယ်ဂန်းသာဆိုလျှင် ညစာချိန်းထားတာရှိသောကြောင့် ဤနေရာတွင် အလုပ်ရပ်လိုက်မိမည် ဖြစ်သည်။ သို့သော် ယခုမူ ကျန်းမာရေးအကြောင်းပြချက်ဖြင့် စာရေးခြင်းကို ရပ်တန့်ရန် အကြောင်းမရှိတော့ပါ။ သူ့တွင် ဆုဂန်းဝို၏ ခွက် ရှိနေသည်မဟုတ်ပါလား။ တစ်ငုံသောက်လိုက်ရုံနှင့်ပင် ကုန်ဆုံးသွားသော အင်အားများမှာ ချက်ချင်း ပြန်ပြည့်လာမှာဖြစ်သည်။
“ဖူး... မျက်နှာတွေလည်း ပူထူနေပြီ၊ လက်မောင်းတွေလည်း ပြုတ်ထွက်တော့မတတ်ပဲ။”
၄ နာရီခန့် ကြာပြီးနောက် ဂျယ်ဂန်းသည် လက်ကိုရပ်ကာ ပခုံးများကို နှိပ်လိုက်သည်။ ဆုဂန်းဝို၏ လက်တော့ပ်သည် စာလုံးရေ တစ်သောင်းအထိ ရေးသားနိုင်သော စွမ်းအားရှိသော်လည်း ဂျယ်ဂန်း၏ ခန္ဓာကိုယ်ပင်ပန်းမှုကိုတော့ မကူညီနိုင်ပါ။
“မရတော့ဘူး၊ ငါ မလုပ်နိုင်တော့ဘူး။ ဇာတ်လမ်းကိုလည်း အတော်များများ အဆုံးသတ်နိုင်ခဲ့ပြီဆိုတော့ ဒီမှာပဲ ရပ်လိုက်တော့မယ်။ အာ... ပင်ပန်းလွန်းလို့ သေတော့မယ့်အတိုင်းပဲ။”
“မြောင်... မြောင်...”
ရီခါသည် ဒီနေ့အတွက် ဒီလောက်ဆို တော်ပြီဟု ပြောနေသကဲ့သို့ ဂျယ်ဂန်း၏ ဗိုက်ပေါ်ကို နင်းလိုက်သည်။ ဂျယ်ဂန်းက ရီခါ့ကို ပွေ့ဖက်လိုက်ပြီး နံရံပေါ်ရှိ နာရီကို ကြည့်လိုက်ရာ ချိန်းဆိုထားသည့် အချိန်ရောက်ရန် ၂ နာရီသာ လိုတော့သည်။
ဂျယ်ဂန်းသည် အမြန်ရေချိုးကာ အင်တာနက်မှ မှာယူထားသည့် အင်္ကျီအသစ်များကို ဝတ်လိုက်သည်။
သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ဂျယ်ဂန်းသည် မှန်ထဲမှ ထင်ဟပ်နေသော ရီခါ့ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။
“ငါ အမြဲတမ်း တစ်ယောက်တည်း သွားနေရတာ စိတ်မကောင်းပါဘူး။ မင်းကို ခေါ်သွားချင်ပေမဲ့ ဒီနေ့က ညစာသွားစားမှာဆိုတော့ ဆိုင်ထဲ ခေါ်သွားလို့ မရဘူးလေ။ နောက်ပြီး အများသုံး သယ်ယူပို့ဆောင်ရေးနဲ့ သွားရမှာဆိုတော့...”
စကားပြောရင်း ဂျယ်ဂန်း ရပ်လိုက်ပြီး ရီခါ့ကို လှည့်ကြည့်လိုက်သည်။ ရီခါက ဘာဖြစ်တာလဲဆိုသည့် ပုံစံဖြင့် ခေါင်းလေးစောင်းကာ ကြည့်နေသည်။
“ဟုတ်ပြီ၊ အဲ့ဒါပဲ။ မင်းကို ခေါ်သွားဖို့ အကောင်းဆုံးနည်းလမ်း။ ငါ ကားတစ်စီး ဝယ်ရမယ်။”
“မြောင်?”
“အဲ့ဒီ ဒေါ်လာ ၃၀,၀၀၀ ရောက်လာတာနဲ့ ငါ ကားဝယ်မယ်။ ကားဝယ်ဖို့ကို ငါ ဘာလို့ မစဉ်းစားမိတာပါလိမ့်။ ငါက အများသုံးယာဉ်တွေ စီးရတာ ကြိုက်တယ်၊ သောက်ရတာလည်း ကြိုက်တယ်ဆိုပေမဲ့ တစ်ခါတလေကျရင် မင်းကိုပါ ခေါ်သွားချင်တာ။ မဟုတ်ဘူး၊ တစ်ခါတလေ မဟုတ်ဘူး၊ နေ့တိုင်းပဲ။”
ဂျယ်ဂန်းသည် ရီခါ့ကို ပွေ့ချီကာ သူမ၏ မျက်နှာလေးကို ပွတ်သပ်လိုက်သည်။ ရီခါက ငြီးငွေ့သော မျက်နှာထားဖြင့် ရုန်းကန်နေသော်လည်း ဂျယ်ဂန်းက လွှတ်မပေးပါ။
“ဒါပေမဲ့ ဘယ်လိုဝယ်ရမလဲဆိုတာ ငါမသိဘူး။ အသက် ၂၀ တုန်းက လိုင်စင်ရခဲ့ပေမဲ့ တစ်ခါမှ မမောင်းဖူးဘူး။ အရောင်းပြခန်းကို သွားပြောရမလား? ဒါမှမဟုတ် အင်တာနက်က ဝယ်တာ ပိုကောင်းမလား?”
“မြောင်~~~~!”
“မင်း စိတ်ဆိုးသွားပြီလား။ ငါ့ကို စိတ်ကုန်သွားပြီလား? ဝါး...”
ဂျယ်ဂန်းသည် စိတ်ကောက်ချင်ဟန်ဆောင်ကာ သူမကို လွှတ်ပေးလိုက်သည်။ ထိုစဉ် နည်းလမ်းတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။
“အေးလေ၊ ဒါကို ငါ ဘာလို့ မစဉ်းစားမိတာလဲ။ တကယ့် အရူးပဲ။”
ဂျယ်ဂန်းသည် ဖုန်းကို ကောက်ကိုင်လိုက်သည်။
-ဟုတ်ကဲ့၊ ဆရာဟာ!
“အားနာပါတယ်၊ ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ။”
-ဗျာ? ဟားဟားဟား၊ ဟုတ်ကဲ့ ပြောပါ ဆရာ။ ကျွန်တော် တတ်နိုင်တာ မှန်သမျှ လုပ်ပေးပါ့မယ်။
ရီခါသည် ကြောင်မျှော်စင် ပေါ်သို့ ခုန်တက်သွားပြီး ဂျယ်ဂန်းကို ငုံ့ကြည့်နေသည်။ ဂျယ်ဂန်းသည် သူ့မျက်လုံးထဲတွင် ဘာလုပ်လုပ် ချစ်စရာကောင်းနေသည့် ရီခါ့ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော့်ကို ကားတစ်စီး ဝယ်ပေးပါ။" (Sugar Daddy များရှိနေတာလား)