အခန်း (၂၇)
Vol. 3 Ch. 27
“ဆရာဟာ, ကျွန်တော်တို့ နောက်ထပ်တစ်ပုလင်းလောက် ထပ်သောက်သင့်တယ်နော်။ ဘီယာနည်းနည်းလောက်သောက်ပါဦးလား”
စာရေးဆရာများတွေ့ဆုံပွဲပြီးနောက် ကားပါကင်တွင်ဖြစ်သည်။
လူအုပ်၏ သုံးပုံတစ်ပုံခန့်သာကျန်တော့သည်။ အခြားသောစာရေးဆရားများက အချင်းချင်းအုပ်စုဖွဲ့ကာ အခြားဆိုင်များတွင် ဒုတိယအကြိမ် နောက်ထပ်တွေ့ဆုံပွဲကျင်းနေကြသည်။ ဂျယ်ဂန်းက လက်ရှိတွင် စာရေးဆရာအုပ်စုတစ်ခုနှင့်အတူရပ်နေခဲ့သည်။
“ဟုတ်လား စာရေးဆရာဟာ, အခုမှညကိုးနာရီကျော်လေးပဲရှိသေးတယ် ဟိုဖက်လမ်းမှာ ဘီယာဆိုင်ကောင်းကောင်းတစ်ခုကို သိထားတယ်။ ဆရာဟာ လိုက်သောက်သင့်တယ်နော်”
“လာပါ ယောကျာ်းလေးတွေကြီးပဲ ပျော်ပျော်ပါးပါးသောက်စားကြတာပေါ့”
အနီးနားရှိ အမျိုးသမီးစာရေးဆရာအချို့ကလည်း ဝင်ရောက်ပူးပေါင်းလာကြသည်။
“ဒါက လိင်ခွဲခြားတာလား ဘာလို့ အမျိုးသမီးတွေကိုချန်ခဲ့တာလည်း ကျွန်မတို့လည်း ကောင်းကောင်းသောက်တတ်ပါတယ်နော် ထည့်တွက်လိုက်ပါ။”
“ဘာ? ဒီလိုလှပတဲ့ အမျိုးသမီးတွေကလည်းထပ်သောက်မယ်ဟုတ်လား ဒါဆိုရင်တော့ ထည့်မတွက်လို့ဘယ်ဖြစ်မှာလည်း။ ကျွန်တော်တို့ကို ကောင်းကောင်းဂရုစိုက်ခွင့်ပြုပါ”
ပတ်ဝန်းကျင်လေထုက အလွန်ကောင်းမွန်သည်။ နောက်ထပ်ဘာမှပြောစရာမလိုပါ။ သို့သော် ဂျယ်ဂန်းက တိတ်တဆိတ်သာရပ်နေသည်။
“ဆရာဟာ လိုက်မယ်မလား?”
စာရေးဆရာများက မျှော်လင့်တကြီးမေးလိုက်သည်။ သူတို့က ဂျယ်ဂန်းကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်တာတောင် အတော်လေးခင်မင်ကြသည်။ ဂျယ်ဂန်းက ရောင်းအားကောင်းသော စာရေးဆရာတစ်ယောက်ဖြစ်ခြင်းကြောင့်မဟုတ်ပဲ သူ၏ လူသားဆန်သော စာရိုက်လက္ခဏာများကြောင့် လူအများစိတ်ဝင်စားမှုကို ရခြင်းဖြစ်သည်။
ကိုယ့်ကိုကိုယ်ဂုဏ်ဖော်ခြင်းထက် အခြားလူများ၏ စကားကိုနားထောင်သလို စာရေးခြင်းနှင့် ပတ်သက်သော စကားဝိုင်းများတွင်လည်း စိတ်အားထက်သန်စွာဖြင့် သူ၏အမြင်များကိုမျှဝေပေးသည်။ ယင်းက စာရေးဆရာများ၏ ဂျယ်ဂန်းအပေါ်သဘောကျမှုကို တိုးစေသည်။
“တကယ် တောင်းပန်ပါတယ်။ ဒီနေ့တော့ ကျွန်တော် နားသင့်ပြီထင်လို့ပါ။”
ဂျယ်ဂန်းခေါင်းခါပြီးရှက်ရွံ့စွာပြန်ဖြေလိုက်သည်။ စိတ်ပျက်နေကြသော စာရေးဆရာများကိုကြည့်၍ အသာသက်ပြင်းချကာ ထပ်ပြောလိုက်သည်။
“ကျွန်တော်အိမ်မှာလုပ်စရာလေးတွေလည်း ကျန်သေးလို့ပါ။ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေလည်း လဲထားကြပြီးပြီပဲ နောက်တစ်ခေါက်ထပ်ဆုံကြတာပေါ့။ ဒီနေ့တော့ ခွင့်ပြုကြပါဦး”
ဂျယ်ဂန်း စာရေးရမည်ဖြစ်သောကြောင့် နောက်ထပ် အရက်မသောက်ချင်တော့ပါ။
ဒီနေ့သောက်ထားသည့်အတွက် အိမ်ရောက်သည်နှင့် စာအများကြီးရေးနိုင်ရန်ပင် မသေချာပါ။
သို့သော် မနက်ဖြန်ရှိသေးသည်။ သူ၏ ကျန်းမာရေးကို ဂရုစိုက်ပြီး မနက်ဖြန်တွင် ပုံမှန်အတိုင်းစာပြန်ရေးနိုင်ရန်အတွက် သူဒီနေရာတွင်ရပ်တန့်လိုက်သည်က အကောင်းဆုံးဖြစ်သည်။
“ဆရာက ဒီလိုဆိုတော့လည်း ဒီလိုပေါ့ဗျာ။ စိတ်မကောင်းပေမယ့်လည်း ဆရာဟာကို အတင်းကြီးမခေါ်တော့ပါဘူး။ နောက်တစ်ခေါက်ပြန်တွေ့ကြဦးမယ်နော်။ ကြိုးစားထား ဆရာဟာ”
“ဟုတ်ကဲ့ ဟုတ်ကဲ့။ ဆရာတို့လည်း ကြိုးစားထားပါ။ ကောင်းကောင်းပျော်ခဲ့ကြဦးနော်။ အိမ်ကိုလည်းဂရုစိုက်ပြန်ကြပါ။”
ဂျယ်ဂန်း စာရေးဆရာများဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး လူအုပ်ကြားမှ ထွက်ခွာလာသည်။
သူ့ကိုရပ်စောင့်နေသော တဲဝမ်နှင့် ဆိုမီတို့ကို လှမ်းမြင်လိုက်သည်။ နှစ်ယောက်လုံးကာ ဂျယ်ဂန်းကို ကြည့်ကာ ပြုံးပြလိုက်သည်။ စာရေးဆရာများတွေ့ဆုံပွဲတစ်ယောက် မတွေ့လိုက်ရသော တဲဝမ်ဆီသို့ ဂျယ်ဂန်းဝမ်းသာအားရသွားလိုက်သည်။
“ပြန်တော့မလို့လား ဆရာဟာ”
“ဟုတ်တယ် မနက်ဖြန်ကစပြီး စာပြန်ရေးရမယ်လေ။ အယ်ဒီတာတို့ရော”
တဲဝမ် လက်ကောက်ဝတ်ရှိနာရီကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့လည်း အလုပ်ပြီးပြီဆိုတော့ ပြန်ရတော့မှာပေါ့။ ဆရာဟာ, ကျွန်တော် ဆရာ့အိမ်ကို လိုက်ပို့ပေးမယ်”
“နေပါစေ။ ရပါတယ်။ မြေအောက်ရထားနဲ့ကပိုမြန်တယ်။ ပြီးတော့ သောက်ထားတာတွေ ပြေသွားအောင် အေးဆေးလမ်းလျောက်ချင်သေးလို့”
“ကောင်းပြီ စာရေးတာအဆင်ပြေဖို့ ဆုတောင်းပေးပါတယ်။ ကျွန်တော့်ကို ဆက်သွယ်လိုက်ဦးနော် စောင့်နေမယ်”
“သေချာတာပေါ့ ကျွန်တော် ဖုန်းဆက်လိုက်ပါမယ်”
တဲဝမ် ဂျယ်ဂန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
လူမှုနယ်ပယ်တွင် အတွေ့ကြုံနုသေးသော ဆိုမီက အသာယာပြုံးနေသည်။ သူမ ထိုနှစ်ဦးအကြားရှိ နွေးထွေးထူးခြားသော လေထုကို ခံစားမိသည်။ နှစ်ယောက်အတူ အချိန်ကြာမြင့်စွာ တွဲဖက်အလုပ်လုပ်နိုင်မည်ဟု ခံစားနေရသည်။
“ဆိုမီ ဘယ်လိုပြန်မှာလည်း?”
“ကျွန်မလည်း မြေအောက်ရထားစီးမှာပါ”
“ဒါဆိုအတူသွားကြတာပေါ့”
တဲဝမ်ကိုထားခဲ့ပြီးနောက် ဂျယ်ဂန်း ဆိုမီနှင့်အတူ မြေအောက်ဘူတာရုံသို့လမ်းလျောက်သွားသည်။
ညဘက်ဖြစ်သောကြောင့် တိုက်ခတ်နေသောလေက အေးမြနေသည်။ မြို့ပြ၏ဆူညံသံများဖြင့် နွေဦးညတွင် ဂျယ်ဂန်းနှင့် ဆိုမီတို့သည် ပေါ့ပေါ့ပါးပါး အတူလမ်းလျောက်နေကြသည်။
“ဒီနေ့ကိစ္စအတွက်ကျေးဇူးတင်ပါတယ်ရှင်”
ဆိုမီက ရုတ်တရက် စကားစလိုက်သည်။
ဂျယ်ဂန်း သူမ၏ ဆိုလိုရင်းကိုသဘောပေါက်သဖြင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“ဆရာဟာ ပြောတာကိုနားထောင်ရင်းကျွန်မ ဘာတွေ လုပ်နေမိတာလဲဆိုတာ အများကြီးပြန်စဉ်းစားမိတယ် ကျွန်မက တကယ်တော့ အယ်ဒီတာတစ်ယောက်ဆိုတာကို ပြန်သတိရမိတယ်”
ယင်းနောက် ဆိုမီသူမ၏ နှုတ်ခမ်းများကိုစေ့ပစ်လိုက်သည်။
ဂျယ်ဂန်းရယ်လိုက်မိသည်။ အရက်ရှိန်ကြောင့် အနည်းငယ်နီနေသည့် သူမ၏ မျက်နှာသွင်ပြင်က တကယ်ကို ချစ်စဖွပင်။
“ဘာလို့ရယ်တာလဲရှင့်”
“ဘာမှမဟုတ်ပါဘူး”
“မလိမ်ပါနဲ့ တကယ်သိချင်လို့ ဘာလို့ရယ်တာလည်း”
ဆိုမီ ဂျယ်ဂန်းကိုကျော်တက်သွားပြီးကာမှ နောက်ပြန်လျောက်ရင်းမေးလိုက်သည်။ ပုံမှန်ဆို ဂျယ်ဂန်း၏ရှေ့တွင် ဒီလိုပြုမူမည်မဟုတ်ပါ။ ယခုအခါ အရက်အနည်းငယ်သောက်ထားသဖြင့် သူမသည် အယ်ဒီတာတစ်ယောက်ဆိုသည်ထက် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးနှင့် ပိုတူနေသည်။
“မင်းလဲကျတော့မယ်”
“ဒါဆိုမြန်မြန်ပြောပါဆို။ ဘာလို့ …. အမလေး!”
ခြေထောက်က လမ်းပေါ်မှချော်ကာ ဟန်ချက်ပျက်သွားသဖြင့် သူမအတော်လေးရုန်းကန်လိုက်ရသည်။
ဂျယ်ဂန်းအလျင်အမြန်ပဲ သူမ၏လက်နှစ်ဖက်ကို ပြေးဆွဲပြီးဟန်ချက်ထိန်းလိုက်သည်။ ဆိုမီ့၏ဖိနပ်ကတော့ အတော်လေးဝေးသောနေရာအထိ ကျွတ်ထွက်သွားသည်။
“ခနလောက် ဓါတ်တိုင်ကိုမှီပြီးနားလိုက်ဦး”
“မဟုတ်တာ ရပါတယ်ဆရာဟာ, ကျွန်မဘာသာသွားယူလိုက်ပါမယ်”
ဆိုမီက ခြေထောက်တစ်ဖက်ကိုသာအားပြုရင်းပြေးကာ အော်ပြောလိုက်သည်။
ထိုအတောအတွင်း ဂျယ်ဂန်းက ဖိနပ်ကို ကောက်ယူပြီး ပြန်လာနေပြီဖြစ်သည်။
“ရော့”
“အာ… အားနာစရာကောင်းလိုက်တာ။ တောင်းပန်ပါတယ်ဆရာဟာ”
အထပ်ထပ်တောင်းပန်စကားဆိုရင်း ဆိုမီဖိနပ်ကိုပြန်စီးလိုက်သည်။
အရက်ကြောင့်များလား သို့မဟုတ် ညဘက်တွင်လမ်းမီးများ၏ ရောင်ပြန်ဟပ်မှုများကြောင့်လားမသိ ဆိုမီ၏ ခြေထောက်များက တကယ်ကို လှပသည်ဟု တွေးနေမိသည်။
ဆိုမီအရင်တစ်ခေါက်ခဲ့သို့ ဂျင်းဘောင်းဘီနှင့် ခြေအိတ်အဖြူကို ဝတ်ထားပြီး ရီခါကဲ့သို့ ချစ်စဖွယ် မျက်နှာမျိုးရှိသည်။ သူမ၏ ကောလိပ်ကျောင်းသားအရွယ် ဝတ်ဆုံများက ယခုအရွယ်ရောက်ချိန်အထိ လိုက်ဖက်ညီတုန်းဟု ခံစားရသည်။
“မင်းအိမ်ကဘယ်နားမှာလည်း?”
ဂျယ်ဂန်း လမ်းပြန်လျောက်ရင်းမေးလိုက်သည်။
အစောကမတော်တဆကိစ္စကြောင့် မျက်နှာအနည်းငယ်နီနေသော ဆိုမီက ချက်ချင်းပြန်ဖြေသည်။
“ကျွန်မက နော်ရန်ဂျင်မှာ”
“ဒါဆို စင်ဒိုရင်ထိအတူသွားလို့ရသေးတာပေါ့”
“တက္ကစီစီးပြီးသွားရင် ပိုအဆင်ပြေလောက်မယ်”
“ကျွန်တော်တော့ မြောအောက်ရထားနဲ့သွားရတာပိုကြိုက်တယ်။ တွေ့ဆုံတဲ့သူတွေအကုန်လုံးက စာရေးဖို့အတွက် အကြောင်းအရာအသစ်တွေချည်းပဲလေ။ တက္ကစီနောက်ခန်းမှာတွေ့ရတဲ့ အရာတွေထက် မြေအောက်ရထားမှာတွေ့ရမှာတွေက ပိုများတယ်”
“ဒါပေါ့ ဆရာဟာက တကယ့်ကို စာရေးဆရာပဲ”
“ငါတစ်ယောက်တည်း ဒီလိုမဟုတ်လောက်ပါဘူး”
မြေအောက်ရထားက လူအတော်လေးကျဲပါးသော်လည်း ထိုင်ဖို့နေရာများက ပြည့်နေသည်။ ဂျယ်ဂန်း လက်ကိုင်တန်းကို ကိုင်ရင်းမေးလိုက်သည်။
“မင်း နော်ရန်ဂျင်မှာပဲ မွေးတာလား”
“မဟုတ်ဘူး ကျွန်မမွေးရပ်မြေက အရှေ့ပင်လယ်က”
“အိုး ပင်လယ်ကိုမြင်ရတဲ့ နေရာမှာမွေးခဲ့တာပေါ့ မိုက်တယ်။ အရှေ့ပင်လယ်ရဲ့ဘယ်နားလည်း အဲ့မှာပင်လယ်တွေအများကြီးပဲလား”
“အဲ့တာက အရှေ့ပင်လယ်ခရိုင်ပါ အရှေ့ပင်လယ်ကိုအစွဲပြုထားပြီး အရှေ့ပင်လယ်ခရိုင်ဆိုပြီး ဖွဲ့ထားတာ အောက်ဘက်မှာ ကန်လန် နဲ့ အထက်ဘက်မှာ ဆမ်ချွတ်တို့ရှိသေးတယ်”
“အာ ဒီလိုကိုး”
မြေအောက်ရထားပေါ်တွင် လူနှစ်ဦးက အကြောင်းပေါင်းစုံ ပြောနေကြသည်။ သူတို့တွေသည် စာရေးဆရာ ရှုထောင့် ကော အယ်ဒီတာရှုထောင့်ကောမပါ စာရေးသည့်အကြောင်းများလည်း မပြောပဲ လူနှစ်ဦး၏ဘဝအကြောင်းကိုသာ ပြောနေကြသည်။ တစ်ခါတစ်ရံ ရယ်စရာကိစ္စများ ပါလာသောအခါ ဆိုမီက ပါးစပ်ကိုကာ၍ ရယ်လေ့ရှိသည်။
စင်ဒိုရင်ဘူတာသို့ရောက်သောအခါ နှစ်ယောက်လုံးဆင်းလိုက်ကြသည်။
နှုတ်ဆက်ရမည့်အချိန်ဖြစ်သည်။ သူတို့သွားရမည့် ပလက်ဖောင်းကိုကျောပေးရပ်နေရင်း ခေါင်းညိတ်ပြလိုက်ကြသည်။
“ဂရုစိုက်ပြီးပြန်ပါ”
“ဟုတ်ကဲ့ ဆရာဟာလည်း ဂရုစိုက်ပြန်ပါ။”
ဂျယ်ဂန်းလှည့်ထွက်သွားသည်။
ဆိုမီက ရပ်နေရင်းဂျယ်ဂန်း၏ကျောပြင်ကိုကြည့်နေသည်။ ထို့နောက် သူမတစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမ၏ပါးစပ်ကိုဟလိုက်သည်။
“စာရေးဆရာ ဟာဂျယ်ဂန်း!”
လူအုပ်ကြားထဲမှနေ၍ ခေါ်သံကိုကြားလိုက်သဖြင့် ဂျယ်ဂန်းလှည့်ကြည့်လိုက်သည်။
အရက်ရှိန်ဖြင့် သူမ လက်နှစ်ဖက်ကိုအတူတွဲလိုက်ပြီး အော်လိုက်သည်။
“ပိုပြီးအောင်မြင်ပါစေ စာရေးဆရာဟာ, အံ့မခန်းလက်ရာတွေကိုလည်း ထပ်ခါထပ်ခါ ထုတ်ဝေနိုင်ပါစေ!”
ဂျယ်ဂန်းမျက်နှာဖြူသွားသည်။ ထို့နောက် ရှက်ပြုံးပြုံးကာ လက်မြှောက်ပြလိုက်သည်။ ဆိုမီက တောက်ပသောအပြုံးဖြင့် လက်ဝှေ့ယမ်းပြီးနောက်ဆုံးတွင် လှည့်ထွက်ကာ လူအုပ်ကြားတွင်ပျောက်ကွယ်သွားသည်။
‘အရက်ကြောင့် တစ်ရက်နားဖို့စီစဉ်ထားတာ ဖျက်သိမ်းရတော့မှာပဲ”
ဆိုမီ၏အားပေးစကားကြောင့် သူ၏အစီစဉ်ကို ပြောင်းလဲလိုက်သည်။
ဂျယ်ဂန်း ကုန်စုံဆိုင်သို့ဝင်ကာ အရက်နာပျောက်ဆေးကိုဝယ်လိုက်သည်။ ထို့နောက် ရီခါသူ့ကို စောင့်နေမည်ဖြစ်သော သူ၏အလုပ်နေရာသို့ဦးတည်လိုက်သည်။
….
“ညစာအဆင်သင့်ဖြစ်ပါပြီ ဆရာ”
“ငါအခုမစားချင်သေးဘူး ထားခဲ့လိုက် ပြီးမှကိုယ့်ဘာသာစားလိုက်မယ်”
အိမ်စေအမျိုးသမီးက ခေါင်းငုံ့ကာထွက်သွားသည်။
မြောင်ဟွန်း၏ မျက်လုံးများက မော်နီတာစခရင်တွင်သာ ရှိနေသည်။ ဒစ်ဂျစ်တယ် စာပေဆုပြိုင်ပွဲအတွက် သူရေးထားသောဇာတ်လမ်းကို တစ်နေကုန်ပြန်စစ်နေခြင်းဖြစ်သည်။
‘တကယ်ကောင်းတယ် ဖတ်ရတာစိတ်ရွင်စေတယ် ခုထိ ငါရေးခဲ့တဲ့အထဲမှာ အကောင်းဆုံးပဲ’
မြောင်ဟွန်းကိုယ့်ကိုကိုယ် ချွေးသိပ်နေခြင်းဖြစ်သည်။ တကယ်ကို သူခေါင်းရှုပ်နေသည်။ သူ့ဇာတ်လမ်းတွင် တစ်ခုခုလစ်ဟာနေသော ခံစားချက်ကို မပယ်ဖျက်နိုင်သေးပါ။
စာအုပ်နာမည်က ‘ဆိုးလ်မြို့၏ အထီးကျန်လူသား’ ဖြစ်ပြီး အာဏာရှိသော ရှေ့နေ့တစ်လူငယ် တစ်ယောက်နှင့် စက်ရုံတစ်ခုတွင်အလုပ်လုပ်နေသော မိဘမဲ့ မိန်းကလေးတစ်ယောက်၏ အချစ်ဇာတ်လမ်းဖြစ်သည်။
မြောင်ဟွန်းသူ၏ကလောင်နာမည်ကို “အန်းဆွန်းဝို” ဟုပေးထားသည်။
ဒိုင်လူကြီးများ၏ ဆုံးဖြတ်နိုင်မှုကြောင့်မဟုတ်ပဲ သူ၏နည်းပါးသော ယုံကြည်ချက်ကြောင့် ဖြစ်သည်။ သူ့အနေဖြင့် သူ၏ ကိုယ်ပိုင် ကလောင်နာမည်ကို ထည့်ရန်အတွက် ယုံကြည်ချက်မရှိပါ။
“မြောင်ဟွန်း ညစာမစားဘဲ ဘာလုပ်နေတာလဲ။”
“အာ အစ်ကို”
မြောင်ဟွန်း သူ၏ခုံကို လှည့်လိုက်ပြီး ပျော်ရွင်သောမျက်နှာထားဖြစ်သွားသည်။
သူ့ထက် အသက်ကိုးနှစ်ကျော်ကြီးသော အကိုဖြစ်သူ အိုမြောင်ဆွတ်က အခန်းထဲဝင်လာသည်။
မြောင်ဟွန်း၏ ရုံးခန်းထဲသို့ ခွင့်မတောင်းပဲဝင်ခွင့်ရှိသော တစ်ယောက်တည်းသောလူလည်းဖြစ်သည်။
“မိသားစုတွေ အတူရှိနေတာဆိုတော့ တူတူစားကြတာပေါ့”
“ကျွန်တော့အတွက် ညစာက ကိစ္စမရှိပါဘူးအကို။ ‘ဆိုးလ်မြို့၏ အထီးကျန်လူသား’ စာအုပ်ကို ဖတ်ကြည့်ပြီးပြီလားအကို”
“အင်း”
“ဘယ်လိုနေလည်း? တော်တော်လေးကောင်းတယ်မလား?”
မြောင်ဆွတ်က ဖခင်ဖြစ်သူ၏ ကုမ္ပဏီတွင် အယ်ဒီတာဝင်လုပ်နေခြင်းဖြစ်သည်။ သူသည် အမြဲ အလုပ်ကို ပိုလုပ်ရန်လိုအပ်သည်ဟု အမြဲခံယူထားသူလည်းဖြစ်သည်။ စာအုပ်များကို အချိန်ကြာမြင့်စွာရေးခဲ့ဖူးပြီး ရှင်ချွန်မူယဲ ( နာမည်ကျော် စာပေမဂ္ဂဇင်း) တွင်တောင် သူ၏လက်ရာများ ထည့်သွင်းခံခဲ့ရဖူးသူလည်းဖြစ်သည်။
မြောင်ဆွတ်က မတွေဝေပဲ ချက်ချင်းပြန်ပြောလိုက်သည်။
“ဇာတ်ကောင်တွေက အလေးအနက်မရှိဘူး ပြီးတော့ ဇာတ်လိုက်ကလည်း ရှေ့နေဖြစ်တာကို ကြွားလုံးထုတ်နေသလိုပဲ `ငါက ဒီလိုလူစားမျိုးပဲ ဒါကြောင့်စက်ရုံမှာအလုပ်လုပ်နေတဲ့ မင်းလိုမိန်းကလေးက ငါနဲ့တွေ့ရတာကို ပျော်လိုက်ပါ` ဆိုတဲ့ခံစားချက်မျိုးပဲ အရင်းရှင်ဝါဒ ဆန်တယ်”
မြောင်ဟွန်းမျက်နှာမဲသွားသည်။
သူအတော်လေးအားစိုက်ထုတ်ပြီးရေးထားသောကြောင့် ယခုကဲ့သို့ ဝေဖန်ချက်မျိုး ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
မြောင်ဆွတ်၏ ပြတ်သားသော ဝေဖန်ချက်များက ဆက်လက်ထွက်ပေါ်လာသည်။
“အလေးနက်မရှိပဲ အပေါ်ယံဆန်လွန်းတယ် အဲ့ဒါက အဓိကအားနည်းချက်ပဲ။ မိန်းကလေးဇာတ်ကောင်ကလည်း ပုံစံမကျပါဘူးကွာ။ ဒီခေတ်ကြီးမှာ နေ့လည်စာထမင်းခိုးစားလို့ စိုးရိမ်နေတဲ့လူဆိုတာ ဘယ်လိုလူစားမျိုးလည်း? ဒါက အရမ်းပိုလွန်းနေတာပဲမလား ပြီးတော့ မင်းဒီကိစ္စကို အလုပ်သမားတွေကို မေးပြီးမှရေးထားတာလား? သူတို့ဘယ်အချိန် အလုပ်လုပ်လည်း ဘယ်အချိန်နားလည်း ဘယ်အချိန်ပြန်တယ်ဆိုတာကိုရော? မင်းအဲ့တာတွေ လေ့လာကြည့်ဖူးလား?”
“မဟုတ်ဘူး အဲ… ကျွန်တော် လိုင်းပေါ်ကပဲရှာကြည့်ခဲ့တာ။ ပြီးတော့ အရေးမကြီးတဲ့ကိစ္စမလား ကျွန်တော် အခုတောင် အလုပ်တွေရှုပ်နေတာလေ”
“အဲ့တာက မင်းရဲ့ စာအရေးအသားမှာရှိတဲ့ ပြဿနာပဲ မြောင်ဟွန်း”
မြောင်ဆွတ် သက်ပြင်းမောကြီးချလိုက်သည်။
သူ့ရဲ့ညီက သာမန်ထက်ပိုကောင်းတဲ့ ဘဝကိုသာအမြဲထိတွေ့နေခဲ့ရသည်။ ဒါက သူ့ကို ခက်ခဲပြီး ငြီးငွေ့ဖွယ်ရာကောင်းသည့် စာရေးဆရာတစ်ယောက်၏ အတွေ့အကြုံကို မေ့လျှော့နေစေသေည်။
မြောင်ဟွန်းထရပ်ကာ အကိုဖြစ်သူ၏ ပုခုံးနှစ်ဖက်ကို လှုပ်ယမ်းရင်း တောင်းဆိုလိုက်သည်။
“အကို ကုမ္ပဏီကကိစ္စတွေ စီစဉ်ပြီးသားမလား? အချိန်ရရင် ကျွန်တော့်ကို ကူညီပေးပါဦး”
“ငါမကူညီခဲ့လို့လား? ဒါပေမယ့် မင်းက ဒါအကူညီတောင်းတာမဟုတ်တော့ဘူး လုံးဝကို ရေးခိုင်းနေတာပဲ။ မင်းဒါကို ဘာအတွက်သုံးမှာလဲ? ပြိုင်ပွဲတစ်ခုခု ဝင်ပြိုင်ဖို့လား?”
“ဒါက လျှို့ဝှက်ချက်ပြ။ နောက်ကျပြောပြမယ်လေ။ အာ အကို ကျွန်တော်မသိတဲ့အပိုင်းတွေကို ကူပြင်ပေးပါဦး ဒါက ပြည့်စုံဖို့အတွက်အရေးကြီးတဲ့ လက်ရာတစ်ခုပဲ နော် ကူညီပါ”
“အာာာ, မြောင်ဟွန်း…”
မြောင်ဆွတ် သူ၏နဖူးကိုပွတ်ရင်း စကားများပျောက်ဆုံးနေသည်။
ညီဖြစ်သူ၏တောင်းဆိုမှုက သူ့ကို အယ်ဒီတာတစ်ယောက်အနေနဲ့ကော စာရေးဆရာတစ်ဦးအနေဖြင့်ပါ ကိုယ်ကျင့်တရားကို ထိခိုက်စေသည်။
သူအရွယ်ရောက်ပြီး ရင့်ကျက်လာသောအခါ ကိုယ့်အားကိုယ်ကိုးပြီးရေးသားလာမည်ဟု မျှော်လင့်ထားသော်လည်း ယခုအချိန်ထိ ပေါ့ပျက်ပျက်ဖြစ်နေဆဲပင်။ ဒါက တကယ်ကို စိတ်ပျက်ဖွယ်ကောင်းသည်။
“ဒီတစ်ခါနောက်ဆုံးပဲနော်”
မြောင်ဆွတ်က သူ့လက်ညှိုးကိုထောင်ပြလိုက်သည်။
မြောင်ဟွန်းရယ်လိုက်ပြီးသူ့လက်မနှစ်ချောင်းကိုထောင်ပြလိုက်သည်။
“ကျွန်တော်ဒါကိုမမေ့ပါဘူး”
“တော်စမ်းပါ လူမိုက်ကောင်, ဆင်းလာပြီး ထမင်းစားတော့”
“ဒါကို အဖေ့ကို ပြန်မပြောနဲ့နော်”
“မင်း အခုမဆင်းလာရင် ငါသွားပြောလိုက်မယ်”
မြောင်ဟွန်း မြောင်ဆွတ်နောက်မှ ပြေးလိုက်သွားသည်။ သူ စိုးရိမ်ဖို့မလိုတောါပါ။ သူ့အကိုက ကူညီပေးမည်ဖြစ်သောကြောင့် ထူးခြားကောင်းမွန်သော လက်ရာတစ်ခုဖြစ်လာတော့မှာဖြစ်သည်။