အခန်း (၂၆)
Vol. 3 Ch. 26
“ဆိုဂျူးပုလင်းလာယူတာလား ကျွန်မ..”
“မင်းက အယ်ဒီတာတစ်ယောက်ပဲ”
“အင်း?”
ဂျယ်ဂန်းလက်ဆန့်ပြီး ဆိုမီကိုင်ထားသော ပုလင်းများကို ယူလိုက်သည်။ သူလုံးဝ ထုတ်ပြောမိတော့ မလိုဖြစ်သွားပေမယ့်လည်း ဆိုမီရှက်သွားမည်စိုးသောကြောင့် စကားကို ထိန်းလိုက်သည်။
‘ခုကဘယ်ခေတ်ပဲရောက်နေပြီလည်း…’
ဆိုမီက ဂျူနီယာတစ်ယောက်ပဲဆိုရင်တောင် အယ်ဒီတာဖြစ်တစ်ယောက်ဖြစ်နေသေးသည်။
အခုက ကိုးဆယ်ခုနှစ်တွေမှမဟုတ်တော့ပဲ သူဘာကြောင့် ဆိုမီက စားပွဲထိုး လုပ်နေရလည်းဆိုတာကို နားမလည်သလို မြင်လည်းမမြင်ချင်ပါ။
ဂျယ်ဂန်း ဆိုမီ့ဆီမှပုလင်းများအားလုံးကို ယူပြီးရင်ဘက်ထဲပိုက်လိုက်သည်။ အဖြစ်ပျက်များကို အဝေးမှနေ၍မြင်သောအခါ လက်ထောက်မန်နေဂျာဂိုက ရှက်ရွံ့ပြီး နေရခက်နေသော မျက်နှာထားဖြင့် အလျင်အမြန် အပြေးလာသည်။
“စာရေးဆရာဟာ, မင်းပုလင်းတွေသယ်ဖို့ အလုပ်သမားတစ်ယောက်ယောက်ကို ပြောလိုက်ရင်ရပါတယ်။ ကိုယ်တိုင်လာယူဖို့မလိုပါဘူး”
လက်ထောက်မန်နေဂျာဂိုက ရွေးချယ်စရာမရှိပဲ ထိုစကားများကိုပြောလိုက်ရသည်။
သူ့အနေဖြင့် ရောင်းအားကောင်းသော စာရေးဆရာတစ်ယောက်ကို ဒေါသထွက်အောင် သွားမရှုပ်သင့်ပါ။ ဒါက သူတို့လိုထုတ်ဝေရေးဝန်ထန်းများသိထားရမည့် အခြေခံအချက်တစ်ခုလည်း ဖြစ်သည်။
ဂျယ်ဂန်းက ပုံမှန်အတိုင်းအမူအရာဖြင့် ခါးကွေးပြီးစကားပြောနေသော ဂိုမျိုးရိုးကိုကြည့်ပြီး ပြောလိုက်သည်။
“ငါဆိုမီကိုခေါ်သွားလို့ရတယ်မလား သူမက ငါ့ရဲ့အယ်ဒီတာဆိုတော့ စာအုပ်နဲ့ပတ်သက်ပြီး တစ်ချို့ဆွေးနွေးစရာလေးတွေရှိတယ်”
“ဒါ ဒါပေါ့ ဆိုမီ စာရေးဆရာဟာနဲ့ စကားပြောလိုက်ပါဦး”
လက်ထောက်မန်နေဂျာဂိုက ခေါင်းကိုအကြိမ်များစွာငြိမ့်ပြီး ပြန်ဖြေလိုက်သည်။
ပုလင်းများကို ရင်ဘက်တွင်ပိုက်၍သယ်ထားရင်း ဆိုမီ၏ပုခုံးကို သူ့ပုခုံးဖြင့် ထိလိုက်သည်။
“သွားကြရအောင်”
“ဟုတ်, ဟုတ်ကဲ့”
အခြေအနေကိုကြည့်နေဆဲဆိုမီက မဝံ့မရဲဖြင့် ဂျယ်ဂန်းနောက်သို့လိုက်သွားသည်။ သူမ ဖိနပ်ချွတ်ပြီး စားသောက်ဆိုင်ထိုင်ခုံများဆီသို့သွားတာကိုကြည့်ရင်း လက်ထောက်ဂိုက စိတ်ပျက်လက်ပျက်ဖြင့် နဖူးတစ်ချက်တွန့်လိုက်သည်။
“လက်ထောက်ဂို”
“အာ, အယ်ဒီတာ!”
လက်ထောက်ဂို အံ့အားတကြီးလှည့်ကြည့်လိုက်သောအခါ အလုပ်နောက်ကျမှဆင်းလာသော တဲဝမ်က သူ၏နောက်တွင်မတ်တပ်ရပ်နေသည်။
“အခုမှရောက်လာတာလား။ လမ်းမှာကားတွေအရမ်းပိတ်နေလို့လားဆရာ”
“ငါမင်းကို အရင်ကလည်းပြောခဲ့ပြီးပြီမလား?”
တဲဝမ် ဂိုမျိုးရိုး၏အမေးကို လျစ်လျူရှုရင်းပြောလိုက်သည်။
လက်ထောက်ဂိုက သူပြောသည်ကို နားမလည်သကဲ့သို့ မျက်တောင် ပုတ်ခက် ပုတ်ခက်လုပ်နေသည်။ တဲဝမ် ဂျယ်ဂန်းနှင့် ဆိုမီတို့ထိုင်လိုက်သည်ကိုကြည့်ရင်း သူ့စကားကို ဆက်လိုက်သည်။
“တကယ်လို့ မင်းဆိုမီ့ကို သူမရဲ့အလုပ်နဲ့မဆိုင်တာတစ်ခုခုထပ်ခိုင်းမယ်ဆို မင်းဘက်က အလုပ်ထွက်ဖို့ အသင့်ပြင်ထားလိုက်တော့။”
ဂို တုန်လှုပ်သွားသည်။
သူလုပ်သက်နှစ်နှစ်အတွင်း အယ်ဒီတာ၏ယခုမျက်နှာမျိုးကို မမြင်ဖူးခဲ့ပါ။ ဝန်ထမ်းများကို အဆင်ပြေပြေအမြဲဂရုတစ်စိုက်ရှိသော ဒီလူက ယခုသူ့ကို အေးစက်သောမျက်ဝန်းအစုံဖြင့် ကြည့်နေသည်။
“မင်းငါပြောတာနားလည်တယ်မလား?”
တဲဝမ် လျောကျနေသော မျက်မှန်ကို ပင့်တင်ရင်း မေးလိုက်သည်။
လက်ထောက်ဂို မသိစိတ်ဖြင့် တံတွေးတစ်ချက်မြိုချလိုက်ပြီး အရှက်တရားကြောင့် ပူလောင်နေသော သူ၏မျက်နှာကို အောက်ငုံ့ကာ ပြန်ဖြေလိုက်သည်။
“ဟုတ် ဟုတ်ကဲ့ နောင်မှာဒါမျိုးလုံးဝထပ်မဖြစ်စေရပါဘူး”
“သွား ကိုယ့်အလုပ်ကိုယ်လုပ်တော့”
လက်ထောက်ဂို ကြောက်လန့်တကြားဖြင့် လှည့်ထွက်သွားသည်။
တဲဝမ်ထိုနေရာတွင်ဆက်ရပ်နေရင်း ဂျယ်ဂန်းကိုကြည့်ကာ အတွေးထဲနစ်မြှပ်နေသည်။
‘ငါဒီနေ့ ရပ်လိုက်သင့်ပြီလား’
ဂျယ်ဂန်းနှင့် နောက်ထပ်စာချုပ်အကြောင်း စကားစရန်အတွက် ဒီနေရာတွင် တိတ်တဆိတ်စီစဉ်ထားသည်။ ကိုယ်စားလှယ်၏ ဘာဖြစ်ဖြစ် ဂျယ်ဂန်းနှင့် စာချုပ်ရအောင်ချုပ် ဆိုသော စကားကြောင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူရပ်လိုက်ပြီဖြစ်သည်။ ဂျယ်ဂန်း၏ ဒစ်ဂျစ်တယ်ပြိုင်ပွဲတွင် ပါဝင်မည့် ဆုံဖြတ်ချက်ကို လေးစားရမည်မဟုတ်လား။ အဆင့်များ စာအုပ်စီးရီး၏ ရောင်းအားဖြင့်လည်း မျှော်မှန်းထားသည်ထက် ပိုသောရလာဒ်များကို ထပ်ပြီးရနိုင်သေးသည်။
‘နောက်ထပ်စာချုပ်အကြောင်းကို စကားခေါ်ပြီးသားဆိုတော့ ပြိုင်ပွဲပြီးမှပြောလည်း နောက်မကျပါဘူး’
သူ ဂျယ်ဂန်းကို ပုဂ္ဂိုလ်ရေးအရ ယုံကြည်သည်။ ထို့နောက် ရောက်မလာသေးသော စာရေးဆရာများကို ကြိုဆိုရန်အတွက် စားသောက်ဆိုင်ရှေ့ရှိ ကားပါကင်သို့ထွက်သွားသည်။
“နောက်တစ်ခွက်လောက်သောက်ပါဦး သောက်နိုင်သေးတယ်မလားဆရာ”
“ဆရာ့နာမည်ရင်းက ဟာဂျယ်ဂန်းမလား ဒီလိုမျိုး အနီးကကြည့်တော့ အတော်လေးချောတာပဲ ရုပ်ချောတယ်လို့ ခနခန အပြောမခံရဘူးလား”
ဘေးတွင်ထိုင်နေသော အမျိုးသမီးစာရေးဆရာနှစ်ယောက်က ဂျယ်ဂန်းကို မေးခွန်းများဆက်တိုက်မေးနေကြသည်။ လူတိုင်း၏မျက်နှာက အရက်တန်ခိုးဖြင့် နီနေကြပြီဖြစ်သည်။
စာရေးဆရာများတွေ့ဆုံပွဲ စတင်တာ နှစ်နာရီကြာပြီဖြစ်သည်။
လက်ရှိတွင် သူ့နေရာ ငါ့နေရာဟူ၍မရှိတော့ပါ။
အရက်မူးနေပြီဖြစ်သော စာရေးဆရာများက ပုလင်းများကိုကိုင်ကာ တစ်ယောက်နှင့် တစ်ယောက် လိုက်နှုတ်ဆက်နေကြသည်။ တကယ်ကို ရှုပ်ထွေးနေသောအခြေနေပင်။
ထိုအချိန်မှာပဲ အုပ်စုနှစ်ခုက ထင်းနေသည်။
ဘယ်ဘက်တွင် ဟာဂျယ်ဂန်းနှင့် အခြားစိတ်ကူးယဉ်စာပေ ဝတ္ထုဆရာများကတစ်အုပ်စု ညာဘက်တွင် မြောင်ဟွန်းနှင့် အချစ်စာပေ ဝတ္ထုဆရာများက တစ်အုပ်စုဆီဖြစ်သည်။
‘တကယ်ကို အသံကျယ်တာပဲ !’
ဆူညံနေသော ဂျယ်ဂန်းတို့အုပ်စုကိုကြည့်ရင်း မြောင်ဟွန်းသွားကြိတ်လိုက်သည်။ အတော်ကြာတည်းက သူစိတ်အနှောင့်ယှက်ဖြစ်နေခဲ့သည်။
ဂျယ်ဂန်း၏ ယုံကြည်ချက်ကျဆင်းစေရန်အတွက် ဒီနေရာကိုလာခဲ့ခြင်းဖြစ်သည်။
သို့သော်သူမအောင်မြင်ခဲ့ပါ။ ဂျယ်ဂန်းကလည်း သူ့ကဲ့သို့ စာရေးဆရာတစ်စု၏ အာရုံစိုက်ခြင်းကိုရရှိနေသည်။ ဂျယ်ဂန်း၏ စာရေးဆရာအုပ်စုက သူ့လောက်နီးနီးရှိသည်ကို သူလက်သင့်မခံနိုင်။
“စာရေးဆရာအို, နောက်ထပ်စာချုပ်တွေမှာလည်း အချစ်ဝတ္ထုပဲရေးသွားမှာလားရှင့်”
သူ့ဘေးနားရှိအမျိုးသမီးစာရေးဆရာတစ်ယောက်က ကျီစယ်သောအမူအရာဖြင့် မျက်လုံးချင်းဆုံပြီး မေးလိုက်သည်။
မြောင်ဟွန်း၏ ချောမောသောရုပ်ရည်နှင့် များပြားသောချမ်းသာမှုများက အမျိုးသမီးစာရေးဆရာတစ်စုကို ဆွဲဆောင်ထားပြီး သူ၏အနားမှ မထွက်ခွာပဲ ပတ်ဝန်းကျင်တွင်ရှိနေကြဆဲဖြစ်သည်။
“စာရေးဆရာအို, ကျွန်မပြောတာကြားရဲ့လားရှင်?”
မြောင်ဟွန်း ထိုအမျိုးသမီးစာရေးဆရာ၏ အမေးကို လျစ်လျူရှု၍ထရပ်လိုက်သည်။ ဒီလိုမျိုး စာရေးဆရာများတွေ့ဆုံပွဲကို ပြီးဆုံးသွားခွင့်မပြုနိုင်ပါ။
‘မင်းက ကိုယ်တိုင်မပြိုလဲဘူးဆိုတော့ ငါကိုယ်တိုင် တံမျက်စည်းယူပြီးလှည်းထုတ်ပေးရတာပေါ့’
“အယ် ဆရာအိုလည်း ဒီကိုလာတာလား”
မြောင်ဟွန်းဘေးမှ ဂျယ်ဂန်းဆီသို့ အရင်ရောက်လာခဲ့သော အမျိုးသမီးစာရေးဆရာက သူ့ကိုမြင်၍ လှမ်းမေးလိုက်သည်။ ထိုစကားကြောင့် ဂျယ်ဂန်းခေါင်းမော့ကြည့်လိုက်သည်။
“အိုမြောင်ဟွန်းလား မင်းလည်းဒီရောက်လာတာလား”
“အဲ့တာငါလည်း မင်းကိုမေးချင်နေတာကွ မင်းကိုခုမှမြင်တာ”
အကြည့်များက လေထဲတွင်ဆုံသွားကြသည်။
နှစ်ယောက်လုံး၏ အကြည့်များအောက်တွင် အတုယောင်ဆန်သော အပြုံးများကို ကိုယ်စီ ဖုန်းကွယ်ထားကြသည်။
သူတို့ပတ်ဝန်းကျင်ရှိစာရေးဆရာများက ‘သူတို့တစ်ယောက်ကိုတစ်ယောက်သိကြတာလား?’ ‘သူငယ်ချင်းတွေ ဖြစ်မယ်’ စသည်ဖြင့် တီးတိုးပြောနေကြသည်။
“ဒီမှာထိုင်ပါ စာရေးဆရာ အို”
“ကျေးဇူးပါ”
ဂျယ်ဂန်း၏ မျက်နှာချင်းဆိုင်ရှိ ဆိုမီက နေရာရွေ့ပေးလိုက်သည်။ မြောင်ဟွန်းက ပေါ့ပေါ့ပါးပါးထိုင်ချလိုက်ပြီး ပုလင်းကို ဂျယ်ဂန်းဘက်သို့ကမ်းလိုက်သည်။
“မင်းနဲ့တွေ့မယ်လို့မထင်ထားခဲ့ဘူး အထူးသဖြင့် ဒီလိုနေရာမျိုးမှာပေါ့ကွာ”
မြောင်ဟွန်း “ဒီလိုနေရာမျိုးမှာ” ဟူသော စကားလုံးကို အလေးပေး၍အတန်ငယ် ဖိပြောလိုက်သည်။
ဂျယ်ဂန်း အသာပြုံးပြလိုက်ပြီး ပုလင်းကိုလှမ်းယူလိုက်သည်။ ယခုအချိန်တွင် မြောင်ဟွန်း၏ လှုံ့ဆော်မှုများကြောင့် သူ့အနေဖြင့် စိတ်ရှုပ်စရာအကြောင်းမရှိပေ။
“မင်းအဆင်ပြေနေပြီဆို? ငါကြားပါတယ်”
“ကံကောင်းလို့ပေါ့ကွာ မင်းရောဘယ်လိုလည်း”
“ပြောမနေပါနဲ့တော့ကွာ၊ စာအုပ်စီးရီးကို ဒရာမာပြန်ရိုက်ရတာ လုံးဝကို မလွယ်ကူတာ က ကနေ အ အထိ လုံးဝကိုမတူတဲ့ ကမ္ဘာတစ်ခုပဲ”
မြောင်ဟွန်းက သူ့ကိုယ်သူ အမွန်းတင်ကာ ပတ်ဝန်းကျင်ရှိခံစားချက်များကို ထိန်းချုပ်ရန်ကြိုးစားနေပြီဆိုတာကို ဂျယ်ဂန်း သတိထားမိလိုက်သည်။ ထို့ကြောင့် ဘာမှပြန်မပြောပဲပြုံးကာ သောက်လိုက်သည်။
“အဲ့ဒါက အဲ့ဒါပေါ့ ဒါနဲ့ မင်းက အချိန်တိုအတွင်းမှာ အများကြီး ထုတ်ဝေလိုက်တာပဲ မင်း ကြယ်ပွင့်စာပေကနေ ထုတ်ဝေခဲ့တဲ့ စိတ်ကူးယဉ်ဝတ္ထုစီးရီးနှစ်ခုက တစ်မျိုးကို ဆယ်အုပ်စီဖြစ်သွားတယ်ဆို”
“အင်း ကောင်းကောင်းရေးနိုင်တုန်းမလိုပါ”
“အင်းပေါ့ စိတ်ကူးယဉ်ဝတ္ထုက အမြန်ချရေးဖို့လွယ်တာကိုး။ အတွင်းကျကျ စဉ်းစားစရာ အကြောင်းမရှိဘူးလေ”
မြောင်ဟွန်းက အရာအားလုံးကို သိနေသည့်အလား ခေါင်းတညိတ်ညိတ်ဖြင့်ပြောလိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ စာရေးဆရာများသည် သူတို့၏ မကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ကြတော့ပေ။ ထိုအချိန်တွင် သူတို့၏ ကိုယ်စားလှယ်အဖြစ် ဂျယ်ဂန်းက လက်ဝှေ့ယမ်းပြပြီး ပြန်ဖြေလိုက်သည်။
“မင်းက စိတ်ကူးယဉ်ဝတ္ထုကို တစ်ခါမှမရေးဘူးတော့ ဘယ်သိနိုင်မှာလည်း”
မြောင်ဟွန်း မျက်နှာတင်းကနဲဖြစ်သွားသည်။ အတိတ်ကလို ခပ်ချဉ်ချဉ်သာပြန်ပြုံးပြတတ်သော ဂျယ်ဂန်းနှင့်မတူ ယခုဂျယ်ဂန်းက ချက်ချင်းပင်ခွန်းတုန့်ပြန်လိုက်သည်။
“ဟား ဟား ငါမရေးဖူးတာတော့အမှန်ပဲ ဒါပေမယ့် စိတ်ကူးယဉ်ဝတ္ထုဆိုတာ စိတ်ကူးရရင် အမြန်ချရေးလို့ရတာမဟုတ်ဘူးလား”
“မဟုတ်ဘူး မြောင်ဟွန်း မင်းတစ်ခါမှ မကြိုးစားဘူးပဲဘယ်သိမှာလည်း? မင်းရဲ့ အတွေးက စာရေးဆရာတစ်ယောက်အတွက် ပေါ့ဆတဲ့အတွေးပဲနော်။ မင်းစာရေးဆရာတစ်ယောက် မဟုတ်ဘူးလား”
မြောင်ဟွန်းနှာခေါင်းရှုံ့လိုက်သည်။ ဂျယ်ဂန်းက သူကဲ့သို့ပင် ပရိရယ်သုံးကာပျက်ရယ်ပြုသည့်အခါ သုံးသော စကားပြောဟန်အတိုင်း သူ့ကိုပြန်လည်သုံးနှုန်းနေသည်။
ဂျယ်ဂန်းက တစ်ချက်ကလေးမှ မျက်နှာမပျက်သွားပဲ ပုလင်းကို မြှောက်လိုက်သည်။
“နောက်တစ်ခွက်လောက် သောက်မလား”
“မသောက်တော့ဘူး ငါကားယူလာတာ အပြန်ကားမောင်းရဦးမယ်”
မြောင်ဟွန်း လက်ခါပြရင်း ပြန်ဖြေလိုက်သည်။
မျက်နှာပေါ်တွင် အပြုံးကို ထိန်းသိမ်းထားနိုင်သေးသော်လည်း စိတ်ထဲတွင် ဒေါသပေါက်ကွဲနေပြီဖြစ်သည်။
တကယ်ကို အစော်ကားခံလိုက်ရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရှိ အခြားစာရေးဆရာများကတော့ ခံသင့်တယ်ဟူသောသဘောဖြင့် ပြုံးစိစိသာလုပ်နေကြသည်။
ထို့နောက် အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ငါက စာရေးဆရာတစ်ယောက်ပဲ။ စာရေးဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မထိပါးစေမယ့် အရည်သွေးရှိတဲ့ အလုပ်တစ်ခုကို ငါရေးနေတယ်”
“အော် ဟုတ်လား”
ဂျယ်ဂန်းက သူ၏ဘေးရှိ စာရေးဆရာတစ်ယောက်ကို အရက်ငှဲ့ပေးနေရင်း မေးသူမရှိပဲ ပြန်ဖြေနေသော မြောင်ဟွန်း၏စကားများကို စိတ်မပါတပါဖြင့် စကားထောက်ပေးလိုက်သည်။
“သိပ်မကြာခင်မှာ ဒစ်ဂျစ်တယ်ပြိုင်ပွဲတစ်ခုရှိတယ် တစ်ခြားဆုတွေကို အပိုင်သိမ်းပြီးပြီဆိုတော့ ဒီပြိုင်ပွဲကို အေးဆေးအနိုင်ရဖို့ယုံကြည်ချက်ရှိတယ်။ ငါ့ရဲ့အသက်မွေးဝမ်းကြောင်းလမ်းခရီးမှာ နောက်ထပ် အောင်မြင်မှုတစ်ခုထပ်တိုးမှာပေါ့”
မြောင်ဟွန်း ဒစ်ဂျစ်တယ်စာပေဆုဟု တိတိကျကျမပြောခဲ့ပေ။ သူမနိုင်ခဲ့ရင် ရှက်စရာမဟုတ်လား?
“စိတ်ကူးယဉ်ဝတ္ထုစာအုပ် ဆယ်အုပ်လောက်ရေးမယ့်အစား စာအုပ်တစ်အုပ်တည်းကိုပဲ အားစိုက်တဲ့ဖီလင်ကို မင်းစဉ်းစားကြည့်လိုက်။ မင်းကော ငါကောက အတူတူစာလေ့လာဖူးတဲ့ သူတွေပဲဆိုတော့ ဒီခံစားချက်ကိုမင်းသိပါတယ်။ အင်း မေ့နေပြီလားတော့ မပြောတတ်ဘူး။ မင်းက ဝတ္ထုတစ်ပုဒ်ကို အစစ်အမှန်လိုရေးတာဆိုတော့လေ”
လူနှစ်ယောက်ကြားရှိ တိုက်ပွဲကို သတိထားမိကြသော ဘေးနားရှိ စာရေးဆရာများက တိတ်တဆိတ်သာ အကဲခတ်နေကြသည်။ ဂျယ်ဂန်းက တိတ်ဆိတ်နေသော လေထုထဲတွင် မြောင်ဟွန်း၏အကြည့်များကို စိုက်ကြည့်လိုက်သည်။ ထို့နောက် မည်သည့်အရာမျှမဖြစ်ပျက်ခဲ့သည့်အလား ခွက်ကမ်းပေးလိုက်သည်။
“မင်း ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
သေးငယ်သော ဂုဏ်သိက္ခာလေးအတွက်ဖြင့် ကလေးဆန်သော အငြင်းအခုန်ကိုပြုလုပ်ရန် သူစိတ်မပါတော့ပါ။ စကားလုံးများဖြင့် ငြင်းခုန်နေမည့်အစား ကြိုးစားအားထုတ်မှုဖြင့်ရရှိလာသော ရလာဒ်သည်သာ တုံ့ပြန်မှုအစစ်အမှန်ဖြစ်သည်။
“ကျေးဇူးပါကွာ။ မင်းလည်းရောင်းကောင်းပါစေ”
ခွက်နှစ်လုံးကို ကွဲသွားမတတ် လေထဲတွင်တိုက်လိုက်ကြသည်။
အရက်များကို မျိုချရင်း နှစ်ယောက်သား အကြည့်များကို တစ်ယောက်နှင့် တစ်ယောက်မခွာခဲ့ကြပေ။