အံ့အားတကြီးဖြစ်သွားသောတောက်ရဲ့
Vol. 40 Ch. 552
အန်လင်းသည် ကြွားဝါရသော ခံစားချက်အား ချစ်ခင်မြတ်နိုးမိလာသလို ဖြစ်မိသည်။ သူ၏ရည်ရွယ်ချက်အပြင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များမှာ ကြွားဝါရန်လည်း လွန်စွာသင့်တော်လှသည်။
များပြားလှသော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား ကြွားဝါးပြီးသည့်နောက် သူသည် ခန္ဓာကိုယ် တစ်ခုလုံး နုပျိုတက်ကြွလာသလိုပင် ခံစားမိသောကြောင့် စိတ်ကျေနပ်စွာပြုံးရင်း သလင်းကျောက်များအား ပြန်လည်သိမ်းဆည်းလိုက်သည်။
မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပါသော်လည်း လူတိုင်းမှာ မူးနောက်နောက် ဖြစ်နေကြဆဲပင်။ ထိုသည်မှာ မျက်လုံးများ ပြူးကျယ်နေရခြင်းကြောင့်လား၊ သို့မဟုတ် နှလုံးသားများ တုန်ခါနေခြင်းကြောင့်လား ဆိုသည်ကို ဝေခွဲမရပေ။
လုဒုန်းဘင် တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို မရေလိုက်မိဘူး။ ဘယ်နခုလောက် ရှိနိုင်မလဲ။"
ချင်ရှန် မျက်ခုံးများကို နှိပ်နယ်ကာ တုံ့ပြန်လိုက်သည်။
"အခုလေးဆယ်မဟုတ်လား။"
"ဆယ့်လေးက ဆယ့်လေး၊ လေးဆယ်က လေးဆယ်ပဲ။"
လျှိုချူးချူးသည် ဦးနှောက်သွေးကြောများ ပြောင်းပြန်စီးကာ လောကအသိအမြင်များအား ပြန်လည်ချိန်ညှိရတော့မလို ဖြစ်သွားသည်။
လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘာလို့အဲ့လောက်တောင် ကွာခြားချက် ကြီးနေရတာလဲ.....
မိယ ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိသည်။ အန်လင်းမှ ဆင်းရဲသည်ဟု ဆိုခဲ့သောကြောင့် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့မိပါသော်လည်း ယခုတွင်မူ......
ထိုစကားသည် အပြည့်အဝ မှန်ကန်သည်ဟု ခံစားရသည်။ ကျိကျိတက် ချမ်းသာသော အန်လင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက သူမသည် ခွက်ပျောက်နေသော သူဖုန်းစားတစ်ယောက်လိုပင်။
"ကဲ.....ငါ့ရဲ့ရည်ရွယ်ချက်က ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာ စုဖို့ဆိုတာ မင်းတို့ယုံပြီမလား။ တကယ်လို့ မင်းတို့သာ ရွှေရောင်နယ်မြေအဆီအနှစ်ကို ရှာတွေ့ခဲ့ရင် ငါ့ဆီမှာ တခြားပစ္စည်းတွေနဲ့ လာလဲလို့ရတယ်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေရဲ့ သတ်မှတ်တန်ကြေးထက် ပိုပြီးပေးဖို့လည်း ဆန္ဒရှိတယ်။"
အန်လင်း ပြုံးကာကြေညာလိုက်သည်။
လုဒုန်းဘင် ခေါင်းညိတ်လိုက်သည်။ သူသည် အန်လင်း၏ စကားများကို မယုံကြည်ခဲ့ပါသော်လည်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တစ်ရာအား စုဆောင်းမည့် ရည်ရွယ်ချက်မှာ အမှန်တရားဖြစ်ကြောင်း သိရှိလိုက်ရသည်။
ဟူး.......ဟင်းလင်းပြင်မှအပြန်နဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကြားမှာ ဘာလို့အဲ့လောက်တောင် ကွာခြားနေရတာလဲ....ဘာပဲပြောပြော တစ်ခုခု မှားနေသလို ခံစားရတယ်....
သူသက်ပြင်းချကာ အန်လင်းအား ကြည့်ရှုလိုက်သည်။
"အခု သခင်လေး အန်လင်းမှာ ဘာအစီအစဉ်တွေရှိလဲ။"
အန်လင်းသည် မည်သည်ကိုမှ ဖုံးကွယ်မထားပဲ မိယစကားများအား ပြန်လည်ပြောပြလိုက်သည်။
လုဒုန်းဘင် ခေါင်းညိတ်လိုက်ပြန်သည်။
"ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကိုရှာဖို့ ဆန်းကြယ်နယ်မြေ သွားမယ်ဆိုမှတော့ ကျုပ်မလိုက်တော့ပါဘူး။ လျှိုချူးချူးလည်း ကျုပ်နဲ့နေခဲ့သင့်တယ်။"
လျှိုချူးချူး သဘောတူလိုက်သည်။ ယခုနေရာသည် ပျက်ပြယ်ခြင်းကြယ်စင်အပိုင်း ဖြစ်သောကြောင့် လုံခြုံရေးအတွက် အားကြီးသူတစ်ယောက်ကို ဖက်တွယ်ထားသင့်သည်။
ချင်ရှန်သည်လည်း အားလုံးကို နှုတ်ဆက်စကားဆိုလိုက်သည်။ သူ့အနေဖြင့် ရတနာများ ရှာဖွေရန် အခြားနေရာများသို့ ဆက်လက်ထွက်ခွာရလိမ့်မည်။
လျှိုချူးချူး၊ လုဒုန်းဘင်နှင့် ချင်ရှန်တို့မှာ လျင်မြန်စွာ ထွက်ခွာသွားသောကြောင့် အန်လင်းသည် အဖွဲ့သားများဖြစ်သော ရွှယ်ကျန်ထျန်း၊ တီနာ၊ သွေးမျိုးနွယ်စု၏ အင်အားကြီး ပုဂ္ဂိုလ်သုံးဦးနှင့် မိယတို့သာ ကျန်ရစ်ခဲ့သည်။ ထိုသည်မှာ ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းတွင် အင်အားအကြီးဆုံး အဖွဲ့လည်း ဖြစ်ပေလိမ့်မည်။
"ကောင်းပြီ။ ငါတို့လည်း ရတနာတွေ တူးကြရအောင်။"
တီနာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ရတနာတွေ တူးမယ်ဟုတ်လား။"
ကတ်စီဒီ နားမလည်နိုင်စွာဖြင့် တီနာအား ကြည့်ရှုလိုက်သည်။
တီနာ မည်သည့်စကားမှ မဆိုပဲ အနက်ရောင် မျှော်စင်ကြီးထံ ပျံဝဲသွားကာ သူမ၏ ကြာပွင့်နှလုံးသား ရေခဲဓားဖြင့် ပိုင်းဖြတ်ပစ်လိုက်သည်။
ပေထောင်နှင့်ချီသော အပြာရောင် ဓားအလင်းတန်းများ ဖြာထွက်လာကာ မျှော်စင်အား တိတိပပ ဖြတ်ပိုင်းသွားသည်။
ဝုန်း.....
နှစ်ပေါင်းများစွာ ရှိနေခဲ့သော မျှော်စင်မှာ တီနာ၏ တိုက်ခိုက်မှုကြောင့် ပြိုကျသွားရလေပြီ။
မျှော်စင်သည် ကျယ်လောင်လှသော အသံနှင့်အတူ ပျက်စီးသွားပြီး ဖုန်မှုန့်နှင့် အကျိုးအပဲ့များ လေထုထဲ ပျံဝဲကုန်သည်။
တီနာ၏ ရည်ရွယ်ချက်အား မသိရှိကြပါသော်လည်း အားလုံးသည် သူမနောက်မှ လိုက်လာခဲ့ကြသည်။
ချက်ချင်းပင် တီနာသည် မြေပြင်အား သဲကြီးမဲကြီး တူးဆွနေသည်ကို တွေ့လိုက်ရသည်။ မကြာမီမှာပင် ပေသုံးဆယ်ခန့်နက်သော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ တွင်းကြီးထဲမှ ရွှေရောင်အလင်းများ ဖြာထွက်လာကာ လူတိုင်း၏ မြင်ကွင်းများကို မှုန်ဝါးသွားစေသည်။
အားလုံး တွင်းထဲသို့ ငုံ့ကြည့်ကာ မျက်ဝန်းများ ပြူးကျယ်ကုန်သည်။
တွင်း၏အလယ်တွင် အစိပ်စိပ်အမြွှာမြွှာ ဖြစ်နေသော အနက်ရောင် အရာဝတ္ထုတစ်ခု ရှိသည်။ ထိုအနက်ရောင် အရာဝတ္ထုထဲတွင် တလက်လက် တောက်ပနေသော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ်ခုမှာ စက်ဝိုင်းသဏ္ဍာန် ရှိနေလေသည်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ အနီးတွင်လည်း သမုဒ္ဒရာ ရေပြင်ကဲ့သို့ ပြာလဲ့နေသော အပြာရောင်နယ်မြေအဆီအနှစ် အခုသုံးဆယ်အား တွေ့လိုက်ရသည်။ ထိုအပြာရောင်နယ်မြေအဆီအနှစ်များ၏ ဝန်းရံထားမှုကြောင့် ရွှေရောင်နယ်မြေအဆီအနှစ်များမှာ ပင်လယ်ပြင်တွင် မျောလွင့်နေသည်ဟုပင် ထင်မှတ်ရ၏။
"နာလေး....မင်းကတကယ် ကယ်တင်ရှင်ပဲ။"
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားကာ နယ်မြေအဆီအနှစ် သလင်းကျောက်များအား ပျော်ရွှင်စွာ သိမ်းဆည်းလိုက်သည်။
တိုဘိယ ကြောင်တောင်တောင် ဖြစ်သွားသည်။
"မြင့်မြတ်ခေါင်းဆောင်ရဲ့ ကံကြမ္မာက တကယ်ကို သဘာဝတရားနဲ့ ဆန့်ကျင်နေတာပဲ။"
မိယ၏ အမူအရာမှာလည်း ငေးငေးကြောင်ကြောင် ဖြစ်နေသည်။
"အဲ့ဒါဆို အပေါက်တစ်ပေါက် တူးရုံနဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အများကြီး ရနိုင်တာလား။ ကမ္ဘာကြီးပေါ်မှာရှိတဲ့ ငါ့ရဲ့အသိအမြင်တွေက မှားယွင်းနေတာများလား။"
"ဟူး.....ရည်ရွယ်ချက်ရဲ့ တဝက်တော့ ရထားပြီ။ ဆက်ရှာကြရအောင်။"
အန်လင်းက အဖွဲ့သားများအား စိတ်အားတက်ကြွစေရန် ဆော်သြလိုက်သည်။
လူတိုင်း: "..........."
"အိုး......ဟုတ်သားပဲ။ မိယ...မင်းပြောတဲ့ ဆန်းကြယ်နယ်မြေက ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။"
အန်လင်းက ဘေးတွင်ရှိနေသော ရေသူမအားကြည့်ကာ ပြောလိုက်သည်။
မိယ: "........"
သူမ ဘာလုပ်နိုင်မည်နည်း။ သူမ အားယူကာ ပြုံးပြလိုက်ရင်း ဆန်းကြယ်နယ်မြေတွင်ရှိသော ကံကြမ္မာ ကြယ်တာရာများ လင်းလက်နေပါစေဟုသာ ဆုတောင်းလိုက်မိသည်။
မျှော်စင်အောက်တွင် ရှိနေသော နယ်မြေအဆီအနှစ် သလင်းကျောက်များသည် အနီရောင်ဝတ် အဖိုးအိုနှစ်ဦးမှ ကမ္ဘာသစ်အတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသို့လုပ်ရန် အခွင့်အရေး မရခင်မှာပင် တီနာ၏ မြင့်မြတ်သော ကတိကဝတ်ပြုခြင်းကို လက်ခံရရှိလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ကျေးဇူးတရားကို ပြသသော အနေဖြင့် နယ်မြေအဆီအနှစ် သလင်းကျောက်များအား သူမထံ ပေးအပ်ခဲ့ကြသည်။
တွေးကြည့်ရမည်ဆိုလျှင် တီနာသည် ထိုအဖိုးအိုနှစ်ဦးထံမှ အရာအားလုံးကို ယူဆောင်ခဲ့သည်။ နယ်မြေအူတိုင်သာမက နယ်မြေအဆီအနှစ် သလင်းကျောက်များအပြင် မြို့တော်တစ်ခုလုံးပါ ပါဝင်သေးသည်။ သူမသည် အိတ်သွန်ဖာမှောက်ကို ရယူခဲ့ခြင်းပင်။
ချီလော့မြို့၏ ပြဿနာများ ဖြေရှင်းပြီးသည့်နောက် အန်လင်းတို့သည် မိယနှင့်အတူ ဆန်းကြယ်နယ်မြေသို့ ထွက်လာခဲ့ကြသည်။
မိယက အရှေ့ဆုံးမှ ဦးဆောင်လမ်းပြကာ ထိုနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုသည်မှာ မဟူရာပင်လယ် ဖြစ်သည်။
မဟူရာပင်လယ် အနီးတွင် ခရမ်းရောင်မြက်ပင်များကို တွေ့နိုင်သည်။ ၎င်းတို့သည် သေဆုံးဝိဉာဉ်များ၏နယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီပင်။
အဆုံးအစမဲ့သော မဟူရာပင်လယ်တွင် ကြီးမားလှသော ကျွန်းကြီးတစ်ခု ရှိသည်။
ကျွန်းပေါ်တွင် အနီ၊ အပြာ၊ အစိမ်း၊ ရွှေရောင် စသဖြင့် လင်းလက်နေသော အပင်များရှိပြီး အလင်းပွဲတော် တစ်ခုအလား ရင်သက်ရှုမောဖွယ် မြင်ကွင်းကို ပေးစွမ်းနေသည်။
ကျွန်းအလယ်တွင်မူ အဖြူရောင် ဂူတစ်လုံး ရှိနေပြီး ဂူပေါက်ဝတွင် သတ္ထုရောင် တလက်လက် တောက်ပနေသော နဂါးနက်တစ်ကောင်ကို တွေ့နိုင်သည်။ နဂါးကြီး၏ မျက်ဝန်းများမှာ သွေးနီရောင်ဖြစ်ပြီး ခန္ဓာကိုယ်မှာ တစ်ကီလိုမီတာကျော်မျှ ရှည်လျားသည်။ ၎င်း၏အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး ဝင်သက်ထွက်သက်တိုင်းတွင် ကောင်းကင်နှင့်မြေပြင်၏ ဝိဉာဉ်စွမ်းအင်များကို စုစည်းသွားစေသည်။
ကျွန်းပေါ်တွင် ရှိနေသော မည်သည့်သားရဲကမှ ထိုနဂါးကြီးနှင့် ငါးကီလိုမီတာ အကွာအဝေးသို့ မသွားရဲကြပေ။ နဂါးကြီး၏ ဝင်သက်ထွက်သက်နှင့်ပင် မတော်တဆ ဘဝကူးသွားမည်ကို ကြောက်ရွံ့ကြသည်။
သို့သော် နဂါးကြီးအား ငါးကီလိုမီတာ အကွာအဝေးမှ စောင့်ကြည့်နေသော ပုံရိပ်တစ်ခု ရှိနေလေသည်။
၎င်းထံတွင် အနက်ရောင် တောင်ပံများရှိပြီး အညိုရောင် အသားအရေနှင့်ဖြစ်ကာ ကြီးမားလှသော ဓားမော့တစ်လက်အား ခါးတွင်ချိတ်ဆွဲထားသည်။
ထိုသည်မှာ ခရမ်းရောင် မြက်ခင်းပြင်တွင် အန်လင်းအား တွေ့လိုက်ရသောကြောင့် မဟူရာပင်လယ်သို့ ထွက်ပြေးလာသော တောက်ရဲ့ပင်။
သူသည် မဟူရာပင်လယ်တွင် ဤကျွန်းအား ရှာဖွေတွေ့ရှိခဲ့ပြီး မည်သည့်အကြောင်းကြောင့်မှန်း မသိပါသော်လည်း ကျွန်းပေါ်တွင် များပြားလှသော ရတနာများ ရှိနေလိမ့်မည်ဟု ထင်မှတ်မိနေသည်။ ကျန်သည်ကို မဆိုထားနှင့် ဂူပေါက်ဝတွင် ရှိနေသော အားကောင်းလှသည့် နဂါးကြီးနှင့်ပင် ထိုဂူသည် နယ်နယ်ရရ မဟုတ်ကြောင်း သိနိုင်သည်။
တောက်ရဲ့သည် သိလိုစိတ်ကြောင့် နဂါးနက်ကြီးအား စောင့်ကြည့်နေခဲ့သည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး ၎င်း၏စွမ်းအင်ကိုလည်း ကောင်းစွာခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် စစ်ကူများ လိုအပ်လိမ့်မည်ဖြစ်ကြောင်း ခံစားခဲ့ရသည်။
သူအမှန်တကယ် စိတ်အလိုမကျ ဖြစ်နေသည်။ ရတနာကျွန်းအား တစ်ဦးတည်း ရှာတွေ့ခဲ့ပါသော်လည်း ယခုတွင်မူ အခြားသူများနှင့် ဝေမျှရတော့မည်။
သူသည် အဖွဲ့သားများအား တည်နေရာရှာဖွေရေး အဆောင်ကိုသုံးကာ အာရုံခံနိုင်မည်ပင်။
ထိုအချိန်မှာပင် ဖျော့တော့သော စွမ်းအင်စီးကြောင်းနှင့်အတူ လေဟာနယ်မှာ ဆုတ်ပြဲသွားသည်။
တောက်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းကာ အရှိန်အဝါအား ထိန်းချုပ်ထားလိုက်သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....ဟင်းလင်းပြင်သို့အပြန်(ကောင်းကင်အင်မော်တယ်) အဆင့်ထဲမှာ ဒီနေရာကို သိတဲ့သူ ရှိသေးတာလား.....
လေဟာနယ်ထဲမှ သိမ်မွေ့နူးညံ့စွာ လှပလွန်းသော ရေသူမတစ်ယောက် ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်သုံးခု ထွက်လာကာ အရေးကြီးသော တစ်စုံတစ်ဦးအား ကြိုဆိုနေသလို ဦးညွတ်လိုက်ကြသည်။
တောက်ရဲ့မှာ ထိုမြင်ကွင်းကြောင့် အသက်ရှူသံများပင် ပြင်းပြလာသည်။
ထိုလေးဦးလုံးသည် အရှိန်အဝါများကို ထိန်းချုပ်ထားပါသော်လည်း ဟင်းလင်းပြင်သို့အပြန်(ကောင်းကင်အင်မော်တယ်) အဆင့်များဖြစ်ကြောင်း သိသာလှသည်။
၎င်းတို့အား တောက်ရဲ့ ကောင်းစွာသိရှိနေသည်။ ရေသူမသည် စိတ်ဝိဉာဉ်ငါးမျိုးနွယ်စုမှ မိယဖြစ်ပြီး ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသော ကျင့်ကြံသူ ဖြစ်သည်။ သူမ၏ဘေးတွင် ရှိနေသူများမှာ သွေးမျိုးနွယ်စုမှ မာလင်၊ ကတ်စီဒီနှင့် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသော ၎င်းတို့၏ အဖွဲ့ခေါင်းဆောင် တိုဘိယတို့ ဖြစ်ကြသည်။ ပင်လယ်မိစ္ဆာများသည် မည်သည့်အချိန်မှစ၍ သွေးမျိုးနွယ်စုနှင့် မဟာမိတ် ဖြစ်သွားပါသနည်း။
မည်သို့သော အရေးကြီး ပုဂ္ဂိုလ်သည် ထိုလေးဦးအား အမိန့်ပေး ခိုင်းစေနိုင်ပါသနည်း။
လေဟာနယ်ထဲမှ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦး ပြုံးကာထွက်လာသည်။ သူ၏ရင်ခွင်ထဲတွင် အဖြူရောင် သားမွေးလုံးတစ်ခု ရှိနေပြီး ပုခုံးထက်တွင် လှပသော နတ်သူငယ်မတစ်ပါး ရှိနေသည်။
တောက်ရဲ့သည် ထိုလူငယ်လေးအားကြည့်ကာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။
သူ၏နှုတ်ခမ်းဖျားများမှာ တဆတ်ဆတ် တုန်ရီနေလေသည်။
"အန်.....အန်လင်းလား။"
-----------------------