← Chapters

အခန်း (၁၆၆၇)

Vol. 120 Ch. 1667

အခန်း (၁၆၆၇)

Vol. 120 Ch. 1667

လုယွဲ့… ။

လုယွဲ့က မည်သူဖြစ်ကြောင်း ဟန်မူယဲ့ သိသည်။

ထိုသူက အံ့ဖွယ်ကိုးပါးတောင်သခင် ကမ္ဘာမြေမှ ခေါ်ဆောင်လာသော သနားစရာလူငယ်လေး ဖြစ်သည်။

ထိုသူက ဓားတစ်ချက်ဖြင့် မိုးမြေကို ဖျက်ဆီးပစ်နိုင်သော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထိုသူက သူ့အား ဓားတစ်လက်ပေးခဲ့ပြီး အနှောင်အဖွဲ့ကင်းစွာ ထွက်သွားခဲ့သူ ဖြစ်သည်။

လုယွဲ့က ဟန်မူယဲ့ဖြစ်သည်။

လက်စသတ်တော့ သူက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထာဝရကောင်းကင်ဘုံဆီသို့ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

“ ဒီတော့ သူကို ”

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ ဒါဆိုရင် စီနီယာ ထာဝရကောင်းကင်ဘုံဆီ ဝင်နိုင်ဖို့ ကျွန်တော် အကောင်းဆုံး ကူညီပေးပါ့မယ် ”

သူ၏ အရှေ့၌ လောကဖန်ဆင်းရှင်၏ ပုံရိပ်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ သို့တိုင် သူ၏ အသံက ခန်းမထဲမှာ ပျံ့လွင့်သွားဆဲပင်။

“ ငါမင်းကို နှစ်တစ်သိန်းအချိန်ပေးမယ်… နှစ်တစ်သိန်းကြာပြီးရင် ဒီဘုရင်က ထာဝရကောင်းကင်ဘုံဆီ ဝင်ရောက်ဖို့ နောက်တစ်ကြိမ် ကြိုးစားမယ် ”

“ တကယ်လို့ ငါကျဆုံးသွားမယ်ဆိုရင် ဒီမိုးမြေက ငါနဲ့အတူ ဖျက်ဆီးခံရပြီး အသင်္ချေအသူရာချောက်နက်ထဲ ပြုတ်ကျသွားလိမ့်မယ် ”

လောကဖန်ဆင်းရှင် ပျောက်ကွယ်သွားသည့်အခါ သူ့အရှေ့မှ လေဟာနယ်က ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

ခန်းမထဲ၌ တည်ကြည်လေးနက်သော လေထု ထွက်ပေါ်လာသည်။

နတ်သခင်ဆယ်ပါးက မျက်နှာတည်ကြည်နေကြသည်။

နှစ်တစ်သိန်းဟူသော အချိန်က လောကခေတ်ကို ရေတွက်သော သူတို့အတွက် အလွန်တိုတောင်းသည်။

သူတို့က ထိုနှစ်တစ်သိန်းအတွင်းမှာ မည်သည့်အရာကို လုပ်ဆောင်နိုင်ကြမည်နည်း။

အချိန်အတော်ကြာပြီးနောက် ယွင်ကျိနတ်သခင်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ တာအိုရောင်းရင်းဟန်… ဒီနေ့ကိစ္စကို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”

တခြားနတ်သခင်ကိုးပါးနှင့် နှိုင်းယှဉ်လျှင် ဟန်မူယဲ့က အပြင်လူတစ်ယောက် ဖြစ်သည်။

သို့သော်လည်း ယွင်ကျိနတ်သခင်၏ အမြင်မှာ ဟန်မူယဲ့က တခြားနတ်သခင်ကိုးပါးထက် ပိုအရေးကြီးသည်။

အဘယ့်ကြောင့်ဆိုသော် ဟန်မူယဲ့က သူတို့ထဲတွင် လောကဖန်ဆင်းရှင်၏ သံကြိုးဖြင့် ချည်နှောင်မခံရသော တစ်ဦးတည်းသောလူ ဖြစ်သည်။

ထို့ပြင် သူက နတ်ဘုရားနိဂုံး၏ စွမ်းအားကို မည်သည့်ဒဏ်ရာမှမရဘဲ ထိပ်တိုက် တိုက်ခိုက်နိုင်သော တစ်ဦးတည်းသောလူ ဖြစ်သည်။

“ နှစ်တစ်သိန်းအချိန်က ကိစ္စကြီးလုပ်ဖို့ လုံလောက်ပါတယ် ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တကယ်လို့ လောကဖန်ဆင်းရှင်က ထာဝရကောင်းကင်ဘုံဆီ ခြေမချနိုင်ဘူးဆိုရင် သူက နတ်ဘုရားနိဂုံးရဲ့ စွမ်းအားကို လှုံ့ဆော်ပြီး မရေမတွက်နိုင်တဲ့ ဘုံတွေနဲ့ လောကတွေကို ဖျက်ဆီးပစ်လိမ့်မယ် ”

“ နတ်ဘုရားနိဂုံးနယ်ပယ်ဆီ ဝင်ရောက်နေတဲ့ ဖန်ဆင်းရှင်တစ်ပါးရဲ့ စကားက ဟာသမဟုတ်ဘူး… သူတို့က အဲ့ဒီအဆင့်ကို ဝင်ရောက်သွားရင် ဘာကိုမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး ”

နတ်ဘုရားနိဂုံးသည် ဖန်ဆင်းရှင်တစ်ပါး မောပန်းသွားပြီး ပျက်စီးသွားခြင်းကို ဆိုလိုသည်။

ထိုအဆင့်တွင် သူတို့၏ နှလုံးသားထဲမှာ မည်သည့်အတွယ်အတာမှ ကျန်ရှိတော့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့က တခြားလူများ၏ အမြင်အပေါ် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့၏ စကားက ခန်းမထဲမှ လူတိုင်းကို စိတ်မသက်မသာ ခံစားသွားရစေသည်။

“ မိတ်ဆွေတို့… နှစ်တစ်သိန်းဆိုတာ ရှည်လျားတဲ့ အချိန်ကာလမဟုတ်သလို တိုတောင်းတဲ့ အချိန်ကာလလည်း မဟုတ်ပါဘူး… ဒီတော့ အခုကစပြီး ကျုပ်တို့တွေ အချင်းချင်း မဟာမိတ်ဖွဲ့ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတတ်အောင် ကြိုးစားကြရမယ် ”

“ တကယ်လို့ ကျုပ်တို့က လောကဖန်ဆင်းရှင်ကို ထာဝရကောင်းကင်ဘုံဆီ ဝင်ရောက်နိုင်ဖို့ ကူညီပေးနိုင်မယ်ဆိုရင် အဲ့ဒါက ကျုပ်တို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ် ”

“ တကယ်လို့ အဲ့ဒီအချိန်မှာ ကျုပ်တို့က မကူညီပေးနိုင်ဘူးဆိုရင် လွတ်မြောက်ဖို့ အကောင်းဆုံး ကြိုးစားကြရမယ်… နတ်ဘုရားနိဂုံး မထွက်ပေါ်ခင် ကျုပ်တို့တွေ ပြေးနိုင်သမျှ အဝေးဆုံးကို ထွက်ပြေးကြရမယ် ”

ဟန်မူယဲ့က အမှန်တရားကို ပြောသည်။

အကယ်၍ သူတို့က လောကဖန်ဆင်းရှင်ကို ထာဝရကောင်းကင်ဘုံဆီသို့ ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်မည်ဆိုလျှင် လူတိုင်းက နတ်ဘုရားနိဂုံးမှ လွတ်မြောက်နိုင်ကြလိမ့်မည်။ ထို့ပြင် သူတို့က လောကဖန်ဆင်းရှင်ထံမှ ဆုလာဘ်များကိုလည်း ရရှိကြလိမ့်မည်။

အကယ်၍ သူတို့က ထိုသို့မကူညီပေးနိုင်လျှင် နောက်ဆုံးရွေးချယ်စရာက ထွက်ပြေးရန် ဖြစ်သည်။

နတ်ဘုရားနိဂုံးက လောကကို ချက်ချင်း မဖျက်ဆီးနိုင်ပေ။ သို့ဖြစ်၍ သူတို့က မရေမတွက်နိုင်သော ဘုံများဆီသို့ ထွက်ပြေးပြီး နတ်ဘုရားနိဂုံးအား တားဆီးနိုင်မည့် နည်းလမ်းကို ရှာဖွေကြမည်။

“ ကောင်းပြီ… အခု ကျုပ်တို့မှာ အဲ့ဒီရွေးချယ်စရာပဲ ကျန်တော့တယ် ”

ယွင်ကျိနတ်သခင်က ခေါင်းညိတ်လိုက်သည်။

တခြားနတ်သခင်များသည်လည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။

နတ်ဘုရားနိဂုံးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့က မည်သည့်အရာကို တတ်စွမ်းနိုင်ဦးမည်နည်း။

ထို့ပြင် သူတို့က လောကဖန်ဆင်းရှင်၏ သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။ သူတို့က ယခုအချိန်မှစ၍ သူတို့၏ ကံကြမ္မာကို ကိုယ်တိုင်မထိန်းချုပ်နိုင်ကြတော့ချေ။

“ မိတ်ဆွေတို့… အခု ကျုပ်က ဘုံတစ်ခုကို မူလစွမ်းအား တိုးမြှင့်ပေးဖို့ ပြင်ဆင်နေပါတယ်… ဒီက မိတ်ဆွေတွေ ကျုပ်ကို အကူအညီပေးနိုင်မလား သိချင်ပါတယ် ”

ဟန်မူယဲ့၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

“ အပြန်အလှန်အနေနဲ့ ကျုပ်က နတ်ဝိညာဉ်အရှင်သခင်ရဲ့ အမွေအနှစ်ကို ခင်ဗျားတို့ကို ပေးပါမယ် ”

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ရွှေရောင်အလင်းဘောလုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

ဘောလုံးထဲဝယ် ပုံရိပ်ယောင်လောကတစ်ခု ထွက်ပေါ်နေသည်။

ယင်းက နတ်ဝိညာဉ်အရှင်သခင်၏ နောက်ဆုံးရတနာဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ သူဝင်ရောက်ရန် ပြင်ဆင်ထားသောအရာ ဖြစ်သည်။

သို့သော်လည်း သူက နတ်ဘုရားနိဂုံးအဆင့် ပညာရှင်တစ်ပါးဖြင့် တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ၏ ပြင်ဆင်မှုအားလုံးက အချည်းနှီးဖြစ်သွားသည်။

ဟန်မူယဲ့၏ အစောနက ဓားချက်က နတ်ဘုရားနိဂုံးစွမ်းအားကို ဖြတ်တောက်သွားခဲ့စဉ် သူက မီးတောက်တစ်ခုကို ရရှိသွားခဲ့သည်။ ထိုမီးတောက်ထဲမှာ လောကဖန်ဆင်းရှင်၏ စွမ်းအားတစ်စွန်းတစ်စ ကိန်းအောင်းနေသည့်အပြင် နတ်ဝိညာဉ်အရှင်သခင် သိမ်းဆည်းထားသော ရတနာများလည်း ပါဝင်နေသည်။

“ ဟား ဟား… တာအိုရောင်းရင်းဟန်က ယဉ်ကျေးနေမှတော့ ဒီအဖိုးကြီးက သေချာပေါက် ကူညီပေးရမှာပေါ့ ”

မုတ်ဆိတ်ဖြူအဖိုးအိုက နူးညံ့စွာ ပြောသည်။

“ စိတ်ချပါ တာအိုရောင်းရင်းဟန်… အခု ကျုပ်တို့က တစ်လှေတည်းစီးနေတဲ့လူတွေ မဟုတ်လား… ခင်ဗျားရဲ့ အင်အား တိုးတတ်လာတာက ကျုပ်တို့အတွက် ကောင်းတဲ့ကိစ္စပါ ”

ရှေးဟောင်းဝိညာဉ်နတ်သခင်က ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏ အကြည့်က ဟန်မူယဲ့၏ လက်ထဲမှ မီးတောက်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ မျက်လုံးက တလက်လက် ထွန်းလင်းတောက်ပသွားသည်။

“ ပြီးတော့ နတ်ဝိညာဉ်အရှင်သခင် သိမ်းဆည်းထားတဲ့ နှင်းတိမ်နဂါးက ကျုပ်အရေးတကြီး လိုအပ်နေတဲ့အရာပဲ… ”

တခြားနတ်သခင်များသည်လည်း သဘောတူလိုက်ကြသည်။

အကယ်၍ ဟန်မူယဲ့၏ ကျင့်ကြံခြင်းက သူတို့နှင့် အဆင့်မတူလျှင် သို့မဟုတ် သူတို့ထက် သာလွန်သွားနိုင်သော အလားအလာကို မပိုင်ဆိုင်ထားလျှင် သူက ထိုနတ်သခင်အုပ်စုကို သိမ်းသွင်းနိုင်လိမ့်မည် မဟုတ်ချေ။

ဤလောကတွင် ခွန်အားက အရေးကြီးဆုံး ဖြစ်သည်။

…..

ခန်းမထဲမှ ထွက်လာပြီးနောက် ဟန်မူယဲ့က နတ်ဝိညာဉ်အရှင်သခင်၏ နန်းတော်ထဲမှာ ပြန်ပေါ်လာသည်။

ယခု ကျယ်ပြောလှသော ခန်းမက ဟာလာဟင်းလင်းဖြစ်နေသည်။ ခန်းမထဲ၌ နတ်ဘုရားအလင်းကို မမြင်တွေ့နိုင်တော့ပေ။

“ စီနီယာအကိုဟန် ”

ယုချန်းက အဝေးမှ ချဉ်းကပ်လာပြီး တိုးညင်းစွာ ပြောသည်။

“ အစောနက ခန်းမထဲမှာ နတ်ဝိညာဉ်အလင်း မှေးမှိန်သွားတဲ့အချိန် နတ်ဝိညာဉ်အရှင်သခင်ရဲ့ တပည့်တွေနဲ့ လက်အောက်ငယ်သားတွေ သေဆုံးသွားကြပါတယ် ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

ထိုတပည့်များ၏ မူလစွမ်းအားက နတ်ဝိညာဉ်အရှင်သခင်နှင့် ချိတ်ဆက်ခံထားရသည်။ သို့ဖြစ်၍ နတ်ဝိညာဉ်အရှင်သခင် သေဆုံးသွားသည့်အခါ သူ့တပည့်များက လိုက်သေသွားကြသည်။ ယင်းက သူတို့မရွေးချယ်နိုင်သောအရာ ဖြစ်သည်။

နတ်ဝိညာဉ်အရှင်သခင်က သူ၏ မူလစွမ်းအားကို အသုံးပြု၍ သူ့တပည့်များ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးခဲ့သည်။ ယင်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း တည်ငြိမ်စေသည်။

ထိုသို့နည်းလမ်းက ကျင့်ကြံခြင်းလောကတွင် ရှားပါးသောအရာ မဟုတ်ပေ။

အထူးသဖြင့် သစ္စာစောင့်သိသော ကျင့်ကြံသူများနှင့် နောက်လိုက်များကို ရွေးချယ်သည့်အခါ ထိုနည်းလမ်းက သင့်တော်သည်။

သို့သော်လည်း ထိုနည်းလမ်းမှာ ဆိုးကျိုးတစ်ခု ရှိသည်။ ယင်းက နတ်ဝိညာဉ်အရှင်သခင် သေဆုံးသွားလျှင် သူ၏ တပည့်များနှင့် နောက်လိုက်များသည်လည်း အတူလိုက်သေဆုံးသွားကြလိမ့်မည်။

ဟန်မူယဲ့သည်တော့ သူ့တပည့်များကို ထိုသို့မလေ့ကျင့်ပေးပေ။

ယွင်ထျန်းမြို့တော်မှ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ဆီသို့ ပြန်လာပြီးနောက် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံခြင်းသို့ ချက်ချင်း ဝင်ရောက်သွားသည်။ ယုချန်းက ဟန်မူယဲ့အတွက် တံခါးစောင့်လုပ်ပေးသည်။

ရွှေရောင်အလင်းတန်းများ ပေါ်လျှိုးလာသည့်အခါ ယဇ်ပလ္လင်၏ စွမ်းအားက ဟန်မူယဲ့ကို ဖုံးလွှမ်းသွားသည်။

အကာအကွယ်ဝင်္ကပါများကို အလွှာအထပ်ထပ် စည်းချပြီးသော်လည်း ဟန်မူယဲ့က သိပ်မကျေနပ်သေးပေ။ ထို့ကြောင့် သူက လက်မြှောက်လိုက်ပြီး ချိပ်ပိတ်ခြင်းစွမ်းအားကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖုံးအုပ်လိုက်သည်။

နောက်အခိုက်အတန့်မှာ သူ၏ လက်ဖဝါးပေါ်တွင် အနက်ရောင်မြူခိုးထု ထွက်ပေါ်လာသည်။

နတ်ဘုရားနိဂုံးစွမ်းအား… ။

ယင်းက နတ်ဘုရားအဆင့် ကျင့်ကြံသူများ မထိတွေ့ဝံ့သော နတ်ဘုရားနိဂုံးစွမ်းအား ဖြစ်သည်။

ယင်းက ဖန်ဆင်းရှင်တစ်ပါး၏ စွမ်းအားလည်ပတ်မှု၊ စွမ်းအားဆုတ်ယုတ်မှုနှင့် စွမ်းအားအဆုံးသတ်မှုကို ရည်ညွှန်းသည်။

သူ၏ လက်ဖဝါးပေါ်မှ နတ်ဘုရားနိဂုံးစွမ်းအားကို စိုက်ကြည့်နေစဉ် ဟန်မူယဲ့၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ သူက လက်ဖဝါးကို ဖျစ်ညှစ်လိုက်သည်။

“ ဗုန်း ”

အဆုံးမဲ့သော မှတ်ဉာဏ်များက ထိုမီးတောက်ထဲမှ ဒလေဟာ ထွက်ပေါ်လာသည်။

ထိုမှတ်ဉာဏ်များက အလွန်ခမ်းနားလေရာ ရွှေရောင်အလင်းလွှာများက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။

ယင်းတို့က မဟာတာအို၏ နတ်ဘုရားအင်းသင်္ကေတများ ဖြစ်ကြသည်။ ယင်းက အဆုံးစွန်ထိ တွန်းပို့ခံထားရသော မူလစွမ်းအားကို ရည်ညွှန်းသည်။

ဟန်မူယဲ့၏ အသိစိတ်ထဲတွင် အစိမ်းရောင်မျိုးစေ့တစ်ခုက အလင်းအမှောင်ကြားထဲမှာ ထွက်ပေါ်လာသည်။

ထို့နောက် မျိုးစေ့က အပင်ပေါက်လာပြီး ကြယ်တာရာဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမည့် ဧရာမသစ်ပင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

သစ်ပင်က ကြယ်များထံမှ မူလစွမ်းအားကို စုပ်ယူနေလေရာ ကြယ်များက တစ်လုံးပြီးတစ်လုံး ပျက်စီးသွားကြသည်။

ထို့နောက် သစ်ပင်က မျိုးစေ့အဖြစ် ပြန်ကျုံ့သွားပြီး တခြားမိုးမြေအလွှာဆီသို့ ပျံသန်းသွားသည်။

ထိုဖြစ်စဉ်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့သည်။ နောက်ဆုံးမှာတော့ သစ်ပင်က အချင်းမိုင်သန်းပေါင်းများစွာ ကြီးမားသော ကမ္ဘာဦးသက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။ ၎င်းက မရေမတွက်နိုင်သော ဘုံများကြားမှာ ထွက်ပေါ်လာပြီး ၎င်း၏ သစ်ပင်အကိုင်းအခတ်များက ကြယ်တာရာဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားသည်။

အဲ့ဒါ လောကဖန်ဆင်းရှင်ရဲ့ အစစ်အမှန်အသွင်သဏ္ဍာန်လား… ။

“ မင်းလက်မလျော့ဘူးဆိုတာ ငါသိတယ် ”

“ ဓားကျင့်ကြံသူတွေက အဲ့ဒီအတိုင်းပဲ ”

အသံတစ်သံက မီးတောက်ထဲမှ ထွက်ပေါ်လာသည်။

ယင်းက လောကဖန်ဆင်းရှင်၏ အသံဖြစ်သည်။

ဟန်မူယဲ့၏ လက်ထဲမှ မီးတောက်က တုန်ယင်သွားပြီး လောကဖန်ဆင်းရှင်၏ ပုံရိပ် ထွက်ပေါ်လာသည်။

“ ပြောပါ… မင်းငါ့ဆီကနေ ဘာလိုချင်တာလဲ ”

လောကဖန်ဆင်းရှင်က ဟန်မူယဲ့နှင့် ဆက်သွယ်ရန် ထိုမီးတောက်ကို တမင်ချန်ထားခဲ့ခြင်း ဖြစ်သည်။

ဟန်မူယဲ့က မီးတောက်ထဲမှ မှတ်ဉာဏ်များကို လှုံ့ဆော်လိုက်သည့်အခါ လောကဖန်ဆင်းရှင်၏ ဝိညာဉ်အမျှင်တန်းက ထွက်ပေါ်လာသည်။

“ စီနီယာ… အသင်္ချေအသူရာချောက်နက်ကို ကျွန်တော် စိတ်ဝင်စားပါတယ် ”

ဟန်မူယဲ့က သူ့အရှေ့မှ ပုံရိပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ နတ်သူတော်သားရဲတွေကို အမဲလိုက်ဖို့ အသင်္ချေအသူရာချောက်နက်ဆီ ကျွန်တော် သွားချင်ပါတယ် ”

“ လောကဖန်ဆင်းရှင်ဆီမှာ အသင်္ချေအသူရာချောက်နက်နဲ့ပတ်သက်တဲ့ မြေပုံတစ်ခုရှိမလား ကျွန်တော်သိချင်ပါတယ် ”

အသင်္ချေအသူရာချောက်နက်… ။

လောကဖန်ဆင်းရှင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။

“ အသင်္ချေအသူရာချောက်နက်ထဲမှာ ငါတောင် မဖော်ထုတ်နိုင်တဲ့ လျှို့ဝှက်ချက်တွေအများကြီး ရှိတယ်… မင်း အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်လို့ ငါအာမမခံဘူး ”

“ ဒါပေမဲ့… မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားကို အမြန်ဆုံး တိုးမြှင့်ပေးနိုင်မယ့်နေရာဆိုရင် အသင်္ချေအသူရာချောက်နက်ထက် ပိုကောင်းတဲ့နေရာ မရှိဘူး ”

သူက လက်မြှောက်လိုက်လေရာ ရွှေရောင်အလင်းစက်တစ်ခုက ဟန်မူယဲ့ဆီသို့ ပျံသန်းသွားသည်။

“ အဲ့ဒါ မင်းလိုချင်တဲ့အရာပဲ ”

“ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ် ”

All Chapters