← Chapters

သေသူနဲ့အတူ မြှုပ်နှံခံမလို့လား

Vol. 1 Ch. 428

သေသူနဲ့အတူ မြှုပ်နှံခံမလို့လား

Vol. 1 Ch. 428

နတ်ဆိုးဧကရီသည် လျင်မြန်စွာ နောက်ဆုတ်လာခဲ့ပြီး နေနက်မိစ္ဆာနွယ် သူမနောက် ဆက်မလိုက်တော့ဘဲ ပင်လယ်ရေအောက်အတွင်း ပြန်ဝင်သွားသည်အထိ ပျံသန်းလာခဲ့သည်။ ပင်လယ်ရေပြင်သည် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ကျွန်းကြီးမှာမူ ကွယ်ပျောက်သွားခဲ့သည်။ ကျွန်းနေရာတွင် ကျောက်တန်းလေးတစ်ခုသာ ကျန်ရစ်ခဲ့လေ၏။ သို့သော်လည်း တိုက်ပွဲမှ အဖျားခတ်ဒဏ် ခံထားရသောကြောင့် ကျစ်ရစ်ခဲ့သော ကျောက်တန်းမှာ ကြည့်ရဆိုးလှသည်။

ဝှစ်...

နတ်ဆိုးဧကရီသည် သင်္ဘောရှိရာသို့ ပျံသန်းလာခဲ့ပြီး အခန်းတစ်ခန်းရှာ၍ ပြန်လည်အားဖြည့်နေလိုက်သည်။ တိုက်ပွဲအတွင်းတွင် အင်အားတော်တော်များများ သုံးခဲ့ရာ သူမအလွန်ပင်ပန်းနေခဲ့သည်။

"အားလုံးပဲ အရင်အနားသွားယူကြပါ"

ငွေပန်းပွင့်အဘွားအို၏ စကားအဆုံးတွင် လူတိုင်းသည် သင်္ဘောခန်းရှိရာသို့ စိတ်ဓာတ်ကျစွာ ပြန်လာကြသည်။ အဝတ်အစားလဲရန် ကိုယ်ပိုင်အခန်းအတွင်း ဝင်သွားသော ယွင်ဖေးမှတစ်ပါး လူတိုင်းသည် အဝတ်အစားပေါ်မှ ရေတို့ကို အတွင်းအားသုံး၍ အငွေ့ပျံစေလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် ထောင့်တစ်နေရာတွင် မလှုပ်မယှက်ထိုင်နေကြသည်။ သူတို့၏ မျက်ဝန်းများထဲမှ စိတ်အားထက်သန်မှုများသည် လုံးဝကွယ်ပျောက်နေခဲ့ပြီဖြစ်သည်။ သူတို့ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ကြပေ။

လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း ကောင်းကောင်းအနားမယူခဲ့ရသည့်အပြင် ညလုံးပေါက် မအိပ်ဘဲနေခဲ့ရသော်လည်း မည်သူမှ အိပ်ချင်စိတ် ရှိမနေကြပေ။ ကောင်းကင်သည် တစ်စတစ်စ လင်းလာသည်။ မိုးမှာ ရွာကျနေဆဲဖြစ်သည်။ သင်္ဘောကုန်းပတ်ပေါ်သို့ မိုးစက်ကျသံတို့သည် လေထုအား ပို၍ လေးလံထိုင်းမှိုင်းနေစေသည်။

"ချူး...ချူး"

ထိုအခိုက်တွင် အရှေ့ဘက်ကောင်းကင်ဆီမှ ငှက်တွန်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပြန်လည်ပြည့်လာခဲ့ပြန်သည်။ အမြန်ထရပ်၍ ပြတင်းပေါက်မှ မျှော်ကြည့်အပြီးတွင်မူ သူတို့မျက်နှာများမှာ ပို၍အိုစာသွားကြသည်။ ချမ်ဝမ်ကွမ်သည် နှုတ်ခမ်းထောင့်များ တွန့်သွားခဲ့သည်။ သူ့ပုံစံမှာ ငိုချတော့မည့်အလားပင်။

အပြင်မှသူကို သူတို့မျက်နှာချင်း မဆိုင်ချင်ပါသော်ငြား လေးလံနေသော ခြေထောက်များကိုဆွဲ၍ သင်္ဘောခန်းအပြင်ဘက်သို့ ထွက်လာလိုက်ကြသည်။ ကြိုးကြာဖြူပေါ်မှ လူအတော်များများ ခုန်ချလာခဲ့သည်။ ချမ်ဝမ်ကွမ်သည် ဝတ်ရုံခြုံထားသော စုလောရွှယ်၏ နီရဲနေသော မျက်လုံးအစုံနှင့် ပူပန်နေဟန်ရသည့် မျက်နှာတို့ကို မြင်လိုက်သော် ဆက်မကြည့်နိုင်တော့ဘဲ မျက်နှာလွှဲလိုက်မိသည်။

"ကျန်းလန်ရော"

စုလောရွှယ်သည် တည်ငြိမ်သည့်ဟန် လုပ်ယူထားသော်လည်း သူမ၏ အသံမှာ တုန်ယင်နေလေသည်။ ထို့ပြင် မရပ်မနား ခရီးဆက်ခဲ့ရသောကြောင့် ဖြစ်ဟန်တူသည်၊ သူမ၏ကိုယ်မှာ နွမ်းနယ်နေပုံရသည်။ စုလောရွှယ်သည် ကျန့်ဝူရွှမ်း၏ မှိန်ဖျော့နေသော မျက်ဝန်းများကို မြင်လိုက်သောအခါတွင် သူမကိုယ်မှာ ပျော့ခွေသွားခဲ့သည်။ သူမဘေးရှိ အဘွားအို၏ ဖေးမမှုကြောင့်သာ မဟုတ်ပါက စုလောရွှယ်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလောက်ပြီဖြစ်သည်။

"ကျန်းရီက ပင်လယ်အောက်မှာပဲ ရှိသေးတယ်။ သူ့ကို နေနက်မိစ္ဆာနွယ်က ဆွဲချသွားတာ...သူသေသလား၊ ရှင်သလားဆိုတာ ငါတို့မသိရသေးဘူး။ နတ်ဆိုးဧကရီ၊ သခင်မရွှေ၊ ကျောင်းအုပ်နဲ့ ငွေပန်းပွင့်ဘွားဘွားတို့က နေနက်မိစ္ဆာနွယ်နဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမယ့်...ဒါပေမယ့်..."

ကျန့်ဝူရွှမ်းသည် အံကိုကြိတ်၍ ခပ်တိုးတိုး ပြောပြလိုက်သည်။ စုလောရွှယ်၏ကိုယ်သည် ဆတ်ခနဲဖြစ်သွားခဲ့ပြီး ချက်ချင်းမေ့မျောသွားခဲ့လေသည်။

"အရှင်မ..."

ရှားနိုင်ငံမှ သိုင်းသမားများသည် သူမပတ်လည်တွင် ချက်ချင်းဝိုင်းသွားကြသည်။ အဘွားအိုတစ်ဦးသည် စုလောရွှယ်အား အတွင်းသို့သယ်လာခဲ့ပြီး သူမအနားယူနိုင်စေရန် အခန်းတစ်ခု ရှာလိုက်သည်။

ကျန်းရှောင်နူသည် အဘွားအို စုလောရွှယ်အား သယ်၍ အတွင်းသို့ ဝင်သွားသည်အထိ စောင့်နေလိုက်ပြီး ရှားနိုင်ငံမှ သိုင်းသမားတစ်ဦးကို ပြောလိုက်သည်။

"သွားကြည့်ကြစို့"

"ဟုတ်ကဲ့"

ကျန်းရှောင်နူသည် သူတို့ထက် မြင့်မားသော အဆင့်အတန်း ရှိပြီး လမ်းတွင်လည်း စုလောရွှယ်က ကျန်းရှောင်နူ ပြောသမျှကို နားထောင်ရန် သူ့အား ကြိုတင်အမိန့်ပေးထားခဲ့သည်။ သူသည် ကျန်းရှောင်နူအား ခေါ်၍ လေထဲတွင် ရှိနေသော ကြိုးကြာဖြူပေါ်သို့ ခုန်တက်လိုက်သည်။ ကျန်းရှောင်နူသည် နေနက်မိစ္ဆာနွယ် ရှိနေသော ပင်လယ်ပြင်ဘက်သို့ ပျံသန်းသွားရန် ပြင်နေခြင်းဖြစ်သည်။

"ညီမရှောင်နူ...ပြန်လာခဲ့"

ကျန့်ဝူရွှမ်းသည် သတိပြုလိုက်မိရာ ချက်ချင်းအော်ပြောလိုက်သည်။ ငွေပန်းပွင့်အဘွားအိုတောင် ထိုပင်လယ်ပြင်နေရာသို့ မသွားရဲလေရာ သူတို့သွား၍ ဘာထူးမည်နည်း။

ရှားနိုင်ငံမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်လူသည် ကြိုးကြာဖြူပေါ်တွင် ကျန်းရှောင်နူကို ခေါ်ဆောင်၍ အနောက်အရပ်သို့ စတင်ပျံသန်းနေပြီဖြစ်သည်။ သူတို့နောက်လိုက်ရန် ကျန့်ဝူရွှမ်းထံတွင် နည်းလမ်းမရှိပေ။ သူသည် အတော်လေး စိတ်ပူလာခဲ့ပြီး သင်္ဘောခန်းအတွင်း ဝင်ရောက်၍ ယွင်ဖေးအား သွားရှာလေသည်။ ထို့နောက် နှစ်ယောက်သားသည် ငွေပန်းပွင့်အဘွားအို၏ အခန်းထံ သွားရောက်၍ ကျန်းရှောင်နူအား ပြန်ခေါ်လာပေးပါရန် တောင်းပန်ကြလေသည်။

"စိတ်လိုက်မာန်ပါလုပ်နေတယ်"

ငွေပန်းပွင့်အဘွားအိုသည် ဒေါသထွက်နေခဲ့သည်။ စုလောရွှယ်တို့ လူစု ရောက်လာကြမှန်း သိသည့်အတွက် အခန်းပြင်တောင် သူမထွက်မကြည့်ခဲ့ပေ။ ကျန်းရှောင်နူနှင့် အနှီစိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တို့ ထိုပင်လယ်နယ်နိမိတ်အတွင်း ပျံသန်းသွားကြမှန်းလည်း သူမ အာရုံခံမိသည်။ သူမသည် ဝင်ပါရန် ရည်ရွယ်ချက် မရှိသော်ငြား ယခုအခါ ယွင်ဖေးမှာ လာရောက် အသနားခံနေခဲ့သည်။ တစ်ဖက်လူမှာ ကျန်းရှောင်နူလည်း ဖြစ်နေလေရာ သူမ မသိချင်ယောင်ဆောင်မနေနိုင်တော့ပေ။ သူမသည် ကျိန်ဆဲ၍ လေပေါ်ပျံသန်းသွားခဲ့သည်။

ကြိုးကြာဖြူသည် မမြန်လွန်းသော်လည်း နေနက်မိစ္ဆာနွယ် ထွက်ပေါ်လာခဲ့သည့် နေရာသို့ ရောက်ရန်မူ မျက်တောင်ဆယ်ခတ်စာခန့် အချိန်သာ ကြာမြင့်လေသည်။ သို့သော် ငွေပန်းပွင့်အဘွားအိုသည် အလင်းအလျင်နှင့် လိုက်ပါလာခဲ့ပြီး သူမတို့အား မှီလုမှီခင် ဖြစ်လာခဲ့သည်။

သို့သော် မည်သူမှ မထင်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင်ပင် ကျန်းရှောင်နူသည် တိုက်ပွဲ၏ ခြေရာလက်ရာများ ကျန်နေသော ကျောက်တန်းကြီးအား ငုံ့ကြည့်လိုက်သည်။ သူမသည် ထိုနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှန်း သေချာသွားသည်နှင့် ကြိုးကြာဖြူပေါ်မှ ပင်လယ်တွင်းသို့ တိုက်ရိုက်ခုန်ဆင်းလိုက်သည်။

"ကလေးမ...မင်းကသေချင်နေတာပဲ"

ငွေပန်းပွင့်အဘွားအို၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားခဲ့ပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ ကျန်းရှောင်နူသည် ကျွန်းနေရာသို့ တည့်တည့်ကျဆင်းနေခဲ့ပြီး ပင်လယ်ရေပြင်နှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။ ငွေပန်းပွင့်အဘွားအိုသည် သူမသာ ရှေ့ဆက်တိုးမိ၍ နေနက်မိစ္ဆာနွယ်နှင့် ရင်ဆိုင်ရပါက ချက်ချင်းသေဆုံးသွားမည်ကို သိနေသောကြောင့် တွေဝေနေခဲ့သည်။

"ရှောင်နူ"

ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် ကျန်းရှောင်နူ ခုန်ချလိုက်သည်ကို သေချာမြင်လိုက်ကြရသည်။ သူတို့၏ မျက်နှာများမှာ ဖြူရော်သွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြရာ အတွင်းတွင် ပြန်လည်အားဖြည့်ရင်း ကျင့်ကြံနေကြသည့် ရွှေယို့လန်နှင့် နတ်ဆိုးဧကရီမှာ ချက်ချင်း ပြေးထွက်လာကြသည်။ သို့သော်လည်း အနက်ရောင်နွယ်ကြီးတစ်ခုသည် ပင်လယ်ရေအောက်မှ ထိုးထွက်လာခဲ့ပြီး ကျန်းရှောင်နူထံ တိုးဝင်လာသည်ကိုသာ သူတို့ မြင်လိုက်ကြရလေသည်။

"မိုက်မဲလိုက်တဲ့ မိန်းကလေး"

နတ်ဆိုးဧကရီသည် ရေရွတ်ရင်း ကျန်းရှောင်နူထံ ပြေးသွားခဲ့သည်။ သူမသည် ကျန်းရှောင်နူနှင့် စကားတစ်ခွန်း၊ နှစ်ခွန်းခန့်သာ ပြောဖူးခဲ့သည်။ သို့သော် ဤဖြူစင်၍ အပြစ်ကင်းစင်လှသော မိန်းကလေးမှာ ရှောင်ဖေး၏ သူငယ်ချင်းကောင်း ဖြစ်နေလေရာ သူမသေမည်ကို ထိုင်ကြည့်မနေနိုင်တော့ပေ။

နတ်ဆိုးဧကရီ မည်မျှပင် မြန်ဆန်စေကာမူ နေနက်မိစ္ဆာနွယ်ထက် မမြန်ဆန်နိုင်ပေ။ သူမ မရောက်ခင်မှာပင် အနက်ရောင်နွယ်ကြီးသည် ကျန်းရှောင်နူအား ရစ်ပတ်၍ လျှပ်စီးအလျင်နှင့် ပင်လယ်အောက်သို့ ပြန်ဆင်းသွားခဲ့သည်။

ဘန်း...

နတ်ဆိုးဧကရီသည် ဒေါသတကြီးနှင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ပြေးထွက်သွားခဲ့ပြီး ဆူနာမီလှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေခဲ့သည်။

"နတ်ဆိုးဧကရီ"

ရွှေယို့လန်သည် ပျံသန်းလာခဲ့သည်။ သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းနေသည့် အရိပ်အယောင် လုံးဝမရှိဘဲ စိတ်လှုပ်ရှားမှုများသာ ပေါ်လွင်နေခဲ့သည်။

"စိတ်ပူမနေပါနဲ့တော့။ ဒီကလေးမက သေသူနဲ့အတူ မြှုပ်နှံခံရဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ သူမက ကျန်းရီကို ကယ်ဖို့ ကြိုးစားနေတာ"

"သူမလား"

နတ်ဆိုးဧကရီသည် မဲ့ပြုံးပြုံး၍ မယုံကြည်စွာ မေးလိုက်သည်။ သူမ၏ တော်ဝင်သော အရှိန်အဝါသည် သူမ၏ မဲ့ပြုံးကိုပင် ခမ်းနားသွားစေသည်။ ရွှေယို့လန်ပင် သူမ၏ အလှတွင် တစ်ခဏ နစ်မျောသွားခဲ့သည်။

"ခစ်...ဧကရီ အဲ့မိန်းကလေးကို အထင်မသေးပါနဲ့"

ရွှေယို့လန်သည် ခပ်တိုးတိုး ရယ်၍ သေချာစွာ ပြောလိုက်သည်။

"အဲ့ဒီကလေးမ နတ်သမီးတောင်ထွတ်မှာ နေတုန်းက တစ်ခုခု ထူးခြားနေတာကို ဧကရီ သတိမပြုခဲ့မိဘူးလား။ ကျန်းရီက သေမင်းပင်လယ်နယ်နိမိတ်ထဲကို တစ်ကြိမ် ဝင်သွားခဲ့ဖူးပေမယ့် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်။ သူသေချာရှင်းမပြခဲ့ပေမယ့် ကျွန်မရဲ့ ခန့်မှန်းချက်အရဆိုရင် သူလွတ်မြောက်ခဲ့တာ ဒီမိန်းကလေးကြောင့်ပဲ ဖြစ်လိမ့်မယ်"

"အမ်"

နတ်ဆိုးဧကရီ၏ ပုံစံကျသော မျက်ခုံးလှလှတို့သည် အနည်းငယ် စုကျုံ့သွားခဲ့သည်။ သူမသည် ဝေခွဲမရသည့်ဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အခု သေချာ ပြန်တွေးကြည့်မှ ငါဒီကောင်မလေးကို စတွေ့တုန်းက သူမမှာ ဘာအမျိုးအစားမှန်းမသိတဲ့ စွမ်းအင်တစ်မျိုး ရှိနေတယ်။ ဒါပေမယ့် အဲ့တုန်းက အဲ့ဒီစွမ်းအင်က တော်တော်လေး အားနည်းတယ်။ ဒါကြောင့် ရှားပါးဆေးပင်တစ်ချို့ကို သူမစားထားတာ ဖြစ်လိမ့်မယ်လို့ ငါတွေးလိုက်ပြီး သိပ်စိတ်ထဲမထားဖြစ်လိုက်ဘူး။ ဒီမိန်းကလေးက ထူးခြားတဲ့ မျိုးနွယ်တစ်ခုကများလား။ အင်အားကြီး မျိုးနွယ်စုတစ်ခုပေါ့"

"ဖြစ်နိုင်ချေ တော်တော်များတယ်"

ရွှေယို့လန်သည် အသာပြုံး၍ ပင်လယ်ပြင်သို့ မျက်လုံးလှလှလေးများဖြင့် ဝေ့ကြည့်လိုက်သည်။ ရီဖျောင်ဖျောင်၏ ပုံရိပ်သည် သူမစိတ်ထဲတွင် ပေါ်လာလေရာ သက်ပြင်းဖွဖွချ၍ တွေးလိုက်မိသည်။ မိန်းကလေးဖျောင်ဖျောင်သည် နယ်မြေမှ ထွက်သွားခဲ့ပြီး သူမ၏သားကို ကာကွယ်ရန် ရည်ရွယ်၍ ကလေးလေးတစ်ယောက်အား ခေါ်လာခဲ့သည်။ ဤမိန်းကလေးသည် မြင်နေရသလောက် ရိုးရှင်းပါမည်လော။

ပင်လယ်ရေသည် လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ မသိလျှင် မည်သူကမှ ဤရေပြင်နေရာသို့ ရောက်မလာခဲ့သလို နေနက်မိစ္ဆာနွယ်သည်လည်း ပေါ်ထွက်လာခဲ့ဖူးခြင်း မရှိသလိုပင်။ လေထဲတွင် ရပ်နေဆဲဖြစ်သည့် ရွှေယို့လန်နှင့် နတ်ဆိုးဧကရီတို့သည် ခဏအကြာတွင် သင်္ဘောရှိရာသို့ ပြန်လာခဲ့ကြသည်။ သူတို့သည် လူတိုင်းအား စိတ်ငြိမ်ငြိမ်ထားကြရန်နှင့် လဝက်စောင့်ကြည့်ရန် မှာကြားလိုက်သည်။

လဝက်ကြာပြီးနောက် ကျန်းရီ ပြန်မရောက်လာပါက သူတို့အားလုံး ပြန်ကြရမည်ဖြစ်သည်။

"ကျန်းလန်...ရှောင်နူ...မင်းတို့နှစ်ယောက် သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာရမယ်"

နှစ်နာရီအကြာတွင် စုလောရွှယ် နိုးလာခဲ့သည်။ သို့သော် သူမသည် အပြင်မထွက်ဘဲ အခန်းတွင်း၌သာ ထိုင်၍ ပြတင်းပေါက် အပြင်မှ ပင်လယ်ပြင်ကိုသာ မျှော်ကြည့်နေခဲ့သည်။ အဘွားအိုတစ်ဦးသည် စုလောရွှယ်၏ဘေးတွင် စိတ်မချနိုင်စွာ ရပ်နေခဲ့သည်။ စုလောရွှယ်သည်လည်း ကျန်းရှောင်နူကဲ့သို့ လုပ်လိုက်မည်ကို သူမကြောက်နေခြင်းဖြစ်သည်။

မိုးသည် စတင် ရွာကျလာခဲ့ပြန်သည်။ ပင်လယ်ပြင်၌ ရေပွက်ကလေးများ ဖြစ်တည်နေခဲ့သည်။ ပတ်ဝန်းကျင်သည် ရေငွေ့များ ရစ်သိုင်း၍ ဆောင်းဦးရာသီ ရောက်နေသည့်အလား အေးစိမ့်နေခဲ့သည်။

***

All Chapters