အခန်း (၁၆၆၉)
Vol. 120 Ch. 1669
ဟန်မူယဲ့၏ ရောက်ရှိလာမှုကို မြင်သောအခါ ယုချန်းက လူသားအသွင်သို့ ပြန်ပြောင်းလိုက်ပြီး အနောက်သို့ ဆုတ်သွားသည်။
“ စီနီယာအကိုဟန်… သူက ကိုင်လင်… နတ်ဝိညာဉ်အရှင်သခင်ရဲ့ တပည့်တစ်ယောက်ပါ… သူက အာဏာရှင်အဆင့်ရဲ့ အထွတ်အထိပ်မှာပါ… အခု သူတို့က နတ်ဝိညာဉ်အရှင်သခင်ရဲ့ အမွေအနှစ်အတွက် ယှဉ်ပြိုင်နေကြပါတယ်… ကိုင်လင်က နတ်ဝိညာဉ်အရှင်သခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီမှာ ပြဿနာလာရှာတာပါ ”
ယုချန်းက တိုးညင်းစွာ ပြောသည်။
နတ်ဝိညာဉ်အရှင်သခင်၏ တပည့်များက နတ်ဝိညာဉ်အရှင်သခင် စုဆောင်းထားသော ရတနာများအတွက် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည်။
အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့်အတူ အပြင်းအထန် ယှဉ်ပြိုင်နေကြသည်။
ကိုင်လင်က အစကတည်းက ပုန်ကန်ခဲ့သူ ဖြစ်သည်။ ယခု သူက ယုချန်းကို ပြဿနာရှာရန် ရောက်လာခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ယုချန်းနှင့် သူစိမ်းတစ်ယောက်က ခန်းမထဲသို့ ဝင်ရောက်သွားပြီးမှ နတ်ဝိညာဉ်အရှင်သခင်က သေဆုံးသွားခြင်း ဖြစ်သည်။
ယုချန်းက ယုလင်းကောင်းကင်နဂါးကလန်မှဖြစ်သောကြောင့် အကယ်၍ မလိုအပ်လျှင် သူ့ကို ရန်မပြုသင့်ပေ။ ထို့ကြောင့် သူပြဿနာရှာနိုင်သည့့် လူက ယုချန်းနှင့်အတူ လိုက်သွားသော ဟန်မူယဲ့ ဖြစ်သည်။
ဟန်မူယဲ့ကို သူဖမ်းဆီးနိုင်မည်ဆိုလျှင် ယင်းက နတ်ဝိညာဉ်အရှင်သခင်အတွက် ကလဲ့စားချေပေးသည်ဟု မှတ်ယူနိုင်လိမ့်မည်။ ယင်းက အနယ်နယ်အရပ်ရပ်တွင် ပြန့်ကျဲနေသော နတ်ဝိညာဉ်အရှင်သခင်၏ တပည့်များကို စိတ်ကျေနပ်စေပြီး သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်လိမ့်မည်။
ထိုအခါကျလျှင် နတ်ဝိညာဉ်အရှင်သခင်၏ အမွေအနှစ်ကို ရရှိရန် သူ့မှာ အခွင့်အရေးပိုများသွားလိမ့်မည်။
ယင်းက ကိုင်လင်၏ အစီအစဉ်ဖြစ်သည်။
သို့သော်လည်း ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ဆီသို့ သူရောက်လာသည့်အခါ ယုချန်းက သူ့ကို တားဆီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယုချန်းက ဟန်မူယဲ့ကို လွှဲပြောင်းပေးရန် ငြင်းဆန်သည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က သူ့ဘာသာ ထွက်လာသည်။
“ ဟား ဟား… ယုချန်းရဲ့ နဂါးအရေခွံကို ငါချွတ်တော့မှ မင်းထွက်လာလိမ့်မယ်လို့ ထင်နေတာ ”
“ အခု မင်းထွက်လာပြီဆိုတော့ ငါနဲ့ လိုက်ခဲ့ပါ ”
ကိုင်လင်က ပြောသည်။
သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟန်မူယဲ့ကို ဖမ်းဆုပ်ရန် သူ၏ လက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
ထိုလက်ဝါးက ကောင်းကင်ကို ဖုံးလွှမ်းသွားမည့် မီးခိုးရောင်တိမ်အဖြစ် ပြောင်းလဲသွားပြီး အချင်းမိုင်တစ်ထောင်ဧရိယာကို ဖိချလိုက်သည်။ အချင်းမိုင်တစ်ထောင်အတွင်းဝယ် မည်သည့်မူလစွမ်းအားမှ မလှုပ်ရှားနိုင်တော့ပေ။
အထွတ်အထိပ် အာဏာရှင်အဆင့်… ။
ယင်းက တိမ်တိုက်နှင့် ရေစွမ်းအားကို အသုံးပြု၍ မူလစွမ်းအားကို ထိန်းချုပ်ခြင်း ဖြစ်သည်။ သူက ဟင်းလင်းပြင်ချိုးဖြတ်အဆင့်ကို ဝင်ရောက်ရန် သိပ်မလိုတော့ပေ။
ကိုင်လင်က ဒဏ်ရာအပြင်းအထန်ရထားသော နတ်ဝိညာဉ်အရှင်သခင်ကို ပုန်ကန်ဝံ့သည်မှာ မထူးဆန်းတော့ပေ။ သူ့မှာ ထိုသို့လုပ်နိုင်သော စွမ်းအားရှိသည်။
အထွတ်အထိပ် အာဏာရှင်တစ်ပါး၏ စွမ်းအားဖြင့် ရင်ဆိုင်ရသောအခါ ယုချန်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက ယုလင်းကောင်းကင်နဂါးကလန်၏ သွေးမျိုးဆက်စွမ်းအားကြောင့်သာ မတ်တတ်ရပ်နေနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း သူက မကြောက်ပေ။
သူ့အရှေ့မှာ ရပ်နေသည့်လူက မည်သူဖြစ်ကြောင်း သူသိသည်။
သူ့အပေါ်သို့ ကျဆင်းလာနေသော လက်ဝါးကို မြင်သောအခါ ဟန်မူယဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူ၏ အရှေ့တွင် မီးခိုးရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။
အမှန်မှာ ထိုဓားက အဖြူအနက်ဓား ဖြစ်သည်။ သို့သော်လည်း ဓားပေါ်တွင် စွမ်းအားနှစ်ခုက အပြန်အလှန် ယှက်ထွေနေသောကြောင့် ဓားက မီးခိုးရောင်အဖြစ် ပြောင်းသွားသည်။
ဓားက သေးသွယ်ပြီး သုံးပေရှည်လျားသည်။
ဓားထွက်ပေါ်လာသည့်အခိုက် ကိုင်လင်က မျက်လုံးပြူးကျယ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဓားထဲမှာ သူ၏ ခန္ဓာကိုယ်ကို ခိုက်ခိုက်တုန်သွားစေမည့် စွမ်းအားတစ်မျိုး ကိန်းအောင်းနေကြောင်း သူအာရုံခံနိုင်သည်။
ယင်းက အကြည့်တစ်ချက်သာ ဖြစ်သော်လည်း သူ့မှာ တိုက်ခိုက်နိုင်သောစွမ်းအား လုံးဝ မရှိတော့ပေ။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
သူက ရေရွတ်လိုက်ပြီး အနောက်လှည့်၍ ထွက်ပြေးသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
အာဏာရှင်တစ်ပါးက မတိုက်ခိုက်ဝံ့ဘဲ ထွက်ပြေးသွားသော အခြေအနေက အလွန်ရှားပါးသည်။
သို့သော်လည်း သူက ဓားထုတ်ပြီးလေရာ အကယ်၍ သူမတိုက်ခိုက်လျှင် မျက်နှာပျက်ရလိမ့်မည်။
“ ရွှီး ”
ဓားအလင်း ဝင်းလက်သွားသည့်အခါ ဓားရှည်က သန်းပေါင်းဘီလီယံနှင့်ချီသော ဓားများအဖြစ် အသွင်ပြောင်းလဲသွားပြီး အရှေ့သို့ ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားများက တိမ်တိုက်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
မရေမတွက်နိုင်သော ဓားများက ကိုင်လင်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်ပြီး သူ့ကို အနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးက အဖြူအနက်စွမ်းအားဖြင့် ရစ်ပတ်ခံလိုက်ရသည်။
“ အဲ့ဒါ… အဲ့ဒါ ဘယ်လိုစွမ်းအားလဲ… ”
သူက လုံးဝ ဆွံ့အသွားသည်။
သူ၏ ခန္ဓာကိုယ်က ချုပ်နှောင်ခံလိုက်ရလေရာ မည်သို့သူရုန်းကန်ပါစေ မလွတ်မြောက်နိုင်ပေ။
ထို့ပြင် သန်းပေါင်းဘီလီယံနှင့်ချီသော ကမ္ဘာများက သူ့အပေါ်သို့ ဖိကျလာနေသည်ဟု သူခံစားမိသွားသည်။
ထိုသို့ကြီးမားသော ဖိအားအောက်မှာ အထွတ်အထိပ် အာဏာရှင်တစ်ပါး၏ ခန္ဓာကိုယ်သည်ပင် ချွင်းချက်မရှိ ပျက်စီးသွားရလိမ့်မည်။
သူ၏ ဆရာက နတ်ဝိညာဉ်အရှင်သခင်ဖြစ်ပြီး သူ့မှာ ကာကွယ်ရေးရတနာအများကြီး ရှိနေသောကြောင့်မဟုတ်လျှင် သူက စောစောကတည်းက ပျက်စီးသွားလိမ့်မည်။
ဓားအလင်းကိုတောင် မခုခံနိုင်ဘူးလား… ။
အဲ့ဒါ ဘယ်လိုပုဂ္ဂိုလ်လဲ… ။
ဟန်မူယဲ့က ကိုင်လင်ကို ကြည့်လိုက်လေရာ စိတ်ကျေနပ်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကိုင်လင်ကဲ့သို့ အထွတ်အထိပ် အာဏာရှင်တစ်ပါးကို မဆိုထားနှင့် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်၊ နတ်ဘုရားအဆင့် ပညာရှင်တစ်ပါးသည်ပင် သူ၏ ဓားတစ်ချက်ကို မခုခံနိုင်ပေ။
ယခု သူ၏ ဓားက သာမန်ဓားတစ်လက် မဟုတ်တော့ပေ။ ယင်းက နတ်ဘုရားနိဂုံးစွမ်းအားနှင့် သူ့ကိုယ်ပိုင်ဓားလမ်းစဉ်၏ ပေါင်းစပ်မှု ဖြစ်သည်။
ထိုဓားက သုံးပေသာ ရှည်လျားသော်လည်း အမှန်မှာ ယင်းက သန်းပေါင်းဘီလီယံနှင့်ချီသော ဓားများ၏ စုဝေးမှု ဖြစ်သည်။ ဓားတစ်ချောင်းစီက ကမ္ဘာတစ်ခုကို ကိုယ်စားပြုသည်။
ထို့ကြောင့် သူ၏ ဓားချက်ထဲမှာ သန်းပေါင်းဘီလီယံနှင့်ချီသော ကမ္ဘာများ၏ ဖိအားက ကိန်းအောင်းနေသည်။
ကိုင်လင်ဆယ်ယောက်ရှိမည်ဆိုလျှင်ပင် သူတို့အားလုံးက သူ၏ ဓားချက်အောက်မှာ တိုက်ရိုက် ပျက်စီးသွားကြလိမ့်မည်။
ကိုင်လင်ကို သူမသတ်ရခြင်းမှာ ကိုင်လင်၏ အရင်းအမြစ်များနှင့် မိုးမြေစကြာဝဠာကို အကုန်အစင် ဆွဲထုတ်ချင်သောကြောင့် ဖြစ်သည်။
ဆရာကို ပုန်ကန်သော တပည့်ကို မသနားသင့်ပေ။
ကိုင်လင်က အောက်သို့ ပြုတ်ကျသွားသည်။ သူက အံတင်းတင်းကြိတ်လိုက်သည်။ ကြီးမားသော ဖိအားအောက်မှာ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေသည်။
သူ၏ စကြာဝဠာနယ်မြေက ပျက်စီးသွားနေကြောင်း သူခံစားမိသည်။ သူထိန်းချုပ်ထားသော ဘုံသည်လည်း ကြီးမားသော စွမ်းအားတစ်ခု၏ ထိုးဖောက်ခံနေရသည်။
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိုးညင်းစွာ အော်လိုက်သည်။ သူက အနောက်လှည့်၍ ထပ်မံ ထွက်ပြေးသည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က သူ့ကို မတားဆီးပေ။ သူက ကိုင်လင်ကို ထွက်သွားခွင့်ပေးလိုက်သည်။
ကိုင်လင်၏ လက်အောက်မှ စစ်တပ်များသည်လည်း ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
“ စီနီယာအကိုဟန်… ကျုပ်တို့တွေ လိုက်ဖမ်းကြမလား ”
ယုချန်းက မေးသည်။
ဟန်မူယဲ့က အလွန်သန်မာကြောင်း သူသိသည်။ သို့သော်လည်း ကိုင်လင်က ဓားတစ်ချက်ဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ထိုစွမ်းအားက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
အဲ့ဒါ နတ်ဘုရားအဆင့်လား… ။
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
နတ်ဘုရားတစ်ပါးက ဤနေရာကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း သူအာရုံခံနိုင်သည်။ သို့သော်လည်း ထိုသူက မလှုပ်ရှားခဲ့ပေ။
ဟန်မူယဲ့က ထိုနတ်ဘုရား တိုက်ခိုက်လာရန် မျှော်လင့်နေခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ နတ်ဘုရားတစ်ပါးထံမှ အရင်းအမြစ်များက သူ့အတွက် ပိုပြီးအကျိုးရှိသည်။
“ ဘာမှစိတ်မပူနဲ့… သူတို့ထပ်လာတဲ့အခါ ငါလှုပ်ရှားမယ် ”
ဟန်မူယဲ့က နူးညံ့စွာ ရေရွတ်လိုက်သည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။
ထပ်လာမှာလား… ။
ယုချန်းက အဝေးသို့ လှမ်းကြည့်လိုက်သည်။
ကိုင်လင်က ထပ်လာရဲသေးလို့လား… ။
ဟန်မူယဲ့က သူ၏ အခန်းဆီသို့ ပြန်သွားသည်။ မီးခိုးရောင်ဓားအလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းလွှာက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းလွှာပေါ်တွင် အသည်းအသန် ထွက်ပြေးနေသော ကိုင်လင်၏ ပုံရိပ် ထွက်ပေါ်နေသည်။
သူက ရွှေရောင်အလင်းလွှာကို လက်ချောင်းဖြင့် တို့လိုက်သည်။
ကိုင်လင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။
“ ဘာလို့ အဲ့ဒီဓားအလင်းက အရမ်းအားကောင်းတာလဲ… ”
သူက အံတင်းတင်းကြိတ်လိုက်ပြီး လက်မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် အစိမ်းရောင်ဘောလုံးတစ်လုံး ထွက်ပေါ်လာသည်။
ယင်းက စကြာဝဠာပုတီးစေ့ဖြစ်ပြီး မိုးမြေစကြာဝဠာတစ်ခုကို ကိုယ်စားပြုသည်။
အာဏာရှင်တစ်ပါးဖြစ်သော ကိုင်လင်သည် မိုးမြေစကြာဝဠာကို တစ်ခုထက်ပိုပြီး ဖွဲ့စည်းထားသည်။
“ ပေါက်ကွဲစမ်း ”
မိုးမြေစကြာဝဠာက အက်ကွဲသွားသည့်အခါ စကြာဝဠာထဲမှ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ဓားအလင်းကို တွန်းလှန်လိုက်သည်။
စကြာဝဠာတစ်ခု၏ စွမ်းအားက အလွန်ပေါကြွယ်ဝပြီး ကုန်ခမ်းရန် ခဲယဉ်းသည်။ သို့တိုင် ယင်းက ဓားအလင်း၏ အရှေ့မှာ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
မှန်ပေသည်။ အခြေအနေအမှန်ကို ကိုင်လင်မသိထားပေ။ သူ၏ စကြာဝဠာထဲမှ စွမ်းအားက ဓားအလင်း၏ စုပ်ယူဝါးမျိုခံလိုက်ရပြီး ဟန်မူယဲ့ထံသို့ လွှဲပြောင်းပေးနေကြောင်း သူမသိပေ။
သူ၏ ဘေးပတ်ဝန်းကျင်မှ စွမ်းအားက မြန်ဆန်စွာ ပျောက်ကွယ်သွားနေကြောင်း သတိထားမိသောအခါ ကိုင်လင်၏ မျက်နှာက သုန်မှုန်သွားသည်။
“ မြန်မြန်… ဒီဘုရင်ကို အကိုတော်ကျောက်ယွင်နဲ့ တွေ့ဆုံဖို့ လိုက်ပို့စမ်း ”
ရွှေရောင်အလင်းလွှာများက ကိုင်လင်၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ထွက်ပေါ်လာပြီး သူ၏ စွမ်းအားများကို ချိပ်ပိတ်လိုက်သည်။
သူ့အနောက်မှ စစ်တပ်က ကိုင်လင်ကို အမြန်ပို့ဆောင်သည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး သူ့အရှေ့မှ ရွှေရောင်အလင်းလွှာကို ဖယ်ရှားလိုက်သည်။ အစိမ်းရောင်အရှိန်အဝါက သူ၏ လက်ဖဝါးပေါ်မှာ စုဝေးသွားသည်။
ယင်းက ကိုင်လင်ထံမှ သူဆွဲထုတ်ခဲ့သော စွမ်းအားဖြစ်ပြီး အနည်းဆုံး ကြယ်ဒါဇင်ခန့် တန်ကြေးရှိသည်။
“ ကိုင်လင်ရဲ့ နောက်ကွယ်က လူက ဘယ်သူလဲ ငါသိချင်မိတယ် ”
ခန်းမထဲ၌ အဖြူအနက်ဓားအလင်းက ပေါ်လျှိုးလာပြီး ဟန်မူယဲ့၏ လက်ဖဝါးပေါ်မှ အစိမ်းရောင်အရှိန်အဝါကို ဝါးမျိုလိုက်သည်။
ရက်တစ်ရာကြာပြီးနောက်… ။
ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ပေါ်တွင် နတ်ဘုရားအလင်းက ပေါ်လျှိုးလာပြီး အလင်းထောင့်တိုင်များက ထွက်ပေါ်လာကြသည်။
အလင်းထောင့်တိုင်များထဲတွင် ဘီလီယံနှင့်ချီသော ဓားအလင်းများက ပေါ်ထွက်လာကြသည်။
ဟန်မူယဲ့၏ ပုံရိပ်က လေထဲမှာ ထွက်ပေါ်လာပြီး ဓားအလင်းများ၏ အရှေ့မှာ ဆင်းသက်လိုက်သည်။ စိတ်လှုပ်ရှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဟွမ်ကျစ်ဟူက မွေးစားအဖေကို ဂါရဝပြုပါတယ် ”
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တွေက ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ် ”
“ စီနီယာအကိုဟန် ”
“ အမတ်ချုပ်ဟန် ”
…..
ဟန်မူယဲ့၏ အကြည့်က သူ့အရှေ့မှ ပုံရိပ်များထံသို့ ကျရောက်သွားသည်။
ဟွမ်ကျစ်ဟူ… ။
ရှုကျီ… ။
ချန်းကုန်း… ။
သင်ကြားရေးဆရာလင်း… ။
…
ထို့ပြင် အဖြူရောင်ဂါဝန်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု… ။
“ ယောင်္ကျား ”
သူ့အရှေ့မှ ဟန်မူယဲ့ကို မြင်သောအခါ ညီမမူဝမ်၏ မျက်ဝန်းက နွေဦးစမ်းရေပမာ သိမ်မွေ့သွားသည်။
“ မိုးမြေအလွှာပေါင်းများစွာကို ဖြတ်ကျော်ပြီး အတိတ်က မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံရတာ ဘယ်လောက် ပျော်စရာကောင်းလိုက်လဲ… အဲ့ဒါ ကျင့်ကြံခြင်းတစ်မျိုးပဲ… ”
ဟန်မူယဲ့က ရယ်လိုက်သည်။ ဓားအလင်းများက သူ၏ ဘေးပတ်ဝန်းကျင်၌ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။
အတိတ်မှ မိတ်ဆွေဟောင်းများဖြင့် ပြန်လည်ဆုံစည်းခြင်း… ။
ဘယ်လောက် ပျော်စရာကောင်းလိုက်လဲ… ။