အခန်း (၁၆၇၁)
Vol. 120 Ch. 1671
ဓားအလင်းက နေရာမှာ ရပ်တန့်သွားသည်။ အဖြူအနက်ယှက်ထွေနေသော ဓားရှည်က ထွက်ပေါ်လာသည်။
ဓားဖျားပေါ်တွင် အလင်းတန်းများနှင့် အရိပ်များက လှည့်ပတ်နေသည်။
အရပ်ရှည်ပြီး ဝတ်စုံနက်ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က လက်ဆန့်ထုတ်လိုက်ပြီး ဓားကို ဖမ်းဆုပ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
“ ဖန်ဆင်းခြင်းနိယာမနဲ့ ဖျက်ဆီးခြင်းနိယာမက ဓားတစ်လက်ပေါ်မှာ အတူယှက်ထွေနေတယ်… ဒီလိုဓားကပဲ နတ်ဘုရားအဆင့်ကို ကျော်လွန်နိုင်တယ် ”
နတ်ဘုရားအဆင့်ကို ကျော်လွန်သွားတဲ့ ဓား… ။
ဖမ်းချုပ်ခံထားကြရသော အာဏာရှင်များက ခေါင်းမော့လိုက်ကြသည်။ မနာလိုသော အရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ နတ်သခင်… ဒီလိုရတနာဓားနဲ့ဆိုရင် ခင်ဗျားက နတ်ဘုရားအဆင့်မှာ အသန်မာဆုံးဖြစ်လာလိမ့်မယ် ”
“ နတ်သခင်… အခုကစပြီး ကျုပ်ယွင်ဟဲက နတ်သခင်ရဲ့ အမိန့်အတိုင်း လိုက်နာပါမယ် ”
အာဏာရှင်အဆင့်နှင့် သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်များက သူတို့၏ သဘောထားကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ အမြင်တွင် နတ်သခင်က ထိုဓားဖြင့်ဆိုလျှင် ပြိုင်ဘက်ကင်းသွားလိမ့်မည်။
အရပ်ရှည်သော အဖိုးအိုက သဘောကျစွာ ရယ်လိုက်သည်။ သူက ဓားရိုးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ဓားကို သိမ်းပိုက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဓားက ရုတ်တရက် တုန်ယင်သွားပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။
ဓားရှည်က မရေမတွက်နိုင်သော အဖြူအနက်ဓားပုံရိပ်များအဖြစ် ပေါက်ကွဲထွက်သွားကြောင်း မြင်သောအခါ အဖိုးအိုက မျက်လုံးပြူးသွားသည်။
“ မဖြစ်နိုင်တာ… ဓားက သူ့ဘာသာ ပြိုကွဲသွားတယ်လား… ”
သူ၏ စကားမဆုံးမီ ဓားအလင်းက သူ့အပေါ်သို့ ဖိကျလာသည်။
ဓားအလင်းက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဘေးပတ်ဝန်းကျင်၌ ရစ်ပတ်သွားသည်။
“ ရှေးဟောင်းဝိညာဉ်နတ်သခင်… ခင်ဗျားက ဒီရောက်လာပြီဆိုမှတော့ ဘာဖြစ်လို့ ကြာကြာမနေသွားတာလဲ ”
ဟန်မူယဲ့၏ အသံက ပဲ့တင်ထပ်သွားသည်။
ရှေးဟောင်းဝိညာဉ်နတ်သခင်… ။
ထိုပုဂ္ဂိုလ်က နတ်ဝိညာဉ်အရှင်သခင်၏ ခန်းမထဲမှာ ဟန်မူယဲ့ကို ပညာစမ်းခဲ့သော နတ်သခင်ဖြစ်သည်။
သူက ဟန်မူယဲ့ကို မဖိနှိပ်နိုင်ခဲ့သော်လည်း သူ့အရှုံးကို လက်သင့်မခံပေ။
ဟန်မူယဲ့က နတ်ဘုရားအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု သူမယုံကြည်ပေ။ ထို့ကြောင့် ဟန်မူယဲ့က အထွတ်အမြတ်ရတနာတစ်ခုကို မှီခိုအားထားခဲ့သည်ဟု သူသံသယဝင်မိသည်။
ထို့ကြောင့် သူက နတ်ဝိညာဉ်အရှင်သခင်၏ တပည့်များကို ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်အား ဝိုင်းရံတိုက်ခိုက်ရန် သွေးထိုးလှုံ့ဆော်ခဲ့သည်။
သူ၏ ရည်ရွယ်ချက်က ဟန်မူယဲ့၏ လျှို့ဝှက်ရတနာကို အပြင်ထွက်လာစေရန် ဖြစ်၏။
“ တာအိုရောင်းရင်းဟန်… ဒီဟာက နားလည်မှုလွဲတာပါ ”
ရှေးဟောင်းဝိညာဉ်နတ်သခင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူက လက်နှစ်ဖက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ အဖြူအနက်ဓားပုံရိပ်များကို ခုခံတားဆီးလိုက်သည်။
“ ဘန်း ”
ဓားပုံရိပ်အားလုံးက အက်ကွဲသွားကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ပိုပြီးသေးငယ်သော ဓားပုံရိပ်များက ဖွဲ့စည်းသွားကြသည်။ ဤအခိုက်အတန့်မှာ အဖြူအနက်ဓားပုံရိပ်များက သန်းပေါင်းဘီလီယံနှင့်ချီ ခွဲထွက်သွားကြသည်။
ထိုဓားအလင်းများကို မြင်သောအခါ ရှေးဟောင်းဝိညာဉ်နတ်သခင်၏ မျက်နှာက မည်းမှောင်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးများဖြင့် ဖွဲ့စည်းထားသော ရွှေရောင်စစ်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး ဓားအလင်းများပေါ်သို့ ဖိချလိုက်သည်။
သန်းပေါင်းဘီလီယံနှင့်ချီသော ဓားများထံမှ ထုတ်လွှတ်နေသည့် စွမ်းအားက သူ၏ အမြူတေကို လှုပ်ခါသွားစေသည်။
ထိုစွမ်းအား၏ အဆင့်က သူကိုင်တွယ်နိုင်သော အဆင့်ထက် ကျော်လွန်နေသည်။ ယင်းက သူခုခံနိုင်သောအရာ မဟုတ်ကြောင်း သူ၏ ဝိညာဉ်က သတိပေးနေသည်။
အစွမ်းကုန် ကြိုးစားမှသာလျှင် သူက အသက်ရှင်ရန် အခွင့်အရေးရှိလိမ့်မည်။
ရှေးဟောင်းဝိညာဉ်နတ်သခင်က သူ၏ လက်ဝါးကို အောက်သို့ ဖိချလိုက်လေရာ သူ့အရှေ့မှ လေဟာနယ်က ပြိုကွဲသွားပြီး ဟင်းလင်းပြင်က တအိအိလှိုင်းထသွားသည်။ အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
“ ဗုန်း ”
အဖြူအနက်ဓားအလင်းက ရှေးဟောင်းဝိညာဉ်နတ်သခင်၏ လက်ဝါးကို လွှမ်းခြုံသွားပြီး အတွင်းပိုင်းထဲသို့ ထိုးဖောက်သွားသည်။ တစ်ဆက်တည်းမှာ ထိုဓားအလင်းက သူ၏ လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုအခိုက်အတန့်မှာ ရှေးဟောင်းဝိညာဉ်နတ်သခင်က တုန်လှုပ်ချောက်ချားသွားသည်။
“ မဖြစ်နိုင်တာ… မဖြစ်နိုင်တာ… ”
“ ဒါက ဘယ်လိုဓားအလင်းမို့လို့ နတ်ဘုရားအဆင့် ဝိညာဉ်စွမ်းအားနဲ့တောင် အဲ့ဒါကို မထိန်းချုပ်နိုင်ရတာလဲ… ဒီစွမ်းအား… ဒီစွမ်းအားက… ”
ရှေးဟောင်းဝိညာဉ်နတ်သခင်က မျက်လုံးပြူးကျယ်သွားပြီး ဟန်မူယဲ့ထံသို့ လှည့်ကြည့်လိုက်သည်။
“ နတ်ဘုရားနိဂုံးလား ”
ဓားအလင်းက အဆုံးမဲ့စွာ ကွဲထွက်သွားနေစဉ် ထိုဓားအလင်းက တစ်စုံတစ်ခု မူမမှန်နေကြောင်း နောက်ဆုံးမှာ သူသတိထားမိသွားသည်။ ယင်းက နတ်ဘုရားနိဂုံးစွမ်းအား၏ အဆုံးမသတ်နိုင်သော ပျံ့နှံ့မှုဖြစ်သည်။
“ ခင်ဗျားသိတာ အရမ်းများသွားပြီ ”
ဟန်မူယဲ့က တီးတိုးပြောသည်။
ရှေးဟောင်းဝိညာဉ်နတ်သခင်က တုန်ယင်သွားပြီး အနောက်လှည့်၍ ထွက်ပြေးသည်။ သို့သော်လည်း အဖြူအနက်ဓားအလင်းက သူ့အနောက်သို့ အမြန်လိုက်မီသွားသည်။
ဓားအလင်းများက လေထဲမှာ ပြန်စုစည်းသွားပြီး သုံးပေရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဓားက ရှေးဟောင်းဝိညာဉ်နတ်သခင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး သူ့ကို ဟင်းလင်းပြင်ပေါ်မှာ ချိတ်ဆွဲထားလိုက်သည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်က ဟင်းလင်းပြင်ပေါ်မှာ ဓားတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရသည်လော။
ရှေးဟောင်းဝိညာဉ်နတ်သခင်က မသေသွားပေ။ သို့သော်လည်း သူ့မှာ မည်သည့်ခွန်အားမှ မရှိတော့ပေ။ သူ၏ မူလစွမ်းအားအားလုံးက စွန်းထင်ခံလိုက်ရပြီး ချိပ်ပိတ်ခံလိုက်ရသည်။
သူ၏ ဝိညာဉ်သည်လည်း နတ်ဘုရားနိဂုံးနှင့် ဓားတာအိုစွမ်းအားကြောင့် သန်းပေါင်းများစွာသော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားသည်။ သူ၏ ဝိညာဉ်က နောက်တစ်ကြိမ် ပြန်မစုစည်းနိုင်တော့ပေ။
ဟန်မူယဲ့က ရှေးဟောင်းဝိညာဉ်နတ်သခင်ကို ဓားတစ်ချက်တည်းဖြင့် မသတ်ခဲ့ခြင်းမှာ သူ့ထံမှ စွမ်းအားကို အကုန်အစင် စုပ်ယူပြီး သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲချင်သောကြောင့် ဖြစ်သည်။
နတ်သခင်တစ်ပါးကို တိုက်ရိုက် သတ်ပစ်ခြင်းက ကြီးမားသော ဖြုန်းတီးမှု ဖြစ်သည်။
ရှေးဟောင်းဝိညာဉ်နတ်သခင်သာ မဟုတ်ပေ။ ဟန်မူယဲ့က နတ်ဝိညာဉ်အရှင်သခင်၏ လက်အောက်မှ တပည့်များကိုလည်း အလွတ်မပေးခဲ့ပေ။ သူတို့အားလုံးက ဟင်းလင်းပြင်ပေါ်မှာ ဓားအလင်းဖြင့် တန်းလန်းချိတ်ဆွဲခံလိုက်ကြရသည်။
သန်းနှင့်ချီသော စစ်သည်တော်များသည်လည်း ဟင်းလင်းပြင်ပေါ်မှာ အစုလိုက်အပြုံလိုက် ချိတ်ဆွဲခံလိုက်ကြရသည်။
သို့ဖြစ်၍ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ ဘေးပတ်ဝန်းကျင်မှ အချင်းမိုင်တစ်သန်းဧရိယာထဲတွင် မရေမတွက်နိုင်သော ခန္ဓာကိုယ်များက သံချောင်းများသဖွယ် ထိုးစိုက်ခံထားကြရသည်။
ထိုမြင်ကွင်းက အလွန်ထူးဆန်းပြီး ကျောချမ်းဖွယ်ကောင်းသည်။
ကျင့်ကြံသူများက ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ထဲမှ ထွက်လာပြီး ထိုမြင်ကွင်းကို မြင်သွားသောအခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။
ထိုထဲမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ပါဝင်သည်။ ထိုနတ်သခင်က လေထဲမှာ တန်းလန်းချိတ်ဆွဲခံထားရပြီး သူ၏ စွမ်းအားက ချိပ်ပိတ်ခံထားရသည်။
“ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့ အရမ်းခဲယဉ်းတာ မဟုတ်ဘူးလား… အခု ဘာလို့ နတ်ဘုရားတစ်ပါးက ဟင်းလင်းပြင်ထဲမှာ အလွယ်တကူ ချိတ်ဆွဲခံထားရတာလဲ ”
သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်က ယဇ်ပလ္လင်ထဲမှ ထွက်လျှောက်လာပြီး ခေါင်းမော့လိုက်သည့်အခါ မျက်နှာဖြူဖျော့သွားသည်။ သူက အံ့ဩထိတ်လန့်သွားပြီး တုန်ယင်သွားသည်။
မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်က ထိုသို့အံ့ဖွယ်ကောင်းသော အချင်းအရာကို လုပ်ဆောင်နိုင်ရသနည်း။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေစဉ် သွေးချီစွမ်းအင်အလွှာများက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အစွမ်းထက်ကျင့်ကြံသူအများအပြားထံမှ စွမ်းအင်အနှစ်သာရက သူ့အား ကြီးမားသော အထောက်အကူကို ပေးသည်။
ယင်းက သူ၏ ကာလကြာရှည်စွာ ကျင့်ကြံခြင်းကို တိုတောင်းစေသည်။
အထူးသဖြင့် ရှေးဟောင်းဝိညာဉ်နတ်သခင် ဖြစ်သည်။ ထိုနတ်သခင် စုဆောင်းထားသော စွမ်းအင်အနှစ်သာရက ဟန်မူယဲ့ကို ဖန်ဆင်းရှင်တစ်ပါးဖြစ်လာစေမည့် ကျင့်ကြံခြင်းအရင်းအမြစ်များ ဖြစ်လာသည်။
သူက ပုံမှန်အားဖြင့် ထိုသို့ရက်စက်ကြမ်းကြုတ်သူ မဟုတ်ပေ။ သို့သော်လည်း ယခုက ဤဘုံမှာ သူတစ်ယောက်တည်း မဟုတ်တော့ပေ။
ဟန်မူယဲ့က ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများ၊ ညီမမူဝမ်နှင့် ဟွမ်ကျစ်ဟူကို ဤနေရာသို့ ခေါ်ဆောင်ခဲ့သည်။ သူက သူတို့အတွက် တိတ်ဆိတ်အေးချမ်းသော ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ထားသည်။
ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ အပြင်ဘက်မှာ ချိတ်ဆွဲထားသော နတ်သခင်တစ်ပါးနှင့် သန်းပေါင်းများစွာသော စစ်သည်တော်များက အနီးနားဝန်းကျင်မှ ကျင့်ကြံခြင်းလောကများကို ခြောက်လှန့်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။
ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများက အချိန်အလုံအလောက် ရရှိကြမည်ဆိုလျှင်၊ ဟွမ်ကျစ်ဟူ ရည်မှန်းထားသော အသင်္ချေဓားဝင်္ကပါက အမှန်တကယ် ဖြစ်လာမည်ဆိုလျှင် သူတို့က မည်သူ့ကိုမှ ကြောက်စရာမလိုဘဲ လွတ်လပ်စွာ ရှင်သန်နေထိုင်နိုင်ကြလိမ့်မည်။
…..
ဆယ်ရက်ကြာပြီးနောက်… ။
ယုချန်းက ပျံသန်းလာပြီး ဟန်မူယဲ့၏ အနောက်မှာ ရပ်လိုက်သည်။ သူက စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် တိုးညင်းစွာ ပြောသည်။
“ စီနီယာအကိုဟန်… ယုလင်းကောင်းကင်နဂါးကလန်ရဲ့ အကြီးအကဲတစ်ယောက်က ခင်ဗျားကို တွေ့ချင်နေပါတယ် ”
ယုလင်းကောင်းကင်နဂါးကလန်… ။
ထိုကလန်က ဟင်းလင်းပြင်ထဲမှာ နေထိုင်ကြသော မျိုးနွယ်စုများအနက် အင်အားကြီးမားသော နဂါးမျိုးနွယ်စုတစ်စု ဖြစ်သည်။ သူတို့ဆီမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူများရှိကြပြီး သူတို့က ဟင်းလင်းပြင်ထဲမှာ ယဇ်ပလ္လင်များ တည်ဆောက်၍ တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ဆက်သွယ်ခြင်းကို လုပ်ကိုင်ကြသည်။
နှစ်ပေါင်းမြောက်များစွာ ကြာပြီးနောက် ယုလင်းကောင်းကင်နဂါးကလန်သည် ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်များမှတဆင့် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များနှင့် အရင်းအမြစ်များကို ပိုင်ဆိုင်သွားသည်။ ထို့ကြောင့် သူတို့က အင်အားစုအသီးသီး၏ စောင့်ကြည့်ခြင်းခံနေကြရသည်။
ယုလင်းကောင်းကင်နဂါးကလန်၏ အလွန်အားကောင်းသော မူလစွမ်းအားနှင့် အခြေခံအုတ်မြစ်ကြောင့်သာ သူတို့က ယခုအချိန်ထိ ရပ်တည်နိုင်ကြခြင်း ဖြစ်သည်။
ယုချန်းက သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့၏ လုပ်ရပ်က ယုလင်းကောင်းကင်နဂါးကလန်ကို အံ့ဩထိတ်လန့်စေခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ယုလင်းကောင်းကင်နဂါးကလန်က ဟန်မူယဲ့ကို စူးစမ်းလေ့လာရန်နှင့် သူ့အား ယုလင်းကောင်းကင်နဂါးကလန်ဆီသို့ ဖိတ်ခေါ်ရန် မျိုးနွယ်စုထဲမှ အကြီးအကဲတစ်ယောက်ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
“ ယုလင်းကောင်းကင်နဂါးကလန်ရဲ့ အကြီးအကဲလား ”
ဟန်မူယဲ့၏ အကြည့်က ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ အပြင်ဘက်၌ ချိတ်ဆွဲခံထားရသော ပုံရိပ်များထံသို့ ကျရောက်သွားသည်။ ထို့နောက် သူက သာမန်ကာလျှံကာ ပြောသည်။
“ ကောင်းပြီ ”
…..
ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ စွမ်းအားကို အသုံးပြု၍ ကုန်းမြေအများအပြားကို ဖြတ်သန်းသွားပြီးနောက် ယန်မူယဲ့နှင့် ယုချန်းက စိမ်းစိုသော ကုန်းမြေတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
“ ဟား ဟား… တာအိုရောင်းရင်းဟန် ကျုပ်ယွင်ကျန်းက ခင်ဗျားကို စောင့်နေတာပါ ”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ဟန်မူယဲ့ကို မြင်သောအခါ လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ပြီး ရယ်ရယ်မောမော ပြောသည်။ သူ၏ ဦးခေါင်းထက်တွင် တိမ်တိုက်အမှတ်အသားပါသော သရဖူရှိသည်။
“ အကြီးအကဲယွင်ကျန်း ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ယမ်းပြလိုက်သည်။
“ ယုလင်းကောင်းကင်နဂါးကလန်ရဲ့ မဟာအကြီးအကဲကိုးယောက်ထဲက အကြီးအကဲယွင်ကျန်းကိုယ်တိုင် လာဖိတ်ခေါ်မှတော့ ကျုပ်က မလာဘဲနေလို့ ဖြစ်ပါ့မလား ”
အကြီးအကဲယွင်ကျန်းက ရယ်မောလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ အရှေ့တွင် တိမ်တိုက်များက တအိအိလှုပ်ရှားသွားပြီး အချင်းမိုင်တစ်ထောင်ကျယ်ပြောသော ရွှေရောင်နန်းတော်အဖြစ် ပြောင်းလဲသွားသည်။
“ တာအိုရောင်းရင်း ကြွပါ ”