← Chapters

အခန်း (၁၆၇၂)

Vol. 120 Ch. 1672

အခန်း (၁၆၇၂)

Vol. 120 Ch. 1672

ယုလင်းကောင်းကင်နဂါးကလန်သည် ဟင်းလင်းပြင်ထဲမှာ နေထိုင်သော မျိုးနွယ်စုကြီးတစ်စု ဖြစ်သည်။ သူတို့က ဘုံတစ်ခုတည်းမှာ နေထိုင်ကြသော မျိုးနွယ်စုများနှင့် ကွဲပြားခြားနားသည်။

ယင်းက သူတို့မျိုးနွယ်စု၏ ဝိသေသလက္ခဏာကြောင့် ဖြစ်သည်။ သူတို့က လေဟာနယ်မူလစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး မျိုးနွယ်စု၏ အင်အားက အလွန်သန်မာသောကြောင့် မည်သည့်ဘုံကမှ သူတို့ကို မထိန်းသိမ်းနိုင်ပေ။

ဟင်းလင်းပြင်မျိုးနွယ်စုများသည် ဘုံများကို ထိန်းချုပ်ခြင်း မပြုလုပ်ကြချေ။

အကြောင်းအရင်းမှာ သူတို့က ဘုံများထံ မှီခိုရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်။ သူတို့က ဟင်းလင်းပြင်ထဲမှာ ဆက်လက် အင်အားတိုးချဲ့ရန် ရည်ရွယ်ထားကြသည်။

ယွင်ကျန်းနတ်သခင်နှင့်အတူ နန်းတော်ထဲသို့ လျှောက်သွားသည့်အခါ ဟန်မူယဲ့၏ အကြည့်က ခန်းမတစ်ခု၏ အရှေ့မှ မြေကွက်လပ်ပေါ်သို့ ကျရောက်သွားသည်။

မြေကွက်လပ်က စတုရန်းမီတာတစ်ထောင် ကျယ်ဝန်းပြီး အထွတ်အမြတ်အလင်းရောင်က မြေကွက်လပ်ပေါ်မှာ ဖြန့်ကြက်နေသည်။ ယင်းက ကောင်းကင်အသွင်ပြောင်းလဲခြင်း မဟာဝင်္ကပါဖြစ်သည်။

ယင်းက ယုချန်းထိန်းချုပ်ထားသော ကောင်းကင်အသွင်ပြောင်းလဲခြင်းမဟာဝင်္ကပါထက် အများကြီး ပိုအစွမ်းထက်သည်။

ဟန်မူယဲ့သည်ပင် ထိုဝင်္ကပါက မည်သည့်နေရာဆီသို့ ဦးတည်သွားနေကြောင်း တွေးတောစဉ်းစားလိုက်သည်။

ဟန်မူယဲ့၏ အကြည့်ကို သတိထားမိသောအခါ ယွင်ကျန်းနတ်သခင်က ပြုံးလိုက်သည်။

“ တာအိုရောင်းရင်းဟန်က အမြင်စူးရှတာပဲ ”

“ ဒီဝင်္ကပါက ကျုပ်တို့ယုလင်းကောင်းကင်နဂါးကလန်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လေဟာပြင်မြို့တော်ဆီ ဦးတည်နေတာပါ ”

“ ဒီနေ့ တာအိုရောင်းရင်းဟန်ကို ကျုပ်ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းကလည်း လေဟာပြင်မြို့တော်နဲ့ သက်ဆိုင်နေပါတယ် ”

လေဟာပြင်မြို့တော်… ။

ဟန်မူယဲ့က ထိုနာမည်ကို ယခင်က ကြားဖူးသည်။

ယင်းက ဟင်းလင်းပြင်ထဲတွင် ပုံရိပ်ယောင်များဖြင့် တည်ဆောက်ထားသော မြို့တစ်မြို့ ဖြစ်သည်။ ယင်းက အချိန်မူလစွမ်းအားနှင့် လေဟာနယ်မူလစွမ်းအားတို့၏ ပွတ်တိုက်မှုမှ ဖြစ်တည်လာသော မြို့ဖြစ်သည်။

သံသရာစက်ဝန်းအဆင့်အောက်မှ ကျင့်ကြံသူများက မြို့တော်ထဲသို့ ဝင်ရောက်မည်ဆိုလျှင် သူတို့က အချိန်လေဟာနယ်မူလစွမ်းအားများကြောင့် ပုံရိပ်ယောင်ထဲ ထာဝရကျရောက်သွားလိမ့်မည်။

ယင်းက ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ သို့သော်လည်း အချိန်နှင့် လေဟာနယ်မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများအတွက်တော့ ယင်းက အထွတ်အမြတ်နယ်မြေ ဖြစ်သည်။

သို့သော်လည်း မြို့တော်၏ တည်နေရာအတိအကျကို မည်သူမှ မသိကြချေ။ ယင်းကို ဟင်းလင်းပြင်ထဲမှာ တည်ဆောက်ထားကြောင်းသာ သိကြသည်။

လေဟာပြင်မြို့တော်က ယုလင်းကောင်းကင်နဂါးကလန်၏ ထိန်းချုပ်မှုအောက်မှာရှိပြီး သူတို့၏ အခြေခံအုတ်မြစ်ဖြစ်လိမ့်မည်ဟု ဟန်မူယဲ့ မမျှော်လင့်ထားပေ။

ထိုအကြောင်းကို ယွင်ကျန်းနတ်သခင်က ပြောမှတော့ ဟန်မူယဲ့က ယုံကြည်ရမည်။

အချိန်နှင့်လေဟာနယ် အတူယှက်ထွေနေသော နေရာများက ယုလင်းကောင်းကင်နဂါးကလန် ရှင်သန်နေထိုင်ရန် အထူးသင့်တော်သည်။

“ တာအိုရောင်းရင်းဟန် ကောင်းကင်နင်းခြေနတ်သားရဲတွေကို ကြားဖူးလား ”

ယွင်ကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ မေးသည်။

“ ကောင်းကင်နင်းခြေမျိုးနွယ်လား ”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“ မဟာပန်သွန်ဘုံနဲ့ ထိပ်တိုက် ရင်ဆိုင်ရဲတဲ့ အကောင်တွေလား… ဟင်းလင်းပြင်ထဲက မျိုးနွယ်စုအားလုံးကို နင်းခြေပစ်မယ်လို့ ကြွေးကြော်ထားတဲ့ ကောင်းကင်နင်းခြေနတ်သားရဲတွေလား ”

“ ကောင်းကင်နင်းခြေမျိုးနွယ်က လေဟာပြင်မြို့တော်ရဲ့ တည်နေရာကို ရှာတွေ့သွားလို့လား ”

မည်သို့ကြောင့် ဟန်မူယဲ့က ကောင်းကင်နင်းခြေမျိုးနွယ်၏ နာမည်ကို မသိဘဲ နေမည်နည်း။

မဟာပန်သွန်ဘုံက ပြိုင်ဘက်ကင်းပြီး အင်မော်တယ်မင်းဆက်က ဘီလီယံနှင့်ချီသော ဟင်းလင်းပြင်ဘုံများကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။ သို့သော်လည်း သူတို့မကျော်လွှားနိုင်ခဲ့သော တစ်ခုတည်းသော အတားအဆီးက ကောင်းကင်နင်းခြေမျိုးနွယ်စု ဖြစ်သည်။

ကောင်းကင်နင်းခြေမျိုးနွယ်ဝင်များ ဟင်းလင်းပြင်ထဲ ခြေချလိုက်သည့်အခါ သူတို့က ကြယ်တစ်လုံးအရွယ်အစားခန့် ကြီးမားသော ဧရာမသားရဲများအဖြစ် အသွင်ပြောင်းလဲသွားကြလိမ့်မည်။ သူတို့၏ ခြေတစ်လှမ်းက မိုးကောင်းကင်ကို ဖျက်ဆီးပစ်နိုင်သည်။

ကောင်းကင်နင်းခြေမျိုးနွယ်၏ တိုက်ခိုက်ခံခဲ့ရသော ဘုံတစ်ခုရှိသည်။ ကောင်းကင်နင်းခြေမျိုးနွယ်ဝင်တစ်သောင်းက အတူတကွ စုပေါင်း၍ ဖနောင့်တစ်ချက်ပေါက်လိုက်လေရာ ထိုဘုံက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။

ယွင်ကျန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အမှန်မှာ လေဟာပြင်မြို့တော်သည် ကောင်းကင်နင်းခြေမျိုးနွယ်၏ လှုပ်ရှားမှုကို မကြောက်ပေ။

မည်သို့ဖြစ်ပါစေ လေဟာပြင်မြို့တော်က အချိန်နှင့်လေဟာနယ်ကြားထဲမှာ တည်ရှိသည်။ အင်အားကြီးမားသော ကောင်းကင်နင်းခြေမျိုးနွယ်သည်ပင် လေဟာပြင်မြို့တော်ကို မဖျက်ဆီးနိုင်ပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကောင်းကင်နင်းခြေမျိုးနွယ်က အချိန်လေဟာနယ်ကို ထိန်းချုပ်နိုင်သော တခြားမျိုးနွယ်စုတစ်စုနှင့် ပူးပေါင်းခဲ့သည်။

“ အဲ့ဒီမျိုးနွယ်စုထဲက နတ်သခင်သုံးပါးက တစ်ပြိုင်နက် လှုပ်ရှားမယ်ဆိုရင် သူတို့က လေဟာပြင်မြို့တော်ကို အသက်တစ်ရာရှူချိန်ကြာအောင် ထိန်းချုပ်ထားနိုင်လိမ့်မယ်… အသက်တစ်ရာရှူချိန်က လေဟာပြင်မြို့တော်ကို ပြားပြားဝပ်သွားစေဖို့ ကောင်းကင်နင်းခြေမျိုးနွယ်အတွက် လုံလောက်တယ် ”

ယွင်ကျန်းက တိုးညင်းစွာ ပြောသည်။ ကြောက်ရွံ့မှုတစ်စွန်းတစ်စက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ တကယ်လို့ နောက်ဆုံးအခြေအနေကို ကျရောက်နေတာမဟုတ်ရင် ကျုပ်တို့ရဲ့ ယုလင်းကောင်းကင်နဂါးကလန်က လေဟာပြင်မြို့တော်ရဲ့ လျှို့ဝှက်ချက်ကို မထုတ်ဖော်ချင်ပါဘူး ”

“ အရေးကြီးဆုံးအချက်က တကယ်လို့ ကောင်းကင်နင်းခြေမျိုးနွယ်သာ လေဟာပြင်မြို့တော်ကို ထိန်းချုပ်နိုင်သွားပြီး သူတို့ရဲ့ မျိုးနွယ်စုကို ပျိုးထောင်မယ်ဆိုရင် အဲ့ဒါက ဘုံအားလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ် ”

အချိန်နှင့်လေဟာနယ်ကြားမှာ တည်ရှိသော မြို့တော်က ဟင်းလင်းပြင်မျိုးနွယ်စုတစ်စုကို အဆုံးမဲ့စွာ ပျိုးထောင်ပေးနိုင်သည်။

ကောင်းကင်နင်းခြေမျိုးနွယ်၏ အဓိကအခက်အခဲမှာ မျိုးနွယ်ဝင်များ ရှင်သန်ကြီးထွားရန် ခက်ခဲနေခြင်း ဖြစ်သည်။ သူတို့က သွေးမျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရန် ဒုက္ခရောက်နေကြသည်။

အကယ်၍ သူတို့သာ အစဉ်မပြတ် နေထိုင်နိုင်မည့် နေရာတစ်နေရာကို ပိုင်ဆိုင်သွားမည်ဆိုလျှင် မရေမတွက်နိုင်သော ဘုံများကို ကျူးကျော်သိမ်းပိုက်ကြလိမ့်မည်။

“ လေဟာပြင်မြို့တော်က ကောင်းကင်နင်းခြေမျိုးနွယ်ရဲ့ အိမ်ဖြစ်လာရင် မရေမတွက်နိုင်တဲ့ ဘုံတွေ ဒုက္ခရောက်ကုန်လိမ့်မယ် ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ယွင်ကျန်းနတ်သခင်ကို ကြည့်လိုက်သည်။ သူက ပြောသည်။

“ အကြီးအကဲယွင်ကျန်းက ကျုပ်ကို ကောင်းကင်နင်းခြေနတ်သားရဲတွေကို ခုခံတားဆီးပေးစေချင်တာလား ”

“ တာအိုရောင်းရင်းဟန်က ဓားနတ်ဘုရားဆိုပေမဲ့ ကောင်းကင်နင်းခြေနတ်သားရဲတွေကို တစ်ယောက်တည်း ခုခံနိုင်လိမ့်မယ်လို့ ကျုပ်မပြောရဲပါဘူး ”

ရန်သူက ဟင်းလင်းပြင်၏ စစ်မှန်သော အရှင်သခင်များ ဖြစ်ကြသည်။ သူတို့က မဟာပန်သွန်ဘုံနှင့် ရင်ဆိုင်ဝံ့သော အစွမ်းထက်မျိုးနွယ်စုတစ်စု ဖြစ်သည်။ ထိုသို့အင်အားစုကို လူပုဂ္ဂိုလ်တစ်ယောက်တည်းဖြင့် မည်သို့ခုခံတားဆီးနိုင်မည်နည်း။

ထို့ပြင် ဟန်မူယဲ့က မည်သည့်အကျိုးအမြတ်မှမရဘဲ ယုလင်းကောင်းကင်နဂါးကလန်အတွက် အားအကုန်ခံမည့် ငတုံးမဟုတ်ပေ။

“ တာအိုရောင်းရင်းဟန် ခင်ဗျားက နတ်သခင်တစ်ပါးကို သတ်ဖြတ်ပြီး အချိန်လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့ အဲ့ဒီမျိုးနွယ်စုကို တားဆီးပေးမယ်ဆိုရင် ကျုပ်တို့ရဲ့ ယုလင်းကောင်းကင်နဂါးကလန်က လေဟာပြင်မြို့တော်ရဲ့ စွမ်းအားကို အသုံးပြုပြီး ခင်ဗျားအတွက် ကမ္မအဆင့် ကျင့်ကြံသူဆယ်သန်းကို ပျိုးထောင်ပေးပါမယ် ”

ကမ္မအဆင့် ကျွမ်းကျင်ပညာရှင်ဆယ်သန်း… ။

ထိုကမ်းလှမ်းမှုက ဟန်မူယဲ့ကိုပင် နှလုံးတုန်သွားစေသည်။

ယုချန်းထိန်းချုပ်ထားသော ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ စွမ်းအားက ဟန်မူယဲ့၏ ထူးချွန်သော လက်အောက်ငယ်သားများထဲတွင် ကမ္မအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာစေရန် လုံလောက်သည်။ သို့သော်လည်း သံသရာစက်ဝန်းအဆင့်က မသေချာသောအရာ ဖြစ်သည်။

ထို့ပြင် ကမ္မအဆင့် ကျင့်ကြံသူများက ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းမျှသာ ရှိလိမ့်မည်။ အတိအကျကိုတော့ ဟန်မူယဲ့ သေချာမပြောနိုင်ပေ။

သို့သော် ယခု ယွင်ကျန်းနတ်သခင်က သူ့အား ကမ္မအဆင့် ကျင့်ကြံသူဆယ်သန်းကို တိုက်ရိုက် ကမ်းလှမ်းလာသည်။

အကယ်၍ တခြားနတ်သခင်ဆိုလျှင် သူတို့က ကမ္မအဆင့် ကျင့်ကြံသူများ၏ အရေအတွက်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် ကိုယ်ပိုင်ဘုံကို ဖြည်းဖြည်းချင်း ပျိုးထောင်ပေးနေသော နတ်သခင်များအတွက်တော့ ကမ္မအဆင့် ကျင့်ကြံသူများ၏ အရေအတွက်က သူတို့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။

ရုပ်ခန္ဓာကိုယ်ထဲ၌ မဟာတာအို၏ မူလဇစ်မြစ်ကို သိမ်ဆည်းနိုင်ပြီး ဘုံ၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်ကြသော နတ်သခင်များအတွက် အစွမ်းထက် လက်အောက်ငယ်သားများက မရှားပါးချေ။

သို့သော်လည်း ဟန်မူယဲ့က ခြားနားသည်။

သူက ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများကို အစွမ်းမြှင့်တင်ပေးချင်သည်။ သို့မှသာ သူတို့က သူနှင့်အတူ ပခုံးချင်းယှဉ်၍ တိုက်ခိုက်နိုင်ကြလိမ့်မည်။

သို့မှသာ သူတို့က အနှစ်တစ်သိန်းကြာပြီးနောက် ဖြစ်ပွားလာမည့် နတ်ဘုရားနိဂုံးကပ်ဘေးအား ရင်ဆိုင်နိုင်မည့် အင်အားကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

နတ်ဘုရားနိဂုံးကပ်ဘေးတွင် မိုးမြေကြားထဲမှ မျိုးနွယ်စုအားလုံးက အသက်ရှင်သန်ရေးအတွက် အရင်းအမြစ်များနှင့် နယ်မြေများကို လုယက်ရန် အပြင်းအထန် တိုက်ခိုက်ကြလိမ့်မည်။ ထိုအချိန်ကျလျှင် ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သည်အထိ သန်မာနေမည်ဟု ဟန်မူယဲ့ မျှော်လင့်ထားသည်။

ကမ္မအဆင့် ကျင့်ကြံသူဆယ်သန်းက ကြီးမားသော ကမ်းလှမ်းမှု ဖြစ်သည်။

ဟန်မူယဲ့က ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများကို လေ့ကျင့်ပေးရန် ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ကို အသုံးပြုထားလေရာ ထုံးစံအားဖြင့် ယွင်ကျန်းနတ်သခင်က ဟန်မူယဲ့၏ ရည်ရွယ်ချက်ကို ခန်မှန်းနိုင်ပေသည်။

ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။

ယွင်ကျန်းက နတ်သခင်တစ်ပါးဖြစ်ပြီး ယုလင်းကောင်းကင်နဂါးကလန်၏ မဟာအကြီးအကဲတစ်ယောက်ဖြစ်လေရာ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်မှ ကိစ္စများကို သူသိရှိထားသည်။ ထို့ကြောင့် သူက ဟန်မူယဲ့၏ အကြံအစည်ကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်ခဲ့သည်။

ဟန်မူယဲ့၏ သရုပ်ကိုပင် သူက အနည်းနှင့်အများ သိရှိထားသည်။

“ အကြီးအကဲယွင်ကျန်းက ကျုပ်ရဲ့ နောက်ကြောင်းကို စုံစမ်းထားတယ်မလား ”

ဟန်မူယဲ့က အကြီးအကဲယွင်ကျန်းကို ကြည့်လိုက်သည်။

ယွင်ကျန်းက မငြင်းပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။

“ တာအိုရောင်းရင်းဟန်က မဟာပန်သွန်ဘုံရဲ့ အာဏာရှင်တစ်ပါးပဲဖြစ်ဖြစ် ဒါမှမဟုတ် ကမ္ဘာဦးဘုံရဲ့ အရှင်သခင်ပဲဖြစ်ဖြစ် တာအိုရောင်းရင်းဟန်က အမြဲတမ်း ကျုပ်တို့ယုလင်းကောင်းကင်နဂါးကလန်ရဲ့ မဟာမိတ်ဖြစ်နေမှာပါ ”

“ တကယ်တော့ တာအိုရောင်းရင်းဟန် သိထားတဲ့အတိုင်းပဲ မဟာပန်သွန်ဘုံရဲ့ အင်မော်တယ်မင်းဆက်က ခင်ဗျားရဲ့ သရုပ်မှန်ကို ဂရုမစိုက်ပါဘူး… မဟာပန်သွန်ဘုံနဲ့ ပေါင်းစပ်မလား ဒါမှမဟုတ် သီးခြားနေမလားက ခင်ဗျားရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ် ”

အမှန်တကယ်ပင် အကြီးအကဲယွင်ကျန်းက ဟန်မူယဲ့၏ နောက်ခံနှင့် သရုပ်ကို ရှာတွေ့ထားသည်။

ယင်းက ဟင်းလင်းပြင်မျိုးနွယ်စုများ၏ နည်းလမ်းဖြစ်သည်။

သူတို့က ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ကို ထိန်းချုပ်ခြင်းဖြင့် မရေမတွက်နိုင်သော မိုးမြေဘုံများဆီသို့ ကူးသန်းသွားလာနိုင်ကြသည့်အပြင် အချိန်တိုလေးအတွင်းမှာ သတင်းများစုံစမ်းနိုင်ကြသည်။

မဟာပန်သွန်ဘုံက အစွမ်းထက်ပုဂ္ဂိုလ်အများအပြား စုစည်းရှိနေသောနေရာဖြစ်ပြီး သူတို့က အင်မော်တယ်မင်းဆက်ကို ထိန်းချုပ်ထားကြသည်။

သူတို့က နတ်ဘုရားအဆင့် ကျင့်ကြံသူများကို မငြင်းဆန်ကြပေ။

သို့သော်လည်း မဟာပန်သွန်ဘုံ၏ မူလစွမ်းအားက အလွန်အမင်း သန်မာသည်။ ဟန်မူယဲ့မှာ ရွေးချယ်စရာနှစ်ခု ရှိသည်။ ရွေးချယ်စရာတစ်ခုက သူက တခြားနတ်ဘုရားများကဲ့သို့ မဟာပန်သွန်ဘုံ၏ မူလစွမ်းအားဖြင့် ကျင့်ကြံပြီး အင်မော်တယ်မင်းဆက်၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာရန် ဖြစ်သည်။ တခြားရွေးချယ်စရာက မဟာပန်သွန်ဘုံနှင့်သာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

အကယ်၍ သူက ပူးပေါင်းဆောင်ရွက်ခြင်းကို ရွေးချယ်မည်ဆိုလျှင် သူချေးငှားနိုင်သော စွမ်းအားက နည်းပါးလိမ့်မည်။

“ အကြီးအကဲယွင်ကျန်းမှာ အကြံဉာဏ်တစ်ခုရှိလား ကျွန်တော်သိပါရစေ ”

ဟန်မူယဲ့က အကြီးအကဲယွင်ကျန်းကို ကြည့်လိုက်သည်။

ယွင်ကျန်းက တည်ငြိမ်သော အမူအရာဖြင့် ကျောက်စိမ်းတုံကင်တစ်ခုကို ထုတ်လိုက်သည်။

“ တကယ်တော့ ကျုပ်က အင်မော်တယ်မင်းဆက်ရဲ့ အမတ်တစ်ယောက်ပါ ”

“ ကျုပ်ရဲ့ ယုလင်းကောင်းကင်နဂါးကလန်ထဲမှာ ကျွမ်းကျင်ပညာရှင်တစ်ထောင်ခန့်က အင်မော်တယ်မင်းဆက်ဆီကနေ ရာထူးခန့်အပ်ခံထားရတယ် ”

ယွင်ကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။

“ တကယ်လို့ တာအိုရောင်းရင်းဟန်ဆီမှာ လုံလောက်တဲ့ အင်အားနဲ့ နောက်ခံရှိမယ်ဆိုရင် အင်မော်တယ်မင်းဆက်က ကျောက်စိမ်းတုံကင်တစ်ခုပေးဖို့ တွန့်တိုနေမှာမဟုတ်ပါဘူး ”

All Chapters