အခန်း (၁၆၇၃)
Vol. 120 Ch. 1673
မည်သို့ဖြစ်ပါစေ ဤလောကတွင် ကျင့်ကြံခြင်းစွမ်းအားဖြင့် အရာရာကို ဆုံးဖြတ်နိုင်သည်။
ဟန်မူယဲ့က ဒေသကြီးတစ်ခုကို ကိုယ်တိုင်အုပ်ချုပ်နိုင်သည်အထိ အလုံအလောက်သန်မာလေရာ နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် ပူးပေါင်းလုပ်ဆောင်ရန် အရည်အချင်းပြည့်မီသည်။
အကယ်၍ သူ့မှာသာ ရှေးဟောင်းဝိညာဉ်နတ်သခင်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သော အင်အားမရှိလျှင် သူက ဖုန်မှုန့်အဖြစ် ပျောက်ကွယ်သွားလိမ့်မည်။
ဟန်မူယဲ့က ယုလင်းကောင်းကင်နဂါးကလန်၏ ဖိတ်ခေါ်မှုကို မငြင်းပေ။
အကြီးအကဲယွင်ကျန်းက အရှေ့သို့ လျှောက်သွားပြီး မြေကွက်လပ်ထဲမှ မဟာဝင်္ကပါကို အသက်သွင်းလိုက်သည်။ သူက ဟန်မူယဲ့ကို ဦးဆောင်၍ လေဟာပြင်မြို့တော်ဆီသို့ သွားသည်။
တစ်စုံတစ်ယောက်က ကောင်းကင်နင်းခြေနတ်သားရဲများအကြောင်း မည်မျှအများကြီး ပြောပါစေ ယင်းက ကိုယ်တိုင်တွေ့ကြုံရခြင်းထက် မသာလွန်နိုင်ပေ။
ကောင်းကင်နင်းခြေနတ်သားရဲများကို ကိုယ်တိုင် တွေ့ကြုံဖူးသူများသာလျှင် သူတို့က မည်မျှကြောက်စရာကောင်းကြောင်း နားလည်ကြလိမ့်မည်။
မဟာဝင်္ကပါအလင်း ထွက်ပေါ်လာသည့်အခါ မှိန်ဖျော့သော ဓားအလင်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
မဟာဝင်္ကပါအလင်း ပျောက်ကွယ်သွားသည့်အခါ ဟန်မူယဲ့က ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ထဲမှာ ထွက်ပေါ်လာသည်။
မြို့တော်က မိုင်သန်းပေါင်းများစွာ ကျယ်ပြောပြီး ကောင်းကင်က အရောင်အသွေးစုံလင်သည်။ ကောင်းချီးမင်္ဂလာတိမ်တိုက်များက ဝေဟင်မှာ လွင့်မျောနေကြသည်။
“ အကြီးအကဲယွင်ကျန်း ”
ပုံရိပ်အများအပြားက အောက်သို့ ဆင်းသက်လာကြပြီး အကြီးအကဲယွင်ကျန်းကို အရိုအသေပေးလိုက်ကြသည်။
သူတို့တစ်ယောက်စီက အစွမ်းထက်သွေးချီကို ထုတ်လွှတ်နေကြပြီး ပုံရိပ်ယောင်စွမ်းအားက သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်ဝဲနေသည်။ ရှင်းလင်းစွာပင် သူတို့က သံသရာစက်ဝန်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
ထို့ပြင် သူတို့ဆီမှာ ယုလင်းကောင်းကင်နဂါးကလန်၏ အရှိန်အဝါရှိသည်။
ယွင်ထျန်းက လက်ဝှေ့ယမ်းလိုက်သည်။ အလင်းပုံရိပ်တစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
အလင်းပုံရိပ်ထဲတွင် ကြယ်များသဖွယ် အရွယ်အစားကြီးမားသော ဧရာမသားရဲများက ပုံရိပ်ယောင်မြူခိုးတိမ်များကြားထဲမှာ ပိတ်မိနေကြသည်။
သူတို့မှာ ချွန်ထက်သော ဦးချိုများနှင့် လက်သည်းများ ရှိသည်။ သူတို့၏ ပါးစပ်ပေါက်က အလွန်ကြီးမားလေရာ သူတို့က တောင်တစ်လုံးကို အလွယ်တကူ ဝါးမျိုနိုင်ကြသည်။
ဤအခိုက်အတန့်မှာ သူတို့က ကျယ်လောင်စွာ ပါးစပ်ဟ၍ ဘေးပတ်ဝန်းကျင်မှ မြူခိုးတိမ်များကို စုပ်ယူဝါးမျိုနေကြသည်။
သူတို့က ကောင်းကင်နင်းခြေနတ်သားရဲများ ဖြစ်ကြသည်။
သူတို့၏ အရွယ်အစားက အလွန်ကြီးမားလေရာ ယုလင်းကောင်းကင်နဂါးများသည်ပင် သူတို့၏ အရှေ့၌ ပုရွက်ဆိတ်များ ဖြစ်သွားကြသည်။
ယုလင်းကောင်းကင်နဂါးအများအပြားက စုဝေးရှိနေကြသော်လည်း သူတို့က ကောင်းကင်နင်းခြေနတ်သားရဲများကို မတိုက်ခိုက်ကြပေ။
“ သူတို့က ဟင်းလင်းပြင်ရဲ့ တတိယအလွှာထိ ဝင်ရောက်နိုင်ကြပြီလား ”
ယွင်ကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
ဟင်းလင်းပြင်အလွှာတစ်ခုက မိုင်သန်းပေါင်းများစွာ ကျယ်ပြောသည်။ အလွှာသုံးလွှာဆိုလျှင် ထိုကောင်းကင်နင်းခြေနတ်သားရဲများက မိုင်ပေါင်းသန်းသုံးရာကို ဖြတ်ကျော်နိုင်ခဲ့ကြပြီးပြီ ဖြစ်၏။
ဟန်မူယဲ့က တစ်ချက်ကြည့်လိုက်သည်။ မည်သို့ကြောင့် အကြီးအကဲယွင်ကျန်းက သူ၏ အကူအညီကို လိုအပ်ကြောင်း သူနားလည်သွားသည်။
ယုလင်းကောင်းကင်နဂါးကလန်၏ မူလစွမ်းအားမှာ ထူးခြားသော လေဟာနယ်စွမ်းရည်များရှိသည်။ ထို့ကြောင့် သူတို့က ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနိုင်ပြီး ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်များကို ဆောက်လုပ်နိုင်ကြသည်။ ယင်းက ဘုံအသီးသီးမှ ကျင့်ကြံသူများကို မိုင်သန်းပေါင်းများစွာ အကွာအဝေးသို့ မြန်ဆန်စွာ ပို့ဆောင်ပေးနိုင်သည်။
သို့သော်လည်း သူတို့မှာ ကြီးမားသော အားနည်းချက်ရှိသည်။ သူတို့၏ တိုက်ပွဲစွမ်းအားက အလုံအလောက် မသန်မာပေ။
ကောင်းကင်နင်းခြေနတ်သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ ယုလင်းကောင်းကင်နဂါးများဆီမှာ ခုခံတားဆီးနိုင်သော အင်အားမရှိကြချေ။
လေဟာပြင်မြို့တော်၏ ဘေးပတ်ဝန်းကျင်၌ တည်ဆောက်ထားသော ဟင်းလင်းပြင်အလွှာများကြောင့်မဟုတ်လျှင် ထိုကောင်းကင်နင်းခြေနတ်သားရဲများက လေဟာပြင်မြို့တော်ဆီသို့ ရောက်နှင့်နေလိမ့်မည်။
“ ကျုပ် တစ်ချက်သွားကြည့်မယ် ”
ဟန်မူယဲ့က စကားဆုံးသည်နှင့် ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
သူက ကောင်းကင်နင်းခြေမျိုးနွယ်ကို တားဆီးရန် ဖိတ်ခေါ်ခံထားရမှတော့ ကောင်းကင်နင်းခြေနတ်သားရဲများ၏ စွမ်းရည်နှင့် အင်အားကို အရင်ဆုံး တိုင်းတာကြည့်ရမည်။
အကယ်၍ ရန်သူက သူခုခံနိုင်သည်ထက် ကျော်လွန်နေသည်ဆိုလျှင် ဟန်မူယဲ့က အနောက်ဆုတ်ရန် တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
“ သူက ဘယ်သူလဲ ”
ပုံရိပ်တစ်ခုက ယွင်ကျန်းနတ်သခင်၏ ဘေးသို့ ဆင်းသက်လာပြီး ဟန်မူယဲ့ ထွက်သွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
ထိုပုဂ္ဂိုလ်ထံမှ ထုတ်လွှတ်နေသော သွေးချီစွမ်းအားနှင့် ဝိညာဉ်အရှိန်အဝါအရ သူသည်လည်း နတ်ဘုရားအဆင့်မှာဖြစ်ကြောင်း ထင်ရှား၏။
“ ယုချန်းစောင့်ကြပ်နေတဲ့ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ရဲ့ အပြင်ဘက်မှာ နတ်သခင်တစ်ပါးကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တဲ့လူ… ”
ယွင်ကျန်းက စကားပြောလိုက်သည့်အခါ မျှော်လင့်ချက်အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ တကယ်လို့ သူအောင်မြင်သွားမယ်ဆိုရင် လေဟာပြင်မြို့တော်ကို နောက်တစ်ကြိမ် ပြန်တည်ဆောက်စရာ မလိုတော့ဘူး ”
“ လေဟာပြင်မြို့တော်အသစ်ကို ပြန်တည်ဆောက်တဲ့အခါ ကုန်ကျတဲ့ ပမာဏက ဘုံဆယ်ဘုံကို ထောက်ပံ့ဖို့နဲ့ နတ်သခင်သုံးပါးကို ကျင့်ကြံပေးဖို့ လုံလောက်တယ် ”
ယွင်ကျန်းက စိတ်ခံစားချက်ဖြင့် ပြောသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သူ့အရှေ့မှ အလင်းပုံရိပ်က ရွှေရောင်တောက်ပလာပြီး ပေတစ်ထောင်ခန့် ရှည်လျားသွားသည်။
ရှင်းလင်းစွာပင် သူက ဟန်မူယဲ့၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း ကြည့်ချင်သည်။
ဤအခိုက်အတန့်မှာ အလင်းပုံရိပ်ပေါ်တွင် ဟန်မူယဲ့၏ ပုံရိပ်က ထွက်ပေါ်လာသည်။
ထိုအလင်းပုံရိပ် ထွက်ပေါ်လာသည်နှင့် ဟန်မူယဲ့က အနည်းငယ် တုန်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
“ အံ့ဩစရာပဲ… သူက ငါတို့ယုလင်းကောင်းကင်နဂါးကလန်ရဲ့ လေဟာနယ်စွမ်းအားကိုတောင် အာရုံခံနိုင်တယ် ”
ယွင်ကျန်းနတ်သခင်၏ ဘေးမှာ မတ်တတ်ရပ်နေသော နတ်သခင်က အံ့ဩစွာ ပြောသည်။
ယွင်ကျန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အလင်းပုံရိပ်ထဲတွင် ဟန်မူယဲ့က တစ်ခဏ ရပ်တန့်သွားသည်။ ထို့နောက် သူက ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူပြန်ပေါ်လာသည့်အခါ ဟန်မူယဲ့က ကြယ်တစ်လုံးအရွယ်အစားရှိသော ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
“ အို သူက သတ္တိကောင်းလှချည်လား… ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဲတယ် ”
ယွင်ကျန်းက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
“ ဒါ တကယ့်ကို ရဲတင်းတာပဲ… နေဦး သူဘာလုပ်နေတာလဲ ”
ယွင်ကျန်း၏ ဘေးမှ နတ်သခင်က မျက်လုံးပြူးသွားပြီး အလန့်တကြား အော်လိုက်သည်။
အလင်းပုံရိပ်ထဲတွင် ဖော်ပြနေသည်မှာ ဟန်မူယဲ့က အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သန်းနှင့်ချီသော ဓားအလင်းများက ထွက်ပေါ်လာကြသည်။
ဓားအလင်းများက အရှေ့သို့ ပျံသန်းသွားကြပြီး သူ့အရှေ့မှ ကောင်းကင်နင်းခြေနတ်သားရဲကို ပစ်မှတ်ထားလိုက်ကြသည်။
ယုလင်းကောင်းကင်နဂါးကလန်၏ ဟင်းလင်းပြင်ထဲမှာ ပိတ်မိနေသော ကောင်းကင်နင်းခြေနတ်သားရဲက ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး ဓားအလင်းများကို ကြည့်လိုက်သည်။ ထို့နောက် သူက အရှေ့ခြေထောက်ကို မြှောက်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ချနင်းလိုက်သည်။
ယင်းက ကောင်းကင်နင်းခြေမျိုးနွယ်၏ အထူးစွမ်းရည် ဖြစ်သည်။ သူဖနောင့်ပေါက်လိုက်သည့်အခါ အလွန်ကြမ်းကြုတ်သော မူလစွမ်းအားက အသင်္ချေလောကဆီသို့ ပျံ့နှံ့သွားသည်။
အကယ်၍ ကောင်းကင်နင်းခြေနတ်သားရဲ၏ အရှေ့မှာ ဘုံတစ်ခု ရှိနေမည်ဆိုလျှင်ပင် ထိုဘုံက ယင်းကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ယင်းက လွှမ်းမိုးဖိနှိပ်သော မူလစွမ်းအားဖြစ်သည်။
မိုးမြေကို ဖျက်ဆီးပစ်နိုင်သော ဧရာမခြေဖဝါးက သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း ဟန်မူယဲ့ မြင်လိုက်သည်။
အကယ်၍ သာမန်နတ်သခင်တစ်ပါးဆိုလျှင် ယခု သူက နေရာမှာ အကျဉ်းချခံရပြီး လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ ထိုစွမ်းအားက မလုံလောက်ပေ။
သူက ဓားနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ ထက်ရှသော အင်အားတစ်ခုကို စုစည်းလိုက်သည်။ အကယ်၍ ထိုခြေဖဝါး၏ စွမ်းအားက ယခုထက် ဆယ်ဆပိုအားကောင်းမည်ဆိုလျှင်ပင် သူက ယင်းကို အလွယ်တကူ ခုခံနိုင်ပေသည်။
“ ဗုန်း ”
ဧရာမခြေဖဝါးက အောက်သို့ ဖိကျသွားသည်။
“ ပြီးသွားပြီ ”
ယွင်ကျန်း၏ ဘေးမှ နတ်သခင်က တီးတိုးရေရွတ်လိုက်သည်။
“ ဓားနတ်ဘုရားတစ်ပါးအတွက် စိတ်မကောင်းစရာပဲ… ”
ယွင်ကျန်းက နောင်တရစွာ ပြောသည်။
ဓားနတ်ဘုရားတစ်ပါးက ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းစွမ်းရည်ကို ထုတ်လွှတ်နိုင်သည်။ သို့သော်လည်း စိတ်မကောင်းစရာမှာ ထိုဓားနတ်ဘုရားက အလွန်မောက်မာထောင်လွှားသည်။
ကောင်းကင်နင်းခြေနတ်သားရဲက ဟန်မူယဲ့ကို နင်းခြေပြီးနောက် အနောက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။
သို့သော်လည်း ၎င်း၏ ဦးခေါင်းက အခြားဦးတည်ရာဆီသို့ မရောက်သွားမီ အစောနက ဖိနှိပ်ခံလိုက်ရသော ဓားအလင်းက ရုတ်တရက် အပေါ်သို့ မြှောက်တတ်လာသည်။
ထိုလူက ကောင်းကင်နင်းခြေနတ်သားရဲ၏ ခြေဖဝါးအောက်မှာ အသက်ရှင်နေသေးသည်လော။
ဟန်မူယဲ့က မူလနေရာမှာ မလှုပ်မယှက်ရှိနေသည်။ ဓားအလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေစဉ် သူက ခေါင်းမော့လိုက်သည်။
“ စိတ်ဝင်စားစရာပဲ ”
“ ဒါပေမဲ့ ဒီနည်းစနစ်က အရမ်းနှေးတယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ပေတစ်ရာရှည်လျားသော ဓားအလင်းက ပေတစ်သန်းအထိ ချက်ချင်း မြှောက်တတ်သွားသည်။ ဓားရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ဧရာမသားရဲက နှစ်ခြမ်းကွဲထွက်သွားသည်။
နောက်အခိုက်အတန့်မှာ သွေးချီက အချင်းမိုင်သန်းတစ်ရာအထိ ပျံ့နှံ့သွားပြီး အရာအားလုံးကို စွန်းထင်သွားသည်။
ဓားတစ်ချက်… ။
ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်က ဓားတစ်ချက်နဲ့ သေဆုံးသွားတယ်… ။
ယွင်ကျန်းနှင့် သူ့ဘေးမှ နတ်သခင်က ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး တုန်ယင်သွားကြသည်။
အလင်းပုံရိပ်ပေါ်မှာ သူတို့မြင်လိုက်ရသော သွေးချီက သူတို့ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
အဲ့ဒါ ဘယ်လိုပုဂ္ဂိုလ်လဲ… ။
အကယ်၍ အစောနက ဓားချက်သာ သူတို့အပေါ်သို့ ကျရောက်လာမည်ဆိုလျှင် သူတို့နှစ်ယောက်က ချက်ချင်း သေဆုံးသွားကြလိမ့်မည်။ ယင်းက သူတို့ခုခံကာကွယ်နိုင်သောအရာ မဟုတ်ပေ။
“ အဲ့ဒါ… အဲ့ဒါ ဓားနတ်ဘုရား… ”
ယွင်ကျန်းက တီးတိုးပြောသည်။ သူက ခေါင်းလှည့်လိုက်ပြီး သူ့ဘေးမှ အကြီးအကဲကို ကြည့်လိုက်သည်။
“ ယွင်ချောင်… ငါ… ငါအိမ်မက်မက်နေတာလား ”
ယွင်ချောင်ဟူသော နတ်သခင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။
“ သူက ငါတို့ရဲ့ ယုလင်းကောင်းကင်နဂါးကလန်အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် ထိုက်တန်ပါတယ် ”
“ ငါတို့ရဲ့ ယုလင်းကောင်းကင်နဂါးကလန်မှာ ဘုံတစ်သောင်းနဲ့ ညီမျှတဲ့ ကြွယ်ဝချမ်းသာမှု ရှိတယ်… ငါတို့လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက ထိပ်တန်းအဆင့် တိုက်ပွဲသခင်တွေပဲ ”
ယုလင်းကောင်းကင်နဂါးကလန်ဆီမှာ အစွမ်းထက် ကျွမ်းကျင်ပညာရှင်များကို မည်သည့်ဘုံကိုမဆို ပို့ဆောင်နိုင်သော ဝင်္ကပါတစ်ခု ရှိသည်။
ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို ဓားတစ်ချက်ဖြင့် သတ်ပစ်နိုင်သော အစွမ်းထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို သိမ်းသွင်းနိုင်မည်ဆိုလျှင် မည်သည့်အင်အားစုမှ သူတို့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။
“ သူ့ကို ငါတို့အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရတာပဲ… ”
ယွင်ကျန်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ အလင်းပုံရိပ်ထဲတွင် ဟန်မူယဲ့က လေထဲ၌ ပြန့်ကျဲသွားသော သွေးချီအနှစ်သာရကို စုဆောင်းနေကြောင်း သူမြင်တွေ့သွားသည်။
ထိုဓားနတ်ဘုရားက သိပ်မကြွယ်ဝဟန် ရ၏။ သူက အရင်းအမြစ်များကို လိုက်လံစုဆောင်းနေသည်။ ထိုသို့ဆိုလျှင် သူတို့က ဆွေးနွေးညှိနှိုင်းနိုင်လိမ့်မည်။
ကောင်းကင်နင်းခြေနတ်သားရဲ အသတ်ခံလိုက်ရသည့်အခါ ကောင်းကင်နင်းခြေမျိုးနွယ်၏ အစီအရင်က ပြိုကွဲသွားပြီး မြူခိုးတိမ်တိုက်နှင့် ရောနှောသွားသည်။
ဟန်မူယဲ့က လေထဲမှာ ပြန့်ကျဲနေသော သွေးချီအနှစ်သာရကို စုဆောင်းနေရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။
သူ၏ အရှေ့တွင် ဓားရှည်တစ်လက်က စူးရှတောက်ပလာသည်။
“ တာအိုရောင်းရင်းတို့က ဒီရောက်နေပြီဆိုမှတော့ ဘာလို့ မလှုပ်ရှားသေးတာလဲ ”