အခန်း (၁၆၇၅)
Vol. 120 Ch. 1675
ဟန်မူယဲ့၏ အရှေ့မှ တုံကင်ကို မြင်သွားသောအခါ ယုလင်းကောင်းကင်နဂါးကလန်ထဲမှ အကြီးအကဲများက မျက်နှာတည်ကြည်သွားကြသည်။
မဟာပန်သွန်ဘုံ၏ ကောင်းကင်ဘုံစစ်ပွဲကို ဘုံအားလုံးနီးပါးက သိထားကြသည်။
အားနည်းသော ဘုံများသည် မဟာပန်သွန်ဘုံ၏ ကျူးကျော်သိမ်းပိုက်မှုကို ခုခံတားဆီးရန် နည်းလမ်းအမျိုးမျိုးကို အမြဲအသုံးပြုနေကြရသည်။
မိုးမြေ၏ ဟင်းလင်းပြင်ကြားတွင် မည်သည့်စည်းမျဉ်းဥပဒေမှ မရှိပေ။ မဟာပန်သွန်ဘုံက အလွန်သန်မာသောကြောင့် ကမ္ဘာသန်းပေါင်းများစွာကို လွှမ်းမိုးဖိနှိပ်နိုင်သည်။
“ တာအိုရောင်းရင်းဟန်က မဟာပန်သွန်ဘုံရဲ့ စွမ်းအားကို အသုံးပြုပြီး ကောင်းကင်နင်းခြေနတ်သားရဲတွေကို နှိမ်နင်းချင်တာလား ”
ယွင်ရှန်းဟူသော အကြီးအကဲက မျက်လုံးမှေးကျဉ်းလိုက်သည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီလိုဆိုရင် ကျုပ်ရဲ့ ယုလင်းကောင်းကင်နဂါးကလန်က မဟာပန်သွန်ဘုံနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ် ”
နောက်ဆုံးမှာတော့ ဟန်မူယဲ့နှင့် ယုလင်းကောင်းကင်နဂါးကလန်က သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ သူတို့က လေဟာပြင်မြို့တော်ကို ကာကွယ်ပေးရန် စစ်တပ်သုံးသုတ်ကို စေလွှတ်ကြလိမ့်မည်။
ပထမအသုတ်မှာ စစ်သည်တော်သန်းသုံးဆယ်ပါဝင်ပြီး သူတို့က လေဟာပြင်မြို့တော်ထဲမှာ တပ်စွဲကြလိမ့်မည်။ သူတို့က လေဟာပြင်မြို့တော်၏ သွေးချီစွမ်းအားကို ချေးငှား၍ ကျင့်ကြံကြလိမ့်မည်။ တစ်ချိန်တည်းမှာ သူတို့က လေဟာပြင်မြို့တော်၏ ခုခံကာကွယ်မှုကို အားဖြည့်ပေးကြလိမ့်မည်။
ထိုစစ်သည်တော်များက ဟန်မူယဲ့၏ လက်အောက်မှ ကမ္ဘာဦးဘုံ၏ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်မှာ ကျင့်ကြံပြီးနောက် လေဟာပြင်မြို့တော်ဆီသို့ ရွှေ့ပြောင်းကြလိမ့်မည်။
ယဇ်ပလ္လင်ပေါ်မှာ အနှစ်တစ်သောင်းကျင့်ကြံပြီးနောက် သူတို့ထဲမှ အများစုက သေခြင်းရှင်ခြင်းအဆင့်သို့ တတ်လှမ်းသွားကြသည်။
သူတို့သာ လေဟာပြင်မြို့တော်မှာ ကျင့်ကြံမည်ဆိုလျှင် သေခြင်းရှင်ခြင်း၏ အထက်အဆင့်ဖြစ်သော ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် ကမ္မအဆင့်ထိ တတ်လှမ်းနိုင်ကြလိမ့်မည်။ အမှန်မှာ သူတို့ထဲမှ တချို့က အာဏာရှင်အဆင့်ထိပင် တတ်လှမ်းနိုင်ကြလိမ့်မည်။
ယင်းက ဟန်မူယဲ့ကို ယုလင်းကောင်းကင်နဂါးကလန်မှ ကမ်းလှမ်းလာသော ပထမဆုံးဆုလာဘ် ဖြစ်သည်။
လေဟာပြင်မြို့တော်ထဲမှာ စစ်တပ်များ တပ်စွဲထားပြီးလျှင် နတ်ဘုရားအဆင့် ပညာရှင်များက မြို့ကို စောင့်ကြပ်ရန် ရောက်လာကြလိမ့်မည်ဟု ဟန်မူယဲ့က ကတိပေးခဲ့သည်။ ထိုနတ်သခင်များက မြို့တော်အပြင်ဘက်မှာသာ နေထိုင်ကြလိမ့်မည်။ သူတို့က မြို့ထဲသို့ ခြေတစ်လှမ်းပင် လှမ်းကြလိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်ပါစေ နတ်သခင်များ၏ တည်ရှိမှုက ယုလင်းကောင်းကင်နဂါးကလန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
နတ်သခင်များက မြို့တော်အပြင်ဘက်မှာ နေကြမည်ဆိုလျှင် သူတို့က မြို့တော်၏ မဟာဝင်္ကပါကို အသုံးပြုနိုင်ကြလိမ့်မည်။ အတိတ်မှာ ကောင်းကင်နင်းခြေမျိုးနွယ်သည်ပင် လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါကို မဖျက်ဆီးနိုင်ခဲ့ဘူး မဟုတ်ပါလော။
ယင်းက ဒုတိယအဆင့် ဖြစ်သည်။
တတိယအဆင့်တွင် မဟာပန်သွန်ဘုံမှ စစ်တပ်များက ကောင်းကင်နင်းခြေမျိုးနွယ်ကို တိုက်ခိုက်ကြလိမ့်မည်။
ထိုအတွက် ယုလင်းကောင်းကင်နဂါးကလန်သည် ဟင်းလင်းပြင်ထဲမှာ ရွေ့လျားနေကြသော ကောင်းကင်နင်းခြေနတ်သားရဲများ၏ တည်နေရာကို ခြေရာခံပေးရမည်။
ယင်းက ယုလင်းကောင်းကင်နဂါးကလန်၏ ကျွမ်းကျင်မှု ဖြစ်သည်။
နှစ်ဦးနှစ်ဖက် သဘောတူညီပြီးနောက် ဟန်မူယဲ့က တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါဖြင့် ထွက်သွားသည်။
ဤတစ်ကြိမ်တွင် သူက ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့သည်။ သူက များပြားလှသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ပိုင်ဆိုင်ခဲ့ပြီး သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်နိုင်ခဲ့သည်။ ထို့ပြင် သူက ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများကို အစွမ်းမြှင့်တင်ပေးရန်လည်း စီစဉ်နိုင်ခဲ့သည်။
ဟန်မူယဲ့က ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများကို အလေးအနက်ထားကြောင်း မြင်သောအခါ ယွင်ကျန်းနှင့် တခြားလူများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ဟန်မူယဲ့က မိတ်ဆွေဆက်ဆံရေးကို အမှန်တကယ် တန်ဖိုးထားသူဖြစ်ကြောင်း သူတို့သိလိုက်ကြသည်။
ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ထဲမှာ နောက်ထပ် အနှစ်တစ်သောင်းကြာ နေထိုင်ပြီးနောက် ဟန်မူယဲ့က အပြင်ပြန်ထွက်လာသည်။
ဟွမ်ကျစ်ဟူနှင့် တခြားလက်ရွေးစင်များသည်တော့ သူတို့က လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက သူတို့၏ ကျင့်ကြံခြင်းအကန့်အသတ်သို့ ရောက်ရှိသွားသောကြောင့် ယဇ်ပလ္လင်ထဲမှ ထွက်လာကြပြီး လေဟာပြင်မြို့တော်ဆီသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
ဟန်မူယဲ့သည်တော့ ယွင်ထျန်းမြို့တော်ဆီသို့ ဦးတည်သွားသည်။
…..
ယွင်ထျန်းမြို့တော်၏ ခန်းမထဲဝယ်… ။
ယွင်ကျိနတ်သခင်က သူ့အရှေ့မှ ဟန်မူယဲ့ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
“ တာအိုရောင်းရင်းဟန်… ရှေးဟောင်းဝိညာဉ်နတ်သခင်ရဲ့ အကြံအစည်က ကျုပ်တို့နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ ခင်ဗျားယုံကြည်ပေးပါ ”
ယွင်ကျိနတ်သခင်က သတိကြီးစွာထား၍ ပြောသည်။
သူက ဤအခိုက်အတန့်မှာ နှလုံးတုန်ယင်နေပြီး ခြေလက်များ ဂနာမငြိမ်ဖြစ်နေသည်။
သူ့အရှေ့မှ ဟန်မူယဲ့က ထိုမျှအစွမ်းထက်လိမ့်မည်ဟု မည်သူမျှော်လင့်ထားမည်နည်း။
ရှေးဟောင်းဝိညာဉ်နတ်သခင်က သူတို့ထဲမှာ အသန်မာဆုံးနတ်သခင် မဟုတ်သော်လည်း ထိုသူက အားနည်းသော နတ်ဘုရားတစ်ပါး မဟုတ်ပေ။
သို့တိုင် ယခု သူက ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ အပြင်ဘက်မှာ တန်းလန်းချိတ်ဆွဲခံထားရသည်။ ထိုအကြောင်းကို လောကတစ်သောင်းထဲမှ မည်သူမဆို သိရှိထားကြသည်။
သို့ဖြစ်လေရာ သူက မည်သို့ကြောင့် ဟန်မူယဲ့ကို မကြောက်ဘဲ နေမည်နည်း။
“ ယွင်ကျိနတ်သခင်… ဒီတစ်ခေါက် ကျုပ်အလည်ရောက်လာတာ ရှေးဟောင်းဝိညာဉ်နတ်သခင်ကြောင့်မဟုတ်ပါဘူး ”
ဟန်မူယဲ့က သာမန်ကာလျှံကာ လက်ယမ်းလိုက်ပြီး မထူးမခြားနား အမူအရာဖြင့် ပြောသည်။
“ နတ်သခင်တွေရဲ့ အကြံအစည်နဲ့ပတ်သက်ပြီးတော့… ဘယ်သူပဲ ရောက်လာရောက်လာ ကျုပ်က ကြိုဆိုနေမှာပါ ”
ဟန်မူယဲ့က စကားပြောနေရင်း မျက်လုံးမှေးကျဉ်းလိုက်သည်။
“ ပြီးတော့ ရှေးဟောင်းဝိညာဉ်နတ်သခင်ကို သတ်တာက မလုံလောက်သေးဘူးလို့ ကျုပ်ခံစားမိတယ် ”
မလုံလောက်သေးဘူး… ။
နတ်သခင်တစ်ပါးကို သတ်ပစ်တာက မလုံလောက်သေးဘူးလား… ။
ယွင်ကျိနတ်သခင်က ချွေးပြန်သွားသည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဘယ်သူက အဲ့လောက်သတ္တိကောင်းနေလို့ တာအိုရောင်းရင်းဟန်ကို မကောင်းကြံရဲမှာလဲ ”
စကားတချို့ အပြန်အလှန်ပြောပြီးနောက် ယွင်ကျိနတ်သခင်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဒီနေ့ တာအိုရောင်းရင်းဟန် ရောက်လာတာ ဘာကိစ္စကြောင့်လဲမသိဘူး ”
အကယ်၍ ဟန်မူယဲ့၏ ခွန်အားက သူ့ထက် သာလွန်နေသောကြောင့်မဟုတ်လျှင် သူက ယခုကဲ့သို့ အောက်ကျို့ခံလိမ့်မည် မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ သူ့မှာ တခြားရွေးချယ်စရာမရှိပေ။
မဟုတ်လျှင် သူသည်လည်း ရှေးဟောင်းဝိညာဉ်နတ်သခင်ကဲ့သို့ ဟင်းလင်းပြင်ပေါ်မှာ တန်းလန်းချိတ်ဆွဲခံရလိမ့်မည်။
“ ကျုပ်က နတ်သခင်တွေဆီကနေ အကူအညီတောင်းချင်လို့ပါ… ကျုပ်ကျူးကျော်သိမ်းပိုက်ချင်တဲ့ ဘုံတစ်ခု ရှိတယ် ”
ဟန်မူယဲ့က ခန်းမ၏ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း နူးညံ့စွာ ပြောသည်။
“ ဘုံတစ်ခုကို တိုက်ခိုက်ဖို့လား ”
ယွင်ကျိနတ်သခင်က မျက်မှောင်ကြုတ်လိုက်သည်။
သူတို့က ဘုံတစ်ခုကို မတိုက်ခိုက်နိုင်ကြခြင်း မဟုတ်ပေ။ သို့သော်လည်း ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲနေထိုင်ကြသော နတ်သခင်များအတွက်တော့ သူတို့က သူတို့၏ ကိုယ်ပိုင်မူလစွမ်းအားကို ကုန်ဆုံးစေပြီး ဘုံတစ်ခုကို မတိုက်ခိုက်ချင်ကြပေ။
အဆင့်နိမ့်ဘုံတစ်ခုဆိုလျှင်ပင် ယင်းက အလွန်ပေါများသော မူလစွမ်းအားကို ပိုင်ဆိုင်ထားသည်။
“ ဘုံကို သိမ်းပိုက်ပြီးရင် ကျုပ်က ခင်ဗျားတို့အားလုံးကို လေဟာပြင်မြို့တော်အပြင်ဘက်ကနေ ဦးဆောင်ခေါ်သွားပြီး ကောင်းကင်နင်းခြေနတ်သားရဲတွေကို အမဲလိုက်သတ်ဖြတ်မယ် ”
ဟန်မူယဲ့က ထပ်မံ ပြောသည်။
လေဟာပြင်မြို့တော်… ။
ကောင်းကင်နင်းခြေနတ်သားရဲတွေ… ။
ယွင်ကျိနတ်သခင်က အစတွင် အံ့ဩသွားသည်။ ထို့နောက် သူက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။
“ ကောင်းကင်နင်းခြေမျိုးနွယ်က အရမ်းသန်မာတယ်… နတ်သခင်တစ်ပါးတောင် သူတို့ရဲ့ တည်နေရာကို မရှာဖွေနိုင်ဘူး… ”
သူက ဇဝေဇဝါဖြစ်သွားသည်။
ဟန်မူယဲ့ပေးသော သတင်းအချက်အလက်များက ရှုပ်ထွေးပြီး မတိကျပေ။
လေဟာပြင်မြို့တော်က ဒဏ္ဍာရီများထဲမှာသာ တည်ရှိပြီး အပြင်လူများက မြို့တော်၏ တည်နေရာအတိအကျကို မသိထားကြချေ။
ကောင်းကင်နင်းခြေမျိုးနွယ်က အလွန်အမင်း သန်မာသည်။ အစွမ်းထက်နတ်သခင်တစ်ပါးသည်ပင် သူတို့ကို အမဲလိုက်သတ်ဖြတ်နိုင်သည်ဟု မပြောဝံ့ပေ။
“ လေဟာပြင်မြို့တော်ရဲ့ အပြင်ဘက်မှာ ကောင်းကင်နင်းခြေနတ်သားရဲတွေကို ချုပ်နှောင်ထားတဲ့ ပုံရိပ်ယောင်ဝင်္ကပါတစ်ခု ရှိတယ်… ဝင်္ကပါရဲ့ ထောက်ပံ့မှုအောက်မှာ နတ်သခင်တစ်ပါးက ကောင်းကင်နင်းခြေနတ်သားရဲတွေကို အလွယ်တကူ သတ်ဖြတ်နိုင်တယ် ”
“ ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ရဲ့ သွေးချီနဲ့ မူလစွမ်းအားက စကြာဝဠာနယ်မြေတစ်ခုကို ပျိုးထောင်ပေးနိုင်တယ် ”
“ ပိုပြီးအစွမ်းထက်တဲ့ အကောင်တွေဆိုရင် ဘုံတစ်ဝက်ရဲ့ စွမ်းအားကို ထောက်ပံ့ပေးနိုင်တယ် ”
ဟန်မူယဲ့၏ အသံက သိပ်မကျယ်သော်လည်း သူ၏ လေသံထဲမှာ ဆွဲဆောင်မှုအကြီးကြီး ကိန်းအောင်းနေသည်။
နတ်ဘုရားအဆင့်သည် ကျင့်ကြံခြင်းလမ်းစဉ်၏ အဆုံးသတ်မဟုတ်ပေ။
နတ်ဘုရားအဆင့် ကျင့်ကြံသူများသည်ပင် နောက်ထပ် တိုးတတ်ရန် ပမာဏများပြားသော အရင်းအမြစ်များကို လိုအပ်ကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်နင်းခြေနတ်သားရဲများ၏ သွေးချီနှင့် မူလစွမ်းအားကို ဝါးမျိုသန့်စင်နိုင်မည်ဆိုလျှင် သူက ကြီးမားစွာ တိုးတတ်သွားလိမ့်မည်။
“ တာအိုရောင်းရင်းဟန်… ဒီဟာက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ… ခင်ဗျားက ဘာလို့ ဒီဟာကို ကျုပ်တို့နဲ့ ဝေမျှချင်တာလဲ ”
ယွင်ကျိနတ်သခင်က လေးနက်သော လေသံဖြင့် ဟန်မူယဲ့ကို မေးသည်။
ထိုမျှကြီးမားသော အခွင့်အရေးကို မည်သူက တခြားလူများနှင့် မျှဝေချင်မည်နည်း။
ဟန်မူယဲ့၏ ရက်ရောမှုက အကြောင်းအရင်းမရှိဘဲ မဖြစ်နိုင်ပေ။
“ ကောင်းကင်နင်းခြေနတ်သားရဲတွေက ကျုပ်တစ်ယောက်တည်း အမဲမလိုက်နိုင်အောင် အရမ်းများလွန်းတယ် ”
ဟန်မူယဲ့က စကားက ယွင်ကျိနတ်သခင်ကို အံ့ဩသွားစေသည်။
“ လေဟာပြင်မြို့တော်ရဲ့ ပုံရိပ်ယောင်ဝင်္ကပါက အချိန်ကြာကြာ မထိန်းထားနိုင်ဘူး… ဒါကြောင့် ကျုပ်က တခြားနတ်သခင်တွေဆီကနေ အကူအညီတောင်းရတာပါ ”
ဟန်မူယဲ့၏ ဒုတိယစကားက ယွင်ကျိနတ်သခင်ကို နှုတ်ခမ်းတွန့်သွားစေသည်။
ယွင်ကျိနတ်သခင်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်လေရာ သူ၏ အမူအရာက ထူးဆန်းသွားသည်။
“ ဒါဆို ခင်ဗျားက ကျုပ်တို့ကို လေဟာပြင်မြို့တော်ကို ကာကွယ်ပေးဖို့ အကူအညီတောင်းနေတာပဲ ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
“ ခင်ဗျား အဲ့ဒီလိုပြောလို့ရတယ် ”
“ ဒါပေမဲ့ ခင်ဗျားကို လေဟာပြင်မြို့တော်ကို ကာကွယ်ပေးဖို့ အကူအညီတောင်းတာဆိုရင် ခင်ဗျားက ဆုလာဘ်ကိုပဲ ရရှိလိမ့်မယ် ”
“ ကောင်းကင်နင်းခြေနတ်သားရဲတွေကို အမဲလိုက်ဖို့ ဖိတ်ခေါ်တာဆိုရင် ခင်ဗျားက ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်… အဲ့ဒီနှစ်ခုက အဓိပ္ပာယ်မတူဘူး ”
အဓိပ္ပာယ်မတူဘူးလား… ။
အချိန်အတော်ကြာပြီးနောက် ယွင်ကျိနတ်သခင်က သတိပြန်ဝင်လာသည်။
“ တာအိုရောင်းရင်းဟန်… လေဟာပြင်မြို့တော်က ခင်ဗျားကို ဖိတ်ခေါ်ဖို့အတွက် ဘယ်လောက်တန်ကြေးကို ပေးခဲ့လဲ ကျုပ် အရမ်းပဲ သိချင်မိတယ် ”
ဟန်မူယဲ့က အနောက်သို့ ခေါင်းလှည့်လိုက်ပြီး ယွင်ကျိနတ်သခင်ကို ကြည့်လိုက်သည်။
…..
တစ်လကြာပြီးနောက်… ။
မုန့်ကျားဘုံထဲတွင်… ။
ဟွမ်ခြောက်နှင့် ကြက်သွေးရောင်ကောင်းကင် ဦးဆောင်သော ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက မုန့်ကျားဘုံ၏ သုံးဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်သွားသည်။
သို့သော်လည်း စစ်တပ်က အရှေ့သို့ ချီတတ်သွားနေစဉ် မုန့်ကျားဘုံထဲမှ အင်အားစုအသီးသီးက သူတို့၏ လမ်းကြောင်းများကို ပိတ်ဆို့လိုက်ကြပြီး သူတို့၏ ပိုင်နက်များကို ဖြည်းဖြည်းချင်း သိမ်းပိုက်လိုက်ကြသည်။ ယင်းက ကြက်သွေးရောင်မိစ္ဆာဂိုဏ်းကို အနောက်ပြန်ဆုတ်သွားစေရန် တွန်းအားပေးလိုက်သည်။
ဟွမ်ခြောက်နှင့် ကြက်သွေးရောင်ကောင်းကင်တို့ အင်အားပူးပေါင်းထားသည့်တိုင် သူတို့က ဆုံးရှုံးမှုကို အနည်းငယ်သာ လျော့ချနိုင်ခဲ့သည်။
အကယ်၍ သူတို့က မုန့်ကျားဘုံကို သုံးဆယ်ရာခိုင်နှုန်းထက်ပို၍ အုပ်ချုပ်ချင်သည်ဆိုလျှင် သူတို့မှာ အခွင့်အရေးမရှိနိုင်ပေ။
“ ဆရာဦးလေးကျန်းရှုံး… ဆရာက ဘယ်တော့ ပြန်လာမှာလဲ ”
ကြက်သွေးရောင်ကောင်းကင်က သူ၏ အရှိန်အဝါကို ထုတ်လွှတ်နေရင်း သုန်မှုန်နေသော မျက်နှာဖြင့် ပြောသည်။ သူက အဝေးမှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ စိတ်ချစမ်းပါ… အဲ့ဒီကောင် မကြာခင် ပြန်လာလိမ့်မယ် ”
ဟွမ်ခြောက်က ခေါင်းယမ်းလိုက်သည်။
“ ငါတို့တွေ တိုက်ပွဲနည်းနည်းလောက် ထပ်တိုက်ရအောင်… အဲ့ဒီကောင်ပြန်လာရင် ငါတို့မှာ တိုက်ခိုက်စရာ ဘာမှကျန်တော့မှာ မဟုတ်ဘူး ”
“ အမြဲတမ်း အဲ့ဒီအတိုင်းပဲ ”