အခန်း (၁၆၈၀)
Vol. 120 Ch. 1680
ဓားအလင်းများက ရေလှိုင်းများသဖွယ် ပေါ်လျှိုးလာကြပြီး မရပ်မစဲ လှုပ်ရှားနေကြသည်။
အနက်ရောင်က မင်ကဲ့သို့ နက်မှောင်ပြီး အဖြူရောင်က နှင်းကဲ့သို့ ဖြူဖွေးသည်။ အဖြူရောင်ဓားအလင်းနှင့် အနက်ရောင်ဓားအလင်းတို့ ယှက်ထွေသွားသည့်အခါ မီးခိုးရောင်ပုံရိပ်များ ထွက်ပေါ်လာကြသည်။
ဓားအလင်းတန်းတစ်ခုသည် မတူညီသော နိယာမနှစ်ခု၏ ပေါင်းစပ်စွမ်းအားကို သယ်ဆောင်လျက် ပျံသန်းထွက်သွားသည်။
ထိုဓားအလင်းတန်းကို မြင်လိုက်ရသော လူတိုင်းက စိတ်မသက်မသာ ခံစားမိသွားကြသည်။
သို့သော်လည်း ဓားနတ်ဘုရားနှစ်ပါးသည် ဟန်မူယဲ့၏ ဓားကို မြင်လိုက်သောအခါ သွေးပွက်ပွက်ဆူသွားပြီး စိတ်လှုပ်ရှားသွားကြသည်။
“ ဘယ်လောက်မိုက်လိုက်တဲ့ ဓားပညာလဲ ”
“ သေခြင်းရှင်ခြင်းကြားက ဓား… တကယ် အံ့ဩစရာပဲ ”
ဓားနတ်ဘုရားနှစ်ပါးက ပြိုင်တူအော်ပြောလိုက်ကြသည်။ သူတို့၏ ဓားအလင်းက ဟန်မူယဲ့၏ ဓားအလင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဓားနတ်ဘုရားနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် သူတို့က ဟန်မူယဲ့ကို မည်မျှအလေးအနက်ထားနေကြောင်း မြင်နိုင်ပေသည်။
ဤလောကတွင် ဓားကျင့်ကြံသူများက မာနအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဓားကျင့်ကြံခြင်းဖြင့် နတ်ဘုရားဖြစ်လာကြသော ပုဂ္ဂိုလ်များကိုတော့ ပြောနေစရာမလိုပေ။ ယခု သူတို့က ပြိုင်တူဓားထုတ်လိုက်ကြပြီး ဟန်မူယဲ့ကို ပူးပေါင်းတိုက်ခိုက်နေကြသည်။
ထိုမြင်ကွင်းက ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါးနှင့် တခြားကောင်းကင်နင်းခြေနတ်သားရဲကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ဒီလောကမှာ အဲ့ဒီလိုသန်မာတဲ့ ပုဂ္ဂိုလ်တွေ တကယ်ရှိတာလား… ။
“ ဝီး ”
ဓားသုံးလက်က အတူတကွ ပူးကပ်သွားကြသည်။
ဟန်မူယဲ့၏ ဓားအလင်းက အဖြူနှင့်အနက်အဖြစ် ခွဲထွက်သွားသည်။ အနက်ရောင်ဓားက ဓားနတ်ဘုရားတစ်ပါးကို ခုတ်ပိုင်းလိုက်စဉ် အဖြူရောင်ဓားက တခြားဓားနတ်ဘုရားကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ဓားနှစ်လက်အနောက်သို့ လိုက်သွားသည်။ ဟင်းလင်းပြင်ထဲမှာ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေဟာနယ်က တိုက်ရိုက် ဖြတ်တောက်ခံလိုက်ရသည်။
သူ၏ အရှေ့တွင် အဖြူရောင်ဓားနှင့် အနက်ရောင်ဓားက ဓားနတ်ဘုရားနှစ်ပါးကို တိုက်ရိုက် ဖိနှိပ်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်ဆီသို့ ပြန်ရောက်သွားဟန် ရ၏။ ဓားတာအိုအပေါ် သူ၏ ဆင်ခြင်နားလည်မှုက လှုံ့ဆော်ခံလိုက်ရသည်။
သို့ဖြစ်၍ သူက ရန်သူ၏ ဓားကွက်တိုင်းကို ထွင်းဖောက်မြင်နိုင်သွားသည်။
“ ငါ့ရဲ့ ဓားကို ကြယ်စင်စုဓားကွက်နဲ့ တားမယ်ဆိုရင် အရမ်းနှေးလွန်းတယ်… အထိရောက်ဆုံးနည်းဖြစ်တဲ့ တိုက်ရိုက် ဓားထိုးခြင်းကို မင်းသုံးသင့်တယ် ”
“ မင်းက ဖီးနစ်အမြှီးရိုက်ချက်ကိုတောင် မချိုးဖြတ်နိုင်ဘူး… မင်းရဲ့ ဓားတာအိုအခြေခံက အရမ်းအားနည်းတယ် ”
“ ဒီလိုအခြေအနေမှာ မင်းက အရှိန်အဟုန်ချိုးဖြတ်ဖို့ စဉ်းစားနေတာလား… မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ… ဒီဓားကွက်ကို မင်းဘယ်လို ခုခံတားဆီးမလဲ ”
“ အတိတ်မှာ အမှောင်ရိပ်ဓားရုံးတော်က မိုးမြေကြားမှာ ဂုဏ်သတင်းကျော်ကြားခဲ့တယ်… ဒါပေမဲ့ မင်းတို့ရဲ့ ဓားအခြေခံက အမှောင်ရိပ်ဓားရုံးတော်ရဲ့ တတိယအဆင့်သက်မှတ်ချက်ထဲတောင် မဝင်ဘူး… အရမ်းဆိုးဝါးလွန်းတယ် ”
ဟန်မူယဲ့က ခြေတစ်လှမ်း လှမ်းလိုက်ပြီး စကားတစ်ခွန်း ပြောလိုက်တိုင်း ဓားနတ်ဘုရားနှစ်ပါးက အနောက်သို့ ဆုတ်သွားကြသည်။ သူတို့မှာ တန်ပြန်တိုက်ခိုက်နိုင်သော အင်အား လုံးဝမရှိပေ။
ယင်းမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မလုံလောက်သောကြောင့် မဟုတ်ပေ။
ယင်းအစား သူတို့၏ ရန်သူဖြစ်သော ဟန်မူယဲ့က အလွန်စင်ကြယ်သော ဓားလမ်းစဉ်နှင့် ရှိန်လောက်ဖွယ်ကောင်းသော ဓားတာအိုဉာဏ်အလင်းများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
ဟန်မူယဲ့၏ သာမန်ကာလျှံကာ ဓားချက်များထဲမှာ ဓားနိယာမများနှင့် စိတ်ဆန္ဒများက ကိန်းအောင်းနေသည်။ မဟာတာအိုသည်ပင် ယင်းတို့ထဲမှာ ပါဝင်နေသည်။
ဟန်မူယဲ့နှင့် ရင်ဆိုင်ရခြင်းက အဆုံးမဲ့သော ဓားတာအိုနှင့် ရင်ဆိုင်နေရသည့်အလားပင်။
သူ၏ သာမန်ဓားချက်များက ဓားနတ်ဘုရားများဖြစ်သော သူတို့သည်ပင် လျော့မတွက်ဝံ့သောအရာ ဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်သော ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံခဲ့သော သူတို့၏ ဓားတာအိုနှင့် ဓားကွက်များက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ချို့ယွင်းချက်များ ရှိနေသည်။
ဟန်မူယဲ့က ထိုချို့ယွင်းချက်များကို ထောက်ပြပေးရုံသာမက ယင်းတို့ကို ဖယ်ရှားနိုင်ရန် ကူညီပေးသည်။
ဤအခိုက်အတန့်မှာ သူတို့က ငယ်ဘဝသို့ ပြန်ရောက်သွားပြီး ဓားပညာကို အစမှ ပြန်သင်ယူနေရသည့်အလားပင်။ သို့ဖြစ်၍ ဟန်မူယဲ့ထံမှ ဓားချက်ထွက်ပေါ်လာသည့်အခါတိုင်း မည်သို့ပြန်တုံ့ပြန်သင့်ကြောင်း သူတို့မသိကြတော့ချေ။
သူတို့၏ အရှေ့မှ ဓားအလင်းက အကန့်အသတ်မဲ့သော ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထားဟန် ရ၏။
ယင်းက ဓားတစ်လက်သာ မဟုတ်ပေ။ ယင်းက ဓားတာအို၏ အထွတ်အထိပ်ဖြစ်သည်။
“ ထန် ”
အဖြူရောင်ဓားနှင့် အနက်ရောင်ဓားက ဓားနတ်ဘုရားနှစ်ပါး၏ ဓားများကို အပေါ်သို့ မြှောက်တတ်သွားစေသည်။
ဓားနတ်ဘုရားနှစ်ပါးက အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားကြပြီး သူတို့၏ သွေးချီက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူတို့က မိုင်သန်းပေါင်းများစွာအဝေးသို့ ဆုတ်သွားပြီးမှသာ ဟန်ချက်ပြန်ထိန်းနိုင်သွားကြသည်။
သူတို့နှစ်ယောက်က ဟန်မူယဲ့ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ နောင်တရသော အရိပ်အမြွက်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အမှောင်ရိပ်ဓားရုံးတော်ရဲ့ အမွေအနှစ်က အဲ့လောက် အားမနည်းသင့်ဘူး… ”
အားနည်းတယ်… ။
တစ်စုံတစ်ယောက်က ဓားနတ်ဘုရားနှစ်ပါး၏ ဓားတာအိုကို အားနည်းသည်ဟု ပြောဝံ့သည်လော။
အကယ်၍ ထိုစကားကို တခြားနေရာမှာသာ ကြားရမည်ဆိုလျှင် လူတိုင်းက အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည့်အလား ရယ်မောကြလိမ့်မည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ မိုးကြိုးပင်လယ်ဖြင့် ဖိနှိပ်ခံထားရသော ကောင်းကင်နင်းခြေနတ်သားရဲမှလွဲလျှင် တခြားလူများက မျက်နှာသုန်မှုန်နေကြသည်။
“ ဝှစ် ”
ဟန်မူယဲ့က သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ဓားနတ်ဘုရားနှစ်ပါး၏ ဓားများကို ဖမ်းယူလိုက်သည်။
“ တာအိုရောင်းရင်းမူယဲ့… ကျုပ်ရဲ့ ဓားရုံးတော်မှာ မရေမတွက်နိုင်တဲ့ ဓားပညာရှင်တွေ ရှိပါတယ်… ပြီးတော့ ထာဝရဓားစင်မြင့်ရောပဲ… တကယ်လို့ ခင်ဗျားက ထိုက်တန်တဲ့ ဓားပညာရှင်တစ်ယောက်ကို ရှာဖွေနေတာဆိုရင် ကျုပ်ရဲ့ ဓားရုံးတော်ဆီ တစ်နေ့ လာခဲ့ပါ… ကျုပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် ”
“ အဲ့ဒီမှာ ခင်ဗျားရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ ဓားတာအိုကို ရှာတွေ့နိုင်လိမ့်မယ် ”
သူတို့၏ ဓားများက ဟန်မူယဲ့၏ လက်ထဲသို့ ကျရောက်သွားကြောင်း မြင်သောအခါ ဓားနတ်ဘုရားတစ်ပါးက ပြောသည်။
ထာဝရဓားစင်မြင့်… ။
ဟန်မူယဲ့က ထိုစကားလုံးကို ရေရွတ်လိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောသည်။
“ ကောင်းပြီ… တစ်နေ့ ကျုပ်လာခဲ့မယ် ”
ဓားနတ်ဘုရားနှစ်ပါးက ပြန်ဆုတ်သွားကြသည်။
“ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်နဲ့ပတ်သက်ပြီး ကျုပ်တို့ရဲ့ အမှောင်ရိပ်ဓားရုံးတော်က နုတ်ထွက်တယ်… ”
ထိုအသံ ပျံ့လွင့်သွားသည်နှင့် ဓားနတ်ဘုရားနှစ်ပါးက သူတို့၏ မူလနေရာမှ ပျောက်ကွယ်သွားကြသည်။
အစတွင် နတ်သခင်ရှစ်ပါးက ဟန်မူယဲ့ကို ဝိုင်းရံသတ်ဖြတ်ရန် ရောက်လာခဲ့ကြသည်။ သူတို့ထဲမှာ အသန်မာဆုံးဖြစ်သော ဓားနတ်ဘုရားနှစ်ပါးက ထိုသို့စောစီးစွာ အနောက်ဆုတ်သွားမည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။
ထိုအခြေအနေက ကျန်ရှိနေသော လူများကို ပိုပြီးမျက်နှာပျက်သွားစေသည်။
“ ဝေါင်း ”
ကောင်းကင်နင်းခြေနတ်သားရဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ဧရာမသားရဲအဖြစ် အသွင်ပြောင်းလဲသွားသည်။ သူက မိုးကြိုးပင်လယ်ထဲမှာ ချုပ်နှောင်ခံထားရသော တခြားကောင်းကင်နင်းခြေနတ်သားရဲဆီသို့ ပြေးသွားပြီး သူ၏ ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်လိုက်သည်။
“ ဘန်း ”
သူတို့နှစ်ယောက်၏ ဘေးပတ်ဝန်းကျင်မှ မိုးကြိုးသံကြိုးများက ပျက်စီးအက်ကွဲသွားကြသည်။ ထို့နောက် သူတို့က လူပုံသဏ္ဍာန်သို့ ပြန်ပြောင်းလဲသွားကြပြီး သူတို့၏ အမူအရာက သုန်မှုန်သွားကြသည်။
မိုးကြိုးပင်လယ်ထဲမှာ အကျဉ်းချခံခဲ့ရသော ကောင်းကင်နင်းခြေနတ်သားရဲ၏ မျက်လုံးထဲ၌ အကြောက်တရားက ပေါ်လျှိုးလာသည်။
“ မင်းက အဲ့လောက် သန်မာတယ်လို့ ငါတော့မယုံဘူး ”
ရွှမ်ပုံရိပ်ယောင်ကလန်၏ ခေါင်းဆောင်နတ်သခင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ပေါ်သို့ ဖိချလိုက်လေရာ အဆုံးမဲ့သော ပုံရိပ်ယောင်နတ်ဘုရားအလင်းက ထွက်ပေါ်လာသည်။
ရွှမ်ပုံရိပ်ယောင်ကလန်မှ တခြားနတ်သခင်သုံးပါးသည်လည်း ရပ်ကြည့်မနေကြချေ။ သူတို့က ဟန်မူယဲ့နှင့် ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်ကို ဖုံးအုပ်သွားမည့် ပုံရိပ်ယောင်နယ်မြေတစ်ခုကို ဖန်တီးလိုက်ကြသည်။
“ အသက်အန္တရာယ်မရှိဘဲ စိတ်ကြိုက်တိုက်ခိုက်နိုင်တဲ့ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်တာလား ”
“ ဒါပေမဲ့ ဒီနေရာမှာ ငါသေသွားမယ်ဆိုရင် အဲ့ဒါက တကယ်သေတာ ဖြစ်သွားမှာမလား ”
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး သူ့အရှေ့မှ ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်ကို ကြည့်လိုက်သည်။
သူက လက်ထဲမှ ဓားကို မြှောက်တင်လိုက်သည်။
“ ပိုင်းဖြတ်စမ်း ”
သုံးပေရှည်လျားသော ဓားက သူ့အရှေ့မှ ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားရုံသာမက ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်၏ အလွန်အမင်း သန်မာသော ခန္ဓာကိုယ်ကိုလည်း တိုက်ရိုက် ပိုင်းဖြတ်သွားသည်။
ပုံရိပ်ယောင်နယ်မြေက ကျိုးပြတ်သွားသည်။ ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါးက မျက်လုံးပြူးသွားကြစဉ် သူတို့၏ ဘေးမှ ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်က မျက်နှာဖြူဖျော့သွားကြသည်။
အလင်းအမှောင်က နောက်တစ်ကြိမ် စုဝေးသွားသည့်အခါ ပုံရိပ်ယောင်က တဖန်အသက်ဝင်လာသည်။
ဟန်မူယဲ့က ရယ်မောလိုက်ပြီး နောက်ထပ် ဓားတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
အလင်းအမှောင်က ကျောက်တုံးပေါ် ပြုတ်ကျသွားသော ကြေးမုံပမာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်က သွေးအန်လိုက်ကြသည်။
အလင်းအမှောင်က နောက်တစ်ကြိမ် စုဝေးသွားသည့်အခါ ဓားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ဟန်မူယဲ့က ဓားချက်တစ်ထောင်ကို ထုတ်ဖော်လိုက်ပြီး အလင်းအမှောင်ကို အကြိမ်တစ်ထောင် ပိုင်းဖြတ်လိုက်သည်။
သူက နောက်တစ်ကြိမ် ဓားကိုင်မြှောက်လိုက်သည့်အခါ ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါးက တုန်ယင်သွားကြသည်။
ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်သခင်နှစ်ပါးက ပြိုလဲကျလုနီးပါး အားနည်းသွားကြသည်။
“ သူ… သူက ငါတို့ရဲ့ မူလစွမ်းအားကို စုပ်ယူနေတာ ”
မိုးကြိုးပင်လယ်ထဲမှာ အကျဉ်းချခံခဲ့ရသော ကောင်းကင်နင်းခြေနတ်သားရဲက အထိတ်တလန့် အော်ပြောလိုက်သည်။ သူက ဟန်မူယဲ့ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ တစ်စုံတစ်ခုလွဲမှားနေကြောင်း တခြားလူများသည်လည်း သတိထားမိသွားကြသည်။
သူတို့က နတ်ဘုရားများဖြစ်သော်လည်း ဤအခိုက်အတန့်မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေကြရသည်။
ရှင်းလင်းစွာပင် ယင်းက သူတို့၏ မူလစွမ်းအား ကုန်ခမ်းနေသည့် လက္ခဏာဖြစ်သည်။
အတိတ်တွင် သူတို့က ယင်းကို သတိမထားမိခဲ့ကြပေ။ ဟန်မူယဲ့၏ ဓားချက်က အလွန်သန်မာသောကြောင့် ဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။
သို့သော် ယခု ကြည့်ရသည်မှာ ဟန်မူယဲ့က သူတို့၏ မူလစွမ်းအားကို စုပ်ယူနေပုံပေါ်သည်။
“ ပြေးကြ ”
ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်က တုံ့ဆိုင်းမနေဘဲ အနောက်လှည့်၍ ထွက်ပြေးကြသည်။
ဟန်မူယဲ့က မထူးမခြားနား အမူအရာဖြင့် ကောင်းကင်နင်းခြေနတ်သားရဲများ၏ ထွက်ခွာမှုကို ကြည့်လိုက်သည်။
ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါးသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ ဆန္ဒမရှိမှုဖြင့် ပြည့်နှက်နေသော်လည်း သူတို့မှာ တခြားရွေးချယ်စရာ မရှိပေ။
ရန်သူက သူတို့ထက် အဆပေါင်းများစွာ ပိုပြီးသန်မာသည်။
သူတို့ထဲမှာ အသန်မာဆုံး တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသော ဓားနတ်ဘုရားနှစ်ပါးက ထွက်ခွာသွားကြသလို အသန်မာဆုံး သွေးချီစွမ်းအားကို ပိုင်ဆိုင်ထားကြသည့် ကောင်းကင်နင်းခြေနတ်သားရဲနှစ်ကောင်သည်လည်း ထွက်ခွာသွားကြသည်။
ယခု သူတို့လေးယောက်တည်းက ဟန်မူယဲ့၏ ပြိုင်ဘက်မဟုတ်တော့ပေ။
“ မင်းစောင့်နေပါ ”
ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်များက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ တောက်ပသော အလင်းက သူတို့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။ သူတို့က အနောက်လှည့်၍ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း သူတို့က အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်သန်းသွားတော့မည့်အချိန် ရုတ်တရက် ရပ်တန့်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ အရှေ့တွင် မည်သည့်အချိန်ကမှန်းမသိ ဓားတစ်လက်က ထောင်မတ်နေသည်။
ထိုဓားက အဖြူအနက်ဓားအလင်းကို သယ်ဆောင်ထားပြီး အေးတိအေးစက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အဆင့်နိမ့်ကျင့်ကြံသူများက ထိုဓားကို တိုက်ရိုက် မကြည့်နိုင်ကြချေ။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
“ သူ… သူက ငါတို့နောက်ကို လိုက်လာတယ်… ”
သူတို့လေးယောက်က အနောက်လှည့်လိုက်ပြီး ကြည့်လိုက်ကြသည်။
သူတို့၏ အနောက်တွင် ဟန်မူယဲ့က လက်နောက်ပစ်လျက် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
“ လေဟာနယ်စွမ်းအားက တကယ်ပဲ နက်နဲသိမ်မွေ့တယ်… အဲ့ဒါကို ဆင်ခြင်နားလည်ဖို့အတွက် အချိန်အများကြီး ငါသုံးခဲ့ရတယ် ”
သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်လေးပါး၏ အရှေ့မှာ ပြန်ပေါ်လာသည်။
“ ကဲ အေးဆေးစကားပြောကြရအောင်… ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က ဘာကို ပြောတာလဲ ”