အခန်း (၁၆၇၉)
Vol. 120 Ch. 1679
ဟန်မူယဲ့ကို ချုံခိုတိုက်ခိုက်ချင်တာလား… ။
ယနေ့တွင် ယွင်ကျိနတ်သခင်နှင့် သူ၏ အဖွဲ့က ရွှမ်ပုံရိပ်ယောင်ကလန်ကို ဖိနှိပ်ရန် ထွက်လာကြသည်။ သို့သော်လည်း သူတို့က စုစုပေါင်းနတ်သခင်လေးပါး မဟုတ်ပေ။ ယင်းအစား နတ်သခင်ငါးပါး ဖြစ်သည်။
ပဉ္စမမြောက်နတ်သခင်သည် ပုန်းကွယ်ရင်း အနောက်မှ လိုက်လာသော ဟန်မူယဲ့ ဖြစ်သည်။
ဟန်မူယဲ့၏ ဓားတာအိုစွမ်းအားက အလွန်သန်မာသည်။ အကယ်၍ သူတို့အုပ်စုက ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်တစ်ပါးနှင့် တွေ့ဆုံမည်ဆိုလျှင် သူတို့က ထိုနတ်ဘုရားကို ချက်ချင်း ဝိုင်းရံသတ်ဖြတ်နိုင်လိမ့်မည်။
ရွှမ်ပုံရိပ်ယောင်ကလန်၏ တိုက်ပွဲစွမ်းအားက ယုလင်းကောင်းကင်နဂါးကလန်နည်းတူ မသန်မာပေ။ သို့သော်လည်း သူတို့၏ မျိုးဆက်သွေးစွမ်းရည်ကြောင့် သူတို့က အချိန်နှင့် လေဟာနယ်စွမ်းအားကို သာလွန်ထူးခြားစွာ ထိန်းချုပ်နိုင်ကြသည်။ ယင်းက တခြားမျိုးနွယ်စုများ မယှဉ်ပြိုင်နိုင်သောအရာ ဖြစ်သည်။
နတ်သခင်ငါးပါးမဟာမိတ်အဖွဲ့သည် ပြန့်ကျဲနေသော ရွှမ်ပုံရိပ်ယောင်ကလန်သားများကို ငါးစာအဖြစ် အသုံးပြု၍ ရွှမ်ပုံရိပ်ယောင်ကလန်၏ နတ်သခင်တစ်ပါးကို သတ်ဖြတ်ရန် ကြံစည်ထားကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များက တားမြစ်နယ်မြေထဲမှာ ချိပ်ပိတ်ခံလိုက်ကြရသည်။ ယခု အပြင်ဘက်မှာ ဟန်မူယဲ့တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
ရန်သူက သူတို့၏ အစီအစဉ်ကို ထွင်းဖောက်မြင်နိုင်ခဲ့ပြီး ထိုအတွက် တန်ပြန်အစီအစဉ်ကို ပြင်ဆင်ထားခဲ့ကြောင်း ရှင်းလင်းပေသည်။
“ ကျုပ်တို့ ဘာလုပ်ကြမလဲ… ရွှမ်ပုံရိပ်ယောင်ကလန်က သေချာပြင်ဆင်ထားတာ သေချာတယ်… တာအိုရောင်းရင်းဟန်တော့ ဒုက္ခရောက်ပြီ… ”
ဝမ်ယုနတ်သခင်က မျက်နှာသုန်မှုန်သွားပြီး တီတိုးရေရွတ်လိုက်သည်။
အကယ်၍ ဟန်မူယဲ့သာ အသတ်ခံရမည်ဆိုလျှင် သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရသွားမည်ဆိုလျှင် သူတို့က ဤနေရာမှ ထွက်ပြေးရန် စဉ်းစားကြလိမ့်မည်။
နတ်သခင်လေးပါးက ဤနေရာမှာ စုဝေးရှိနေလေရာ သူတို့၏ တိုက်ပွဲစွမ်းအားက အလွန်သန်မာသည်။ သို့သော်လည်း ဟန်မူယဲ့မရှိလျှင် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက ပြီးပြည့်စုံလိမ့်မည် မဟုတ်ချေ။
“ တာအိုရောင်းရင်းဟန်ရဲ့ နည်းစနစ်တွေက ထူးခြားတယ်… သူက အလွယ်တကူ ကျရှုံးမယ့်လူမဟုတ်ဘူး ”
ယွင်ကျိနတ်သခင်က ခေါင်းယမ်းလိုက်သည်။ သူက တီးတိုးပြောလိုက်သည့်အခါ စိုးရိမ်ပူပန်သော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီမဟာတာအိုချိပ်ပိတ်မှုကို ချိုးဖြတ်ဖို့ ခက်ခဲသလို အဲ့ဒါက ကြာကြာ မထိန်းထားနိုင်ဘူး… အများဆုံး ဆယ့်ငါးမိနစ်ပဲ ငါတို့ကို ထိန်းသိမ်းနိုင်လိမ့်မယ် ”
“ ဒါဆို ဆယ့်ငါးမိနစ် စောင့်ရအောင် ”
နတ်သခင်လေးပါးက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နတ်ဘုရားအလင်းက သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး သူတို့ကို ကာကွယ်ပေးလိုက်သည်။
သူတို့က စောင့်ဆိုင်းနေကြသည်။
သို့သော်လည်း အကယ်၍ ရန်သူက ဟန်မူယဲ့ကို ချုံခိုတိုက်ခိုက်ရန် တကယ်ကြံစည်ထားသည်ဆိုလျှင် ဆယ့်ငါးမိနစ်က လုံလောက်ကြောင်း သူတို့သိကြသည်။
အချိန်နှင့် လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်သူများအတွက် ဆယ့်ငါးမိနစ်က အလွန်ရှည်လျားသည်ဟု ဆိုနိုင်သည်။
ထိုအခိုက်အတန့်မှာ ရွှေရောင်ကြယ်ဂြိုလ်တစ်လုံးပေါ်တွင် ပုံရိပ်ရှစ်ခုက ဟန်မူယဲ့ကို ဝိုင်းရံထားကြသည်။
နတ်သခင်ရှစ်ပါး… ။
နတ်သခင်လေးပါးက ရွှမ်ပုံရိပ်ယောင်ကလန်မှ ဖြစ်ကြပြီး ရုပ်သဏ္ဍာန်မဲ့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ တခြားနတ်သခင်နှစ်ပါးက ဦးချိုနှစ်ချောင်းရှိသော ကောင်းကင်နင်းခြေနတ်သားရဲများ ဖြစ်ကြသည်။
နောက်ဆုံးနတ်သခင်နှစ်ပါးက ပိန်ပါးသေးငယ်ကြပြီး ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့က ဓားနတ်ဘုရားများ ဖြစ်ကြသည်။
ဤသည်မှာ ဟန်မူယဲ့က နတ်ဘုရားအဆင့် ဓားကျင့်ကြံသူများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
‘ ဟန်မူယဲ့… နတ်ဘုရားအဆင့် ဓားတာအိုစွမ်းအားကို ပိုင်ဆိုင်ထားပြီး မိုးကြိုးတာအိုနဲ့ မီးတောက်တာအိုကို တတ်ကျွမ်းထားတယ် ’
‘ သူက ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ရဲ့ အပြင်ဘက်မှာ နတ်သခင်တစ်ပါးကို ဓားတစ်ချက်တည်းနဲ့ ဟင်းလင်းပြင်ပေါ်မှာ တန်းလန်းချိတ်ဆွဲခဲ့တယ်… ဒါကြောင့် သူ့ရဲ့ တိုက်ပွဲစွမ်းအားက နတ်ဘုရားအဆင့်ရဲ့ အလယ်အလတ် ဒါမှမဟုတ် အထွတ်အထိပ်မှာ ရှိလိမ့်မယ် ’
“ ပုံမှန်ဆိုရင် ငါတို့ရဲ့ ရွှမ်ပုံရိပ်ယောင်ကလန်က မင်းလို ဓားနတ်ဘုရားတစ်ပါးနဲ့ ရန်သူမဖြစ်ချင်ဘူး ”
ရွှမ်ပုံရိပ်ယောင်ကလန်၏ နတ်သခင်လေးပါးထဲမှ ခေါင်းဆောင်က မီးခိုးရောင်အလံတိုင်တစ်ခုကို ထုတ်လိုက်ပြီး ဟန်မူယဲ့ကို ညွှန်လိုက်သည်။
သူတို့ထံမှ စွမ်းအင်အရှိန်အဝါက အတူတကွ ပေါင်းစည်းသွားပြီး ဟန်မူယဲ့၏ အသက်ဓာတ်စွမ်းအားကို ချိပ်ပိတ်လိုက်သည်။
“ ဒါပေမဲ့ မင်း ငါတို့ရဲ့ ရွှမ်ပုံရိပ်ယောင်ကလန်ကို မဆန့်ကျင်ခဲ့သင့်ဘူး ”
“ ရွှမ်ပုံရိပ်ယောင်ကလန်က ဘယ်လောက်သန်မာလဲဆိုတာ မင်းနားလည်နိုင်မှာ မဟုတ်ဘူး ”
အလံတိုင်ကို ဟန်မူယဲ့ထံသို့ ညွှန်လိုက်သည့်အခါ ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်များက အေးတိအေးစက် ပြုံးလိုက်ကြသည်။
“ မင်းရဲ့ နောက်ခံက မဟာပန်သွန်ဘုံဆိုတာ ငါတို့သိတယ် ”
“ အဲ့ဒါက မဟာပန်သွန်ဘုံဆိုရင်တောင် ဘာဖြစ်လဲ… ငါတို့ရဲ့ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က… ”
ထိုနတ်သခင်၏ စကားမဆုံးခင်မှာ သူ့ဘေးမှ ဓားနတ်ဘုရားတစ်ပါးက အစွမ်းထက်ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
“ တချို့အရာတွေက အများကြီး ထုတ်ဖော်ဖို့ မသင့်ဘူး… ဒီကိစ္စကို မြန်မြန် အဆုံးသတ်ပစ်ရအောင် ”
သူ၏ စကားဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဓားအလင်းက ပေတစ်သောင်းရှည်လျားသော ဧရာမဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားပြီး ဟန်မူယဲ့ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းက ကြယ်တာရာကောင်းကင်ပမာ ထွန်းလင်းတောက်ပပြီး မရေမတွက်နိုင်သော ကြယ်များ၏ စွမ်းအားကို ဆွဲယူလိုက်သည်။ ထိုထဲမှာ ဓားနတ်ဘုရားတစ်ပါးပိုင်ဆိုင်သင့်သော ထက်ရှမှုနှင့် စွမ်းအားလည်း ကိန်းအောင်းနေသည်။
အခြားတစ်ဖက်တွင် ဦးချိုနှစ်ချောင်းရှိသော ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်က တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ပြေးသွားပြီး လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ထိုလက်သီးချက်က မိုးမြေကြားထဲမှ စွမ်းအင်အားလုံးကို ချိပ်ပိတ်လိုက်ပြီး ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။
ယင်းက ရုပ်ခွန်အားသီးသန့်၏ အန္တိမစွမ်းအား ဖြစ်သည်။ ထို့ပြင် ယင်းက အသန်မာဆုံး သွေးချီအနှစ်သာရကို ပိုင်ဆိုင်ထားသော ကောင်းကင်နင်းခြေမျိုးနွယ်၏ ရုပ်ခွန်အား ဖြစ်သည်။
စွမ်းအားတစ်ခုက ထက်ရှပြီး အခြားစွမ်းအားက လွှမ်းမိုးဖိနှိပ်သည်။ ထိုစွမ်းအားနှစ်မျိုးက ဟန်မူယဲ့၏ အသက်ဓာတ်ကို ချိပ်ပိတ်လိုက်သည်။
ယင်းက အစွမ်းထက်ပုဂ္ဂိုလ်များ၏ လုပ်ရိုးလုပ်စဉ် ဖြစ်သည်။ သူတို့က ရန်သူကို လွတ်မြောက်ရန် မည်သည့်အခွင့်အရေးမှ မပေးပေ။
စစ်မှန်သော ကျွမ်းကျင်ပညာရှင်များသည် အစကတည်းက အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ကြသည်။
ဟန်မူယဲ့က မြေကြီးပေါ်မှာ မတ်တတ်ရပ်နေသည်။ လက်သီးပုံရိပ်နှင့် ဓားပုံရိပ်က သူ့ထံသို့ ဦးတည်လာနေကြောင်း သူမြင်သည်။ ထို့နောက် အစွမ်းထက်သော သွေးချီအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
သူ၏ ခန္ဓာကိုယ်ထဲ၌ သွေးချီအနှစ်သာရနှင့် ဓားစိတ်ဆန္ဒက စတင်သိပ်သည်းသွားပြီး ပွက်ပွက်ဆူလာသည်။
သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။
သူ၏ သွေးက မည်သည့်အချိန်မှာ နောက်ဆုံးအကြိမ် ထိုသို့ပွက်ပွက်ဆူခဲ့ကြောင်း သူမမှတ်မိတော့ပေ။
ယခုကဲ့သို့ စိတ်အားထက်သန်စွာ သူမတိုက်ခိုက်ရသည်မှာ နှစ်ပေါင်းမည်မျှ ကြာသွားခဲ့သနည်း။
“ သတ် ”
ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျယ်လောင်သော အော်သံက သူ၏ ပါးစပ်ထဲမှ ထွက်လာသည်။
သူက ဘယ်လက်ဖြင့် လက်သီးဆုပ်လိုက်သည်။ သူ၏ လက်သီးအရှေ့တွင် မိုးကြိုးသွားများနှင့် မီးတောက်များက ထွန်းလင်းတောက်ပစွာ ပေါ်လျှိုးလာသည်။
သူ၏ ညာလက်ထဲတွင် အပြာရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ဓားသွားပေါ်မှာ မှိန်ဖျော့သော အလင်းစီးကြောင်းတစ်ခု စီးဆင်းနေပြီး ယင်းက မြင်ရသူကို အရိုးခိုက်ခိုက်တုန်သွားစေမည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
“ မီးတောက်မူလစွမ်းအားနဲ့ နတ်ဘုရားဖြစ်လာတယ် ”
“ မိုးကြိုးမူလစွမ်းအားနဲ့ နတ်ဘုရားဖြစ်လာတယ်… ဒီကောင်က အရမ်းသန်မာတယ် ”
“ ဓားတာအိုကိုပါ ထည့်ပေါင်းမယ်ဆိုရင် သူ့မှာ နတ်ဘုရားအဆင့် တာအိုသုံးခုတောင် ရှိတယ် ”
“ ကိုယ့်လူတို့ သတိထားကြ ”
ထိုတာအိုသုံးခုကို နတ်ဘုရားအဆင့်ထိ ကျင့်ကြံနိုင်သည့် မည်သူမဆို လက်ရွေးစင်များထဲမှ လက်ရွေးစင်အဖြစ် သတ်မှတ်ခံရလိမ့်မည်။
“ ဟား ဟား… ငါ့ရဲ့ ကောင်းကင်နင်းခြေမျိုးနွယ်နဲ့ လက်သီးချင်း ယှဉ်ထိုးရဲတဲ့လူက မင်းပထမဆုံးပဲ… ”
ကောင်းကင်နင်းခြေမျိုးနွယ်၏ နတ်သခင်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး သူ၏ သွေးချီအနှစ်သာရကို စုစည်းလိုက်သည်။
ရုပ်ခွန်အားချင်းယှဉ်မည်ဆိုလျှင် ဤလောကမှာ ကောင်းကင်နင်းခြေနတ်သားရဲများနှင့် ယှဉ်ပြိုင်နိုင်သည့် သက်ရှိများ အမှန်တကယ် မရှိပေ။
“ ဗုန်း ”
လက်သီးလက်သီးချင်း ထိပ်တိုက် တွေ့ဆုံသွားသည်။
ထိုသို့လက်သီးချင်း တွေ့ဆုံသွားသည့်အခိုက် မိုးကြိုးသွားများနှင့် မီးတောက်များ၏ ပေါင်းစပ်စွမ်းအားက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲ၏ ဧရာမလက်သီးကို ရပ်တန့်လိုက်ကြောင်း လူတိုင်း မြင်လိုက်ကြသည်။
ဟန်မူယဲ့၏ လက်သီးထိုးချက်မှ အရှိန်အဝါက မိုးကောင်းကင်ကို ဆုတ်ဖြဲလိုက်ပြီး ကောင်းကင်နင်းခြေနတ်သားရဲ၏ လက်သီးကို တွန်းလှန်လိုက်သည်။
သူ၏ ရုပ်ခွန်အားက ကောင်းကင်နင်းခြေနတ်သားရဲထက် နည်းနည်းမှ မလျော့ချေ။
မြေပေါ်မှာ မြဲမြံစွာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို မြင်သွားသောအခါ လူတိုင်းက အံ့ဩသွားကြသည်။
ရုပ်ခွန်အားချင်း ညီမျှနေလျှင် မူလစွမ်းအားချင်း အားပြိုင်မည်။
ဟန်မူယဲ့၏ လက်သီးပုံရိပ်ပေါ်တွင် မိုးကြိုးသွားများက နဂါးတစ်ကောင်အဖြစ်သို့ စုစည်းသွားသည်။ မိုးကြိုးနဂါးက ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး ကောင်းကင်နင်းခြေနတ်သားရဲ၏ မျက်နှာပေါ်သို့ ခုန်အုပ်လိုက်သည်။
နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲက မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။ နောက်အခိုက်အတန့်မှာ မိုးကြိုးသွားများက သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
မိုးကြိုးသွားများ၏ ပျံ့နှံ့မှုက အလွန်မြန်ဆန်လေရာ သူ၏ ခန္ဓာကိုယ်က စက္ကန့်ပိုင်းလေးအတွင်းမှာ မိုးကြိုးသွားများ၏ ဝါးမျိုခံလိုက်ရသည်။
“ ဝေါင်း ”
သူက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ဧရာမသားရဲအဖြစ် အသွင်ပြောင်းလဲလိုက်ကာ ဒေါတသကြီး ဟိန်းဟောက်လိုက်သည်။
သူက နတ်သားရဲအသွင်သို့ ပြောင်းလဲလိုက်သည့်တိုင် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်ထားသော မိုးကြိုးသွားများက မလွင့်ပြယ်သွားပေ။ ယင်းအစား မိုးကြိုးသွားများ၏ ရစ်ပတ်မှုက ပိုပြီးတင်းကျပ်လာသည်။
နောက်အခိုက်အတန့်မှာ မိုးကြိုးက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ကြယ်ကို အပြည့်အဝ ရစ်ပတ်ချုပ်နှောင်လိုက်သည်။ ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ကောင်းကင်နင်းခြေနတ်သားရဲက မိုးကြိုးပင်လယ်ထဲမှာ နစ်မြုပ်သွားသည်။
“ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက နတ်သားရဲတွေကို ဖိနှိပ်ဖို့ အထူးသင့်တော်တယ် ”
ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်က မျက်လုံးမှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့ထုတ်လွှတ်ခဲ့သော ဓားပုံရိပ်က အောက်သို့ ဆင်းသက်လာနေသည်။
ဟန်မူယဲ့၏ မိုးကြိုးတာအိုက အလွန်သန်မာသည်။ သူ၏ ဓားတာအိုသည်လည်း မိုးကြိုးတာအိုကဲ့သို့ အားကောင်းနိုင်မည်လော။
အစောနက ဟန်မူယဲ့ကို တိုက်ခိုက်လိုက်သော ဓားနတ်ဘုရားသည် ဟင်းလင်းပြင်မှာ တည်ဆောက်ထားသော ဓားတာအိုသူတော်စင်ကုန်းမြေမှ ဆင်းသက်လာသူ ဖြစ်သည်။
“ ဝီး ”
ဓားအလင်းတန်းနှစ်ခုက အပြန်အလှန် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
အပြာရောင်ဓားအလင်းနှင့် အစိမ်းရောင်ဓားအလင်းတို့ တွေ့ဆုံသွားသည့်အခါ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ဓားကိုင်ထားသော ပုံရိပ်သန်းပေါင်းများစွာက ပေါက်ကွဲမှုထဲမှ ထွက်ပေါ်လာကြသည်။
ဤသည်မှာ ဓားပညာရှင်သန်းပေါင်းများစွာက ဟင်းလင်းပြင်ထဲမှာ အပြန်အလှန် တိုက်ခိုက်နေကြသည့်လားပင်။ ဓားချက်ထွက်ပေါ်လာသည့်အခါတိုင်း မရေမတွက်နိုင်သော ပုံရိပ်များက ပြိုကွဲသွားကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဓားအလင်းနှစ်ခုထဲမှ ပုံရိပ်များက တဖြည်းဖြည်း နည်းပါးသွားသည်။
“ သူ့… သူ့ရဲ့ ဓားတာအိုကျင့်ကြံခြင်းက ဓားတာအိုသူတော်စင်ကုန်းမြေက ဓားနတ်ဘုရားထက်တောင် ပိုပြီးသန်မာနေပါလား… ”
ရွှမ်ပုံရိပ်ယောင်ကလန်၏ ခေါင်းဆောင်နတ်သခင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ဓားကို ကျောပေါ်မှာ သယ်ဆောင်ထားသော တခြားဓားနတ်ဘုရားက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက အရှေ့သို့ လျှောက်သွားပြီး ဓားဆွဲထုတ်လိုက်သည်။ သူက ဓားရိုးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်လိုက်ပြီး ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ခုတ်ပိုင်းလိုက်သည်။
နတ်ဘုရားအဆင့် ဓားပညာရှင်နှစ်ယောက်… ။
“ အခု မင်းတို့ဘယ်သူလဲဆိုတာ ငါသိပြီ ”
ဟန်မူယဲ့၏ အသံက ထွက်ပေါ်လာသည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် ဓားအလင်းက အဆုံးစွန်ထိ ထွန်းလင်းတောက်ပသွားသည်။
“ အမှောင်ရိပ်ဓားရုံးတော်က အနက်ရောင်ဓားသမားတွေ ”
“ လွန်ခဲ့တဲ့ လောကခေတ်စက်ဝန်း(၃၀)တုန်းက မျိုးတုန်းပျောက်ကွယ်သွားခဲ့တဲ့ ဓားတာအိုအကြွင်းအကျန်တွေက အခုထိ ကျန်ရှိနေသေးတာပဲ ”
ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ မျက်လုံးက လင်းလက်တောက်ပလာပြီး အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
“ အတိတ်မှာ လောကတစ်သောင်းကို အမှောင်ရိပ်ဓားရုံးတော် လွှမ်းမိုးဖိနှိပ်ခဲ့တုန်းက ငါမရှိခဲ့တာ နောင်တရစရာပဲ… ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါက အနက်ရောင်ဓားသမားတွေနဲ့ တိုက်ခိုက်နိုင်ပြီ ”
“ မင်းတို့… ငါ့ကို စိတ်မပျက်စေနဲ့ ”
သူ၏ စကားဆုံးသွားသည်နှင့် ဓားအလင်းများက စုဝေးသွားသည်။
အဖြူအနက်ဓားရှည်၏ ပြိုင်ဘက်ကင်း ထက်ရှမှုက သန်းပေါင်းများစွာသော အလင်းလွှာများနှင့်အတူ ထွက်ပေါ်လာသည်။