အခန်း (၁၆၇၇)
Vol. 120 Ch. 1677
ဟွမ်ကျန်းရှုံးက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။
“ တာအိုရောင်းရင်းလား ”
ဟွမ်ကျန်းရှုံးက နတ်သခင်တစ်ပါးထံမှ တာအိုရောင်းရင်းဟု အခေါ်ခံရရန် ထိုက်တန်သည်လော။
ကြက်သွေးရောင်ကောင်းကင်က တုန်ယင်သွားပြီး ဟွမ်ခြောက်ကို ကြည့်လိုက်သည်။
ဆရာဦးလေးက တကယ့်ကို အရှိန်အဝါကြီးမားတာပဲ… ။
အဝေး၌ ရပ်နေကြသော အာဏာရှင်အဆင့် ကျင့်ကြံသူများက ဟွမ်ခြောက်ကို ကြည့်လိုက်သည့်အခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြသည်။
အစောနက သူတို့က ဟွမ်ခြောက်နှင့် ကြက်သွေးရောင်ကောင်းကင်ကို သတ်ပစ်လုနီးပါး တိုက်ခိုက်ခဲ့ကြသည်။
နတ်သခင်တစ်ပါးက တာအိုရောင်းရင်းဟုခေါ်သော ပုဂ္ဂိုလ်ကို အာဏာရှင်အဆင့် ကျင့်ကြံသူများသာဖြစ်သော သူတို့က သတ်ပစ်ရန် ကြိုးစားခဲ့ကြသည်လော။
ထိုအကောင်က ကျားကို စားရန် ဝက်ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုအကောင်က သူတို့အားလုံးကို တစ်ခါတည်း ဖမ်းချုပ်ရန် အကွက်ချစီစဉ်ခဲ့ခြင်း ဖြစ်သည်။
နတ်သခင်ငါးပါး၏ အကြည့်က ဟွမ်ခြောက်ထံသို့ ကျရောက်သွားသည့်အခါ သူတို့၏ အမူအရာက သိမ်မွေ့နူးညံ့သွားသည်။
“ တာအိုရောင်းရင်းကျန်းရှုံး… ကျုပ်တို့နဲ့အတူ ပိုင်ကျန်းဘုံဆီ အမြန် လိုက်ခဲ့ပါ… တာအိုရောင်းရင်းတချို့က ပိုင်ကျန်းဘုံရဲ့ မူလစွမ်းအားကို သိမ်းပိုက်ပြီးနေပြီ… သူတို့က မင်းထိန်းချုပ်မှာကို စောင့်နေကြတယ် ”
နောက်ထပ် တာအိုရောင်းရင်းတွေ ရှိသေးတာလား… ။
နတ်သခင်တွေလား… ။
ဘုံကို သိမ်းပိုက်ပြီး ထိန်းချုပ်ဖို့ စောင့်နေတာလား… ။
လူတိုင်းက ဟွမ်ခြောက်ကို အံ့ဩစွာ ကြည့်လိုက်ကြသည်။
ဘာလို့ ကောင်းတဲ့အရာတွေက ငါတို့ဆီ ရောက်မလာတာလဲ… ။
ဟွမ်ကျန်းရှုံးက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ပြီး အစမှ ပြန်ကျင့်ကြံခဲ့သူဆိုလျှင်ပင် သူက ထိုသို့ကြင်နာမှုကို မရရှိသင့်ပေ။
မဟုတ်မှ သူက နတ်ဘုရားအဆင့်ရဲ့ အထက်မှာလား… ။
မဖြစ်နိုင်တာ…။
ကြက်သွေးရောင်ကောင်းကင်က နှုတ်ခမ်းတွန့်သွားသည်။
ဟွမ်ခြောက်၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ အဲ့ဒါ ညီလေးဟန်ရဲ့ အစီအစဉ်လား ”
“ ဟား ဟား… တာအိုရောင်းရင်းကျန်းရှုံးက အတိအကျ ခန့်မှန်းနိုင်တာပဲ ”
အရှေ့မှ ဦးဆောင်နေသော နတ်သခင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ကျုပ်က ယွင်ကျိ… ယွင်ထျန်းမြို့တော်ရဲ့ အရှင်သခင်… တာအိုရောင်းရင်းဟန်က အလုပ်အတူလုပ်ဖို့ ကျုပ်ကို ဖိတ်ခေါ်ခဲ့တာ ”
“ မြန်မြန် သွားကြစို့… ပိုင်ကျန်းဘုံကို သိမ်းပိုက်ပြီးရင် တခြားလုပ်စရာတွေ ရှိသေးတယ် ”
နတ်သခင်ငါးပါးက ဟွမ်ခြောက်ကို ဝိုင်းရံလိုက်ကြပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ သူတို့ထွက်ခွာသွားသည်နှင့် ကောင်းကင်ပေါ်မှ နတ်ဘုရားအလင်းက မှေးမှိန်သွားပြီး ရွှေရောင်မြစ်က ပုံရိပ်ယောင်အဖြစ် ပျောက်ကွယ်သွားသည်။
အစမှအဆုံးထိ သူတို့က မုန့်ကျားဘုံထဲမှ သက်ရှိများ၏ သဘောထားကို မမေးမြန်းခဲ့ကြပေ။
သူတို့က ပိုင်ကျန်းဘုံမှ ရောက်လာကြသော အာဏာရှင်များ၏ သဘောထားကိုလည်း မမေးမြန်းခဲ့ကြပေ။
“ ဝီး ”
ရွှေရောင်အလင်းက ကြက်သွေးရောင်ကောင်းကင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ယင်းက ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါနှင့်အတူ ဘုံတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
ထွက်ပြေးရန် ကြိုးစားနေကြသော အာဏာရှင်များက ရွှေရောင်အလင်းဖြင့် ဖမ်းချုပ်ခံလိုက်ကြရသည်။ နောက်ဆုံးမှာ သူတို့က ကြက်သွေးရောင်ကောင်းကင်ကို အရိုအသေပေးရန်သာ တတ်စွမ်းကြတော့သည်။
“ ကိုယ့်လူတို့… အသေခံ တိုက်မလား ဒါမှမဟုတ် အညံ့ခံမလားဆိုတာ မင်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ”
တိုက်ရမယ်လား… ။
ငါတို့က ဘယ်လိုတိုက်ရမှာလဲ… ။
မင်းက ဘုံရဲ့ မူလစွမ်းအားကိုတောင် ထိန်းချုပ်နိုင်နေပြီ… ။
လူတိုင်းကို အတွေးတစ်ချက်နဲ့ ဖိနှိပ်နိုင်တယ်… ။
အဲ့ဒါကို ငါတို့က ဘယ်လိုတိုက်ရမှာလဲ… ။
ပြီးတော့ မင်းနောက်မှာ နတ်သခင်ငါးပါး ရှိသေးတယ်… ။
“ ကြက်သွေးရောင်ကောင်းကင်အရှင်… ကျုပ်တို့က အရှင်နဲ့အတူ မုန့်ကျားဘုံကို ပြန်ဖွဲ့စည်းဖို့ ဆန္ဒရှိပါတယ် ”
“ ဟုတ်ပါတယ်… အခု မုန့်ကျားဘုံမှာ နတ်သခင်တစ်ပါးရဲ့ နောက်ခံရှိသွားပြီဆိုတော့ မုန့်ကျားဘုံ အင်အားတိုးချဲ့ဖို့ အချိန်ကျပါပြီ… ကျုပ်တို့တွေ ကြက်သွေးရောင်ကောင်းကင်အရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း တစ်သဝေမသိမ်း လိုက်နာပါမယ် ”
အာဏာရှင်အဆင့် ကျင့်ကြံသူများနှင့် သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူများက ကြက်သွေးရောင်ကောင်းကင်ကို ဦးညွတ်လိုက်ကြသည်။
ကြက်သွေးရောင်ကောင်းကင်က ခေါင်းမော့လိုက်ပြီး ကောင်းကင်အလွန်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်အရိပ်အယောင် ထွက်ပေါ်လာသည််။
တကယ်လို့ ဆရာ့ဆီမှာ ငါအမှုမထမ်းခဲ့ဘူးဆိုရင် ဒီနေ့လို အောင်မြင်မှုကို ရရှိနိုင်မှာလား… ။
မှန်ပေသည်။ လောက၏ ကိစ္စအများစုက အကြောင်းအကျိုးဆက်နွယ်နေသည်။
“ ဘုံကို စုစည်းပြီး ဆရာ့ရဲ့ ဆင့်ခေါ်အမိန့်ကို စောင့်ဆိုင်းကြမယ်… ဆရာက အရေးကြီးကိစ္စတချို့ကို ဆောင်ရွက်နေတာ ဖြစ်မယ်… မဟုတ်ရင် နတ်သခင်အများကြီးကို ဆရာက ခေါ်ခဲ့မှာ မဟုတ်ဘူး ”
ကြက်သွေးရောင်ကောင်းကင်က ပြောသည်။
နတ်သခင်များသည် မရေမတွက်နိုင်သော လောကခေတ်များမှာ ရှင်သန်နေထိုင်ကြသူများ ဖြစ်သည်။ ထိုမျှများပြားသော နတ်သခင်များကို အလွယ်တကူ စုစည်းနိုင်မှတော့ ယင်းက သေချာပေါက် ကိစ္စကြီးဖြစ်ရမည်။
…..
ဆယ်နှစ်ဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ထိုဆယ်နှစ်အတွင်းမှာ ဟန်မူယဲ့က ပထမနှစ်ကြိမ်မှလွဲလျှင် နောက်ထပ် အပြင်မထွက်လာတော့ချေ။ ယွင်ကျိနှင့် တခြားနတ်သခင်များက ဘုံအများအပြားကို သိမ်းပိုက်ခဲ့ကြပြီး ဟွမ်ခြောက်နှင့် တခြားလူများကို သူတို့၏ ကျင့်ကြံခြင်းစွမ်းအားအား မြှင့်တင်ပေးရန် ကူညီပေးခဲ့ကြသည်။
ထိုဆယ်နှစ်အတွင်းမှာ ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းအားက အလျှင်အမြန် တိုးတတ်သွားပြီး အာဏာရှင်အဆင့်၏ အထွတ်အထိပ်၌ တည်ငြိမ်သွားသည်။ သူက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
မှန်ပေသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားသာ ဖြစ်သည်။ သူ၏ ဝိညာဉ်နှင့် ဓားတာအိုက နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
ယခု သူလုပ်ဆောင်ရမည်မှာ သူသိမ်းဆည်းထားသော အရင်းအမြစ်များကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ရန် ဖြစ်သည်။ သူ၏ ဝိညာဉ်၊ ဓားတာအိုနှင့် ကျင့်ကြံခြင်းစွမ်းအားက တစ်သားတည်း ပေါင်းစည်းသွားမည်ဆိုလျှင် သူက ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်သွားလိမ့်မည်။
ဟန်မူယဲ့အတွက်တော့ သူ၏ အနာဂတ်က ယခုကဲ့သို့ တစ်ခါမှ မရှင်းလင်းခဲ့ဖူးပေ။
ဤဆယ်နှစ်အတွင်းမှာ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ အပြင်ဘက်၌ ချိတ်ဆွဲထားသော ခန္ဓာကိုယ်အများအပြားက ပြိုကွဲသွားကြသည်။
ရှေးဟောင်းဝိညာဉ်နတ်သခင်သည်ပင် လွန်ခဲ့သော သုံးနှစ်က ပြိုကွဲသွားခဲ့သည်။ ရှေးဟောင်းဝိညာဉ်နတ်သခင်၏ စွမ်းအင်များက ဟန်မူယဲ့အတွက် အာဟာရဓာတ်ဖြစ်သွားသည်။
နတ်သခင်တစ်ပါး၏ ကျဆုံးမှုက ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ အပြင်ဘက်မှ မိုးမြေကို ပြောင်းလဲသွားစေသည်။ ထိုမြင်ကွင်းကို မိုင်သန်းပေါင်းများစွာအဝေးမှပင် မြင်နိုင်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူအားလုံးက အရိုးခိုက်ခိုက်တုန်အောင် တုန်ယင်သွားကြသည်။
ယုချန်း၏ ပြောစကားအရ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ကို အသုံးပြု၍ နေရာရွှေ့ပြောင်းကြသော လူအရေအတွက်က ကိုးဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က ဤစီးပွားရေးမှ ရရှိသော အကျိုးအမြတ်များကို ဂရုမစိုက်ပေ။
“ ဗုန်း ”
ယဇ်ပလ္လင်၏ အပြင်ဘက်တွင် ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။
ပုံရိပ်တစ်ခုပြီးတစ်ခုက ဓားအလင်းဖြင့် ပျံသန်းထွက်လာကြသည်။ သူတို့က လေထဲ၌ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဓားကျင့်ကြံသူများအဖြစ် ပြောင်းသွားကြသည်။
ဓားဝင်္ကပါများက တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။ ဓားအလင်းရောင် ဝင်းလက်သွားသည့်အခါ အချင်းမိုင်တစ်သောင်းဧရိယာက ထိန်ထိန်လင်းသွားသည်။
“ ဝင်္ကပါကို ဖွဲ့စည်းပြီး လေဟာပြင်မြို့တော်မှာ အခြေချဖို့ ပြင်ဆင်ကြပါ ”
ဧရာမဓားကို သယ်ဆောင်ထားသော သင်ကြားရေးဆရာလင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ယခု ခြေလှမ်းဝက် သံသရာစက်ဝန်းအဆင့်သို့ ရောက်ရှိသွားသော သင်ကြားရေးဆရာလင်းသည် ယဇ်ပလ္လင်၏ မဟာဝင်္ကပါထဲမှာ နောက်ဆုံးကျန်နေခဲ့သည့် စီနီယာကျင့်ကြံသူဖြစ်သည်။
တခြားလူများသည်တော့ သူတို့က တိုက်ပွဲဝင်္ကပါအမျိုးမျိုးကို ဦးဆောင်၍ လေဟာပြင်မြို့တော်ဆီသို့ ထွက်သွားကြပြီ ဖြစ်သည်။
တစ်လကြာပြီးနောက် ဓားကျင့်ကြံသူသုံးသန်းက ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ သူတို့ထံမှ ဓားအလင်းက အချင်းချင်း ချိတ်ဆက်သွားသည့်အခါ စူးရှတောက်ပသော အလင်းက ယဇ်ပလ္လင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
နဂါးအသွင်ပြောင်းလဲထားသော ယုချန်းက ယဇ်ပလ္လင်၏ တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါကို အသက်သွင်း၍ ထိုဓားကျင့်ကြံသူများကို မိုင်သန်းပေါင်းများစွာအဝေးမှ ယုလင်းကောင်းကင်နဂါးကလန်၏ ဌာနဆီသို့ ပို့ဆောင်လိုက်သည်။
သူတို့က ထိုနေရာမှာ ယုလင်းကောင်းကင်နဂါးကလန်၏ အစစ်ဆေးခံပြီးလျှင် လေဟာပြင်မြို့တော်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
“ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ပါ… တိုက်ပွဲရုပ်သေးရုပ်တွေက ခန္ဓာကိုယ်နဲ့ တစ်သားတည်း ပေါင်းစပ်နေရမယ်… ဓားစွမ်းအားကို အသုံးပြုပြီး ချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေကို သန့်စင်ပါ ”
“ ဒီတစ်ကြိမ် ငါတို့ရင်ဆိုင်ရမှာက ဟင်းလင်းပြင်ထဲမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတွေထဲက အသန်မာဆုံးဖြစ်တဲ့ ကောင်းကင်နင်းခြေမျိုးနွယ်ပဲ ”
“ ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ရဲ့ ဖနောင့်တစ်ချက်က နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ကိုတောင် ဒဏ်ရာရစေနိုင်တယ်… ငါတို့က တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းထားတယ်ဆိုရင်တောင် စစ်ချပ်ဝတ်နဲ့ တိုက်ပွဲရုပ်သေးရုပ်တွေကို မှီခိုအားထားရလိမ့်မယ် ”
ဝင်္ကပါ၏ အရှေ့တွင် အစွမ်းထက်ဓားကျင့်ကြံသူတချို့က အရှေ့ထွက်လာကြပြီး ကောင်းကင်နင်းခြေနတ်သားရဲများကို မည်သို့ရင်ဆိုင်သင့်ကြောင်း နည်းဗျူဟာများ ပြောပြကြသည်။ ထိုထဲမှာ ကောင်းကင်နင်းခြေနတ်သားရဲများ၏ အားသာချက်၊ အားနည်းချက်များ ပါဝင်သည်။
ထို့ပြင် တခြားတိုက်ပွဲဝင်္ကပါများနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပါဝင်သည်။
ထိုလေ့ကျင့်မှုက သုံးလကြာမြင့်သွားသည်။
သုံးလကြာပြီးနောက် သေခြင်းရှင်ခြင်းအဆင့် ဓားကျင့်ကြံသူသုံးသန်းက ဓားဝင်္ကပါခြောက်ခုကို ဖွဲ့စည်းနိုင်သွားကြသည်။ သူတို့၏ ဓားအလင်းများက ကောင်းကင်ယံသို့ ထိုးဖောက်သွားပြီး သူတို့၏ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်ယောင်နယ်မြေကို ပြိုကွဲသွားစေသည်။
ဤနေရာမှာ အခြေချနေထိုင်ကြသော ယုလင်းကောင်းကင်နဂါးကလန်၏ အဖွဲ့သားများက ထိုဓားအလင်းများကို မြင်သောအခါ ကြောက်လန့်သွားကြပြီး မိုင်ထောင်ချီအဝေးသို့ ချက်ချင်း ထွက်ပြေးသွားကြသည်။
“ တာအိုရောင်းရင်းဟန်ရဲ့ လက်အောက်က အင်အားစုက ကြောက်စရာကောင်းလှချည်လား… သူတို့ရဲ့ ဓားစွမ်းအားက အရမ်းသန်မာတယ် ”
တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါ၏ အပြင်ဘက်မှာ စောင့်ကြပ်နေသော ယွင်ရှန်းနတ်သခင်က အံ့အားသင့်သော အမူအရာဖြင့် ပြောသည်။
ယင်းက ပြီးပြည့်စုံစွာ လေ့ကျင့်ပေးခြင်းခံထားရသော နှစ်ဆယ်ကြိမ်မြောက် ဓားဝင်္ကပါဖြစ်သည်။
ယခင်ဓားသမားများက ထိုထက် ပိုပြီးကြောက်စရာကောင်းသည်။
အထူးသဖြင့် ဟန်မူယဲ့၏ မွေးစားသမီးဟွမ်ကျစ်ဟူနှင့် သူ၏ တပည့်တချို့ ဖြစ်ကြသည်။ သူတို့ထံမှ အရှိန်အဝါက နတ်သခင်ဖြစ်သော သူ့ကိုပင် ဖိအားပေးနိုင်စွမ်းရှိသည်။
ကံကောင်းစွာဖြင့် ဓားနတ်ဘုရားဟန်မူယဲ့နှင့် သူ၏ လက်အောက်ငယ်သားများက ယုလင်းကောင်းကင်နဂါးကလန်နှင့် မဟာမိတ်ဖွဲ့ထားကြသည်။
ထို့နောက် ဓားဝင်္ကပါတစ်ခုပြီးတစ်ခုက ယဇ်ပလ္လင်၏ မဟာဝင်္ကပါထဲသို့ ဝင်ရောက်သွားကြပြီး လေဟာပြင်မြို့တော်၏ မြို့တံတိုင်းပေါ်မှာ ပြန်ပေါ်လာကြသည်။
လင်းရှန်းက ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။
“ အဲ့ဒါက ကောင်းကင်နင်းခြေနတ်သားရဲလား ”
အဝေးတွင် ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။
ထိုပုံရိပ်က အမြင်အာရုံအားလုံးကို ဖုံးကွယ်နိုင်သည်အထိ အရွယ်အစားအလွန်ကြီးမားပြီး သူ့မှာ ဦးချိုများနှင့် ခြေလေးချောင်းရှိသည်။ သူ၏ ခန္ဓာကိုယ်ကို အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး အနီရောင်နှင့် ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်နေသည်။
ဓားအလင်းများက ကောင်းကင်ပေါ်သို့ တရစပ် ပျံတတ်သွားကြပြီး ဧရာမသားရဲ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ခုတ်ပိုင်းလိုက်ကြသည်။ လေထဲမှာ ပြန့်ကျဲသွားသော သွေးချီအနှစ်သာရက သူတို့၏ အနောက်မှ လေဟာပြင်မြို့တော်ဆီသို့ ပို့ဆောင်ခံလိုက်ရသည်။
“ မြန်မြန်… မြန်မြန်… (၁၃)ခုမြောက် ဟင်းလင်းပြင်ကနေ လွတ်မြောက်လာကြတဲ့ ကောင်းကင်နင်းခြေနတ်သားရဲသုံးကောင် ရှိတယ်… ဘယ်သူက အဲ့ဒီအမှတ်တွေကို သွားရိတ်သိမ်းချင်လဲ ”
“ ဓားဝင်္ကပါကို ဖွဲ့စည်းကြ… သံသရာစက်ဝန်းအဆင့် ဓားကျင့်ကြံသူတွေ အရှေ့ချီတတ်ကြမယ် ”
“ ငါတို့အဖွဲ့က သံသရာစက်ဝန်းအဆင့် ဓားကျင့်ကြံသူသုံးယောက် လိုနေတယ်… ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ကောင်းကင်နင်းခြေနတ်သားရဲတွေကို အမဲလိုက်ကြမယ်… လေဟာပြင်မြို့တော်ရဲ့ မဟာဝင်္ကပါကြောင့် အန္တရာယ်သိပ်မများဘူး ”
“ အုပ်စုဖွဲ့ကြ… အုပ်စုဖွဲ့ကြ… ”