အခန်း (၁၆၇၈)
Vol. 120 Ch. 1678
လေဟာပြင်မြို့တော်က အလုပ်များနေသည်။
အတိတ်၌ လေဟာပြင်မြို့တော်သည် ယုလင်းကောင်းကင်နဂါးကလန်က သူတို့၏ မျိုးဆက်သစ်များနှင့် အမွေအနှစ်ကို ပျိုးထောင်ပေးနေသော နေရာဖြစ်သည်။ များသောအားဖြင့် သူတို့က အရွယ်မရောက်သေးသော နဂါးများဖြစ်ကြပြီး အလုံအလောက် မသန်မာကြပေ။
မြို့တော်ကို အစွမ်းထက်သော ယုလင်းကောင်းကင်နဂါးသန်းပေါင်းများစွာနှင့် နတ်ဘုရားအဆင့် ယုလင်းကောင်းကင်နဂါးများက ကာကွယ်စောင့်ရှောက်ပေးနေသည်။ ထို့ပြင် လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါကို အသက်သွင်းလိုက်မည်ဆိုလျှင် မည်သူမှ လေဟာပြင်မြို့တော်၏ တည်နေရာကို အာရုံခံနိုင်တော့မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင် ကောင်းကင်နင်းခြေမျိုးနွယ်နှင့် ရွှမ်ပုံရိပ်ယောင်ကလန်တို့ အတူတကွ ပူးပေါင်းပြီး သူတို့ကို လာရောက်တိုက်ခိုက်ခြင်းမဟုတ်လျှင် ယင်းက ယုလင်းကောင်းကင်နဂါးကလန်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လိမ့်မည် မဟုတ်ချေ။ မဟုတ်လျှင် သူတို့က ဟန်မူယဲ့ထံမှ အကူအညီတောင်းလိမ့်မည် မဟုတ်ချေ။
ဟန်မူယဲ့စီစဉ်ထားသော အဆင့်သုံးဆင့်ဗျူဟာနှင့်ပတ်သက်၍ မည်သူမှ ပြဿနာကို မရှာတွေ့ကြချေ။
သူက ဓားကျင့်ကြံသူစစ်တပ်များကို လေဟာပြင်မြို့တော်ထဲမှာ တပ်စခန်းချစေပြီး နတ်သခင်များကို မြို့တော်အပြင်ဘက်၌ စောင့်ကြပ်စေသည်။ ထို့နောက် မဟာပန်သွန်ဘုံမှ စစ်တပ်များက ကောင်းကင်နင်းခြေမျိုးနွယ်ကို ဝင်တိုက်ခိုက်ကြလိမ့်မည်။
ယင်းက အလွန်ပြီးပြည့်စုံသော နည်းဗျူဟာ ဖြစ်သည်။
တာဝန်ထမ်းဆောင်နေစဉ်အတွင်း အကျိုးအမြတ်တစ်စုံတစ်ရာ ရခဲ့မည်ဆိုလျှင် သူတို့က ယင်းကို ဝိုင်းဝန်းကူညီပေးခဲ့သော ကျင့်ကြံသူများအား ဆုလာဘ်အဖြစ် ပေးအပ်ရမည်ဟု ဟန်မူယဲ့က အကြံဉာဏ်ပေးခဲ့သည်။
ထိုမျှသာ ဖြစ်သည်။
ယုလင်းကောင်းကင်နဂါးကလန်မှာ သုံးမကုန်သော အရင်းအမြစ်များရှိနေလေရာ သူတို့က တိုက်ပွဲမြေပြင်မှ ရရှိသော အကျိုးအမြတ်များကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
ထို့ပြင် ဤတစ်ကြိမ်မှာ သူတို့က ကောင်းကင်နင်းခြေနတ်သားရဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထိုမျှသန်မာသော ရန်သူများကို သူတို့ဘာသာ သတ်ဖြတ်ရန် မလွယ်ကူပေ။
ထို့ကြောင့် ယုလင်းကောင်းကင်နဂါးကလန်က သဘောတူခဲ့သည်။
ယင်းက အစဖြစ်သည်။
ပထမဆုံး ကောင်းကင်နင်းခြေနတ်သားရဲက ဟန်မူယဲ့၏ အသတ်ခံခဲ့ရသည်။
ထိုနတ်သားရဲက မြို့တော်အပြင်ဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။ ထို့နောက် သူ့ကို အပိုင်းပိုင်းခုတ်ထစ်၍ မြို့တော်ထဲမှ ဓားကျင့်ကြံသူများထံသို့ ခွဲဝေပေးလိုက်သည်။
ဓားကျင့်ကြံသူများက ထိုအသားတုံးများကို သန့်စင်၍ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်လိုက်ကြသည်။
ဒုတိယမြောက်နတ်သားရဲကို ယွင်ကျိနတ်သခင်က သတ်ဖြတ်ခဲ့သည်။ သူက နတ်သားရဲကို လေဟာပြင်မြို့တော်ဆီသို့ ပို့ဆောင်ရန် ဆန္ဒမရှိပေ။ သို့သော်လည်း ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တစ်ရာဖြင့် ထိုနတ်သားရဲကို လဲလှယ်ခဲ့သည်။ ထိုသို့ဖြင့် ဒုတိယမြောက်နတ်သားရဲသည်လည်း လေဟာပြင်မြို့တော်ဆီသို့ ပို့ဆောင်ခံလိုက်ရသည်။
ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တစ်ရာဖြင့် လဲလှယ်ခြင်း… ။
ယင်းက နတ်သခင်တစ်ပါးကပင် လိုက်လျောရန် ဆန္ဒရှိသော အပေးအယူဖြစ်သည်။
ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့သည် ကျင့်ကြံခြင်းအတားအဆီးများကို ဖြေလျော့ပေးနိုင်ပြီး အရေးကြီးအချိန်မှာ အဆင့်ချိုးဖြတ်နိုင်စေမည့် ရှားပါးရတနာဖြစ်သည်။
တတိယမြောက်နတ်သားရဲကိုတော့ ဟွမ်ကျစ်ဟူနှင့် တခြားလူများက ဓားဝင်္ကပါဖြင့် အမဲလိုက်နိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့က လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါအစွမ်းကို ချေးငှားယူခဲ့သောကြောင့် ထိုနတ်သားရဲကို နှစ်ပိုင်းခွဲလိုက်သည်။
နတ်သားရဲ၏ အခြားတစ်ပိုင်းကို လေဟာပြင်မြို့တော်ထဲမှ ယုလင်းကောင်းကင်နဂါးများက ခွဲဝေယူလိုက်ကြသည်။
အဆင့်နိမ့်သော ယုလင်းကောင်းကင်နဂါးများအတွက်တော့ ကောင်းကင်နင်းခြေနတ်သားရဲ၏ အသွေးအသားများက သူတို့အတွက် ရှားပါးရတနာဖြစ်သည်။ သူတို့က ထိုသို့ရတနာမျိုးကို ယခင်က တစ်ခါမှ မပိုင်ဆိုင်နိုင်ခဲ့ကြပေ။
ကောင်းကင်နင်းခြေနတ်သားရဲ၏ အသွေးအသားကို သန့်စင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ကြီးမားစွာ တိုးမြှင့်သွားလိမ့်မည်။
စတုတ္ထမြောက်နတ်သားရဲသည့်တော့ မြို့တော်ထဲမှ ထွက်လာကြသော ယုလင်းကောင်းကင်နဂါးတချို့နှင့် အစွမ်းထက်ဓားကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ သေဆုံးသွားခဲ့သည်။
အမှန်မှာ သူတို့က ထိုအချိန်တွင် ကောင်းကင်နင်းခြေနတ်သားရဲသုံးကောင်ကို အမဲလိုက်နေကြခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူတို့က တစ်ကောင်ကိုသာ သတ်ပစ်နိုင်ခဲ့သည်။
…..
မည်သူမှသတိမထားမိခင်မှာ မြို့တော်ထဲတွင် ကောင်းကင်နင်းခြေနတ်သားရဲများ၏ အသွေးအသားများအား လဲလှယ်ခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများက အတော်လေး တွင်ကျယ်လာသည်။
ကောင်းကင်နင်းခြေနတ်သားရဲ၏ အသွေးအသားထဲမှာ ကိန်းအောင်းနေသော သွေးချီစွမ်းအားက အလွန်အားကောင်းသည်။ သို့ဖြစ်၍ ယင်းတို့ကို လေဟာပြင်မြို့တော်၏ အပြင်ဘက်၌ ရောင်းချသည့်အခါ အင်အားစုအားလုံးက အသည်းအသန် လိုချင်ကြသည်။
ကောင်းကင်နင်းခြေနတ်သားရဲ၏ အသွေးအသားကို ပထမဆုံး ရောင်းချသည့်နေရာက ယုချန်းထိန်းချုပ်ထားသော ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်မှာ ဖြစ်သည်။
ဟန်မူယဲ့၏ မျက်နှာကြောင့် ယုချန်းက ယုလင်းကောင်းကင်နဂါးကလန်မှ မဟာအကြီးအကဲများ၏ အလေးထားခြင်းခံရသည်။ ထို့ကြောင့် သူက ကောင်းကင်နင်းခြေနတ်သားရဲများ၏ အသွေးအသားကို လေဟာပြင်မြို့တော်၏ အပြင်ဘက်မှာ ပထမဆုံး ရောင်းချခွင့်ရှိသူ ဖြစ်လာသည်။
ထို့နောက်… ။
ယုလင်းကောင်းကင်နဂါးကလန်မှ ထိန်းချုပ်ထားသော ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်အားလုံးဆီမှာ ရောင်းချကြသည်။
အစတွင် အင်အားစုအသီးသီးက ကောင်းကင်နင်းခြေနတ်သားရဲများ၏ အသွေးအသားကို အနည်းငယ်သာ ဝယ်ယူခဲ့ကြပြီး လျှို့ဝှက်စွာ ရောင်းချခဲ့ကြသည်။ ရောင်သူဝယ်သူ နှစ်ဦးနှစ်ဖက်က သတိကြီးစွာထားခဲ့ကြသည်။
တစ်နှစ်ကြာပြီးနောက် ဝယ်လိုအားက ကြီးကြီးမားမား တိုးမြှင့်သွားသည့်အခါ ယုလင်းကောင်းကင်နဂါးကလန်သည် ဝယ်သူများထံမှ ကြိုတင်မှာယူခြင်းနှင့် စရန်ပေးခြင်းကို စတင်လက်ခံလာကြသည်။
နောက်ထပ် ခြောက်လကြာပြီးသောအခါ ဝယ်လိုအားက ယုလင်းကောင်းကင်နဂါးကလန် လက်ခံနိုင်သည်ထက် ပိုပြီးများပြားလာသည်။ ထို့ကြောင့် ယုလင်းကောင်းကင်နဂါးကလန်သည် သူတို့ယုံကြည်စိတ်ချရသော လူများကို လေဟာပြင်မြို့တော်ဆီသို့ ခေါ်ဆောင်ခဲ့သည်။
သူတို့က ကောင်းကင်နင်းခြေနတ်သားရဲများ၏ အသွေးအသားများကို ရောင်းဝယ်မည့် ကုန်သွယ်ရေးဌာနများကို လေဟာပြင်မြို့တော်ထဲမှာ တည်ဆောက်ခဲ့ကြသည်။
ကုန်သွယ်ရေးဌာနများက ရောင်းဝယ်ရေးချည်းသာ လုပ်ကိုင်ကြခြင်း မဟုတ်ပေ။ သူတို့က အမဲလိုက်ခြင်းနှင့်ပတ်သက်သော တာဝန်များကိုလည်း ထုတ်ပြန်ခဲ့ကြသည်။ အမဲလိုက်အဖွဲ့တစ်ဖွဲ့က တာဝန်ကို လက်ခံပြီး ပြီးမြောက်အောင် ဆောင်ရွက်မည်ဆိုလျှင် သွေးချီကျောက်တုံးများနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ဆုလာဘ်အဖြစ် ရရှိကြလိမ့်မည်။
ယင်းက လေဟာပြင်မြို့တော်ထဲ၌ အမဲလိုက်အဖွဲ့များဖြင့် ပြည့်နှက်သွားစေသည်။
ထို့ကြောင့် လင်းရှန်းနှင့် တခြားလူများက လေဟာပြင်မြို့တော်ဆီသို့ ရောက်လာပြီးနောက် အစောနက မြင်ကွင်းကို မြင်လိုက်ကြရခြင်း ဖြစ်သည်။
“ ဓားကျင့်ကြံသူအဖွဲ့အသစ်လား ”
“ သူတို့တွေ တာဝန်လက်ခံပြီးပြီလား မြန်မြန် သွားမေးရအောင် ”
ပုံရိပ်အများအပြားက လင်းရှန်းကို ဝိုင်းရံလိုက်ကြသည်။
…..
ဟင်းလင်းပြင်၏ အနက်ပိုင်းထဲတွင်… ။
တိမ်တိုက်များက အလွန်ပါးလွှာပြီး အဆုံးမဲ့သော ကြယ်များက ထွန်းလင်းတောက်ပနေသည်။
ယွင်ကျိနတ်သခင်၏ ဘေးပတ်ဝန်းကျင်၌ မှိန်ဖျော့ဖျော့ နတ်ဘုရားအလင်းက လှည့်ပတ်နေပြီး ပုံရိပ်ယောင်အလင်းလွှာများက သူ့ကို ဝိုင်းရံထားသည်။
သူ၏ ဘေးတစ်ဖက်စီတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော နတ်သခင်နှစ်ပါးက အစွမ်းထက်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
သူတို့သုံးယောက်၏ အရှေ့တွင် ယုလင်းကောင်းကင်နဂါးကလန်မှ မဟာအကြီးအကဲတစ်ယောက်ရှိပြီး သူ၏ လက်ထဲမှာ သစ်သားတောင်ဝှေးကို ကိုင်ထားသည်။ သူသည်လည်း နတ်ဘုရားအဆင့်မှာ ဖြစ်သည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူလေးယောက်က သတိကြီးစွာထားရင်း အရှေ့သို့ ရွေ့လျားသွားနေကြသည်။
“ ဒီနေရာက ရွှမ်ပုံရိပ်ယောင်ကလန်ရဲ့ တည်နေရာဆိုတာ သေချာလား ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူအဖိုးအိုတစ်ယောက်က သူ့ဘေးမှ ယွင်ကျိနတ်သခင်ကို တိုးညင်းစွာ ပြောသည်။
သူက ဝူယွမ်နတ်သခင်ဖြစ်ပြီး ဟန်မူယဲ့နှင့် ပူးပေါင်းထားသော နတ်သခင်များထဲမှ တစ်ပါးဖြစ်သည်။ သူ၏ စွမ်းအားက ယွင်ကျိနတ်သခင်နှင့် တူညီသည်။
“ ဘာမှစိတ်မပူနဲ့… ယုလင်းကောင်းကင်နဂါးကလန်က လေဟာနယ်မူလစွမ်းအားကို ထိန်းချုပ်နိုင်ပြီး ရွှမ်ပုံရိပ်ယောင်ကလန်နဲ့ သဘာဝရန်သူတွေ ဖြစ်တယ်… ဒါကြောင့် သူတို့က ရွှမ်ပုံရိပ်ယောင်ကလန်ရဲ့ အတတ်ပညာတွေကို အာရုံခံနိုင်ကြတယ် ”
ယွင်ကျိနတ်သခင်က တည်ငြိမ်သော အမူအရာဖြင့် တိုးညင်းစွာ ပြောသည်။
ဝူယွမ်နတ်သခင်နှင့် တခြားနတ်သခင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။
ယုလင်းကောင်းကင်နဂါးကလန်နှင့် ရွှမ်ပုံရိပ်ယောင်ကလန်သည် အချိန်နှင့်လေဟာနယ်ကို ထိန်းချုပ်နိုင်ကြသော ဟင်းလင်းပြင်မျိုးနွယ်စုများ ဖြစ်ကြသည်။ သူတို့က မဟာရန်သူတော်များလည်း ဟုတ်ကြသည်။ သို့ဖြစ်၍ အင်အားစုနှစ်ခုက အပြန်အလှန် အာရုံခံနိုင်ကြသည်။
သူတို့၏ အာရုံခံနိုင်မှုက တခြားမျိုးနွယ်များထက် အများကြီး ပိုအားကောင်းသည်။
“ ဘာမှမစိုးရိမ်ပါနဲ့… ကျုပ်ကိုယ်တိုင် ပါလာမှတော့ အဲ့ဒီကြွက်တွေ ဘယ်ကိုမှ ထွက်ပြေးနိုင်မှာမဟုတ်ပါဘူး ”
တောင်ဝှေးကိုင်ထားသော ယုလင်းကောင်းကင်နဂါးကလန်၏ မဟာအကြီးအကဲက ပေါ့ပါးစွာ ရယ်လိုက်သည်။
သူ၏ လက်ထဲမှ တောင်ဝှေးက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို တအိအိလှိုင်းထသွားစေပြီး အသွင်ပြောင်းလဲသွားစေသည်။ မူလက ကြယ်များဖြင့် ပြည့်နှက်နေသော ကြယ်တာရာကောင်းကင်က ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး ကြယ်နှစ်လုံး သုံးလုံးသာလျှင် မှိတ်တုတ်မှိတ်တုတ် ဆက်ပြီး လင်းလက်နေသည်။
“ ကြည့်… အဲ့ဒါတွေထဲက တချို့ပဲ အစစ်အမှန်တွေ… ကျန်တာတွေအားလုံးက ပုံရိပ်ယောင်တွေ… အဲ့ဒီထဲကို ခင်ဗျား ခြေချမိမယ်ဆိုရင် ရွှမ်ပုံရိပ်ယောင်ကလန်က ခင်ဗျားကို အာရုံခံမိသွားလိမ့်မယ် ”
ယုလင်းကောင်းကင်နဂါးကလန်၏ မဟာအကြီးအကဲက သူ၏ တောင်ဝှေးကို ရုတ်တရက် မြှောက်လိုက်ပြီး အောက်သို့ ရိုက်ချလိုက်သည်။
တောင်ဝှေးက ပေတစ်သောင်းရှည်လျားသော လှံတစ်ချောင်းအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့အရှေ့မှ ဟင်းလင်းပြင်ကို ထိုးစိုက်သွားသည်။
“ ဘန်း ”
စိမ်းပြာရောင်အလင်းအကာအကွယ်က လှံဖြင့် ထိုးဖောက်ခံလိုက်ရပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
အလင်းအကာအကွယ်၏ အနောက်တွင် အစိမ်းရောင်ပုံရိပ်တစ်သောင်းက ကြောက်လန့်တကြား ထွက်ပြေးကြသည်။
“ ကြွက်တွေကို ရှာတွေ့ပြီ ”
ယုလင်းကောင်းကင်နဂါးကလန်၏ မဟာအကြီးအကဲက ရယ်မောလိုက်ပြီး တောင်ဝှေးကို နောက်တစ်ကြိမ် မြောက်လိုက်သည်။
သူ၏ အနောက်တွင် ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်နှစ်ပါးက တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ပျံသန်းသွားကြပြီး နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။
သို့သော်လည်း သူတို့က ထိုရွှမ်ပုံရိပ်ယောင်ကလန်သားများကို သတ်ဖြတ်မည့်အစား လိုက်ဖမ်းနေကြသည်။
မည်သို့ဖြစ်ပါစေ ရွှမ်ပုံရိပ်ယောင်ကလန်မှာ အချိန်နှင့် လေဟာနယ်မူလစွမ်းအား ရှိသည်။ ရွှမ်ပုံရိပ်ယောင်ကလန်သားများကို ဖမ်းဆီးပြီး သူတို့ကို သန့်စင်မည်ဆိုလျှင် သူတို့၏ ကိုယ်ပိုင်စကြာဝဠာထဲမှာ အချိန်လေဟာနယ်မူလစွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။
ဤလောက၌ အချိန်လေဟာနယ်စွမ်းအားကို တိုက်ရိုက် အစွမ်းမြှင့်တင်ပေးနိုင်သော အရာအားလုံးက တန်ဖိုးကြီးရတနာများ ဖြစ်ကြသည်။
“ ဘန်း ”
မန္တန်များ ထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သော ရွှမ်ပုံရိပ်ယောင်ကလန်သားများက အသတ်ခံလိုက်ကြရသည်။ နတ်ဝိညာဉ်များက လေထဲမှာ လွင့်ပြယ်သွားကြပြီး အချိန်လေဟာနယ်စွမ်းအားက ပေါ်လျှိုးလာသည်။
ထိုစဉ် ရွှမ်ပုံရိပ်ယောင်ကလန်သားတစ်ထောင်ကို ဖမ်းဆီးထားသော ယွင်ကျိနတ်သခင်က ရုတ်တရက် တုန်ယင်သွားပြီး အပေါ်သို့ ခေါင်းမော့လိုက်သည်။
မှိန်ဖျော့သော အလင်းအကာအကွယ်အလွှာတစ်ခုက ဘေးပတ်ဝန်းကျင်မှ လောကကို ဖုံးလွှမ်းသွားသည်။
“ အဲ့ဒါ မဟာတာအိုတားမြစ်ချက်လား ”
“ ဒီဟာက တားမြစ်နယ်မြေပဲ… သူတို့က အချိန်လေဟာနယ်စွမ်းအားကို စတေးပြီး တားမြစ်နယ်မြေတစ်ခုကို ဖန်တီးလိုက်တာလား ”
ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များက မျက်မှောင်ကြုတ်လိုက်ကြပြီး အရပ်လေးမျက်နှာဆီသို့ ကြည့်လိုက်ကြသည်။
နတ်ဘုရားအလင်းက ဝူယွမ်နတ်သခင်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားစဉ် သူက လက်မြှောက်လိုက်ပြီး အရှေ့သို့ လက်သီးထိုးလိုက်သည်။
သူ၏ လက်သီးပုံရိပ်က မိုင်သန်းပေါင်းများစွာ ကျယ်ပြောသွားပြီး အလင်းအကာအကွယ်အလွှာပေါ်သို့ ကျဆင်းသွားသည်။ သို့သော်လည်း အလင်းအကာအကွယ်အလွှာက အနည်းငယ်သာ တုန်ယင်သွားပြီး မပြိုကွဲသွားပေ။
“ မူလစွမ်းအားက တားမြစ်ခံထားရတယ်… ဒါဆိုရင် ရွှမ်ပုံရိပ်ယောင်ကလန်က ငါတို့ကို ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား ”
ဝူယွမ်နတ်သခင်၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ မဖြစ်နိုင်တာ… ငါတို့က နတ်သခင်လေးပါးတောင်မှ… ရွှမ်ပုံရိပ်ယောင်ကလန်က အစွမ်းထက်ပညာရှင်အားလုံး ဒီရောက်လာမယ်ဆိုရင်တောင် သူတို့က ငါတို့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး… ပြီးတော့ ငါတို့အနောက်မှာ တာအိုရောင်းရင်းဟန်… မဟုတ်ဘူး… မကောင်းတော့ဘူး ”
ယွင်ကျိနတ်သခင်က မျက်နှာသုန်မှုန်သွားသည်။ သူက လက်မြှောက်လိုက်ပြီး သူ၏ လက်ထဲမှ အစိမ်းရောင်ဓားတစ်လက်ကို စတေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဓားက ဆက်တိုက် လှည့်ပတ်နေပြီး ဦးတည်ရာကို မခွဲခြားနိုင်တော့ပေ။
“ သေစမ်း… သူတို့ရဲ့ ပစ်မှတ်က ငါတို့မဟုတ်ဘူး… တာအိုရောင်းရင်းဟန်ပဲ ”