အခန်း (၁၂၅၈-၁၂၆၀)
Vol. 84 Ch. 1258-1260
အခန်း (၁၂၅၈ )
ဧကရာဇ်သင်္ချိုင်းသတင်းဖြန့်ခြင်း
အကြီးအကဲများ၏ စကားကို ကြားရလျှင် မုကျန့်ချင်းလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ ဖရိုဖရဲကြယ်ပင်လယ်သည် အရိုင်း ကြယ်နယ်မြေတစ်ခုသာ ဖြစ်၏။ ကောင်းကင်ဧကရာဇ်နှင့် အဆက်အသွယ်ရပြီးကတည်းက ဖရိုဖရဲကြယ်ပင်လယ်အတွက် ကျင့်စဉ်အရင်းအမြစ်များကို ကောင်းကင်မီးကမ္ဘာမှ ပို့ပေးနေရခြင်း ဖြစ်သည်။
ဖရိုဖရဲကြယ်ပင်လယ် ဆိုသောနေရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးလှသဖြင့် အချိန်တိုင်း စောင့်ကြပ်နေစရာ မလိုပေ။
ထို့ပြင် လွန်ခဲ့သော တစ်လခန့်က ကောင်းကင်ဧကရာဇ်သည် သူတော်စင်အဆင့်နှစ်သို့ ရောက်ရှိနေပြီဟု သူ ကြားသိခဲ့သည်။ ကောင်းကင်ဧကရာဇ်၏ ကျင့်စဉ်အဆင့် ပြန်လည်ရယူနိုင်စွမ်းနှင့်ဆိုလျှင် နှစ်တစ်ရာမပြည့်ခင် ဧကရာဇ်နယ်ပယ်သို့ ပြန်ရောက်နိုင်သည်။ သူ၏ ကျင့်စဉ်အဆင့် ဧကရာဇ်နယ်ပယ်သို့ ပြန်ရောက်မှ ဖရိုဖရဲကြယ်ပင်လယ်ကို ပြန်သိမ်းယူလျှင်လည်း ဖြစ်သည်။
ထို့ပြင် နဂါးစီးဂိုဏ်းက ဖရိုဖရဲကြယ်ပင်လယ်တွင် ဘာရတနာမှ မရှိကြောင်း သိသွားလျှင် ထိုနေရာကို လက်လျော့သွားပေလိမ့်မည်။ ကောင်းကင်ဧကရာဇ် ဖရိုဖရဲကြယ်ပင်လယ်တွင် နေထိုင်လိုသည်ဆိုပါက နဂါးစီးဂိုဏ်း ထွက်ခွာသွားမှ ထိုနေရာသို့ ပြန်သွားနိုင်သည်။
သို့သော်...
ဒါက သူတို့၏ အတွေးသာ ဖြစ်သည်။ ဆုံးဖြတ်ချက်ကို သူတို့ ချမှတ်၍ မရပေ။ ကောင်းကင်ဧကရာဇ်ကသာ ဆုံးဖြတ်နိုင်သည်။
ကောင်းကင်ဧကရာဇ်က ဤကိစ္စကို သဘောတူချင်မှ တူလိမ့်မည်။
မုကျန့်ချင်း သက်ပြင်းချလိုက်ပြီး
“ကောင်းကင်ဧကရာဇ် ကျွန်တော်နဲ့ ပြန်ဆက်သွယ်တဲ့အခါ ဒီအကြောင်းကို တင်ပြပြီး ကောင်းကင်မီးတောက်ကမ္ဘာမှာ ယာယီလာနေဖို့ သဘောတူမတူ မေးကြည့်ပါ့မယ်။”
မုကျန့်ချင်း စကားဆုံးသည်နှင့် အစည်းအဝေးခန်းမထဲတွင် လုချန်း၏ ပုံရိပ်ယောင် ပေါ်လာသည်။ လုချန်းကို မြင်လျှင် မုကျန့်ချင်းတို့ မတ်တတ်ရပ်၍ ချက်ချင်း ဂါရဝပြုကြသည်။
“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
လုချန်းက ခပ်အေးအေးလေသံဖြင့်
“ထုံးတမ်းတွေ လုပ်နေစရာ မလိုပါဘူး။”
“စိတ်ပူစရာ မလိုဘူး။ နဂါးစီးဂိုဏ်းကိစ္စကို ကျွန်တော် ဖြေရှင်းလိုက်မယ်။ ဒါပေမဲ့ တော်ဝင်တောင် ကြယ်နယ်မြေ တစ်ခုလုံးရဲ့ ပြဿနာတွေကို တစ်ကြိမ်တည်းနဲ့ အပြီးသတ် ဖြေရှင်းဖို့ စီစဉ်ထားတယ်။”
ထိုအရာကို ကြားရလျှင် ခန်းမကြီးထဲရှိ လူများ ခဏခန့် မှင်တက်သွားကြသည်။
တော်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံး၏ ပြဿနာများကို တစ်ကြိမ်တည်းနှင့် အပြီးသတ် ဖြေရှင်းမည် ဆိုသည်က တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကိုပါ တစ်ပါတည်း ဖြေရှင်းမည်ဟု ဆိုလိုခြင်းလား။
သို့သော် ကောင်းကင်ဧကရာဇ်သည် ယခုမှ သူတော်စင်နယ်အဆင့်နှစ်တွင်သာ ရှိသေးသဖြင့် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့် ယှဉ်ပြိုင်နိုင်ဦးမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် တော်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ပြဿနာများကို တစ်ကြိမ်တည်းနှင့် မည်သို့ ဖြေရှင်းမည်နည်း။
မုကျန့်ချင်းက
“မင်းကြီးအနေနဲ့ ဘယ်လိုမျိုး တစ်ကြိမ်တည်းနဲ့ အပြီးသတ် ဖြေရှင်းဖို့ ရည်ရွယ်ထားသလဲဆိုတာ သိခွင့်ရှိမလား။”
လုချန်းက
“နဂါးစီးဂိုဏ်းက ဧကရာဇ်သင်္ချိုင်းကို ရှာတွေ့ထားတယ်ဆိုတဲ့ သတင်းကို ချက်ချင်း ဖြန့်လိုက်ပါ။ ဖရိုဖရဲကြယ်ပင်လယ်အကြောင်း လူတွေ၊ အဖွဲ့အစည်းတွေ ပိုသိလာအောင် လုပ်ပါ။”
ဒါက...
ခန်းမထဲရှိ လူအုပ်ကြီးထဲ ချက်ချင်း အာမေဋိတ်သံများ ပြည့်နှက်သွားကြသည်။ ဖရိုဖရဲကြယ်ပင်လယ် သတင်းကို လူတွေ ပိုသိသွားလျှင် အဖွဲ့အစည်းတွေ ပိုပြီး စိတ်ဝင်စားလာကြမည် မဟုတ်ပါလား။
ကောင်းကင်ဧကရာဇ် ဘေးနားရှိ အင်အားကြီးသူ အနည်းငယ်နှင့် နဂါးစီးဂိုဏ်း တစ်ခုတည်းကိုပင် ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲနေချိန်တွင် တော်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးမှ အင်အားကြီးသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို သူတို့ ခံနိုင်ပါမလား။
ဖြစ်နိုင်တာက...
ရုတ်တရက် လူအချို့ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။ ကောင်းကင်ဧကရာဇ်သည် တော်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အဖွဲ့အစည်းအားလုံးကို ထိုကိစ္စ သိစေချင်ပြီး မရေမတွက်နိုင်သော အဖွဲ့အစည်းများကို ဖရိုဖရဲကြယ်ပင်လယ်ဆီ ဦးတည်လာစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။
ကောင်းကင်ဧကရာဇ်သည် သူတို့ မရောက်လာခင် ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားရန် စီစဉ်ထားပြီး ထိုအဖွဲ့အစည်းများ ရောက်လာကြသည့်အခါ ဖရိုဖရဲကြယ်ပင်လယ်တွင် ဧကရာဇ်သင်္ချိုင်း သို့မဟုတ် ရတနာများ တကယ်မရှိကြောင်း တွေ့ရှိသွားလျှင် သူတို့၏ စိတ်ဝင်စားမှု အလိုလို လျော့နည်းသွားပေလိမ့်မည်။
တော်ဝင်တောင်တန်း ကြယ်နယ်မြေမှ အဖွဲ့အစည်းများ ဖရိုဖရဲကြယ်ပင်လယ်အပေါ် စိတ်ဝင်စားမှု လျော့သွားသည့်အခါမှ ကောင်းကင်ဧကရာဇ် ပြန်လာလျှင် တော်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် ပတ်သက်သည့် ပြဿနာ ပြေလည်သွားမည် မဟုတ်ပါလား။
ထိုအတွေးနှင့် မုကျန့်ချင်း မေးခွန်းထုတ်လိုက်၏။
“မင်းကြီးက အဲဒီလူတွေကို ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ရတနာတွေ မရှိကြောင်း သိစေပြီး ဖရိုဖရဲကြယ်ပင်လယ်အပေါ် စိတ်ဝင်စားမှု လျော့သွားအောင် လုပ်မလို့လား။”
မုကျန့်ချင်း၏ မေးခွန်းကို ကြားသောအခါ သူ၏ အစီအစဉ်ကို မုကျန့်ချင်း နားလည်မှု လွဲနေကြောင်း လုချန်း ချက်ချင်း သဘောပေါက်လိုက်ပြီး
“မဟုတ်ဘူး... ကျွန်တော့်ဘေးနားမှာရှိတဲ့ ဧကရာဇ်အဆင့် အင်အားကြီးတစ်ယောက်ကို လှုပ်ရှားစေပြီး တော်ဝင်တောင်တန်း ကြယ်နယ်မြေကို ရှအင်ပါယာရဲ့ အုပ်ချုပ်မှုအောက် တိုက်ရိုက်ထည့်သွင်းဖို့ စီစဉ်ထားတယ်။”
ထိုစကား ထွက်လာသည်နှင့် ခန်းမကြီး တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ အထင်းသား ပေါ်လာသည်။
ဧကရာဇ်အဆင့်...
ကောင်းကင်ဧကရာဇ် ဘေးနားမှာ တကယ်ပဲ ဧကရာဇ်အဆင့် အင်အားကြီးတစ်ယောက် ရှိနေတာလား။
ဧကရာဇ်တစ်ပါး ရှိလျှင် ထိုတော်ဝင်တောင်တန်း ဧကရာဇ်လောင်း ဆိုတာက ဘာမှမဟုတ်တော့ပေ။ ဧကရာဇ်လောင်း တစ်ယောက် မဆိုထားနှင့် အခုမှ အဆင့်တက်ခါစ ဧကရာဇ်တစ်ပါးပင်လျှင် ထိုဝါရင့် ဧကရာဇ်များကို ယှဉ်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ဧကရာဇ်နှင့် အတူပါလာနိုင်သူဆိုလျှင် ဧကန်မုချ ဝါရင့်ဧကရာဇ်တစ်ပါး ဖြစ်ရပေမည်။
ဒါက ကောင်းကင်ဧကရာဇ် စဉ်းစားထားသည့်အရာ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်သည် ခြေတစ်လှမ်းဆုတ်ရန် ကြံစည်နေသည်ဟု သူတို့ ထင်ခဲ့ကြသည်။
သေချာ စဉ်းစားကြည့်လျှင် ကောင်းကင်ဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးတွင် အင်အားကြီး လက်အောက်ငယ်သားများစွာ ရှိစမြဲဖြစ်သည်။ ဝင်စားခြင်း မပြုလုပ်မီ ပြင်ဆင်မှုများ ပြုလုပ်ထားမှာ သေချာသည်။ သူ့ဘေးနားတွင် ဧကရာဇ်များ ရှိနေခြင်းက မထူးဆန်းပေ။
အကယ်၍ ကောင်းကင်ဧကရာဇ်ကို ကာကွယ်ပေးနေသည့် ဧကရာဇ်အဆင့် အင်အားကြီးများ မရှိလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
ခဏတာအတွင်း အစည်းအဝေးခန်းမထဲရှိ ကောင်းကင်မီးမျိုးနွယ်ဝင်များ သက်ပြင်းချနိုင်သွားကြသည်။ ကောင်းကင်ဧကရာဇ်ကို ကာကွယ်ပေးမည့် ဧကရာဇ်တစ်ပါး ရှိနေသဖြင့် သူ့လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပေ။
လုချန်းက
“ကောင်းပြီ။ ဒီလောက်ပဲ ပြောကြတာပေါ့။ အခု သတင်းကို မြန်မြန် ဖြန့်လိုက်ပါ။ တံခါးပိတ် ကျင့်ကြံနေတဲ့ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းပါ ဒီသတင်းကို ကြားသွားရင် အကောင်းဆုံးပဲ။”
လုချန်း တွေးလိုက်သည်။ အကယ်၍ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသာ ဖရိုဖရဲကြယ်ပင်လယ်တွင် ဧကရာဇ်သင်္ချိုင်း ရှိနေကြောင်း သိသွားပါက သူ အလွန်စိတ်ဝင်စားသွားပြီး တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာကာ လာရောက် ကြည့်ရှုလိမ့်မည်။
ထိုသို့လုပ်ခြင်းဖြင့် တော်ဝင်တောင်တန်းနယ်မြေရှိ ရန်သူအားလုံးကို တစ်ချက်တည်းနှင့် ရှင်းထုတ်ပစ်နိုင်သည်။ ကြယ်နယ်မြေတစ်ခုလုံးကို ဖြေရှင်းရန်အတွက် ဆိုပါက ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား တစ်ခု အသုံးပြုရခြင်းက ဧကန်မုချ တန်ဖိုးရှိသည်။
တော်ဝင်တောင်တန်း နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီးသည်နှင့် ကျန်ရှိသော သူ၏ ဇနီးမယားများ ရင်သွေးကမ္ဘာ ကိုယ်ဝန်ဆောင်နိုင်မည် ဖြစ်သည်။ သူ၏ ဇနီးမယားများ ရင်သွေးကမ္ဘာများ မွေးဖွားပေးသည့်အခါ ရရှိနိုင်မည့် ဆုလာဘ်များကို တွေးရင်း လုချန်း အလွန် စိတ်လှုပ်ရှားနေသည်။
အကယ်၍ သူ၏ ကျင့်စဉ်အဆင့်ကို လျင်မြန်စွာ တိုးတက်စေမည့် အရာတစ်ခုခု သို့မဟုတ် ပိုအဆင့်မြင့်သော ကျင့်စဉ်များနှင့် လက်နက်များ ရရှိခဲ့လျှင် သူ လျင်မြန်စွာ ကြီးထွားလာနိုင်မည်။
ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသည်နှင့် ရှန်ဝူဧကရာဇ်၏ သွေးမျိုးဆက် လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ပြီး ခန္ဓာကိုယ်အသစ် ပြန်လည်တည်ဆောက်ကာ ဇနီးမယားများနှင့်အတူ ကလေးများ ဆက်လက် ရယူနိုင်မည်ဖြစ်သည်။
အချိန် နေရာ ကြေးမုံကို ပိတ်ပြီးနောက် နဂါးစီးဂိုဏ်း ဧကရာဇ်သင်္ချိုင်းကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းဖြန့်ရန် မုကျန့်ချင်း ချက်ချင်း အမိန့်ပေးလိုက်သည်။
နဂါးစီးဂိုဏ်းသည် ဖရိုဖရဲကြယ်ပင်လယ်သို့ နတ်လှေများ စေလွှတ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း မမျှော်လင့်ပဲ သူတို့၏ အစီအစဉ်များသည် အဖွဲ့အစည်းအမျိုးမျိုးကြောင့် အနှောင့်အယှက် ဖြစ်လာခဲ့သည်။
……
နဂါးစီးဂိုဏ်း။
အစည်းအဝေးခန်းမအတွင်း။
ဝူဖုန်း၏ မျက်နှာထား အလွန်ဆိုးရွားနေသည်။ သတင်းပေါက်ကြားမှု ဤမျှမြန်လွန်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဒါက တစ်ယောက်ယောက်က တမင်သက်သက် ပေါက်ကြားစေတာ ထင်ရှားသည်။ မဟုတ်လျှင် ဤမျှမြန်မြန် သတင်း ပျံ့နှံ့သွားမည် မဟုတ်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က အဖွဲ့အစည်းအမျိုးမျိုးမှ အင်အားကြီး ပုဂ္ဂိုလ်များစွာ ရောက်လာပြီး ဧကရာဇ်သင်္ချိုင်းကို ရှာတွေ့ထားခြင်း ဟုတ်မဟုတ် လာရောက် မေးမြန်းခဲ့ကြသည်။
နဂါးစီးဂိုဏ်းတွင် ဧကရာဇ်သင်္ချိုင်း သတင်းရှိနေကြောင်းကို ချန်ဟိုင်ဂိုဏ်းသာလျှင် သိသည်။ အဘယ်ကြောင့်ဆိုသော် ဖရိုဖရဲကြယ်ပင်လယ်တွင် သင်္ချိုင်းရှိကြောင်း နဂါးစီးဂိုဏ်းကို အသိပေးခဲ့သူက ချန်ဟိုင်ဂိုဏ်း ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ဝူဖုန်းလည်း သိပ်စဉ်းစား မနေပဲ သတင်းပေါက်ကြားမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ချန်ဟိုင်ဂိုဏ်း ဖြစ်သည်ဟု သတ်မှတ်လိုက်သည်။ ချန်ဟိုင်ဂိုဏ်း ဤသို့ပြုလုပ်ရခြင်း အကြောင်းရင်းမှာ နဂါးစီးဂိုဏ်းက ဧကရာဇ်သင်္ချိုင်းကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ရန် စီစဉ်နေကြောင်း ရိပ်မိသွားသောကြောင့် ဖြစ်လောက်သည်။
ဒါက နဂါးစီးဂိုဏ်းအပေါ် ဖိအားပေးသည့် နည်းဗျူဟာလည်း ဖြစ်သည်။
ထိုအချိန်တွင် ဝူဖုန်းသည် သူ့ဘေးနားရှိ အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်ဘက်သို့ လှည့်ကာ
“ချန်ဟိုင်ဂိုဏ်း အခြေအနေကို ဘယ်လို ကိုင်တွယ်ထားလဲ။”
အနက်ရောင်ဝတ်လူက
“ ကျွန်တော်တို့ ချန်ဟိုင်ဂိုဏ်းကို ပိတ်ဆို့ထားပြီးပါပြီ။”
ဝူဖုန်းက အေးစက်စွာဖြင့်
“သတင်းကို ပေါက်ကြားစေပြီး ကျုပ်တို့ကို ဒီလိုနည်းလမ်းနဲ့ ဖိအားပေးဖို့ ကြိုးစားမှတော့ ချန်ဟိုင်ဂိုဏ်း ဆက်ရှိနေစရာ မလိုတော့ဘူး။”
တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ခံ အဖွဲ့အစည်းများအနက် သူတော်စင် တစ်ယောက်သာရှိသော ချန်ဟိုင်ဂိုဏ်းကို ဖျက်ဆီးပစ်ရန် အလွန် လွယ်ကူသည်။
ချန်ဟိုင်ဂိုဏ်းကို ချမ်းသာပေးရန် အစက ရည်ရွယ်ခဲ့သော်လည်း နဂါးစီးဂိုဏ်းကို ဖိအားပေးရန် ယခုလို နည်းလမ်းမျိုးကို အသုံးပြုလာသဖြင့် ဝူဖုန်းကို အလွန် မနှစ်မမြို့ ဖြစ်စေခဲ့သည်။
အစည်းအဝေးခန်းမထဲရှိ အနက်ရောင်ဝတ်လူက ဝူဖုန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားပြီး
“နားလည်ပါပြီ။ ချက်ချင်း စီစဉ်လိုက်ပါ့မယ်”
စကားဆုံးသည်နှင့် အနက်ရောင်ဝတ်လူ၏ ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
………………
အခန်း (၁၂၅၉)
နဂါးစီးဂိုဏ်း၏ အကြံအစည်
အနက်ရောင်ဝတ်လူ ထွက်ခွာသွားပြီးနောက် ဂိုဏ်းမှ အကြီးအကဲတစ်ယောက် အစည်းအဝေးခန်းမအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာ၏။
“ဂိုဏ်းချုပ်... တခြားဂိုဏ်းတွေက ဂိုဏ်းခေါင်းဆောင် တစ်ဒါဇင်ကျော် ရောက်နေကြပြီ။”
ထိုစကားကို ကြားရသောအခါ ဝူဖုန်း၏ မျက်နှာသည် ပို၍ မည်းမှောင်သွားကာ မဲ့ရွဲ့၍
“ပဏ္ဏာဆက်ရမယ့်ကိစ္စဆို သူတို့ ဘယ်တုန်းကမှ ဒီလောက် စိတ်မပါကြဘူး။ဧကရာဇ်သင်္ချိုင်း သတင်းပြန့်သွားတာနဲ့ သူတို့အားလုံးက ဘယ်သူ့ထက်မဆို ပိုပြီး မြန်နေကြတယ်။”
အစည်းအဝေးခန်းမထဲမှ အကြီးအကဲတစ်ဦးက
“ဂိုဏ်းချုပ်... ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”
ဧကရာဇ်သင်္ချိုင်းသတင်း ပေါက်ကြားသွားပြီဖြစ်၍ သင်္ချိုင်းအတွင်းမှ ရတနာများကို နဂါးစီးဂိုဏ်း တစ်ဦးတည်း လက်ဝါးကြီးအုပ်၍ မရတော့တာ ထင်ရှား၏။
နဂါးစီးဂိုဏ်းသည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ခံများအနက် အကြီးဆုံး အင်အားစု ဖြစ်သော်လည်း တော်ဝင်တောင်တန်း ကြယ်နယ်မြေ အတွင်း၌ အဖွဲ့အစည်းများစွာ ရှိနေသဖြင့် သူတို့အားလုံးကိုတော့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဝူဖုန်းက
“သူတို့ကို ဝင်ခိုင်းလိုက်”
ရွေးချယ်စရာ မရှိတော့ချေ။ ဧကရာဇ်သင်္ချိုင်းသတင်း ပေါ်သွားပြီဖြစ်၍ အခြားအဖွဲ့အစည်းများကို အသိပေးပြီး ဧကရာဇ်သင်္ချိုင်းကို ရှာဖွေရန် ဖရိုဖရဲကြယ်ပင်လယ်သို့ ဝင်ရောက်ဖို့ စုစည်းရုံသာ ရှိတော့သည်။
ထိုသို့လုပ်ခြင်းဖြင့် နဂါးစီးဂိုဏ်းအတွက် ဝေစု အနည်းငယ်သာ ရရှိနိုင်တော့မည် ဖြစ်သော်လည်း တော်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အဖွဲ့အစည်းအားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရသည်ထက်တော့ ကောင်းသည်။
ခဏခန့် အကြာတွင် အဖွဲ့အစည်း တစ်ဒါဇင်ကျော်မှ ခေါင်းဆောင်များ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာကြသည်။
ခန်းမထဲသို့ ခြေချလိုက်သည်နှင့် တစ်ဦးက တည့်တည့်ပင်
“ခေါင်းဆောင်ဝူ... ခင်ဗျားက နည်းနည်း မရိုးသားရာ ကျနေပြီ။ ဧကရာဇ်ဂူ သတင်းကို ကျုပ်တို့ကို ဖုံးကွယ်ထားတယ်။ ခင်ဗျားတို့ နဂါးစီးဂိုဏ်းက အထဲက ရတနာတွေကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေတာလား။”
အဖွဲ့အစည်းတစ်ခုတည်းသာ ဆိုပါက နဂါးစီးဂိုဏ်းကို ယခုလိုမျိုး ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်သော်လည်း ယခု တော်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အဖွဲ့အစည်းအားလုံး သင်္ချိုင်းအကြောင်း သိနေကြပြီဖြစ်၏။ နောက်ထပ် ခေါင်းဆောင်များလည်း လာနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့ နဂါးစီးဂိုဏ်းကို မကြောက်ကြတော့ပေ။
ဝူဖုန်း၏ မျက်နှာ ပြာနှမ်းနေသော်လည်း နောက်ဆုံးတွင် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ
“သခင်ကြီးဝမ်... ခင်ဗျား ဘာတွေပြောနေတာလဲ။ ဧကရာဇ်သင်္ချိုင်း သတင်းရရချင်း ကျုပ်က အမှန်ဟုတ်မဟုတ် အရင် စစ်ဆေးရမှာပေါ့။ ခင်ဗျားတို့ကို ပြောပြပြီးမှ သတင်းမှား ဖြစ်နေရင် ခင်ဗျားတို့ အလကား သက်သက် အပင်ပန်း ခံနေရမှာပေါ့။”
ရောက်ရှိနေသော လူများ ဝူဖုန်း၏ စကားကို မယုံကြည်ကြတာ ထင်ရှားသည်။ ဝူဖုန်းသည်ဧကရာဇ်သင်္ချိုင်းမှ ရတနာများကို တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုကြောင်း အရူးတစ်ယောက်တောင် သိနိုင်ပေသည်။ တစ်စုံတစ်ယောက်က သတင်းကို တမင်တကာ ဖြန့်လိုက်ခြင်းသာ မဟုတ်လျှင် နဂါးစီးဂိုဏ်းက ဧကရာဇ်သင်္ချိုင်းကို ရှာတွေ့ထားကြောင်း သူတို့ ယခုထိ သိနိုင်ကြဦးမည် မဟုတ်ပေ။
ဝူဖုန်းက ဆက်ပြောလိုက်သည်။
“ဧကရာဇ်သင်္ချိုင်းသတင်း တခြား ကြယ်နယ်မြေတွေဆီ ပေါက်ကြားသွားမှာ စိုးရိမ်လို့ ကျုပ်က ခင်ဗျားတို့ကို တိတ်တဆိတ် အသိပေးပြီး နဂါးစီးဂိုဏ်းထဲမှာ သင်္ချိုင်းကိစ္စ ဆွေးနွေးဖို့ ရည်ရွယ်ထားခဲ့တာပါ။ မမျှော်လင့်ပဲ သစ္စာဖောက်တစ်ယောက်က သတင်းကို ဗြောင်ဖွင့်ချလိုက်တယ်။”
“ဧကရာဇ်သင်္ချိုင်းတွေ့ထားတဲ့ ကိစ္စက အရမ်း အရေးအကြီးတယ်။ ခင်ဗျားတို့အားလုံး သင်္ချိုင်းရဲ့ အရေးပါမှုကို နားလည်ကြလိမ့်မယ်လို့လည်း ကျုပ် ယုံကြည်တယ်။ တခြားအင်ပါယာတွေ သို့မဟုတ် တခြားကြယ်နယ်မြေက အဖွဲ့အစည်းတွေ သိသွားတာနဲ့ ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့ နားလည်သင့်တယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့တွေ ဧကရာဇ်ရဲ့ အမွေအနှစ် ဒါမှမဟုတ် ရတနာ ဝေစု တစ်စုတောင် ရချင်မှ ရတော့မှာ။”
ထိုအချိန်တွင် ဂိုဏ်းချုပ်တစ်ယောက်က ဝင်ပြောလိုက်သည်။
“ခေါင်းဆောင်ဝူ... အခုချိန်မှာ ဒီစကားတွေ ပြောနေလို့ အပိုပါပဲ။ သတင်းက ပေါက်ကြားပြီးသားဆိုတော့ အချိန်ဆွဲနေမယ့်အစား အဲ့ဒီ ဖရိုဖရဲကြယ်ပင်လယ် ဆိုတဲ့နေရာကို မြန်မြန်သွားပြီး သင်္ချိုင်းထဲက ရတနာတွေနဲ့ အမွေအနှစ်တွေကို အရယူကြတာပေါ့။”
“ဟုတ်တယ် ခေါင်းဆောင်ဝူ... ခင်ဗျား ကျုပ်တို့ကို ဖရိုဖရဲကြယ်ပင်လယ်ရဲ့ မြေပုံ မြန်မြန် ပေးသင့်တယ်။ ခြေတစ်လှမ်း နောက်ကျသွားရင်တောင် ဧကရာဇ်သင်္ချိုင်းထဲက ရတနာနဲ့ အမွေအနှစ်တွေကို တခြားကြယ်နယ်မြေက အဖွဲ့အစည်းတွေ ခိုးယူသွားနိုင်တယ်။”
“ခေါင်းဆောင်ဝူ... ခင်ဗျားက လူလွှတ်ပြီးဧကရာဇ်သင်္ချိုင်း ရှိမရှိ အတည်ပြုခိုင်းပြီးပြီဆိုတော့ တည်နေရာကို ရှာတွေ့ထားပြီးပြီ မဟုတ်လား။”
……
အစည်းအဝေးခန်းမထဲမှ ထိုလူများ အလွန်စိတ်လှုပ်ရှားနေကြပုံကို မြင်သောအခါ ဝူဖုန်း၏ မျက်နှာ တဖြည်းဖြည်း ပို၍ မည်းမှောင်လာသည်။ သူ စိတ်အနှောင့်အယှက် အလွန် ဖြစ်နေသော်လည်း ဒီနေ့ ရှင်းပြချက် တစ်ခုခု မပေးလျှင် ဒီလူတွေ ပြန်တော့မှာ မဟုတ်ကြောင်း သူ သိနေသည်။
ထို့နောက် ဝူဖုန်းက
“လူကြီးမင်းတို့... အလောတကြီး လုပ်စရာမလိုပါဘူး။ ဖရိုဖရဲကြယ်ပင်လယ်ရဲ့ မြေပုံကို ကျုပ် ပေးပါ့မယ်။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်သေးဘူး။”
“ကျုပ် မင်းကြီး ဆီကို ဧကရာဇ်သင်္ချိုင်း သတင်း ပို့ပြီးပါပြီ။ ဧကရာဇ်သင်္ချိုင်းကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာက မင်းကြီးရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ သူ ဆုံးဖြတ်ပါလိမ့်မယ်။”
ဝူဖုန်း ရည်ညွှန်းသော ‘မင်းကြီး’ မှာ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းမှလွဲ၍ အခြားသူ မဟုတ်နိုင်ပေ။
ဝူဖုန်း၏ စကားကို ကြားလျှင် ခန်းမထဲရှိ လူတိုင်း ဝူဖုန်းကို စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။
ဝူဖုန်းသည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို အသိပေးရန် စောလွန်းခြင်း နောက်ကျလွန်းခြင်း မရှိပဲ ယခုအချိန်မှ အချိန်ကိုက် ရွေးချယ်လိုက်ခြင်းက သူ လျှို့ဝှက်မထားနိုင်တော့ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ ထို့ကြောင့် ဧကရာဇ်သင်္ချိုင်း တွေ့ရှိမှုကို တင်ပြလိုက်ရခြင်း ဖြစ်သည်။
ထို့ပြင် နဂါးစီးဂိုဏ်းက ဦးဆောင်၍ ဧကရာဇ်သင်္ချိုင်းသတင်းကို တင်ပြလိုက်သည်နှင့် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ အကြီးမားဆုံး လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ သင်္ချိုင်းမှ ရတနာနှင့် အမွေအနှစ် ဝေစု ပိုရမည်မှာ သေချာသည်။
ဝူဖုန်း တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ နာမည်ကို ထုတ်သုံးလိုက်သည်ကို မြင်သောအခါ ရောက်ရှိနေသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် အမြောက်အမြားလည်း တစ်ခုခုဆက်ပြောရန် မသင့်တော့ဟု ခံစားလိုက်ရသည်။ နောက်ဆုံးတွင် နဂါးစီးဂိုဏ်းမှ ယာယီ ထွက်ခွာရန်သာ သူတို့ ရွေးချယ်နိုင်တော့သည်။
ထွက်ခွာသွားသူများ၏ ပုံရိပ်များကို ကြည့်ရင်း ဝူဖုန်း၏ မျက်နှာ ပို၍ မည်းမှောင်လာသည်။ သူတို့ အားလုံး လုံးဝ ထွက်ခွာသွားသည်နှင့် နဂါးစီးဂိုဏ်း အကြီးအကဲတစ်ဦးက မေးခွန်းထုတ်လိုက်သည်။
“ခေါင်းဆောင်... ဒီတွေ့ရှိမှုကို မင်းကြီးဆီ တကယ် သွားတင်ပြမလို့လား။ သူက အခု သီးသန့် ကျင့်စဉ်စခန်း ဝင်နေတာ။ ကျွန်တော်တို့ သွားနှောင့်ယှက်မိရင်...”
ဝူဖုန်းက သူ့ပလ္လင်ထက်မှ ထလိုက်ပြီး
“ဧကရာဇ်သင်္ချိုင်းသတင်းကို ဘယ်သူမှ လျစ်လျူမရှုနိုင်ပါဘူး။ မင်းကြီး သိသွားရင် သူ့ကို နှောင့်ယှက်မိလို့ ကျုပ်တို့ကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။”
ဧကရာဇ်သင်္ချိုင်း အတွင်းမှ ရတနာများနှင့် အမွေအနှစ်များကို တကယ့် ဧကရာဇ်အဆင့်များပင် လိုချင်တပ်မက်ကြသည်။ ဧကရာဇ်လောင်းအဆင့်သာ ရှိသေးသော တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သူသည် နှစ်ငါးထောင်အတွင်း ဧကရာဇ်အဖြစ် အဆင့်တက်နိုင်မည်ဟု မျှော်လင့်ရသော်လည်း ထိုအရာက အာမခံချက် မရှိသလို အဆင့်တက်နေစဉ်အတွင်း ဘာဖြစ်လာနိုင်သည်ကိုလည်း ဘယ်သူမှ မသိနိုင်ပေ။
ကျင့်စဉ်အဆင့်တက်ခြင်းက အာမခံချက် မရှိသော်လည်း ဧကရာဇ်သင်္ချိုင်းမှ အကျိုးအမြတ်များ လက်တွေ့ရရှိနိုင်သည်။ ထို့ပြင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း သီးသန့်ကျင့်စဉ်စခန်း ဝင်နေတာ သိပ်မကြာသေးပေ။ ဧကရာဇ်သင်္ချိုင်းအကြောင်း သိလိုက်ရလျှင် ကျင့်ကြံမှုကို ရပ်တန့်ပြီး သင်္ချိုင်းကို အရင် စူးစမ်းရှာဖွေကာ ပြီးမှ ပြန်လာပြီး အဆင့်တက်ခြင်းကို ဆက်လက်လုပ်ဆောင်လိမ့်မည်။
အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိပဲ ဝူဖုန်းသည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း သီးသန့်ကျင့်ကြံနေသော မြူဆိုင်း မိုးရွာကမ္ဘာသို့ ထွက်ခွာသွားတော့သည်။
မြူဆိုင်းမိုးရွာကမ္ဘာသည် အဆင့်မြင့်ကမ္ဘာတစ်ခု ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် အလွန်ကြွယ်ဝလှသည်။ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို အစေခံသော ကျင့်ကြံသူများမှလွဲ၍ ထိုနေရာတွင် အခြားဘယ်သူမှ မရှိပေ။
ထိုကမ္ဘာ၌ ကျင့်ကြံနိုင်သော အခြားသတ္တဝါများ ကင်းမဲ့နေ၏။ ထို့ကြောင့် ကမ္ဘာပေါ်ရှိစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို ဧကရာဇ်လောင်း အဆင့်တက်ရန် အပြည့်အဝ ရယူနိုင်သည်။
တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ကျင့်ကြံရန်အတွက် ထိုကဲ့သို့သော ကမ္ဘာတစ်ခုကို ပြင်ဆင်ရန် နဂါးစီးဂိုဏ်းသည် ထိုနေရာရှိ လူများနှင့် တိရစ္ဆာန်များ အားလုံးကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် မြူဆိုင်းမိုးရွာ ကမ္ဘာသည် လူသူတိရစ္ဆာန် ကင်းမဲ့သော ကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။
မြူဆိုင်း မိုးရွာကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ဝူဖုန်းသည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ သီးသန့် ကျင့်ကြံရာ နန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ဝူဖုန်း ဧကရာဇ်သင်္ချိုင်း သတင်းကို တင်ပြရန် ပြင်လိုက်စဉ်မှာပင် ဧကရာဇ်လောင်း၏ အဆောင်အတွင်းမှ ဩဇာပြည့်ဝသော အသံတစ်သံ ထွက်ပေါ်လာသည်။
“အပြင်မှာ ဘာဖြစ်ခဲ့လို့လဲ”
ပုံမှန်အားဖြင့်ဤကမ္ဘာသို့ ဝူဖုန်း ကိုယ်တိုင် လာမည်မဟုတ်ပေ။ အကြောင်းမှာ တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် သီးသန့်ကျင့်ကြံနေပြီး မည်သူနှင့်မှ တွေ့ဆုံရန် ရည်ရွယ်ချက် မရှိသောကြောင့် ဖြစ်၏။ ဝူဖုန်း ရောက်ရှိနေခြင်းက အပြင်ဘက်တွင် အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း ဖော်ပြနေသည်။
ဝူဖုန်း အနည်းငယ် လန့်သွားသည်။ ဧကရာဇ်သင်္ချိုင်း သတင်းကို ပေးပို့ရန် အားထုတ်မှု အချို့ လိုအပ်မည်ဟု အစက သူ ထင်ခဲ့၏။ ဧကရာဇ်လောင်းက ဦးဆောင်၍ မေးမြန်းလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဆိုလိုသည်မှာ ဧကရာဇ်လောင်းသည် သီးသန့်ကျင့်ကြံခြင်း အခြေအနေသို့ အပြည့်အဝ ဝင်ရောက်ခြင်း မရှိသေးပေ။ အကယ်၍ အပြည့်အဝ ဝင်ရောက်သွားပါက သူ့ကို နှိုးရန်က ဝူဖုန်းအတွက် ခက်ခဲသော အလုပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
တည်ငြိမ်မှု ပြန်ရပြီးနောက် ဝူဖုန်းက မတွန့်ဆုတ်ပဲ ချက်ချင်း ပြောလိုက်သည်။
“နဂါးစီးဂိုဏ်းက ဧကရာဇ်သင်္ချိုင်း ရှိနိုင်ဖွယ်ရှိတဲ့ ကြယ်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ ကြယ်နယ်မြေက တော်ဝင်တောင်တန်း ကြယ်နယ်မြေ အနီးမှာ တည်ရှိပါတယ်။”
ဝူဖုန်း၏ စကားကို ကြားလျှင် အဆောင်အတွင်းရှိ ဧကရာဇ်လောင်း ခဏခန့် တိတ်ဆိတ်သွားသည်။ နောက်တစ်ခဏတွင် အဆောင်အတွင်းမှ လေပြင်းများ တိုက်ခတ် လာသည်။
ထို့နောက် ကြီးမားသော ဖိအားတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး အဆောင်အပြင်ဘက်ရှိ လူများကို အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။
……………
အခန်း (၁၂၆၀ )
တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ကျင့်စဉ်စခန်းမှ ထွက်လာခြင်း
အချိန်များ ကုန်ဆုံးသွား၏။ အတော်ကြာမှသာ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏အသံ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ဝူဖုန်း... ဧကရာဇ်သင်္ချိုင်း တကယ်ရှိတာ သေချာလား”
“ကျုပ်ကို လှည့်စားရင် ခင်ဗျား ဘယ်လို အကျိုးဆက်တွေ ရင်ဆိုင်ရမလဲဆိုတာ သိသင့်တယ်”
ချွေးများဖြင့် ရွှဲနစ်နေသော ဝူဖုန်းလည်း ချက်ချင်း မြေပြင်ပေါ် ဝပ်ဆင်းလိုက်ပြီး
“ကျေးဇူးပြုပြီး စိတ်ချပါ မင်းကြီး။ ကျွန်တော်တို့ လူလွှတ်ပြီ အတည်ပြုခိုင်းထားပြီးပါပြီ။ အဲဒီ ကြယ်နယ်မြေမှာ ဧကရာဇ်သင်္ချိုင်းရှိဖို့ ဖြစ်နိုင်ခြေ အတော်ရှိပါတယ်။”
ဝူဖုန်း စကားဆုံးသည်နှင့် သူ့အပေါ်ကျရောက်နေသော ဖိအား ပိုပြင်းထန်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက အေးစက်သော လေသံဖြင့်
“ဖြစ်နိုင်ခြေ ဟုတ်လား”
ဝူဖုန်းက အလျင်အမြန် တုံ့ပြန်၏။
“ကျွန်တော်တို့ ဧကရာဇ်သင်္ချိုင်းရဲ့ တည်နေရာ အတိအကျကို မသတ်မှတ်ရသေးပါဘူး။ ဒါကြောင့်...”
ဝူဖုန်း စကားမဆုံးခင်မှာပင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဖြတ်ပြောလိုက်သည်။
“ဧကရာဇ်သင်္ချိုင်း တည်နေရာကို အတည်မပြုနိုင်သေးပဲနဲ့ ကျုပ်ကို နှောင့်ယှက်ရဲတယ်။ ခင်ဗျားသေခြင်းတရားရဲ့ အဓိပ္ပာယ်ကို တကယ် နားမလည်သေးဘူးပဲ။ “
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် စကားဆုံးသည်နှင့် အဆောင်အတွင်းမှ တိုက်ရိုက် ထွက်လာခဲ့ပြီး နောက်တစ်ခဏတွင် သူ၏ပုံရိပ် ဝူဖုန်း ရှေ့မှောက်တွင် ပေါ်ထွက်လာသည်။
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် ဆံပင်ဖြူများ၊ တွန့်နေသော အသားအရေများနှင့် အိုမင်းရင့်ရော်ကာ အားနည်းနေပုံ ပေါက်နေသည်။
တော်ဝင်တောင်တန်း ဧကရာဇ်လောင်း အဆောင်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ဝူဖုန်း နည်းနည်း ကြောင်သွားသည်။ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ဒီလောက်မြန်မြန် ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဧကရာဇ်သင်္ချိုင်း ရှာဖွေမှု လုပ်ငန်းစဉ်ကို တင်ပြပြီးမှသာ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ထွက်လာလိမ့်မည်ဟု သူ ထင်ခဲ့သည်။
ဘာပဲပြောပြော တော်ဝင်တောင်တန်းဧကရာဇ်လောင်းသည် ဧကရာဇ်အဆင့် ကျင့်ကြံသူဖြစ်ဖို့ အဆင့်တက်နေသော အခြေအနေမှာပင် ရှိနေသေးသည်။ မဖြစ်မနေ ကိစ္စမရှိလျှင် ထွက်လာမည် မဟုတ်ပေ။
ဧကရာဇ်သင်္ချိုင်း သတင်းထွက်လာတာက မသေချာသေးပေ။ တကယ်လို့ ထွက်လာပြီးမှ ဧကရာဇ်သင်္ချိုင်း မရှိဘူးဆိုလျှင် မရှိသော သင်္ချိုင်းတစ်ခုကြောင့်အလကား ခရီးထွက်မိသလို ဖြစ်သွားလိမ့်မည်။ ထိုအခါ ကျင့်ကြံမှု အရှိန်အဟုန်ကို နှောင့်နှေးသွားစေမည် မဟုတ်ပါလား။
ဝူဖုန်း မသိသည့်အချက်မှာ တော်ဝင်တောင်တန်း ဧကရာဇ်လောင်း အလွယ်တကူ ထွက်လာရသည့် အဓိကအကြောင်းရင်းက သူ၏ ဧကရာဇ်ဖြစ်မည့် ကျင့်စဉ် နည်းလမ်းတွင် ပြဿနာအချို့ ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး သူ့ကျင့်စဉ်တိုးတက်မှု အနည်းငယ် အဟန့်အတား ဖြစ်နေသောကြောင့် ဖြစ်သည်။
မဟုတ်ပါက ဝူဖုန်း သူ့ကို အလွယ်တကူ နှိုးနိုင်မည် မဟုတ်ပေ။ အစက တံခါးပိတ် ကျင်စဉ်စခန်း ပြန်မဝင်မီ သူ့ပြဿနာများကို အရင်ဖြေရှင်းရန် စီစဉ်ထားခဲ့သည်။
သို့သော် ဝူဖုန်းက ဤအချိန်တွင် ရောက်လာပြီး ဧကရာဇ်သင်္ချိုင်း ကိစ္စ ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ထို အခွင့်အရေးကိုယူ၍ သူတိုက်ရိုက် ထွက်လာလိုက်ခြင်းဖြစ်သည်။
ဝူဖုန်း သတိပြန်ဝင်လာပြီးနောက် အလျင်အမြန်ပင်
“အဲ့ဒီ ကြယ်နယ်မြေက အင်အားကြီး စွမ်းအားတစ်ခုရဲ့ ကန့်သတ်ချက်တွေနဲ့ ပိတ်ဆို့ခံထားရပြီး ကြယ်မြေပုံကနေတောင် ဖျက်ပစ်ခံထားရပါတယ်။ ဧကရာဇ်သင်္ချိုင်း မရှိရင်တောင် ရတနာတွေ ဧကန်မုချ ရှိရပါမယ်။”
ထိုအရာကို ကြားရလျှင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ခဏခန့် တိတ်ဆိတ်သွားသည်။ ကြယ်နယ်မြေ တစ်ခုလုံးကို တံဆိပ်ခတ်ထားတယ်တဲ့လား။
ဧကရာဇ်အဆင့်ကသာ ဤအရာမျိုးကို လုပ်ဆောင်နိုင်၏။ ထိုသို့ဆိုလျှင် ဝူဖုန်း ပြောသော ကြယ်နယ်မြေတွင် ဧကရာဇ်သင်္ချိုင်း တကယ် ရှိနေနိုင်သည်။
အကယ်၍ ရတနာများ သို့မဟုတ် ဧကရာဇ်သင်္ချိုင်း မရှိလျှင် ထိုကဲ့သို့ ဧကရာဇ်အဆင့် အင်အားကြီးများက ကြယ်မြေပုံမှ ဖျက်ပစ်ဖို့ မဆိုထားနှင့်၊ ကြယ်နယ်မြေကို ပိတ်ဆို့ဖို့ပင် ဒုက္ခခံ လုပ်ဆောင်ကြမည် မဟုတ်ပေ။
သမိုင်းတစ်လျှောက် ရှာဖွေတွေ့ရှိခဲ့သော ဧကရာဇ်သင်္ချိုင်း အများစုသည် ကန့်သတ်ချက်များဖြင့် ပိတ်ဆို့ထားသော နေရာများ သို့မဟုတ် ကြယ်မြေပုံမှ ဖျက်ပစ်ခံထားရသော နေရာများတွင် ရှိနေတတ်သည်။
ဝူဖုန်း ပြောသော နေရာသည် ကန့်သတ်ချက်များ ရှိရုံသာမက မြေပုံမှပါ ဖျက်ပစ်ခံထားရသဖြင့် အကယ်၍ ထိုနေရာတွင် ဧကရာဇ်သင်္ချိုင်း တကယ်ရှိပါက ထိုကြယ်နယ်မြေတွင် မြှုပ်နှံထားသော ဧကရာဇ်သည် သာမန် မဟာဧကရာဇ် မဟုတ်ကြောင်း လုံးဝ သက်သေပြနေသည်။
ထိုအတွေးနှင့် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ မျက်နှာပေါ်တွင် မသိမသာ အပြုံးတစ်ခု ပေါ်လာသည်။ သူ့ကံတရား ဒီလောက်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အစက နှစ်ငါးထောင်အတွင်း ဧကရာဇ်ဖြစ်ရန် မျှော်လင့်ချက်မရှိဟု ထင်ခဲ့သော်လည်း မထင်မှတ်ပဲ အခွင့်အရေးတစ်ခုက သူ့တံခါးဝသို့ ရောက်လာခဲ့လေပြီ။
အကယ်၍ သူသာ ဧကရာဇ်သင်္ချိုင်းအတွင်းမှ စိတ်ဝိညာဉ်ဆေးဝါးများ သို့မဟုတ် ရတနာများကို ရရှိခဲ့လျှင်၊ အထူးသဖြင့် ဧကရာဇ်ဖြစ်နိုင်မည့် အခွင့်အရေးကို ရရှိခဲ့လျှင် သူ အောင်မြင်လာဖို့ နှစ်ငါးထောင်ပင် စောင့်စရာ လိုချင်မှ လိုတော့မည်။
ဧကရာဇ်သင်္ချိုင်းထဲမှ ပိုကောင်းသော အခွင့်အလမ်းများ တွေ့ရှိပါက သူလက်ရှိ ကျင့်ကြံနေသည့် နည်းလမ်းကို စွန့်လွှတ်လိုက်၍ ရသည်။
ယခုနည်းလမ်းက သူ့ကို ဧကရာဇ်ဖြစ်အောင် ကူညီပေးနိုင်သော်လည်း ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလွန်းနေသည်။ ထိုနည်းလမ်းက သူ့ကိုယ်ပိုင် အသက်သွေး အနှစ်သာရကို လောင်ကျွမ်းစေရန် လိုအပ်၏။ အရေးအကြီးဆုံးက ဧကရာဇ်ဖြစ်သည့် အချိန်အထိ သူ ခံနိုင်ရည်ရှိမရှိ မသေချာခြင်းပင်။
အစက တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် ကျက်သရေရှိသော သခင်လေးတစ်ဦး ဖြစ်သော်လည်း ထိုနည်းလမ်းကို ကျင့်ကြံမိသောကြောင့် ယခုအခါ အိုမင်းရင့်ရော်သော အခြေအနေသို့ ပြောင်းလဲသွားခဲ့ရသည်။ ကျင့်စဉ် လောကတွင် ရုပ်ရည်သွင်ပြင်သည် အင်အားကြီးသူများအတွက် အထူးတလည် အရေးမကြီးလှသော်လည်း ဧကရာဇ်လောင်းသည် သူ၏ရုပ်ရည်ကို အတိုင်းအတာတစ်ခုအထိ ဂရုစိုက်နေဆဲဖြစ်၏။
ဖြစ်နိုင်လျှင် ဧကရာဇ်ဖြစ်ရန်အတွက် ထိုနည်းလမ်းကို သူ အသုံးမပြုချင်ပေ။ သို့သော် ဧကရာဇ်ဖြစ်ခြင်း၏ ဆွဲဆောင်မှုက ကြီးမားလွန်းသည်။ ထို့ပြင် နှစ်ငါးထောင်အတွင်း ဧကရာဇ်ဖြစ်ရန် အခွင့်အလမ်း ရှိနေသည်။ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးနှင့် ရင်ဆိုင်ရလျှင် မည်သည့် ဧကရာဇ်လောင်းက မကြိုးစားချင်ပဲ နေမည်နည်း။
သို့သော် စမ်းသပ်ကြည့်ပြီးနောက် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းလည်း ထိုနည်းဖြင့် ဧကရာဇ်ဖြစ်ရန် ဆန္ဒသိပ်မရှိတော့ပေ။ အသက်သွေး အနှစ်သာရကို လောင်ကျွမ်းစေသည့် လုပ်ငန်းစဉ်က နာကျင်လွန်းလှသဖြင့် ကျင့်ကြံသည့် အခြေအနေသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဝူဖုန်း လာနှိုးသောအခါ သူ နိုးနေရခြင်း ဖြစ်သည်။
ထိုအချိန်တွင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက
“ခင်ဗျားရဲ့ သတင်းအချက်အလက်သာ မှန်ပြီး ဧကရာဇ်သင်္ချိုင်းကို တကယ် ရှာတွေ့ခဲ့ရင် ဆုလာဘ်ကြီးကြီး ရလိမ့်မယ်။ ဒါပေမဲ့ ကျုပ် အလကား ခရီးထွက်ရတာမျိုး ဖြစ်ခဲ့ရင်တော့ အကျိုးဆက်ကို ခင်ဗျား သိထားသင့်တယ်။”
ဝူဖုန်းက ချက်ချင်းပင်
“ နားလည်ပါပြီ”
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက
“ကောင်းပြီ ထတော့”
သူ့အသံဆုံးသည်နှင့် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက လက်ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် နဂါးစီးဂိုဏ်း၏ ခန်းမကြီးထဲသို့ ရောက်ရှိသွားကြသည်။ ခန်းမထဲရှိ နဂါးနက်အချို့သည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းကို မြင်သောအခါ အလွန်ကြောက်လန့်သွားပြီး မလှုပ်ရဲပဲ မြေပြင်ပေါ် ဝပ်နေကြသည်။
ထိုအချိန်တွင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက မေးခွန်းထုတ်လိုက်သည်။
“ကောင်းကင်မီး မျိုးနွယ်စုကော ဒီနှစ်ပိုင်း ဘယ်လိုလဲ။”
ဝူဖုန်းက
“ကောင်းကင်မီး မျိုးနွယ်စုက လူလွှတ်လာပါတယ်။ မင်းကြီးဆီ သစ္စာဆိုပြီး လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ချင်တယ်လို့ ပြောပါတယ်။”
ထိုစကားကို ကြားရလျှင် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း ပေါ့ပါးစွာ ရယ်မောလိုက်ပြီး
“သူတို့က ကောင်းကင်ဧကရာဇ် ဆိုတဲ့လူ အတွက် ကျုပ်ကို အမြဲတမ်း ဆန့်ကျင်နေမယ်လို့ ကျုပ် တကယ် ထင်ခဲ့တာ။ ကြည့်ရတာ သူတို့ယုံကြည်ချက်က သိပ်မခိုင်မာဘူးပဲ။”
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဆက်မေးလိုက်သည်။
“ဒါနဲ့ မုချင်းလန်ဆီကကော လှုပ်ရှားမှု ရှိလား။”
တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် မုချင်းလန်ကို သဘောကျနေသည်မှာ ကြာပြီဖြစ်ပြီး သူမကို သူ့မိန်းမ ဖြစ်စေချင်နေ သည်။ သို့သော် ဧကရာဇ်အဆင့် ရောက်ရန် အာရုံစိုက်နေခဲ့သောကြောင့် ဤကိစ္စ ကြန့်ကြာနေခဲ့ရသည်။
သူစ မူလအစီအစဉ်မှာ ဧကရာဇ် အရင်ဖြစ်အောင် လုပ်ပြီးမှ မုချင်းလန်ကို လက်ထပ်ရန် ဖြစ်သည်။ ထိုအခါ မုချင်းလန် အနေနှင့် သူ့ကို ငြင်းဆန်ရန် နည်းလမ်း ရှိတော့မည် မဟုတ်ပေ။
ကောင်းကင်မီး မျိုးနွယ်စုသည် အတော်လေး ထူးခြားကြောင်း တော်ဝင်တောင်တန်း ဧကရာဇ်လောင်းသိ၏။ အကယ်၍ မုချင်းလန်သာ သူမ၏ အင်အားအကုန်သုံးပါက သူ့ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရှိသည်။ ထို့ကြောင့် ဧကရာဇ် မဖြစ်ခင်တွင် မုချင်းလန်ကို အနိုင်ယူနိုင်မည်ဟု တော်ဝင်တောင်တန်း ဧကရာဇ်လောင်း မသေချာနိုင်ခဲ့ပေ။
သို့သော် ဧကရာဇ် ဖြစ်ပြီးသွားလျှင်တော့ ကွာခြားသွားလိမ့်မည်။ ဧကရာဇ်အဆင့်နှင့် ဧကရာဇ်လောင်း အဆင့်ကြား ကွာဟချက်သည် ကြယ်နယ်မြေကြီးနှင့် သဲမှုန်များပမာ ကွာခြားသည်။ ဧကရာဇ်ဖြစ်သွားသည်နှင့် သူ၏ ဧကရာဇ်အဆင့် အင်အားကြောင့် မုချင်းလန် မည်မျှမလိုလားပါစေ သူ့လက်ထဲမှ မလွတ်မြောက်နိုင်တော့ပေ။
ဝူဖုန်းက
“ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ သူက ကောင်းကင်မီး မျိုးနွယ်ရဲ့ တော်ဝင်သင်္ချိုင်းမှာ သီးသန့်ကျင့်ကြံနေပြီး အပြင်ကို ထွက်ခဲပါတယ်။”
ဤနေရာတွင် ဝူဖုန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“သူ တစ်ခါ ထွက်လာခဲ့ဖူးတာတော့ ရှိပါတယ်။ ကောင်းကင်မီး နိုင်ငံက အကြီးအကဲနှစ်ယောက်က သူ့ကို မမှတ်မိပဲ စော်ကားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒေါသထွက်ပြီး သူက အဲ့ဒီ အကြီးအကဲ နှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့ ကောင်းကင်မီးနိုင်ငံက ဧည့်သည်တော် အကြီးအကဲတစ်ချို့ ကောင်းကင်မီးကမ္ဘာကနေ ထွက်ခွာသွားကြတယ်။”
“အဲ့ဒါဖြစ်ပြီးလို့ သိပ်မကြာခင်မှာပဲ မီးဧကရာဇ်က နဂါးစီးဂိုဏ်းဆီ လူလွှတ်ပြီး မင်းကြီးကို သစ္စာခံလိုကြောင်း ပြောလာပါတယ်။”