← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း ၃၀၄ - ကျောင်းဖွင့်ပွဲအခမ်းအနား

ယဲ့ချန်းက လူတိုင်းကို ကိုယ့်အိပ်မက်ကိုယ်ရွေးချယ်ဖို့ ပြောလိုက်လေရာ ကျောင်းသားများအားလုံးလည်း စိတ်လှုပ်ရှားသွားသည်။

"ကျောင်းအုပ်ကြီး.. ကျွန်တော်က စားဖိုမှူးဖြစ်ချင်ပါတယ်။ ဟင်းလျာချက်ပြုတ်ခြင်းမေဂျာကို ရွေးလို့ရမလား"

"ရတာပေါ့"

"ကျောင်းအုပ်ကြီး.. ကျွန်တော်က ပရိုဂရမ်ရေးရတာကို သဘောကျတယ်။ ပရိုဂရမ်မေဂျာကို ရွေးလို့ရမလား"

"ပြဿနာမရှိဘူး"

"ကျောင်းအုပ်ကြီး..ကျွန်မအိပ်မက်က ဂီတပညာရှင်ပါ"

"ကျောင်းအုပ်ကြီး.. ကျွန်တော့်အိပ်မက်က ဗိသုကာပညာရှင်ပါ"

"ကျောင်းအုပ်ကြီး.. ကျွန်တော်က ဒုံးကျည်တွေ ဖန်တီးချင်ပါတယ်"

"ကျောင်းအုပ်ကြီး.. ကျွန်တော်က အားကစားချန်ပီယံဖြစ်ချင်ပါတယ်"

...

စိတ်အားထက်သန်နေသော ကျောင်းသားများ၏ အမူအရာများကိုမြင်သော် ယဲ့ချန်းလည်း သက်မချ၍ ပြောလိုက်လေသည်။

"လူတိုင်း ကိုယ့်အိပ်မက်နောက်ကို လိုက်နိုင်ပါတယ်။ ကျောင်းဘက်ကလည်း အခိုင်အမာထောက်ပံ့ပေးမှာပါ"

အစည်းအဝေးကား ပြီးဆုံးသွားလေပြီ။

ကျောင်းသားများကမူ စိတ်အားထက်သန်နေဆဲပင်။

သူတို့အနေနှင့် ကျောင်းဝက်ဘ်ဆိုက်၏ မက်ဆေ့ချ်ဘုတ်တွင် သူတို့အိပ်မက်များကို ချရေးရန် မစောင့်နိုင်တော့ပေ။

...

နောက်တစ်နေ့ ကျောင်း၏ဖန်သားပြင်ကြီးထက်တွင် မေဂျာများကို ကြေညာလေတော့သည်။

ကျောင်းသားများကလည်း ထိုဖန်သားပြင်ကြီးကို သေချာစိုက်ကြည့်နေသည်။ သူတို့၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်ပြီဖြစ်၏။

"ဟားဟား.. မယုံနိုင်စရာပဲ။ အဲဒါက ငါအကြိုက်ဆုံးမေဂျာကွ"

"ငါ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးမျိုးရှိလာလိမ့်မယ်လို့ လုံးဝထင်မထားဘူး"

"ဒီတက္ကသိုလ်က အရမ်းမိုက်တာပဲ။ ငါတော့ စတားတက္ကသိုလ်ကို ချစ်သွားပြီ"

သူတို့၏အိပ်မက်များကို လက်ခံလိုက်ကြောင်း မြင်လိုက်ရသည့်အခါ ကျောင်းသားများအားလုံးလည်း ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။

ဤသည်မှာ ယဲ့ချန်းလိုချင်သော ရလဒ်ပင်တည်း။

အိပ်မက်များကို ဖြည့်ဆည်းနိုင်ခြင်းမှာ စိတ်အားတက်ကြွမှုနှင့် ထက်သန်ပြင်းပြမှုတို့ကို ဆောင်ကြဉ်းပေးသည်။

ဖီလာအားဖြင့် အတင်းအကျပ်သင်ကြားလေ့လာခိုင်းခြင်းမှာမူ ထိရောက်မှုရှိသော ရလဒ်များကို ဖြစ်မလာစေနိုင်ချေ။

ကျောင်းသားအမြောက်အများက တက္ကသိုလ်ဝင်ခွင့်ရရန်အတွက် မေဂျာများကို ရွေးချယ်ကြသည်။

သူတို့အိပ်မက်မက်ထားရသည့် တက္ကသိုလ်များကို တက်နိုင်ရန်အတွက် သူတို့၏အိပ်မက်များကို စွန့်လွှတ်ရပြီး သဘောမကျသည့် မေဂျာများကိုပင် ရွေးချယ်ရသည်။

ထို့ကြောင့် တက္ကသိုလ်တက်သည့်အခါ သဘောမကျလည်း ထိုမေဂျာတွင်သာ ကုပ်ကပ်နေရသည်။

သို့ဖြစ်လေရာ တက္ကသိုလ်ကျောင်းသားအများစုက တက္ကသိုလ်ကျောင်းသားဘဝတွင် ကမောက်ကမဖြစ်သွားပြီး ဘွဲ့ရပြီးသည့်တိုင် ဘာမှမသင်ယူလိုက်နိုင်ပေ။

ယဲ့ချန်းက သူတို့အိပ်မက်ကို လိုက်စားရန် အခွင့်အရေးပေးထားချေသည်။

သူတို့ထဲမှ လူအများစုက ပညာရေးရမှတ်များ နိမ့်လွန်းလှသော်ငြား သူတို့ချစ်မြတ်နိုးသည့် နယ်ပယ်များတွင်မူ ပါရမီရှင်များပင်။

သူတို့၏အိပ်မက်များကိုသာ အတောင်တပ်ပေးနေသရွေ့ အမြင့်အထိ ပျံသန်းသွားနိုင်သည်။

ကျောင်းသားများအနေနှင့် သူတို့သဘောကျသည့် မေဂျာများကို ရွေးချယ်နိုင်ခဲ့ပြီဖြစ်ရာ ယဲ့ချန်းကလည်း အခြားကိစ္စတစ်ခုကို စီစဉ်ရန် ပြင်တော့သည်။

ယဲ့ချန်းတစ်ယောက် လင်းရှစ်ယင်ကို သွားရှာလိုက်သည်။

လင်းရှစ်ယင်က ဆရာမတစ်ယောက် ဖြစ်ချင်နေခဲ့သည်ဖြစ်ရာ ယဲ့ချန်းတွင် ကျောင်းတစ်ကျောင်းရှိကြောင်း သိလိုက်ရချိန်တွင် သူ(မ)က ချက်ချင်းပင် လာရောက်ကူညီပေးခဲ့သည်။

"ရှစ်ယင်.. ကိုယ် ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခု ကျင်းပချင်တယ်"

"ဖွင့်ပွဲအခမ်းအနားလား။ တက္ကသိုလ်ဖွင့်ပွဲအခမ်းအနားက ပုံမှန်ဆိုရင် စစ်ရေးလေ့ကျင့်မှုတွေလုပ်တာပဲမလား"

"စစ်ရေးလေ့ကျင့်မှုလား။ မင်း တက္ကသိုလ်တက်တုန်းကရော အဲဒါကိုသဘောကျလား"

ယဲ့ချန်း မေးလိုက်လေသည်။

လင်းရှစ်ယင်လည်း ခေါင်းခါပြလိုက်၏။

"အရမ်းမုန်းတာ။ စစ်ရေးလေ့ကျင့်မှုလုပ်နေတုန်းက ကျွန်မရဲ့အတန်းဖော်တစ်ယောက် အပူလျှပ်ပြီး တစ်လလောက် ဆေးရုံတင်လိုက်ရတယ်"

"အမှန်ပဲ။ အထက်တန်းသုံးနှစ်တက်ပြီးသွားတဲ့နောက် လူတိုင်းရဲ့စိတ်အခြေအနေက အရမ်းတင်းကျပ်နေကြတာ။ ဒီတော့ သူတို့ကို အနားယူခွင့်ပေးချင်တယ်"

"ယဲ့ချန်း.. ရှင့်ကျောင်းသားဖြစ်ရတာ ကောင်းချီးတစ်ခုပဲ"

လင်းရှစ်ယင် အတန်ငယ်မနာလိုဖြစ်မိသည်။

"ကောင်းပြီလေ။ ဖွင့်ပွဲအခမ်းအနားကို မင်းလက်ထဲ အပ်လိုက်ပြီ"

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။

"မပူနဲ့။ ဒါပေမဲ့ ရှင် ဖျော်ဖြေပွဲတစ်ခု ကျင်းပရလိမ့်မယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"ကိစ္စမရှိဘူး"

လင်းရှစ်ယင်က သူ(မ)၏ရုံးခန်းသို့ ပြန်လာပြီးနောက် ကွန်ပျူတာကိုဖွင့်ကာ ကျောင်းသားများ၏ဖိုင်များကို ဝင်ကြည့်လိုက်သည်။

ဖွင့်ပွဲအခမ်းအနားမှာ ကျောင်း၏ ပထမဆုံးပွဲဖြစ်လေရာ လင်းရှစ်ယင်အနေနှင့် ဖရိုဖရဲမဖြစ်စေချင်ပေ။

ကျောင်းစီမံခန့်ခွဲရေးစနစ်ထဲတွင် ကျောင်းသားအားလုံး၏ အချက်အလက်များ ပါရှိသည်။ လင်းရှစ်ယင်က ရှာဖွေရေးအင်ဂျင်ကို အသုံးပြု၍ ဂီတနှင့် ဖျော်ဖြေရေးစွမ်းရည်ရှိသော ကျောင်းသားအယောက်သုံးဆယ်ကျော်ကို အမြန်ရွေးချယ်လိုက်၏။

ကျောင်း၏အားကစားကွင်းထဲတွင် လော့ကျင်းရှန်က ဂစ်တာတီးနေချေသည်။ ရုတ်ခြည်းပင် သူ့ဖုန်းထဲသို့ မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။

"ကျောင်းရဲ့ဂီတခန်းမသို့ လာရောက်ပေးပါ လော့ကျင်းရှန်"

လော့ကျင်းရှန်ခမျာ ကြောင်အသွားချေသည်။ သူသည် ဆင်းရဲနွမ်းပါးသော ကျောင်းသားတစ်ယောက်ဖြစ်လေရာ ဆရာတစ်ယောက်က သူ့အား ဘာကြောင့်ဆက်သွယ်ရလဲဆိုသည်ကို တွေးနေမိသည်။

မကြာခင်မှာပင် ကျောင်းသားအယောက်သုံးဆယ်ဆီသို့ ထိုအကြောင်းကြားစာများ ရောက်သွားလေသည်။

ဂီတခန်းမသို့ ရောက်သွားသောအခါ လော့ကျင်းရှန်လည်း အထဲတွင် ကျောင်းသားအယောက်သုံးဆယ်ရှိနေကြောင်း မြင်လိုက်ရသည်။

လင်းရှစ်ယင်က အပြင်မှ အထဲသို့ လျှောက်ဝင်လာလေရာ ကျောင်းသားများလည်း သူ(မ)ကို နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာပါ ဆရာမလင်း"

"ဆရာမလင်း ကျွန်တော်တို့ကို ဘာလို့ခေါ်ထားတာလဲ"

လင်းရှစ်ယင်လည်း ခပ်ဖွဖွပြုံး၍ ကျောင်းသားများကို ပြောလိုက်သည်။

"အားလုံးပဲ.. ကျေးဇူးပြုပြီး ထိုင်ပေးပါ။ ကိစ္စတစ်ခုကို ဆွေးနွေးရအောင်။ ကျေးဇူးပြုပြီး ကူညီပေးကြပါဦး"

လင်းရှစ်ယင်က အခြားဆရာများနှင့် မတူဘူးဟု ကျောင်းသားများ ခံစားမိလိုက်သည်။ သူ(မ)က ဟိတ်ကြီးဟန်ကျယ်မနိုင်ပါဘဲ ရင်းနှီးလွယ်သည့် အစ်မကြီးတစ်ယောက်နှင့်ပင် ပိုတူသေးသည်။

"ဆရာမ.. ကျွန်တော်တို့ကို ဘာလို့ခေါ်ထားတာလဲ"

လော့ကျင်းရှန်က မေးလိုက်လေသည်။

လင်းရှစ်ယင်က ဆွဲဆောင်မှုရှိပြီး ညင်သာသည်။ လော့ကျင်းရှန်ကဲ့သို့ ယောကျာ်းလေးတချို့ကလည်း သူ(မ)ထံမှ ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။

"ဒီလိုပါ.. ကျောင်းက ဖွင့်ပွဲအခမ်းအနားကျင်းပတော့မှာလေ။ အားလုံးလည်း အထက်တန်းသုံးနှစ်အတွင်း ဖိအားတွေများနေကြတယ်ထင်လို့ ကျောင်းအုပ်ကြီးက အနားပေးချင်လို့တဲ့။ အဲဒါကြောင့် သုံးရက်ကြာမဲ့ ပွဲတော်တစ်ခု ကျင်းပပေးဖို့ စီစဉ်နေတာ"

လင်းရှစ်ယင်၏စကားများကို ကြားသောအခါ ကျောင်းသားများလည်း ပျော်ရွှင်တက်ကြွသွားလေသည်။

ဤကျောင်းအုပ်က အလွန်ကောင်းလွန်းလှသည်။ သူတို့အတွက် အမြဲတွေးပေးပြီး ပွဲတော်ပင် ကျင်းပပေးသည်။

"ဆရာမ.. တကယ်လား။ အရမ်းမိုက်တာပဲ။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ"

လော့ကျင်းရှန်က ပြောလိုက်၏။

"ဟုတ်တယ်။ ကျွန်တော်တို့ ဖျော်ဖြေပွဲတွေဘာတွေ လုပ်ပေးနိုင်တယ်"

...

လင်းရှစ်ယင်က ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်မ လူတိုင်းကို ဒီအစည်းအဝေးကို ဖိတ်လိုက်ရတဲ့အကြောင်းအရင်းက ဒီပွဲတော်ကို ကောင်းကောင်းမွန်မွန်စီစဉ်နိုင်ဖို့ ဆွေးနွေးချင်လို့ပါ။ အဲဒါမှ လူတိုင်း ပျော်နိုင်မှာလေ"

"ဆရာမ..ကျွန်မက ခန်းမအပြင်အဆင်အတွက် ကျောင်းသားတွေကို စီမံခန့်ခွဲတဲ့တာဝန်ကို ယူလိုက်ပါ့မယ်"

"ဆရာမ.. ကျွန်တော်က ပွဲတော်ကို ကြော်ငြာပေးပါ့မယ်"

"ကျွန်မက စင်မြင့်ကို အလှဆင်ပေးပါ့မယ်"

...

ကျောင်းသားကျောင်းသူအယောက်သုံးဆယ်ကျော်က ပွဲတော်အတွက် တာဝန်ကိုယ်စီ ယူလိုက်ကြသည်။ ပွဲတော်ကျင်းပမည့် သတင်းကလည်း ကျောင်းထဲတွင် ပျံ့သွားလေသည်။

ကျောင်းသားများ ပျော်မြူးနေကြသည်။

အခြားတက္ကသိုလ်ရှိ ကျောင်းသားများက စစ်ရေးလေ့ကျင့်မှုဒဏ်ကို ခံစားနေရချိန်တွင် သူတို့ကတော့ ပွဲကျင်းပဖို့ ပြင်ဆင်နေချေသည်။

ဤခံစားချက်ကား အလွန်ကောင်းမွန်လှသည်။

ကျောင်းသားများလည်း ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုကို ကျင်းပနိုင်ရန်အတွက် သူတို့၏စွမ်းရည်များကို အသုံးချကာ အဘက်ဘက်က အကောင်းဆုံးကြိုးစားပေးကြသည်။

ဤပွဲတော်ကား ဤကျောင်းသားများ၏ပါရမီကို အဆုံးစွန်အထိ မြင်သာအောင် ထုတ်ပြပေးခဲ့သည်။

ဥပမာဆိုရလျှင် မော့ရှောင်ရှောင်က သူ့ကွန်ပျူတာစွမ်းရည်ကို အသုံးချပြီး အစီအစဉ်ကို စာရင်းသွင်းရန်အတွက် စတားတက္ကသိုလ်အတွက် ပွဲတော်ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးပေးသည်။

ဂီတစွမ်းရည်ပိုင်ရှင် ကျောင်းသားများမှာ သူတို့၏အစီအစဉ်များအကြောင်း ဝက်ဘ်ဆိုက်ပေါ်တွင် တင်လိုက်ကြသည်။

သူတို့က တစ်ခုချင်းစီကိုပါ အဆင့်သတ်မှတ်ချက်ပေး၍ ညပိုင်းဖျော်ဖြေတင်ဆက်မှုများအတွက် ရေပန်းအစားဆုံးဖျော်ဖြေမှုကိုပါ ရွေးချယ်လိုက်သည်။

စင်မြင့်အပြင်အဆင်ကိုမူ လီရှန်းရှန်းဟုခေါ်သော ကျောင်းသားတစ်ယောက်က လုပ်ဆောင်ခဲ့သည်။

သူ(မ)က ငယ်ငယ်လေးကတည်းက ဒီဇိုင်းပိုင်းကို သဘောကျခဲ့သဖြင့် စင်မြင့်ကို မှော်ဆန်နေအောင် ပြင်ဆင်ပေးထားလေရာ တီဗီပေါ်ရှိ အရာများနှင့်ပင် ယှဉ်နိုင်လေသည်။

နောက်တစ်နေ့တွင် ယဲ့ချန်း ကျောင်းထဲသို့ ဝင်လာသောအခါ အံ့သြမှင်တက်သွားရသည်။

ကျောင်းတစ်ကျောင်းလုံးမှာ ပွဲတော်အငွေ့အသက်များဖြင့် အလှဆင်ထားသည်။

အံ့သြဖို့ကောင်းလိုက်တာ..

ငါ့ကျောင်းသားတွေက ညံ့တယ်လို့ ဘယ်သူပြောလဲ။ ဒီလိုဒီဇိုင်းက ထိပ်တန်းဒီဇိုင်နာတွေနဲ့တောင် ယှဉ်လို့ရတယ်...

ယဲ့ချန်းက စင်မြင့်ကိုကြည့်လိုက်လေရာ အလွန်လှပပြီး ထူးခြားလှကြောင်း မြင်လိုက်ရ၏။ လီဖေးဖေး၏အရည်အချင်းပြပွဲကို ပြသနေသည့်အလားပင်။

အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။ ကျောင်းဖွင့်ပွဲအခမ်းအနားက ညရှစ်နာရီတွင် စတင်မည်ဖြစ်၏။

ကျောင်းဘက်က အကြောင်းကြားစာကို လက်ခံရရှိသောအခါ ကျောင်းသားများမှာ အလွန်စိတ်လှုပ်ရှားသွားသည်။

ဤသည်မှာ သူတို့ဘဝ၏ တစ်ဆစ်ချိုးပင်။ ဖွင့်ပွဲအခမ်းအနားပြီးစီးချိန်တွင် သူတို့သည် တက္ကသိုလ်ကျောင်းသားများအဖြစ် သူတို့၏အိပ်မက်များကို လိုက်စားရတော့မည်သာ။

နေ့လယ်ဘက်တွင် ကျောင်းဝင်းတစ်ခုလုံး၌ ပျော်ရွှင်မှုများ လွှမ်းခြုံထားသည်။

ကျောင်းသားများမှာ ဖျော်ဖြေရေးခန်းမထဲတွင် ပြုံတိုး၍ ဖွင့်ပွဲအခမ်းအနားစတင်မည့်အချိန်ကို မျှော်လင့်တကြီးစောင့်စားနေကြသည်။

ယဲ့ချန်းနှင့် လင်းရှစ်ယင်တို့ကတော့ ရှေ့ဆုံးတန်းတွင် ထိုင်နေချေသည်။ ပွဲအခမ်းအနားကို ကျောင်းသားများကိုယ်တိုင် ပြင်ဆင်ထားခြင်းပင်။

ဤကျောင်းသားများ၏ မိဘများနှင့် ဆရာများမှာ စာညံ့သည့် ဤကျောင်းသားများက ခမ်းနားလှသောပွဲတော်တစ်ခုကို ပြင်ဆင်နိုင်ကြောင်း လုံးဝမထင်ထားလောက်ပေ။

••••••••••••••••••••

အပိုင်း ၃၀၅ : ကျောင်းပွဲတော်

လင်းရှစ်ယင်သည် ကျောင်းသားများကို နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးနေလေသည်။ ဖျော်ဖြေသူများကလည်း မိတ်ကပ်အမြန်ပြင်ပြီး ဇာတ်တိုက်နေကြသည်။

ည၇နာရီတိတိတွင် မြူးကြွသော တေးဂီတသံနှင့်အတူ လင်းရှစ်ယင်က စင်ပေါ်သို့ တက်လာခဲ့သည်။

"အားလုံးပဲ မင်္ဂလာပါရှင်။ စတားတက္ကသိုလ်ရဲ့ ဖွင့်ပွဲအခမ်းအနားက ကြိုဆိုပါတယ်။ ကျွန်မကတော့ အစီအစဉ်တင်ဆက်သူ လင်းရှစ်ယင်ပါ..."

လင်းရှစ်ယင်က စတားတက္ကသိုလ်အကြောင်း အကျဉ်းချုပ်မိတ်ဆက်ပေးပြီးနောက် ပြောလိုက်၏။

"ဆက်လက်ပြီးတော့ ကျောင်းအုပ်ကြီးယဲ့ချန်းကို အမှာစကားပြောကြားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်"

ပရိသတ်များထံမှ လက်ခုပ်သြဘာသံများ ဟိန်းထွက်လာသည်။

လူတိုင်းက ခန့်ညားချောမောပြီး ငယ်ရွယ်နုပျိုသော ဤကျောင်းအုပ်ကို အလွန်သဘောကျကြသည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ဒီမှာရှိနေတဲ့ ကျောင်းသားအားလုံးက စတားတက္ကသိုလ်ရဲ့ ပထမဆုံးအသုတ် ကျောင်းသားတွေပါပဲ။ မင်းတို့တွေ ဒီနေရာမှာ မမေ့နိုင်လောက်တဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ပိုင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တခြားကျောင်းတွေက ကျောင်းဖွင့်တာနဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရင်စရပေမဲ့ ကျွန်တော်တို့ကျောင်းမှာတော့ အဲလိုမဟုတ်ပါဘူး။ သုံးရက်တိတိ ပွဲတော်ကျင်းပကြမယ်။ ဒီနေ့လုပ်တဲ့ပွဲက အစပဲရှိပါသေးတယ်။ မင်းတို့တွေအတွက် ကြိုဆိုလက်ဆောင်အဖြစ် သီချင်းတစ်ပုဒ် ဆိုပြပါရစေ"

ယဲ့ချန်းကိုယ်တိုင် ဖျော်ဖြေမည်ဟု ကြားလိုက်ရသည်နှင့် လက်ခုပ်သံများက မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။

ပုံမှန်အားဖြင့် ကျောင်းအုပ်တစ်ယောက်၏ မိန့်ခွန်းမှာ စာကြိုးစားရန်၊ ဆရာနှင့် မိဘများကို စိတ်ပျက်ရအောင်မလုပ်ရန် စသည့်စကားများဖြင့် ရှည်လျားနေသော်လည်း ယဲ့ချန်းကတော့ အစဉ်အလာမလိုက်ပါဘဲ လိုရင်းတိုရှင်းနှင့် တဲ့တိုးသာ ပြောသွားသည်။

ဤကဲ့သို့သော ကျောင်းအုပ်မျိုးကို ကျောင်းသားများက မချစ်ဘဲ ဘယ်နေနိုင်မည်နည်း။

ယဲ့ချန်းက ဂစ်တာတစ်လက်ကိုကောက်ကိုင်ကာ စင်ပေါ်တွင် ထိုင်လိုက်သည်။ ဆွဲဆောင်မှုရှိသော သူ့ရုပ်ရည်နှင့် ဂစ်တာတီးနေသည့်ဟန်ပန်မှာ အားလုံးကို မှင်တက်သွားစေသည်။

ဤသည်မှာ ကျောင်းအုပ်တစ်ယောက်နှင့် မတူပါဘဲ ဤရုပ်ရည်နှင့် အရှိန်အဝါအရဆိုလျှင် နာမည်ကြီးအနုပညာရှင်တစ်ယောက်ဟု ပြောလျှင်ပင် သူတို့အားလုံး ယုံကြည်မိကြမည်သာ။

တစ်ခါက ဓားတစ်လက်ကို ကိုင်စွဲရင်း လောကကြီးအနှံ့ လှည့်လည်သွားလာဖို့ အိပ်မက်မက်ခဲ့ဖူးတယ်

စည်ကားလှပတဲ့ ကမ္ဘာ့အလှတရားကို ကြည့်ရှုဖို့ပေါ့...

ငယ်ရွယ်တဲ့နှလုံးသားဟာ မာန်မာနတချို့ ရှိတတ်စမြဲပါ...

အခုတော့ ကမ္ဘာကြီးဟာ မင်းရဲ့အိမ်ဖြစ်လာပြီ...

.....

ပထမဆုံးသီချင်းတစ်ပိုဒ်ကို စတင်သီဆိုလိုက်သည်နှင့် တစ်ကျောင်းလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေတော့သည်။

"ဝိုး... ဒီသီချင်းက အမိုက်စားပဲ"

"မယုံနိုင်စရာပဲ။ ကျောင်းအုပ်ကြီးက လက်ဖျားခါလောက်တဲ့သီချင်းကို ဆိုနိုင်တယ်နော်"

"ဒီသီချင်းကို အရမ်းကြိုက်သွားပြီ။ ငါတို့ရဲ့ ရင်တွင်းဖြစ်သံစဉ်အတိုင်းပဲ"

ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအားလုံးက နာမည်ကြီးအဆိုတော်တစ်ယောက်၏ ဖျော်ဖြေပွဲကို ရောက်နေသည့်အလား ယဲ့ချန်း၏ စည်းချက်အတိုင်း လက်များကိုဝေ့ယမ်းကာ လိုက်ပါစီးမျောနေကြသည်။

လင်းရှစ်ယင်လည်း ယဲ့ချန်း၏သီဆိုမှုကို နားထောင်ရင်း အံ့အားသင့်နေမိသည်။

သူ(မ) ယဲ့ချန်းနှင့် စတွေ့ကတည်းက တစ်ဖက်လူသည် သူ(မ)အား အမြဲအံ့သြအောင်လုပ်နေခဲ့သည်။

သူသည် ဗျပ်စောင်းတီးတတ်ရုံသာမက သီချင်းလည်း ကောင်းကောင်းဆိုနိုင်ပြီး ထူးခြားသော တက္ကသိုလ်တစ်ခုကိုပင် တည်ထောင်နိုင်ခဲ့သည်။

ယဲ့ချန်းက သူ(မ)၏အထင်အမြင်များကို အကြိမ်ကြိမ်ရိုက်ချိုးနေခဲ့သည်။ ဤအမျိုးသားက မည်မျှထူးချွန်လေသလဲ။

လော့ကျင်းရှန်ခမျာ စင်ပေါ်တွင် ဂစ်တာတီးနေသော ယဲ့ချန်းကို ငေးကြည့်ရင်း မှင်တက်နေမိသည်။

တကယ့်အမိုက်စားပင်။

ဤသီချင်းက အမှန်တကယ်ကောင်းမွန်လှသည်။

ရုတ်ခြည်းပင် ယဲ့ချန်းက သူ့စံပြပုဂ္ဂိုလ်ဖြစ်သွားတော့သည်။

ကျောင်းဝင်းအတွင်းရှိ မရေမတွက်နိုင်သော မိန်းကလေးများလည်း ယဲ့ချန်းကို ကြွေသွားကြသည်။

"ကျောင်းအုပ်ကြီး... ကျွန်မ ရှင့်ကိုချစ်တယ်"

"ကျောင်းအုပ်ကြီး... အခုကစပြီး ကျွန်တော်တို့က ခင်ဗျားရဲ့ပရိသတ်တွေ ဖြစ်သွားပြီ"

သီချင်းဆုံးသွားသောအခါ ယဲ့ချန်းလည်း စင်ပေါ်က ဆင်းလာပြီး ကျောင်းသားများကိုသာ တာဝန်လွှဲပြောင်းပေးလိုက်သည်။

ပွဲစတင်ချိန်တွင် လော့ကျင်းရှန်က ပထမဆုံးဖျော်ဖြေသည်။

သူ၏ အကြီးမားဆုံးအိပ်မက်မှာ စင်ပေါ်တွင် ဖျော်ဖြေရန်ပင်။ မထင်မှတ်ပါဘဲ ထိုအိပ်မက်ကား စောစောစီးစီးပြည့်ဝခဲ့ရသည်။

စင်အောက်ရှိ သူငယ်ချင်းများကိုကြည့်ရင်း လော့ကျင်းရှန် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

မကြာခဏသီချင်းဆိုဖူးသော်လည်း လူအများကြီးရှေ့တွင် ဆိုရခြင်းမှာမူ ပထမဆုံးပင်။

ယဲ့ချန်းက ရှေ့ဆုံးမှ လက်ခုပ်တီးကာ အားပေးလိုက်သည်။

လော့ကျင်းရှန်လည်း ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာသော ခွန်အားများကို ရရှိသွားဟန်တူသည်။ အသက်ပြင်းပြင်းရှူကာ ဂစ်တာကို စတင်တီးခတ်လိုက်သည်။

လော့ကျင်းရှန်သီဆိုနေသည့် ရော့ခ်သီချင်းက ကျောင်းသားများ၏ စိတ်ခံစားချက်ကို ဗလောင်ဆူသွားစေသည်။

အထက်တန်းကျောင်း သုံးနှစ်တာကာလအတွင်း ဤကျောင်းသားများမှာ စာညံ့သူများဟု သတ်မှတ်ခံခဲ့ကြရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ဖိအား၊ ဆရာများ၏ ဆူပူမှုနှင့် မိဘများ၏ဝေဖန်မှုများကြောင့် သူတို့ခမျာ အလွန်စိတ်ဖိစီးခဲ့ရသည်။

သို့သော် ယနေ့တွင်မူ သူတို့ရင်ထဲရှိ မကောင်းသော စိတ်ခံစားချက်များအားလုံး လွင့်ပြယ်သွားလေပြီ။

ရော့ခ်ဂီတသံနှင့်အတူ ကျောင်းသားများမှာ ငိုသူကငို၊ ရယ်သူကရယ်နှင့် ယနေ့ညကား ဤလူငယ်များအတွက် အိပ်ရေးပျက်သော ညတစ်ညဖြစ်ခဲ့ရသည်။

ကျောင်းသားများက မိမိရှေ့တွင် ရှိန်နေမည်စိုးသောကြောင့် ယဲ့ချန်းလည်း ပွဲအစပိုင်းကိုသာကြည့်ပြီး ထွက်လာခဲ့လိုက်သည်။

ကျောင်းဝင်းတစ်ခုလုံးကား ကျောင်းသားများ၏ ပျော်ပွဲရွှင်ပွဲပင်လယ်ပြင်ကြီးတစ်ခု ဖြစ်နေတော့သည်။

အစတုန်းက နှစ်နာရီကြာမည်ဟု စီစဉ်ထားသော ပွဲတော်မှာ မိုးလင်းပေါက်အထိ ကြာမြင့်ခဲ့သည်။

ဤအခိုက်အတန့်လေးတွင် သူတို့သည် မိဘနှင့် ဆရာများ မြင်တွေ့နေကျ စာညံ့သည့်ကျောင်းသားများအဖြစ်မှ အိပ်မက်များကို အကောင်အထည်ဖော်တော့မည့် တက္ကသိုလ်ကျောင်းသားများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ကျောင်းသားများက ကျောင်းပွဲတော်ပုံရိပ်များကို လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့ကြသဖြင့် စတားတက္ကသိုလ်က ချက်ချင်းပင် နာမည်ကြီးသွားသည်။

ကျောင်းဖွင့်ရက်မှာပင် သုံးရက်တိတိ ပွဲတော်ကျင်းပခဲ့သည့် စတားတက္ကသိုလ်၏ လုပ်ရပ်အပေါ် အချို့ပညာရှင်များက အွန်လိုင်းပေါ်တွင် ဝေဖန်ခဲ့ကြသည်။

"တက္ကသိုလ်တစ်ခုကို ပရမ်းပတာတွေဖြစ်အောင် လုပ်နေတာပဲ။ ဒါက ဘယ်လိုပညာရေးစနစ်လဲ"

"ကျောင်းဆိုတာ စာသင်ရမယ့်နေရာမဟုတ်ဘူးလား။ ကျောင်းအုပ်က ဦးနှောက်မရှိဘူးလား"

"ကျောင်းဖွင့်ပြီဆိုရင် စာကို အာရုံစိုက်ရမယ်လေ။ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေရမှာမဟုတ်ဘူးလား။ ဒီကျောင်းက ဘာလို့ ဒီလောက်တောင် စည်းမဲ့ကမ်းမဲ့ဖြစ်နေရတာလဲ"

ပညာရှင်များက ဆဲဆိုနေကြသော်လည်း တက္ကသိုလ်ကျောင်းသားအများအပြားမှာမူ အားကျ၍မဆုံးတော့ပေ။

...

ဖူတန်တက္ကသိုလ်က ဟွားနိုင်ငံ၏ အဓိကတက္ကသိုလ်တစ်ခုပင်။

ရွှီထျန်းကျယ်သည် အတန်းထဲတွင် ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး သူတက်ချင်သည့်အတိုင်း ဖူတန်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခဲ့သည်။

သူသည် ငယ်စဉ်ကတည်းက စာပေကို ဝါသနာပါသော်လည်း အလုပ်အကိုင်အခွင့်အလမ်းအတွက် မိခင်ဖြစ်သူ၏ စိုးရိမ်မှုကြောင့် ကွန်ပျူတာသိပ္ပံပညာကိုသာ လေ့လာနေရသည်။

သူ့လက်ထဲရှိ ကွန်ပျူတာသိပ္ပံသင်ရိုးညွှန်းတမ်းစာအုပ်ကို ကြည့်ရင်း ရွှီထျန်းကျယ် မျက်မှောင်ကြုတ်လိုက်မိသည်။

အထူးသဖြင့် စတားတက္ကသိုလ်မှ ကျောင်းသားများ ခုန်ပေါက်ရယ်မောနေသည့် ဗီဒီယိုကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာထက်တွင် အားကျသည့်အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

တစ်နေ့လုံး စစ်ရေးလေ့ကျင့်မှု လုပ်ထားရသဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။

ဟူး... ငါတို့က စစ်ရေးလေ့ကျင့်မှုလုပ်ရင်း ဒုက္ခခံနေရတဲ့အချိန်မှာ တခြားတက္ကသိုလ်ကျောင်းသားတွေက ဘာလို့ ပွဲတော်ကျင်းပနေရတာလဲ...

နောက်တစ်နေ့တွင်လည်း ပွဲတော်ကို ဆက်လက်ကျင်းပခဲ့သည်။

ကျောင်းဝင်းထဲတွင် စင်မြင့်တစ်ခု ဆောက်လုပ်ထားပြီး ယနေ့အတွက် အဓိကအစီအစဉ်မှာ အသားကင်ပွဲတော်ပင်။

စင်ပေါ်တွင် ကျောင်းသားများက ဖျော်ဖြေမှုများ ပြုလုပ်နေပြီး စင်အောက်တွင်မူ အခြားကျောင်းသားများက မြေပြင်ပေါ်တွင်ထိုင်၍ အသားကင်များ စားသောက်နေကြသည်။

ထိုအသားကင်နှင့် အစားအသောက်များမှာ အချက်အပြုတ်ဝါသနာပါသော ကျောင်းသားများက တစ်ညလုံး ပြင်ဆင်ထားခြင်းပင်။

ယဲ့ချန်း မြည်းစမ်းကြည့်လိုက်လေရာ အလွန်အရသာရှိကြောင်း သိလိုက်ရသည်။

ဤခံစားချက်ကို သူ အလွန်နှစ်သက်သည်။ ဤလူငယ်များနှင့် အတူရှိနေခြင်းမှာ ယဲ့ချန်းကို ပိုနုပျိုသွားစေသည်။

ကွင်းပြင်တစ်ခုလုံးတွင် ပျော်ရွှင်မှုများ လွှမ်းခြုံထားသည်။

ယဲ့ချန်းက လူငယ်များ၏တက်ကြွမှုကို ကြည့်ရင်း ပြုံးလိုက်မိသည်။

ဤသည်မှာ သူလိုချင်သည့် အရာပင်။

သူ့အနေနှင့် ကျောင်းသားများကို အားရပါးရအပန်းဖြေစေချင်သည်။ သို့မှသာ နောက်ပိုင်းတွင် စာကို ကောင်းကောင်းလေ့လာနိုင်မည်သာ။

ယဲ့ချန်း ဤတက္ကသိုလ်ကို တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ "လွတ်လပ်မှု"ပင်။

ထို့ကြောင့် ကျောင်းသားများ၏ ပျော်ရွှင်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

နှစ်ပေါင်းများစွာအတွင်း ဟွားနိုင်ငံ၏ တက္ကသိုလ်သင်ကြားရေးပုံစံမှာ တင်းကျပ်လွန်းပြီး ပုံသေတစ်ခုနှယ် ဖြစ်နေခဲ့သည်။

စစ်ရေးလေ့ကျင့်မှုလုပ်နေစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုကြောင့် နှလုံးရပ်ကာ သေဆုံးသွားသော ကျောင်းသားတစ်ယောက်နှင့်ပတ်သက်သည့် သတင်းကို ယဲ့ချန်း မြင်ဖူးသည်။

စစ်ရေးလေ့ကျင့်မှုက ကျောင်းသားများ၏ စိတ်အစဉ်ကို အာရုံစိုက်နိုင်စေရန် လုပ်ဆောင်သည်ဟု ဆိုသော်လည်း ဤသို့ဖြစ်နေသည်မှာ ကောင်းလေသလား။

စတားတက္ကသိုလ်၏ ပွဲတော်ဗီဒီယိုများမှာ အွန်လိုင်းပေါ်တွင် အဆက်မပြတ်တက်လာသည်။

ဤဗီဒီယိုများကို မြင်ရသောအခါ အချို့မိဘများက ပျော်ရွှင်ကြသော်လည်း အချို့မှာမူ ဇဝေဇဝါဖြစ်ကြပြီး တချို့ကတော့ ဒေါသထွက်နေကြသည်။

"ငါတို့ကလေးတွေကို စာသင်ဖို့ ကျောင်းပို့ထားတာလေ။ မင်းတို့က ဘာတွေလုပ်နေတာလဲ။ တစ်နေ့လုံး စားသောက်လိုက် ပျော်ပါးလိုက်နဲ့ ငါတို့ကလေးတွေရဲ့ အနာဂတ်က ဘယ်လိုလုပ်ပြီး ဖြစ်မြောက်လာတော့မှာလဲ"

အချို့မိဘများက သူတို့၏သားသမီးများကို စတားတက္ကသိုလ်သို့ ပို့ခဲ့မိသည်ကိုပင် နောင်တရနေကြသည်။

သို့သော် အခြားတက္ကသိုလ်များတွင် ပင်ပန်းခက်ခဲလှသော စစ်ရေးလေ့ကျင့်မှုကို လုပ်နေရသည့် ကျောင်းသားများခမျာ နေရောင်ခြည်အောက်တွင် အသားကင်စားရင်း သီချင်းနားထောင်နေကြသည့် ရွယ်တူကျောင်းသားများကို ကြည့်ပြီး အားကျ၍မဆုံးပေ။

"ဒါက ဘယ်တက္ကသိုလ်လဲ။ အရမ်းလှတာပဲ"

"မင်းမသိဘူးလား။ အဲဒါက စတားတက္ကသိုလ်လေ။ စာညံ့တဲ့လူတွေရဲ့ နိဗ္ဗာန်ဘုံလို့ နာမည်ကြီးနေတာ"

"ကျောင်းပတ်ဝန်းကျင်က ကောင်းပုံရတယ်"

"ဟူး.. ငါတို့က စစ်ရေးလေ့ကျင့်နေရတဲ့အချိန်မှာ သူတို့ကတော့ အသားကင်စားရင်း သီချင်းနားထောင်နေကြတာ။ တကယ်မတရားဘူး"

ကျောင်းသားအများစုတွင် စတားတက္ကသိုလ်၌ တက်ရောက်နေသော သူငယ်ချင်းများ ရှိကြသည်။

သူတို့တစ်သိုက် အသားကင်စားပြီး ပျော်ပါးနေသည့်မြင်ကွင်းကို ကြည့်ကာ ဤကျောင်းသားများလည်း မွန်းကျပ်မှုကြောင့် ပေါက်ကွဲလုမတတ်ဖြစ်သွားရသည်။

တက္ကသိုလ်ကျောင်းသားချင်းအတူတူ ကွာခြားချက်က ဘာကြောင့် ဤမျှအထိ ကြီးမားရလေသလဲ။

•••••••••••••••

အပိုင်း ၃၀၆ : လမ်းမှန်ပေါ်သို့ရောက်ရှိခြင်း

စတားတက္ကသိုလ်၏ သုံးရက်ကြာဆင်နွှဲသော ပွဲတော်မှာ လူမှုကွန်ရက်ပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။

ဝေဖန်မှုများကလည်း အင်တာနက်တစ်ခွင် ပျံ့နှံ့နေတော့သည်။

"တက္ကသိုလ်ဆိုတာ ပညာသင်ရမယ့်နေရာလေ။ ဒါကြီးက ပရမ်းပတာနိုင်လွန်းတယ်"

"စတားတက္ကသိုလ်ရဲ့ကျောင်းအုပ်က ဘာတွေတွေးနေမှန်း တကယ်နားမလည်တော့ဘူး"

"ဒါက ကျောင်းသားတွေအပေါ် တာဝန်မဲ့ရာကျတယ်။ ဒီကျောင်းအုပ်ကို ရာထူးက ထုတ်ပယ်ဖို့ အကြံပြုချင်ပါတယ်"

...

ယဲ့ချန်းကတော့ အွန်လိုင်းပေါ်ရှိ ဝေဖန်မှုများကို စိုးစဉ်းမျှပင် ဂရုမစိုက်ပေ။

သူသည် လက်တွေ့ရလဒ်များဖြင့်သာ ထိုလူများကို သူမှန်ကန်ကြောင်း သက်သေပြချင်သည်။

နောက်တစ်နေ့တွင်လည်း ကျောင်းသားများက အားရပါးရ ပျော်ပါးနေကြဆဲပင်။

ဤသတင်းများ မပျံ့နှံ့ခင်အထိ လူတိုင်းက ညဥ့်နက်သန်းခေါင်အထိ ပျော်ပါးခဲ့ကြသည်။ စတားတက္ကသိုလ်၏ ပွဲတော်ဗီဒီယိုများမှာ အခြားတက္ကသိုလ်များအကြား ပျံ့နှံ့သွားခဲ့သည်။

စတားတက္ကသိုလ်ရှိ ကျောင်းသားများ ပျော်ပါးနေကြသည်ကို မြင်သောအခါ အခြားတက္ကသိုလ်ရှိ နာမည်ကြီးကျောင်းသားများလည်း အလွန်မနာလိုဖြစ်ကုန်ကြသည်။

အမှန်တော့ ဤသည်မှာ သူတို့လည်း လိုလားတောင့်တမိသည့် ဘဝပင်။

နောက်တစ်နေ့တွင် ထိုကျောင်းများ၌ စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့သည်။

ဖူတန်တက္ကသိုလ်၏ လေ့ကျင့်ရေးကွင်းပြင်တွင် လူဦးရေက သိသိသာသာလျော့နည်းနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

"ကျောင်းသားတွေ ဘယ်ရောက်ကုန်တာလဲ"

နည်းပြက မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။

လူဦးရေစာရင်းကို စစ်ကြည့်လိုက်လေရာ ကျောင်းသားသုံးပုံတစ်ပုံခန့် ပျောက်ဆုံးနေကြောင်း တွေ့ရသည်။

စာသင်ခန်းတိုင်းတွင်လည်း အလားတူပင်။

သိပ်မကြာခင်မှာပင် ထိုပြဿနာကား ကျောင်းအုပ်ထံသို့ ရောက်ရှိသွားသည်။

စုံစမ်းစစ်ဆေးပြီးနောက် ထိုကျောင်းသားများအားလုံး တစ်နေရာတည်းသို့ သွားကုန်ကြကြောင်း သိလိုက်ရသည်။ ထိုနေရာမှာ စတားတက္ကသိုလ်ပင်။

ကျောင်းအုပ်ဖြစ်သူ မစ္စတာကျိုးလည်း မျက်မှောင်ကြုတ်လိုက်လေသည်။

"စတားတက္ကသိုလ်ဆိုတာ ဒီပလိုမာသင်တန်းလေးတစ်ခုလေ။ ငါတို့ကျောင်းသားတွေက အဲဒီမှာ ဘာသွားလုပ်နေကြတာလဲ"

ကျောင်းသားစီမံရေးရာဒါရိုက်တာခမျာ ခပ်မဲ့မဲ့ပြုံးလိုက်သည်။

"အင်တာနက်ပေါ်မှာ မမြင်မိဘူးလား။ စတားတက္ကသိုလ်က သုံးရက်တိတိ ပျော်ပွဲရွှင်ပွဲလုပ်နေတာတဲ့။ ကျောင်းသားတွေအကုန်လုံး အဲဒီကိုသွားပြီး ပါတီဆင်နွှဲနေကြတာ"

"ဒုန်း"

ကျောင်းအုပ်ကြီးက စားပွဲကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။

"အရေးမပါတာ။ ကျောင်းဖွင့်ရက်မှာ ကျောင်းသားတွေအနေနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမှာလေ။ သုံးရက်တိတိ ပွဲတော်လုပ်တယ်တဲ့လား။ သူတို့တွေ ရူးနေကြပြီလား"

သို့သော် ကျောင်းအုပ်ကြီးက ခပ်အေးအေး နှာခေါင်းရှုံ့လိုက်သည်။

"လွှတ်ထားလိုက်.. နောက်နှစ်ကျရင် သူတို့ကျောင်းမှာ ဘယ်ကျောင်းသားမှ လာတက်တော့မှာမဟုတ်ဘူး"

အမှန်စင်စစ်တွင် မိဘများက သားသမီးများကို ကျောင်းပို့ရသည့် အဓိကရည်ရွယ်ချက်မှာ ပညာသင်ကြားရန်ပင်။

ဘယ်မိဘကမှ မိမိသားသမီး ကျောင်းတွင် ပျော်ပါးသောင်းကျန်းနေမည့်အဖြစ်ကို မမြင်ချင်ကြပေ။

ထို့ကြောင့် ဤကဲ့သို့သော ကျောင်းမျိုးမှာ အနာဂတ်မရှိဟုသာ ဤကျောင်းအုပ်ကြီးက ယူဆထားသည်။

ထိုအချိန်ဝယ် စတားတက္ကသိုလ်၌ ပွဲတော်ကို ဆက်လက်ကျင်းပကြသည်။

ယဲ့ချန်းက သူ့ရုံးခန်းအတွင်းရှိ စောင့်ကြည့်ရေးကိရိယာများမှတစ်ဆင့် ကျောင်းဝင်းအတွင်း ဖြစ်ပျက်သမျှကို စောင့်ကြည့်နေသည်။

အခြားတက္ကသိုလ်ကျောင်းသားများ ကျောင်းဝင်းထဲသို့ ဝင်လာသည်နှင့် သူ သတိထားမိလိုက်သည်။

သို့သော် ယဲ့ချန်း သူတို့ကို မတားဆီးခဲ့ပေ။ သူ့မူဝါဒမှာ လွတ်လပ်မှုပင်။ သူတို့ကိုယ်တိုင် ဆန္ဒအလျောက် လာကြခြင်းဖြစ်သဖြင့် အနှောင့်အယှက်မပေးလိုပေ။

ထို့ပြင် အခြားတက္ကသိုလ်ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံခြင်းမှာ စတားတက္ကသိုလ် ကျောင်းသားများအတွက် မဆိုးလှသောကိစ္စပင်။

ဖူတန်တက္ကသိုလ်ကျောင်းသားများမှာ ကျောင်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် မှင်တက်သွားကြတော့သည်။

သူတို့အမြင်တွင် ဤကဲ့သို့သောကျောင်းမျိုးရှိ အဆောက်အအုံများမှာ ညစ်ပတ်ပေရေပြီး ဟောင်းနွမ်းနေလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် ကျောင်းထဲသို့ လျှောက်လှမ်းလာချိန်ဝယ် အိပ်မက်တိုင်းပြည်တစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။

ကျောင်းဝင်းပတ်ဝန်းကျင်၊ စာသင်ဆောင်နှင့် အဆောင်များမှာ သူတို့ကျောင်းထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်။ အထဲကို ဝင်လာပြီးသည်နှင့် ဤကျောင်းဝင်းထဲက ပြန်မထွက်ချင်တော့ပေ။

ကွင်းပြင်ထဲတွင် အတန်းဖော်များက ပွဲတော်ဆင်နွှဲနေကြပြီး ဘောလုံးဝါသနာပါသော ကျောင်းသားများကမူ ဘောလုံးကွင်းထဲတွင် ကစားနေကြသည်။

ဘတ်စကတ်ဘောကွင်း၊ ကြက်တောင်ကွင်းနှင့် ဘော်လီဘောကွင်းများတွင်လည်း အကြိတ်အနယ်ယှဉ်ပြိုင်နေကြသည့် မြင်ကွင်းများကို တွေ့ရသည်။

ပင်ပန်းလှသော စစ်ရေးလေ့ကျင့်မှုနှင့်ယှဉ်ကြည့်ပြီးနောက် နာမည်ကြီးတက္ကသိုလ်မှ ကျောင်းသားများခမျာ ဝမ်းနည်းလွန်း၍ မျက်ရည်ပင်ကျချင်လာသည်။

ဤသည်မှာ တက္ကသိုလ်ပင်။ ဤသည်မှာ တကယ့် တက္ကသိုလ်ကျောင်းသားဘဝပင်။

ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင် သူတို့လည်း နာမည်ကြီးကျောင်းများကို မရွေးဘဲ စတားတက္ကသိုလ်ကိုသာ သေချာပေါက် ရွေးချယ်ကြမည်ဖြစ်၏။

သို့သော် သူတို့လည်း ပြင်းထန်လှသည့် ပတ်ဝန်းကျင်အခြေအနေအောက်တွင် စတားတက္ကသိုလ်ကျောင်းသားများအကြား ချက်ချင်း ရောနှောသွားကြတော့သည်။

စစ်ရေးလေ့ကျင့်မှုလား.. အဲဒီနတ်ဆိုးနည်းပြတွေကို သူတို့နေချင်တဲ့နေရာမှာ နေခိုင်းလိုက်တော့...

ထိုကျောင်းသားများခမျာ ကိုယ့်ကျောင်းကိုယ်ပြန်ရောက်ချိန်တွင် ဖူတန်တက္ကသိုလ်ဘက်က စတားတက္ကသိုလ်ကိုမသွားရန် တားမြစ်မိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ဖောက်ဖျက်ပါက အရေးယူခံရမည်ဟု အသိပေးထားသည်။

ကျောင်းသားများမှာ ဆိုးဝါးလှသော လေ့ကျင့်ရေးကွင်းပြင်ထဲသို့ ပြန်ရောက်သွားကြသည်။

နေပူကျဲကျဲအောက်တွင် စစ်ရေးကိုယ်နေဟန်ထားဖြင့် ရပ်နေရချိန်တွင် စတားတက္ကသိုလ်ရှိ အသားကင်များ၊ ဘောလုံးကွင်းနှင့် ဘတ်စကတ်ဘောကွင်းများအကြောင်း ပြန်တွေးမိပြီး အစကတည်းက စတားတက္ကသိုလ်ကို မရွေးချယ်ခဲ့မိသည့်အတွက် အကြီးအကျယ် နောင်တရနေကြတော့သည်။

ဤကျောင်းသားများမှာ စတားတက္ကသိုလ်၌ ကြုံတွေ့ခဲ့ရသည့် အရာများကို အခြားကျောင်းသားများကို ပြန်ပြောပြလိုက်ကြသည်။

အားလုံးလည်း အံ့သြသွားကြသည်။

"ဘုရားရေ... အဲဒီလိုတက္ကသိုလ်မျိုး တကယ်ရှိတာလား"

ယခင်ကမူ လူအများစုက စတားတက္ကသိုလ်ကို စာညံ့သူများတက်ရောက်သည့်ကျောင်းဟု ထင်ခဲ့ကြသော်ငြား ယခုအခါတွင်မူ ထိုကျောင်းနှင့် ပတ်သက်ပြီး အိပ်မက်ကိုယ်စီ ရှိလာကြသည်။

သုံးရက်ကြာကျင်းပခဲ့သော ပွဲတော်ကြီးမှာ ပြီးဆုံးသွားခဲ့လေပြီ။

ကျောင်းဝင်းလည်း တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

နောက်တစ်နေ့မနက်စောစောတွင် ကျောင်းသားများမှာ ဘယ်သူမှနှိုးစရာမလိုဘဲ အိပ်ရာက စောစောထလာကြသည်။ တချို့က အပြေးလေ့ကျင့်ခန်း လုပ်နေကြပြီး အချို့ကမူ ကျောင်းဝင်းထဲ၌ စာဖတ်နေကြသည်။

ယနေ့တွင် ကျောင်းက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးမှုရလဒ်များအပေါ် မူတည်ပြီး ဘာသာရပ်အသီးသီးအတွက် ဆရာများကို ရွေးချယ်ခဲ့သည်။

အမှန်စင်စစ်တွင်မူ ထိုဆရာများမှာ ကျောင်းသားများကိုယ်တိုင်ပင်။

ဥပမာအားဖြင့် မော့ရှောင်ရှောင်က ကွန်ပျူတာသိပ္ပံကို သင်ကြားမည်ဖြစ်ပြီး လော့ကျင်းရှန်ကမူ ဂီတဘာသာရပ်ကို သင်ကြားမည်သာ။

အွန်လိုင်းဝတ္ထု၏ နာမည်ကြီးစာရေးဆရာ ပိုင်ယန်ကတော့ စာပေဘာသာရပ်ကို သင်ကြားပေးမည်။

...

စနစ်တကျနေရာချမှုအရ အရင်းအမြစ်အားလုံးကို ဖြန့်ကြက်ပေးခဲ့သည်။

ဆရာအဖြစ် တာဝန်ယူထားသော ကျောင်းသားများကလည်း အလွန်လေးနက်သွားပြီး သင်ခန်းစာများကို ပြင်ဆင်ရန် ချက်ချင်းပြန်သွားကြသည်။

ကျောင်းတွင် ဝါသနာတူအဖွဲ့အစည်းများစွာကိုလည်း တည်ထောင်ခဲ့သည်။

ဥပမာအားဖြင့် ချန်ကျန်း၏အိပ်မက်မှာ ကောင်းကင်ပေါ်သို့ လွှတ်တင်နိုင်သော ဒုံးပျံတစ်စင်းကို ပြုလုပ်ရန်ပင်။

ထို့ကြောင့် သူသည် ဝါသနာတူသော ကျောင်းသားများကို စုစည်းကာ ဓာတ်ခွဲခန်းထဲတွင် ဒုံးပျံလွှတ်တင်ရေးအတွက် နေ့မနားညမအား လေ့လာစမ်းသပ်နေတော့သည်။

နျူကလီးယာစွမ်းအင်အကြောင်း စိတ်ဝင်စားသော ကျန်းမော့ကတော့ ဝါသနာတူအဖွဲ့ကို ဦးဆောင်ကာ ဓာတ်ခွဲခန်းထဲသို့ ဝင်သွားလိုက်သည်။

ယဲ့ချန်းက ဘာတစ်ခွန်းမှမပြောခဲ့သော်ငြား ဤကျောင်းသားများ၏စိတ်ကတော့ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာပြီဖြစ်၏။

သူတို့အားလုံးသည် ကိုယ့်အိပ်မက်ကို လိုက်စားရန်အတွက် လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာကြသည်။

စနစ်တကျဖြစ်နေသော ကျောင်းဝင်းကြီးကိုကြည့်ရင်း ယဲ့ချန်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

ဤရက်ပိုင်းအတွင်း ကျောင်းကိုသာ အာရုံစိုက်ထားသဖြင့် ယခုအချိန်တွင် ကျောင်းက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်၏။ ထို့ကြောင့် ယဲ့ချန်းလည်း ကျောင်းကိစ္စများကို လင်းရှစ်ယင်ထံသို့ အပ်ထားလိုက်သည်။ သူကတော့ တက္ကစီဆက်မောင်းနေလိုက်သည်။

လုပ်ငန်းစုတချို့ကို တည်ထောင်နိုင်ခဲ့ပါသော်ငြား ကံဆိုးချင်တော့ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခုမှ မရချေ။

ထိုအချိန်တွင် ယဲ့ချန်းထံသို့ သူ့အမေက ဖုန်းဆက်လာသည်။

"ရှောင်ချန်း... အမေ မင်းအတွက် ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့"

"အမေ.. ကျွန်တော့်ကိစ္စတွေအတွက် လိုက်ပူနေစရာမလိုပါဘူး"

ယဲ့ချန်းခမျာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"အမေက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်မှာလဲ။ ရှောင်ထောင်ကိုကြည့်လိုက်။ လက်ထပ်ပြီးသွားပြီ။ မင်းကတော့ အခုထိ ရည်းစားတောင်မရှိသေးဘူး"

ယဲ့ချန်းက သူ့ရည်းစားကိစ္စများအကြောင်း သူ့အမေကို ပြောမပြထားချေ။

သူ့တွင် ချစ်သူများစွာရှိသဖြင့် သူ့အမေကိုသာ ပြောပြလိုက်လျှင် လက်မခံနိုင်မည်စိုးသောကြောင့် မပြောပြဖြစ်ပေ။

"အမေ အဲဒါတွေဂရုမစိုက်ဘူး။ မင်း သူ့ကို တွေ့ကိုတွေ့ရမယ်။ ညခုနစ်နာရီခွဲ ဗင်းနစ်ကော်ဖီဆိုင်နော်"

"ကောင်းပါပြီ။ ကောင်းပါပြီ။ ကျွန်တော် နားလည်ပါပြီ"

ယဲ့ချန်းလည်း အင်တင်တင်ဖြင့် ဖုန်းချလိုက်သည်။

ကောင်းပြီလေ။ တွေ့ဆိုတော့လည်း တွေ့တာပေါ့...

ယဲ့ချန်းက ဗင်းနစ်ကော်ဖီဆိုင်သို့ မောင်းလာခဲ့လိုက်သည်။ ကော်ဖီဆိုင်ထဲသို့ ဝင်သွားလိုက်သောအခါ နေရာလွတ်တစ်ခုကို ရှာပြီး ဝင်ထိုင်လိုက်သည်။

ဖုန်းထုတ်ကြည့်နေခိုက် အံ့အားသင့်နေဟန်အသံတစ်သံ ထွက်ပေါ်လာသည်။

"ယဲ့ချန်းလား"

ယဲ့ချန်း မော့ကြည့်လိုက်ချိန်မှာ တဒင်္ဂမျှကြက်သေသေသွားရသည်။

ကောင်းချန်းလား။

သူ့အမေစီစဉ်ပေးထားသော မိန်းကလေးက လုဖေးဖေးမဟုတ်လား။

"ဪ မင်္ဂလာပါ"

ယဲ့ချန်းလည်း ပြန်နှုတ်ဆက်လိုက်သည်။

ကောင်းချန်းက ယဲ့ချန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"ယဲ့ချန်း.. ငါ မာဝေ့နဲ့ လမ်းခွဲလိုက်ပြီ"

"ဪ"

ယဲ့ချန်း၏အမူအရာကား အလွန်တည်ငြိမ်ပေသည်။

ကောင်းချန်း ဤနေရာသို့ ရောက်လာခြင်းမှာ သူ(မ)၏သူငယ်ချင်းကိုယ်စား စစ်ဆေးပေးရန်ပင်။

တစ်ဖက်လူက အရပ်ရှည်ပြီး ချမ်းသာကာ ချောမောခန့်ညားပါက နောက်တစ်ခေါက် တွေ့ဆုံကြသည့်အခါ သူ(မ)၏သူငယ်ချင်းကိုယ်တိုင် လာတွေ့မည်ဟု နှစ်ယောက်သား သဘောတူထားကြသည်။

အကယ်၍ တစ်ဖက်လူက ရုပ်ဆိုးပြီး ဆင်းရဲပါက ချက်ချင်းငြင်းပယ်ပြီး အမည်ပျက်စာရင်းသွင်းလိုက်မည်သာ။

"ယဲ့ချန်း.. တိုက်ဆိုင်လိုက်တာ.. ငါက သူငယ်ချင်းတစ်ယောက်အတွက် ကြင်ဖက်တွေ့ပေးမလို့ လာခဲ့တာ။ သူက မလာနိုင်လို့ အဲဒီလူနဲ့သွားတွေ့ပေးဖို့ ငါ့ကို အကူအညီတောင်းထားတာ"

"ဪ အဲဒီလိုကိုး"

ကောင်းချန်းခမျာ အလွန်စိတ်လှုပ်ရှားနေချေသည်။ ယခင်တစ်ခေါက် ယဲ့ချန်း ပြန်သွားချိန်တွင် သူ(မ)လည်း မာဝေ့နှင့် လမ်းခွဲပစ်ခဲ့သည်။

သူ(မ)၏အချစ်ဦးက အလွန်ချမ်းသာနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ရုပ်ဆိုးဆိုးအမျိုးသားတစ်ယောက်၏ အငယ်အနှောင်းအဖြစ် ဘယ်နေနိုင်တော့မည်နည်း။

သူ(မ) ယဲ့ချန်းကို ဝီချက်မက်ဆေ့ချ်ပို့ချင်ပါသော်ငြား ယဲ့ချန်းက သူ(မ)ကို ဘလော့ထားကြောင်း သိလိုက်ရသည်။

ထင်မှတ်မထားပါဘဲ ယခုမူ သူငယ်ချင်းဖြစ်သူ၏ဘလိုင်းဒိတ်အတွက် အစားလာလိုက်သောအခါ တစ်ဖက်လူက ယဲ့ချန်းဖြစ်နေလေသည်။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ယဲ့ချန်းတွင် ရည်းစားမရှိသေးပေ။ ထို့ကြောင့် သူ(မ)အတွက် အခွင့်အရေးရောက်လာပြီဖြစ်၏။

•••••••••••••••••••

All Chapters