အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အပိုင်း ၃၀၇ : နှုတ်ထွက်စာတင်ဖို့ ရောက်လာတာပါ
ကောင်းချန်းက ဤအခွင့်အရေးကို အရယူရန်အတွက် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။
"တင်းတောင်"
ကောင်းချန်း၏ဖုန်းက အသံမြည်လာလေသည်။ သူ(မ)လည်း ဖုန်းကို ငုံ့ကြည့်လိုက်လေရာ သူ(မ)၏အချစ်ဆုံးသူငယ်ချင်း လုဖေးဖေးဖြစ်နေချေသည်။
"အဲဒီလူက ဘယ်လိုနေလဲ"
လုဖေးဖေးက မေးလိုက်သည်။
ကောင်းချန်းက ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်ပြီး ပြန်ပြောလိုက်၏။
"တော်တော်ရုပ်ဆိုးတယ်။ အရပ်လည်းပုပြီး ဆွဲဆောင်မှုမရှိဘူး။ ပြီးတော့ သူက တက္ကစီမောင်းတာ။ နင် လာစရာမလိုတော့ဘူး"
လုဖေးဖေး : "အမလေး.. အမှိုက်ပဲ။ ငါမသွားမိတာ တော်သေးတယ်။ ကျေးဇူးပဲ သူငယ်ချင်း.. နောက်မှ ငါ နင့်ကို ညစာဝယ်ကျွေးမယ်"
...
ကောင်းချန်းမှာမူ ဘဝင်ခိုက်နေလေသည်။
ငါ့လူကို ဘယ်သူမှလုလို့မရဘူး..
တစ်ဖက်တွင်မူ လုဖေးဖေးက ဖုန်းကိုင်ထားရင်း တစ်ခုခုထူးဆန်းနေသလို ခံစားမိသည်။
ကောင်းချန်း၏ဖုန်းထဲကတစ်ဆင့် သီချင်းသံကို ကြားလိုက်ရသည်ဖြစ်ရာ သူ(မ) ယခုအထိ ကော်ဖီဆိုင်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း အတပ်ပြောနိုင်သည်။
အကယ်၍ တစ်ဖက်လူက ကောင်းချန်းပြောသလို တကယ်ဆိုးဝါးသည်ဆိုပါက သူ့စရိုက်အရဆိုလျှင် အစောကတည်းက နှုတ်ဆက်ပြီး ထွက်လာလောက်ပြီဖြစ်၏။
ကောင်းချန်းနှင့် လုဖေးဖေးတို့က အပေါ်ယံတွင် အဆင်ပြေပုံပေါ်သော်ငြား တကယ်တမ်းတွင်မူ သူတို့၏ဆက်ဆံရေးက ထိလွယ်ရှလွယ်ရှိသည်။
ထို့ပြင် သူတို့က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြသည်။
မဟုတ်ဘူး.. ကောင်းချန်း ငါ့ကို လိမ်နေတာပဲဖြစ်မယ်...
လုဖေးဖေးလည်း အောင်သွယ်တော်ဆီသို့ ဖုန်းဆက်လိုက်သည်။
"အန်တီချန်း.. ကျွန်မကိုမိတ်ဆက်ပေးထားတဲ့လူရဲ့ဓာတ်ပုံရှိလား"
"ဓာတ်ပုံလား။ အမလေး.. ပို့ပေးဖို့မေ့နေတာ။ အခုချက်ချင်း ဝီချက်က ပို့လိုက်မယ်"
"တင်"
အန်တီချန်းလည်း ယဲ့ချန်း၏ဓာတ်ပုံကို ချက်ချင်းပို့ပေးလိုက်သည်။
ယဲ့ချန်း၏ဓာတ်ပုံကို မြင်သောအခါ လုဖေးဖေး ထခုန်မိမတတ်ဖြစ်သွားလေသည်။
ဤလူက အလွန်ချောမောလှသည်။
ချောမောရုံသာမက ယဲ့ချန်းဝတ်ထားသော ဒေါ်လာသန်းပေါင်းများစွာပေးရသည့် ပါတက်ခ်ဖီလစ်နာရီကို လုဖေးဖေး သတိထားမိလိုက်သည်။
သေစမ်း... ချောရုံတင်မကဘူး။ ချမ်းလည်းချမ်းသာတယ်ဟ...
အဲဒီကောင်မကောင်းချန်က သူ့ကို အရပ်ပုပြီး ရုပ်ဆိုးတဲ့အပြင် တက္ကစီမောင်းတယ်လို့ ပြောတာလည်း မဆန်းပါဘူး...
သူ(မ)က သူ့ကို ဖြတ်လုချင်နေခြင်းပင်။
လုဖေးဖေး၏မျက်လုံးထဲတွင် ဒေါသများ တောက်လောင်နေတော့သည်။
ကောင်မ.. ငါ့လူကို လုရဲတယ်ပေါ့။ ငါ နင့်ကို အလွတ်မပေးဘူး...
...
ယဲ့ချန်းက ကော်ဖီဆိုင်ထဲတွင် ထိုင်၍ မျက်နှာချင်းဆိုင်တွင် စကားပြောနေသော ကောင်းချန်းကိုကြည့်ရင်း နေရခက်နေလေသည်။
တစ်ခါတုန်းကတော့ သူ ဤမိန်းကလေးကို နည်းနည်းသဘောကျခဲ့မိသည်။
သို့သော် နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက ထိုခံစားချက်မှာ အစအနပင်မကျန်အောင် ပျောက်ဆုံးသွားခဲ့သည်။
ကောင်းချန်းလည်း အသက်ပြင်းပြင်းရှူရှိုက်၍ ယဲ့ချန်းကို ပြောလိုက်၏။
"ယဲ့ချန်း ရှင်သိလား။ ကျွန်မ ရှင့်ကို အမြဲချစ်နေခဲ့တာ။ နှစ်တွေကြာသွားတာတောင် ရှင့်အကြောင်းပဲ တွေးနေတာ။ ကျွန်မတို့ ပြန်တွဲကြမလား"
ယဲ့ချန်းခမျာ ယခုမှ ကော်ဖီတစ်ငုံသောက်လိုက်ရုံသာ ရှိသေးသော်ငြား ပြန်ထွေးထုတ်လိုက်မိသည်။
ပြန်ပေါင်းထုပ်ရမတဲ့လား...
ယဲ့ချန်းသည် ယခုလေးတင် ဟန်ဆောင်မှုစစ်ဆေးရေးစနစ်ကို အသုံးပြု၍ ကောင်းချန်းကို စစ်ဆေးကြည့်ပြီးပြီဖြစ်၏။ သူ(မ)၏ဟန်ဆောင်မှုရမှတ်ကား ၉၈ပင်။
ဤအဓိပ္ပာယ်ကား သူ(မ)သည် မာဝေ့နှင့် အိပ်ခဲ့ရုံသာမက အခြားယောက်ျားများလည်း ရှိခဲ့ဖူးကြောင်း သိသာလှသည်။
ယဲ့ချန်းအနေနှင့် ထိုကဲ့သို့သောမိန်းမမျိုးကို ဘယ်လိုချင်မည်နည်း။
ကောင်းချန်းကိုယ်တိုင်လည်း သူ့အကြောင်းသူ ကောင်းကောင်းသိသည်။
"ယဲ့ချန်း.. ရှင့်အနားမှာ မိန်းမတွေအများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီတော့ ကျွန်မက ရှင့်အငယ်အနှောင်းဖြစ်ရလည်း ကျေနပ်ပါတယ်။ ဟုတ်ပြီလား"
ကောင်းချန်းက ယုံကြည်မှုလွန်ကဲနေသည်။ သူ(မ)၏ရုပ်ရည်ဖြင့်သာဆိုလျှင် အဓိကလူမဖြစ်ရလည်း အငယ်အနှောင်းမျှဖြင့် လုံလောက်သည်။
ထို့ပြင် ဘယ်ယောကျ်ားကများ မိန်းမများကို မချစ်ဘဲနေနိုင်မည်နည်း။ သူ(မ)က ကိုယ့်ကိုယ်ကိုယ်ဆက်သနေသည်ဖြစ်ရာ သူ့အနေနှင့် မည်သို့ငြင်းဆန်နိုင်မည်နည်း။
ကောင်းချန်းက သူ(မ)၏ အပေါ်ဝတ်အင်္ကျီကို တမင်တကာ ကြယ်သီးဖြုတ်၍ ပြောလိုက်လေသည်။
"အမလေး... ဒီမှာ ပူလိုက်တာနော်။ ကျွန်မတို့ တခြားနေရာမှာ စကားသွားပြောကြမလား။ ဒီနားမှာ ဟိုတယ်တစ်ခုရှိတယ်။ ကျွန်မလည်း ကိုယ်နေဟန်ထားအမျိုးမျိုးကို တတ်တယ်နော်"
...
ဆွဲဆောင်ညှို့ငင်နေသော ကောင်းချန်း၏လုပ်ရပ်ကိုကြည့်ရင်း ယဲ့ချန်း အလွန်အော်ဂလီဆန်သွားရသည်။
သည်းမခံနိုင်တော့သည့်အဆုံး ယဲ့ချန်း လှည့်ပြန်ရန် မတ်တတ်ထရပ်လိုက်သည်။
ထိုအချိန်မှာပင် လုဖေးဖေး ရောက်ချလာသည်။
ရုပ်ရည်ရမှတ်ရှစ်ဆယ်ဝန်းကျင်ရှိသော လုဖေးဖေးက ကောင်းချန်းနှင့် သူမသာကိုယ်မသာပင်။
သူ(မ)က ယဲ့ချန်းအနားသို့ ဒေါသတကြီးချဉ်းကပ်လာသည်။
"မစ္စတာယဲ့.. ရှင် လှည့်စားခံနေရပြီ"
ယဲ့ချန်းကို မြင်လိုက်ရချိန်မှာပင် လုဖေးဖေးတစ်ယောက် ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။
ဤသည်မှာ သူ(မ) အမြဲတောင့်တခဲ့ရသည့် မြင်းဖြူရှင်မင်းသားလေးတစ်ပါးပင်။
ချောမောခန့်ညားပြီး တောက်ပသည်။ နာမည်ကြီးဘရန်းများကို ဝတ်ဆင်ထားပြီး ပါတက်ခ်ဖီလစ်နာရီကလည်း လက်ကောက်ဝတ်တွင် ပတ်ထားလေရာ ဖိတ်ဖိတ်လက်နေတော့သည်။
လုဖေးဖေးမှာ လုံးဝဖမ်းစားခံလိုက်ရသည်။
ကောင်းချန်းမှာမူ လုဖေးဖေးရောက်လာလိမ့်မည်ဟု ထင်မထားချေ။ သူ(မ)၏အမူအရာကား အတန်ငယ်ပြောင်းလဲသွားသည်။
သေစမ်း.. လက်ပူးလက်ကြပ်ဖမ်းမိတာပဲ..
ဒေါသများတောက်လောင်နေသော လုဖေးဖေး၏အကြည့်ကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်းလည်း ဘာဖြစ်နေမှန်း သဘောပေါက်လိုက်သည်။
လုဖေးဖေးက ကောင်းချန်းကို သူ့အား စစ်ဆေးပေးရန် လွှတ်လိုက်သော်ငြား ကောင်းချန်းကမူ ယဲ့ချန်းကို မြင်ပြီးသည်နှင့် ဖြတ်လုဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
လုဖေးဖေးကလည်း တုံးအသူတစ်ယောက်မဟုတ်သောကြောင့် တစ်ခုခုထူးဆန်းနေကြောင်း သတိထားမိသွားပြီး သူ(မ)ကိုယ်တိုင် လာကြည့်လိုက်လေရာ ဤမြင်ကွင်းနှင့် ပက်ပင်းတိုးပေသည်။
ယဲ့ချန်း လှောင်ရယ်လိုက်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ပြန်ဆုတ်ကာ ထိုင်ခုံကိုဆုပ်ကိုင်ရင်း ပွဲကြည့်နေလေတော့သည်။
ထိုအမျိုးသမီးနှစ်ယောက် တွေ့ကြသည်နှင့် စကားများကြလေတော့သည်။
လုဖေးဖေးက ကောင်းချန်းကို လက်ညှိုးငေါက်ငေါက်ထိုး၍ မာဆတ်ဆတ်ပြောလိုက်သည်။
"ကောင်းချန်း. ငါ နင့်ကို ညီအစ်မတစ်ယောက်လို ဆက်ဆံခဲ့ပေမဲ့ နင်ကတော့ ငါ့ကို လှည့်စားခဲ့တယ်ပေါ့"
ကောင်းချန်းကလည်း ပြန်ပက်ချေသည်။
"လုဖေးဖေး.. ဘာပေါက်ကရတွေ လာပြောနေတာလဲ။ ဘယ်သူက နင့်ကို လှည့်စားလို့လဲ"
"ယဲ့ချန်းက အရပ်ပုပြီး ရုပ်ဆိုးတဲ့အပြင် ဘာပိုက်ဆံမှလည်းမရှိဘူးလို့ နင် ပြောခဲ့တာမဟုတ်လား။ ဒါပေမဲ့ သူက ချောရုံတင်မကဘူး။ ချမ်းလည်းချမ်းသာသေးတယ်။ နင် သူ့ကိုကြွေသွားလို့ ဖြတ်လုချင်တာမလား"
"ဟုတ်တယ်။ ငါ သူ့ကိုကြွေသွားတယ်။ ဘာဖြစ်လဲ။ ပြီးတော့ ဒါက ကြင်ဖက်တွေ့မှန်းသိတာတောင်မှ နင်က တခြားလူတစ်ယောက်ကို လွှတ်လိုက်တယ်လေ။ ဒါက နင့်ဘက်က စိတ်ရင်းမစစ်မှန်ဘူးလို့ သက်သေပြနေတာပဲ။ နင်က ယဲ့ချန်းနဲ့ မတန်ဘူး"
"နင်ကမှ မတန်တာ"
မိန်းကလေးနှစ်ယောက်မှာ ပိုပိုပြီးဒေါသထွက်လာကြသည်။ အဆုံးတွင်မူ တစ်ယောက်ဆံပင်ကိုတစ်ယောက် ဆွဲကြလေတော့သည်။
ထိုအချိန်မှာ လူတော်တော်များများက ထိုပွဲကို စောင့်ကြည့်နေကြသည်။
သူတို့ စကားများနေသည်ကို ကြားသောအခါ ထိုလူများလည်း အခြေအနေကို သဘောပေါက်သွားကြသည်။
ဒီတော့ သူငယ်ချင်းအတုနှစ်ယောက်က ရုပ်ချောပြီး ချမ်းသာတဲ့လူငယ်လေးတစ်ယောက်အတွက် ရန်ဖြစ်နေကြတာပေါ့...
"ယဲ့ချန်းက ငါ့လူ"
"ပေါက်ကရတွေ ပြောမနေနဲ့။ ယဲ့ချန်းက ငါ့လူဟဲ့"
သူတို့နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် အညိုအမည်းစွဲသည်အထိ ချနေကြရာ မိတ်ကပ်များလည်းပျက်ပြီး ဆံပင်များကလည်း ဖိုသီဖတ်သီဖြစ်ကာ အဝတ်အစားများလည်း ဖရိုဖရဲဖြစ်ကုန်တော့သည်။
ယဲ့ချန်းအတွက်နှင့် ရန်ဖြစ်ကြရာဝယ် သူတို့နှစ်ယောက်စလုံး အစွမ်းကုန်ချနေကြသည်။
ထိုအချိန်မှာပင် ကော်ဖီဆိုင်မန်နေဂျာက အပြေးရောက်လာပြီး ပြောလိုက်၏။
"မိန်းကလေးတို့.. မင်းတို့ ဘာလို့ရန်ဖြစ်နေတာလဲ။ အဲဒီလူကဖြင့် ထွက်သွားတာကြာပြီ"
"ဘာ"
သူတို့လည်း ယဲ့ချန်းထိုင်ခဲ့သည့်ထိုင်ခုံဘက်သို့ လှမ်းကြည့်လိုက်လေရာ တစ်ဖက်လူက ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကောင်းချန်း : "..."
လုဖေးဖေး : "..."
"အား... ကောင်မ.. ငါ့ယဲ့ချန်းကို ပြန်ပေး"
"ဒါတွေအကုန် နင့်ကြောင့်ဖြစ်တာ။ နင့်ကြောင့် ငါ ဥစ္စာပေါရုပ်ချောလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ"
မိန်းကလေးနှစ်ယောက်မှာ နောက်တစ်ကြိမ်ရန်ဖြစ်ကြပြန်လေသည်။
ယဲ့ချန်းကမူ နှင်းဆီအိမ်ရာသို့ မောင်းလာခိုက် ဖုန်းဝင်လာသည်။
"ဟယ်လို မစ္စတာယဲ့နဲ့ စကားပြောလို့ရမလား"
"ဪ ကျွန်တော်ပါပဲ။ ဘာကိစ္စရှိလို့လဲ"
"ကျွန်မက တစ်ဖနီတရုတ်ကုမ္ပဏီရဲ့ လက်ထောက်မန်နေဂျာပါ"
"ဪ.. ကိစ္စရှိလို့လား"
"ဟုတ်ကဲ့..ဖုန်းထဲကပြောလို့ အဆင်မပြေလို့။ ကျွန်မတို့ တွေ့လို့ရမလား"
"တွေ့မှာလား"
ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေသွားရပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီလိုဆိုရင် ကျွန်တော့်အိမ်ကို လာခဲ့လိုက်ပါ။ နှင်းဆီအိမ်ရာဘက်ကိုပါ"
နာရီဝက်အကြာတွင် တံခါးဘဲလ်သံ မြည်လာသည်။
ယဲ့ချန်း တံခါးဖွင့်လိုက်ချိန်တွင် မိန်းမလှလေးတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာသည်။
အသက်နှစ်ဆယ်အရွယ် ထိုမိန်းကလေးက အလွန်နူးညံ့လှသောမျက်နှာမျိုးကို ပိုင်ဆိုင်ထားပြီး ရုံးဝန်ထမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိကာ ညှို့ငင်အားပြင်းလေသည်။
သံသယဖြစ်နေစရာမလိုပေ။ သူ့ရှေ့ရှိ အလှပဂေးလေးက အလွန်ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိ၏။
ယဲ့ချန်း ပြောလိုက်လေသည်။
"အထဲကိုကြွပါ"
ကျောက်ရှောင်ချန်လည်း ဗီလာထဲသို့ဝင်လာပြီးနောက် တအံ့တဩရေရွတ်လိုက်မိသည်။
"ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်လို့မပြောရဘူး။ လှလိုက်တဲ့အိမ်ကြီးပါလား"
ယဲ့ချန်းက သူ့ရှေ့ရှိ နတ်ဘုရားမလေးကိုကြည့်ရင်း ပြောလိုက်လေသည်။
"ခင်ဗျား ကျွန်တော့်ကိုလာတွေ့တာ ကိစ္စရှိလို့လား"
"ကျွန်မက နှုတ်ထွက်စာတင်ဖို့ ရောက်လာတာပါ"
"နှုတ်ထွက်စာတင်ဖို့လား"
ယဲ့ချန်း အံ့အားသင့်သွားလေသည်။
ကျောက်ရှောင်ချန်းက သူ(မ)၏ဒေါက်ဖိနပ်ကိုချွတ်၍ ကော်ဇောပေါ်သို့ ခြေဗလာဖြင့် လျှောက်သွားလိုက်ပြီးနောက် ပြုံးလိုက်၏။
"အိမ်ရှင်က ကျွန်မကို ထိုင်စရာနေရာတစ်နေရာပေးသင့်တယ်မဟုတ်ဘူးလား"
ယဲ့ချန်း တဒင်္ဂမျှကြက်သေသေသွားပြီးမှ နေရခက်ဟန်ဖြင့် ပြုံးပြလိုက်သည်။
"ဟုတ်သားပဲ။ ထိုင်ပါဦး။ ခင်ဗျား ဘာလို့အလုပ်ထွက်ချင်တာလဲဆိုတာ ပြောပါဦး"
ယဲ့ချန်း သိချင်မိသည်။ တစ်ဖနီရုံး၏ အထွေထွေမန်နေဂျာရာထူးမှာ လက်ရှိအချိန်တွင် လစ်လပ်နေပေသည်။ ကျောက်ရှောင်ချန်းက လက်ထောက်မန်နေဂျာဖြစ်သဖြင့် သဘောတရားအရဆိုလျှင် ထိုနေရာကို လွှဲပြောင်းတာဝန်ယူသင့်သည်သာ။ သို့သော် ယခုမူ သူ(မ)က အလုပ်ထွက်မည်တဲ့လား။
•••••••••••••••••
အပိုင်း ၃၀၈ : အားရဖွယ်ကောင်းသောနည်းလမ်းများ
ကျောက်ရှောင်ချန်းက ပြောလိုက်၏။
"ကုမ္ပဏီထဲက အထက်လူကြီးတွေက ကျွန်မကို အကျပ်ကိုင်နေကြလို့ ဆက်မနေနိုင်တော့ပါဘူး"
"ဘာ"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယခုအချိန်တွင် သူသည် တစ်ဖနီ၏ပိုင်ရှင်ဖြစ်နေလေပြီ။
ချန်းယွမ်၏ကိစ္စကို ဖြေရှင်းပြီးနောက်မှာပင် တစ်စုံတစ်ယောက်က ကျောက်ရှောင်ချန်းကို အကျပ်ကိုင်ချင်နေချေသည်။
ကျောက်ရှောင်ချန်းကလည်း အလွန်တရာဆွဲဆောင်မှုရှိလှသည်။ အခြားလူများမဆိုထားနှင့်။ ယဲ့ချန်းကိုယ်တိုင်ပင် ခုခံရခက်သည်။
"ဘယ်သူလဲ။ ဌာနချုပ်က လူတစ်ယောက်လား"
ယဲ့ချန်းက မေးလိုက်၏။
"တစ်ဖနီအာရှရုံးခွဲက ဥက္ကဋ္ဌပါ။ ဟွားနိုင်ငံက အာရှရုံးခွဲရဲ့ အစိတ်အပိုင်းဖြစ်လာပြီးကတည်းက ရာထူးခန့်အပ်ရေးက အာရှရုံးခွဲဥက္ကဋ္ဌဆီမှာပဲ ရှိနေတာပါ"
"အဲဒီလိုကိုး"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
အာရှရုံးခွဲဥက္ကဋ္ဌက ကျောက်ရှောင်ချန်းကို မျက်စိကျနေသဖြင့် ဤအခွင့်အရေးကို အသုံးချပြီး သူ(မ)ကို အကျပ်ကိုင်ချင်နေပေသည်။
ကျောက်ရှောင်ချန်းက ဆန္ဒမရှိသဖြင့် ယဲ့ချန်းကို လာရှာခြင်းပင်။
"စိတ်ချပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်မယ်"
ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်လေသည်။
"ဥက္ကဋ္ဌယဲ့.. အာရှရုံးခွဲရဲ့ဥက္ကဋ္ဌက အဆက်အသွယ်တွေရှိတယ်နော်။ ရှင့်ဘက်က ကျွန်မအတွက်နဲ့ ပြဿနာအတက်ခံစရာမလိုပါဘူး"
ယဲ့ချန်းမှာမူ အေးစက်စက်ရယ်မောလိုက်သည်။
"ကမ္ဘာပေါ်မှာ ငါကြောက်ရတဲ့လူရယ်လို့ မရှိဘူး"
ကျောက်ရှောင်ချန်းမှာမူ ခေါင်းခါယမ်းပြသည်။
"ကျွန်မပြောချင်တာက.. ကျွန်မ အလုပ်ထွက်လိုက်ပြီးမှ ရှင့်အတွက် အလုပ်လုပ်ပေးလို့ရပါတယ်။ အဲဒီလိုပဲဖြစ်သင့်တယ်"
"အလုပ်ထွက်မှာတဲ့လား။ တစ်ဖနီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာရာထူးဆိုတာက နေရာကောင်းတစ်ခုနော်။ မင်း အဲဒါကို စွန့်လွှတ်မလို့လား"
ကျောက်ရှောင်ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌယဲ့မှာ တက္ကသိုလ်တစ်ခုရှိတယ်လို့ ကျွန်မကြားတယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ စတားတက္ကသိုလ်တဲ့"
ကျောက်ရှောင်ချန်းလည်း ပြုံးလိုက်မိသည်။
"ကျွန်မက တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်ရဖို့ အမြဲအိပ်မက်မက်ခဲ့ရတာ။ အဲဒီနေရာက ပိုရိုးရှင်းတယ်လေ"
"မင်းက စတားတက္ကသိုလ်ကို သွားချင်လို့လား"
ကျောက်ရှောင်ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ကျောင်းသားတွေနဲ့ ဆက်ဆံရတာက ကောက်ကျစ်တဲ့ လူအိုကြီးတွေနဲ့ ဆက်ဆံရတာထက် ပိုကောင်းတယ်လေ"
တကယ်တမ်းတွင် လင်းရှစ်ယင်တစ်ယောက်တည်း စတားတက္ကသိုလ်ကို စီမံခန့်ခွဲနေရသည်ဖြစ်ရာ အလွန်ပင်ပန်းလှသည်။ ယဲ့ချန်းအနေနှင့် သူ(မ)အတွက် လက်ထောက်တစ်ယောက် ရှာပေးချင်နေခြင်းပင်။
ထို့ပြင် ကျောက်ရှောင်ချန်းမှာ လက်ထောက်အထွေထွေမန်နေဂျာရာထူးကို တက်လှမ်းနိုင်စွမ်းရှိသည်။ ထို့ကြောင့် သူ(မ)၏စီမံခန့်ခွဲမှုနှင့် ပူးပေါင်းမှုစွမ်းရည်မှာ ပြဿနာမရှိပါချေ။
ကျောက်ရှောင်ချန်းက ထိုသို့ပြောရင်း ယဲ့ချန်းအနားသို့ တိုးကပ်သွားလိုက်သည်။
"ရှောင်ချန်း.. မင်းက မီးနဲ့လာကစားနေတာပဲ"
ယဲ့ချန်းလည်း ကျောက်ရှောင်ချန်း၏ ခန္ဓာကိုယ်အပူချိန်ကို ခံစားမိသဖြင့် ထိုသို့မပြောဘဲမနေနိုင်တော့ချေ။
ကျောက်ရှောင်ချန်း၏ ခန္ဓာကိုယ်က ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသော ရနံ့တစ်မျိုးကို ထုတ်လွှတ်နေသည်။ ယဲ့ချန်းမှာ သူ(မ)ထံမှ ဆွဲဆောင်ဖမ်းစားခံနေရကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။
ဤမိန်းကလေးတွင် မွေးရာပါဆွဲဆောင်မှုမျိုးရှိသဖြင့် သူ(မ)နှင့်အတူ ရှိနေပါက သူ(မ)၏ဆွဲဆောင်မှုကို ခုခံနိုင်စွမ်းကင်းမဲ့သွားစေသည်။
သူ(မ)၏အကြည့်တစ်ချက်တိုင်း၊ အပြုအမူတစ်ခုချင်းစီတိုင်းက ညှို့ငင်နိုင်စွမ်းရှိသည်။
ဤမိန်းကလေးကို ပိုပိုပြီးစိတ်ဝင်စားလာမိကြောင်း ယဲ့ချန်း ဝန်ခံပါသည်။
ကျောက်ရှောင်ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"တကယ်တော့ ကျွန်မ ဒီနှစ်တွေအတွင်း အရမ်းအလုပ်ကြိုးစားခဲ့ရတာ။ ဒါပေမဲ့ ဘယ်လောက်ပဲ အလုပ်ကြိုးစားကြိုးစား လူတွေက ကျွန်မကို ယောကျ်ားတွေကိုမှီခိုပြီး တက်လာတာလို့ အမြဲပြောကြတယ်"
ယဲ့ချန်းကိုယ်တိုင်ပင် အစောတုန်းက ဤသို့တွေးမိသည်။
သို့သော် သူ(မ)ကို စမ်းသပ်ရန်အတွက် 'ဟန်ဆောင်မှုစစ်ဆေးရေးစနစ်'ကို သုံးကြည့်ထားသည်။ ကျောက်ရှောင်ချန်းက အလွန်ဖြူစင်ကြောင်း အံ့အားသင့်ဖွယ် သိရှိလိုက်ရသည်။ အနည်းဆုံးတော့ သူ(မ)သည် ယခင်က ဘယ်ယောက်ျားနှင့်မှ မအိပ်ဖူးပေ။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"တခြားလူတွေ ယုံယုံမယုံယုံ ကိုယ် မင်းကိုယုံပါတယ်"
ကျောက်ရှောင်ချန်းလည်း ကြက်သေသေသွားရပြီးနောက် ခါးသက်သက်ပြုံးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့.. တကယ်တော့ ကျွန်မလည်း ယောကျ်ားတွေကို မြှူဆွယ်ဖို့ စိတ်မကူးဖူးပါဘူး။ ဒါပေမဲ့ ကျွန်မမှာ မွေးရာပါဆွဲဆောင်မှုမျိုးရှိနေတော့ အဲဒီလူတွေက ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ကြဘူးလေ။ ဒီတော့ ကျွန်မလည်း ဘယ်တတ်နိုင်မှာလဲ။ အဲဒါကြောင့် ဒီလိုဘဝမျိုးကို စိတ်ကုန်လာလို့ ရိုးရှင်းတဲ့ဘဝကိုပဲ လိုချင်တော့တာ"
ယဲ့ချန်းလည်း ခဏမျှတွေးကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ မင်းလိုချင်တယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး"
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"
ကျောက်ရှောင်ချန်းလည်း ဝမ်းပန်းတသာပြောလိုက်လေသည်။
"နောက်ကျနေပြီ။ မင်း ကိုယ့်အိမ်မှာပဲ အိပ်လိုက်မလား"
ယဲ့ချန်းက စနောက်ကျီစယ်ဟန်ဖြင့် ပြောလိုက်လေသည်။
ကျောက်ရှောင်ချန်းကမူ ခေါင်းခါပြသည်။
"တော်ပါပြီ။ ကျွန်မမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်"
ယဲ့ချန်း၏နှုတ်ခမ်းကား အနည်းငယ်တွန့်ကွေးသွားသည်။
"ကောင်းပြီလေ။ ဒီကိစ္စကိုဖြေရှင်းပြီးတာနဲ့ မင်းကို အိမ်ပြန်ပို့ပေးမယ်"
"ဘာကိစ္စလဲ"
ကျောက်ရှောင်ချန်းက မေးခွန်းထုတ်လိုက်သည်။
"ကိုယ်က မတရားမှုကို သည်းမခံနိုင်ဘူးလို့ မင်းကိုပြောခဲ့တယ်လေ"
ယဲ့ချန်းက ထိုသို့ပြောရင်း ရော့ခ်ထံသို့ ဖုန်းခေါ်လိုက်သည်။
"ကျုပ် တိုက်နယ်တစ်ခုလုံးမှာရှိတဲ့ ထိပ်တန်းခေါင်းဆောင်တွေအားလုံးနဲ့ အစည်းအဝေးလုပ်ချင်တယ်"
"ဟုတ်ကဲ့ မစ္စတာယဲ့"
ကျောက်ရှောင်ချန်းက ရာထူးမှနှုတ်ထွက်ထားသော်ငြား ယဲ့ချန်းကတော့ ဤကိစ္စကို အသာလွှတ်မပေးထားနိုင်ပေ။
ယဲ့ချန်း၏ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သဖြင့် ကျောက်ရှောင်ချန်း၏မျက်ဝန်းထဲတွင ကျေးဇူးတင်လေဟန်အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
ယဲ့ချန်းက ကုမ္ပဏီရှယ်ယာသုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားလေရာ ရှယ်ယာအများဆုံးလူပင် ဖြစ်၏။
ဥက္ကဋ္ဌတစ်ယောက်အနေနှင့် သူသည် ကုမ္ပဏီရေးရာကိစ္စများကို ဝင်ပါရန်မလိုသော်ငြား ကုမ္ပဏီထဲရှိ ယုတ်မာသောကိစ္စများကိုမူ လျစ်လျူရှုမထားနိုင်ပေ။
မကြာခင်မှာပင် တစ်ဖနီကုမ္ပဏီ၏ထိပ်တန်းအမှုဆောင်များအားလုံး ကွန်ပျူတာရှေ့သို့ ရောက်လာကြသည်။
ယဲ့ချန်း၏ဗီလာထဲတွင် အလွန်ကြီးမားသော အစည်းအဝေးခန်းကြီးတစ်ခုရှိ၏။
ဗီဒီယိုကော ချိတ်ဆက်သွားသောအခါ တိုက်နယ်ထဲရှိ ခေါင်းဆောင်များနှင့် တစ်ဖနီ၏ပင်မရှယ်ယာရှင်များအားလုံး ဖန်သားပြင်ထက်ရှိ လေးထောင့်ကွက်လေးများထဲတွင် ပေါ်လာလေသည်။
လူတိုင်းက ယဲ့ချန်းကိုမြင်လိုက်ရသည့်အခါ အံ့ဩမှင်တက်ကုန်သည်။
သူတို့အားလုံး အကြောင်းကြားစာရထားပြီး ယဲ့ချန်း၏ဓာတ်ပုံကိုလည်း မြင်ဖူးပါသော်ငြား လူကိုယ်တိုင်မြင်လိုက်ရသောအခါ အတန်ငယ်အံ့ဩမိဆဲသာ။
ယဲ့ချန်းက အလွန်ငယ်လွန်းလှ၏။
လူတိုင်း စိုးရိမ်ပူပန်သွားမိသည်။
အရာရှိအသစ်တစ်ယောက်ရောက်လာလျှင် အခွင့်အာဏာကို အသုံးချတတ်သည်ဖြစ်ရာ ထိုအခွင့်အာဏာကို သူတို့အပေါ် သုံးလာမည်ကို အလွန်စိတ်ပူနေကြသည်။
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။
"ကျွန်တော်သိသလောက်ဆိုရင် ဟွားနိုင်ငံရုံးခွဲရဲ့ လက်ထောက်အထွေထွေမန်နေဂျာကျောက်ရှောင်ချန်း နှုတ်ထွက်သွားပါတယ်။ ဘာလို့လဲဆိုတာ တစ်ယောက်ယောက် ပြောပြနိုင်မလား"
ရော့ခ်ကလည်း စီအီးအိုးတစ်ယောက်အနေနှင့် ဝင်ပြောလာသည်။
"ဥက္ကဋ္ဌယဲ့.. ရှောင်ချန်းက အရည်အချင်းရှိလွန်းလို့ တခြားလူတစ်ယောက်ကများ ဖြတ်လုသွားတာလား"
ယဲ့ချန်းကမူ အေးတိအေးစက်ပြောလိုက်လေသည်။
"ဘယ်သူကမှ ထုတ်မပြောကြဘူးဆိုတော့ ကျုပ်ကပဲ အကြောင်းပြချက်ကို ပြောပြရမှာပေါ့"
"အာရှရုံးခွဲရဲ့ဥက္ကဋ္ဌက ဂျာမေကိုလို့ ခေါ်တယ်မလား"
ဂျာမေကို၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီးနောက် အမြန်ဝင်ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော်ပါ။ ဘာများလိုအပ်လို့လဲ"
"ခင်ဗျားရဲ့အခွင့်အာဏာကို အသုံးချပြီး ကျောက်ရှောင်ချန်းကို အကျပ်ကိုင်ဖို့ ကြိုးစားခဲ့သေးလား"
ဤစကားကိုကြားသော် ဂျာမေကို မျက်နှာပျက်သွားလေသည်။
"ဥက္ကဋ္ဌ.. ကျွန်တော် အစွပ်စွဲခံရတာပ။ ကျွန်တော် အဲဒီလိုလုပ်ရပ်မျိုး မလုပ်ဖူးပါဘူး။ ကျွန်တော်က လက်အောက်ငယ်သားတွေကို အမြဲလေးစားပေးခဲ့ပါတယ်"
ယဲ့ချန်းကမူ လှောင်ပြောင်သရော်လိုက်၏။
"ကျုပ်က ကုမ္ပဏီရေးရာကိစ္စတွေကို မစီမံတာနဲ့ပဲ ဘာမှမသိတော့ဘူးလို့ ထင်နေတာလား"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် အသံဖိုင်တစ်ခုကို ဖွင့်ပြလိုက်သည်။
ဤသည်မှာ ကျောက်ရှောင်ချန်း သူ့ကိုပေးထားသည့် အသံဖိုင်ပင်။ ဤအသံဖိုင်ထဲတွင် ဂျာမေကိုက သူ(မ)ကို ခြိမ်းခြောက်ထားသည်။
ဂျာမေကိုခမျာ ကျောက်ချောင်ရှန်းက ထိုစကားများကို အသံသွင်းထားလိမ့်မည်ဟု ထင်မထားသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။
"မစ္စတာယဲ့ ကျွန်တော်မှားသွားပါတယ်။ ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး"
ယဲ့ချန်းကတော့ အေးစက်စက်ပြောလိုက်လေသည်။
"ဆောရီးပဲ။ နောက်တစ်ခါဆိုတဲ့စကားက ကျုပ်ရဲ့အဘိဓာန်မှာမရှိဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း ကြေညာလိုက်သည်။
"ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ"
ဂျာမေကိုခမျာ တစ်ခုခုပြောချင်ပါသော်ငြား ဆက်သွယ်မှုကား ပြတ်တောက်သွားလေပြီ။
သူသည် ကုမ္ပဏီ၏အမှုဆောင်အရာရှိ မဟုတ်တော့သဖြင့် ကုမ္ပဏီ၏အစည်းအဝေးများတွင် ပါဝင်ခွင့်မရှိတော့ချေ။
အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းလည်း စိတ်လှုပ်ရှားကုန်ကြသည်။
ယဲ့ချန်း၏ကိုင်တွယ်ဖြေရှင်းပုံမှာ အလွန်ပြတ်သားလှသည်။ အာရှရုံးခွဲ၏ အထွေထွေမန်နေဂျာကို စကားတစ်ခွန်းမှမဆိုဘဲ အလုပ်ထုတ်ပစ်လိုက်သည်။
"ရော့ခ်.. ကျုပ်ပြောထားတဲ့စကားကို ခင်ဗျားမှတ်မိလား"
ထိုအခိုက်ဝယ် ရော့ခ်၏မျက်နှာမှာ ဖြူဖျော့နေချေသည်။
"ဥက္ကဋ္ဌယဲ့ ကျွန်တော်.."
"ခင်ဗျားကိုလည်း အလုပ်ထုတ်လိုက်ပြီ"
ယဲ့ချန်းက ဩဇာညောင်းစွာ ပြောလိုက်သည်။
ယဲ့ချန်း၏အသံမှာ အေးစက်မာကျောနေလေရာ ပြန်လည်ချေပရန်ပင် အခွင့်အရေးမရှိပေ။
ရော့ခ်ခမျာ မျက်ရည်ကျလုမတတ်ပင်။ သူ့မှာ ဤရာထူးကို ရောက်လာဖို့ အလွန်ကြိုးစားခဲ့ရသည်။
"သူဌေး ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးတစ်ခါလောက်ပေးပါ"
ယဲ့ချန်းကမူ အေးတိအေးစက်သရော်လိုက်သည်။
"အခွင့်အရေးဆိုတာ တစ်ခါပဲပေးတာ။ ခင်ဗျား အဲဒါကို လွဲချော်သွားပြီ"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် စီအီးအိုရော့ခ်ကို ဗီဒီယိုစကားပြောဝိုင်းထဲက ကန်ထုတ်လိုက်သည်။
လူတိုင်း ထိတ်လန့်ကုန်ကြသည်။ ဥက္ကဋ္ဌယဲ့က အလွန်ကြမ်းလှပေသည်။ ထိပ်တန်းအမှုဆောင်နှစ်ယောက်ကို ချက်ချင်းအလုပ်ထုတ်ပစ်လိုက်သည်။
အစတုန်းကတော့ ရှယ်ယာရှင်တော်တော်များများက ယဲ့ချန်းကို အလေးအနက်မထားကြပေ။ အကြောင်းမှာ သူသည် အလွန်ငယ်လွန်းလှသောကြောင့်ပင်။ သို့သော် ယခုမူ သူတို့မျက်နှာထက်တွင် အကြောက်တရားများ ဖုံးလွှမ်းနေလေတော့သည်။
ယခုမှသာ ယဲ့ချန်းက သူတို့ထင်ထားသလောက် မရိုးရှင်းကြောင်း သဘောပေါက်သွားတော့သည်။
••••••••••••••••••
အပိုင်း ၃၀၉ : အပြိုင်အဆိုင်မြှောက်ပင့်ကြခြင်း
အလုပ်ပြီးစီးသည့်နောက် ယဲ့ချန်းလည်း ကျောက်ရှောင်ချန်းကို အိမ်အထိ လိုက်ပို့ပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"
"ကျေးဇူးတင်ဖို့မလိုပါဘူး။ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးဖို့သာ မမေ့နဲ့"
ကျောက်ရှောင်ချန်းလည်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။
ဤလူက အလွန်ချမ်းသာသည့်တိုင် တက္ကစီဝင်ငွေနည်းနည်းလေးနှင့် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကို ဂရုစိုက်နေဆဲပင်။
လူထူးဆန်းပါလား...
သို့သော် ကျောက်ရှောင်ချန်းလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် စနစ်ရဲ့ဆုလာဘ် ဟီလ်တန်လုပ်ငန်းစုရဲ့ ၃၈ရာခိုင်နှုန်းကို ရရှိလိုက်ပါပြီ]
ဟီလ်တန်လုပ်ငန်းစုတွင် နိုင်ငံပေါင်း၈၀၌ ဟိုတယ်များ ပိုင်ဆိုင်ထားပြီး စုစုပေါင်းဟိုတယ်အလုံး၂၇၀၀က သူ့နာမည်အောက်တွင် ရှိလေသည်။
ထိုအခိုက်ဝယ် ဖုန်းသံက ရုတ်တရက်ထမြည်လာသည်။
ဖုန်းခေါ်ဆိုသူကား ယဲ့ထောင်ပင်။
"ဝမ်းကွဲရေ.. ငါ မနက်ဖြန် လက်ထပ်တော့မလို့။ မင်းလာနိုင်လား"
ယဲ့ထောင်က ယဲ့ချန်း၏ဝမ်းကွဲဖြစ်ပြီး တစ်ချိန်တုန်းက ယဲ့မိသားစု၏ ရတနာမျက်ရှုလေးပင်။
သို့သော် ယဲ့ချန်းက စနစ်ကို အပိုင်ရပြီးကတည်းက သူ့ဘဝမှာ လုံးဝပြောင်းလဲသွားခဲ့ရသည်။
ယဲ့ချန်းကြောင့် ယဲ့ထောင်၏ရာထူးတိုးလည်း အလွန်မြန်ဆန်သွားခဲ့သည်။
သို့သော် ယဲ့ချန်း၏အဆင့်အတန်းက မည်မျှမြင့်မားကြောင်း သူသိသည်။ ထို့ကြောင့် ယဲ့ချန်းကို ဖုန်းခေါ်ရာတွင် အတန်ငယ်စိတ်လှုပ်ရှားမိသည်။
"ဪ.. ဂုဏ်ပြုပါတယ်ကွာ။ မနက်ဖြန်ကျရင် ငါ သေချာပေါက်လာခဲ့မယ်"
"ကောင်းတယ်။ ကျေးဇူးပဲ အစ်ကိုယဲ့.. ဟီလ်တန်ဟိုတယ်ကို ဆက်ဆက်လာခဲ့နော်"
မင်္ဂလာပွဲနေ့ကား အလွန်သက်ဝင်လှုပ်ရှားနေလေသည်။
ယဲ့မိသားစု၏ ဆွေမျိုးအများစုလည်း လာရောက်ကြသည်။ ယခင်ကနှင့်မတူသည်မှာ ယဲ့မိသားစုဝင်များမှာ ယဲ့ချန်းကို အလွန်လေးစားနေကြခြင်းပင်။
ဤတစ်ခေါက်တွင် ယဲ့ထောင်က သူဌေးသမီးတစ်ယောက်နှင့် လက်ထပ်ခြင်းပင်။ သိရသလောက်ဆိုလျှင် သူ(မ)၏မိသားစုက အလွန်ချမ်းသာကြွယ်ဝသော အိမ်ခြံမြေကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သည်။
သို့သော် ယဲ့ထောင်၏မိသားစုကတော့ သာမန်ဆန်လွန်းလှသည်။
ဟီလ်တန်ဟိုတယ်၏ စီမံခန့်ခွဲရေးအထပ်...
ဟိုတယ်မန်နေဂျာဝမ်သာ့လီခမျာ ရုံးချုပ်ကပေးပို့ထားသော ယဲ့ချန်း၏အချက်အလက်များကို မြင်သောအခါ လန့်ဖျပ်သွားလေသည်။
ဘုရားရေ.. သူက ရှယ်ယာ၃၈ရာခိုင်နှုူန်းကို တကယ်ဝယ်ထားတာပဲ...
ယခုဆိုလျှင် ယဲ့ချန်းက ကုမ္ပဏီတွင် ဒုတိယရှယ်ယာအများဆုံးလူပင်။
ဝမ်သာ့လီလည်း အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။
"မစ္စတာယဲ့က မိုတုမြို့မှာနေတာ။ မစ္စတာယဲ့ရဲ့ဓာတ်ပုံကို ဝန်ထမ်းတွေအားလုံးဆီကို ပို့ထားပြီး သူ့ကိုတွေ့တာနဲ့ ငါ့ဆီကို ချက်ချင်းအကြောင်းကြား"
ထိုသတင်းပြန့်သွားသည်နှင့် အတွင်းရေးမှူးက အထဲသို့ အပြေးအလွှားဝင်လာသည်။
"ဥက္ကဋ္ဌဝမ်.. မစ္စတာယဲ့ ကျွန်တော်တို့ဟိုတယ်ကို ရောက်လာပါပြီ"
"ဘာ လုပ်ငန်းခွင်ကိုစစ်ဆေးဖို့ ရောက်လာတာလား"
ဥက္ကဋ္ဌဝမ်ခမျာ သူ့အဝတ်အစားများကို ချက်ချင်းဆွဲဆန့်ရင်း ပြောလိုက်သည်။
"ဟုတ်ပုံမရပါဘူး။ သူ့ကိုကြည့်ရတာ မင်္ဂလာပွဲတစ်ခု လာတက်တယ်ထင်တယ်"
"မင်္ဂလာပွဲလာတက်တာလား"
ဝမ်သာ့လီ အတန်ငယ်အံ့ဩသွားရသည်။
"မစ္စတာယဲ့ဆိုတာ သေချာလား"
ဝမ်သာ့လီက ထပ်မေးလိုက်ပြန်သည်။
"ကျွန်တော် ဥက္ကဋ္ဌရဲ့သတိပေးချက်ကို ရထားလို့ သေချာစစ်ကြည့်ထားပါတယ်။ သူဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ သူ့ကို သွားနှုတ်ဆက်ကြမလား"
ဝမ်သာ့လီလည်း ခဏမျှတွေးကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်မိသည်။
"ဟင့်အင်း.. ရေးကြီးခွင်ကျယ်မလုပ်နဲ့။ ဒါနဲ့ သူလာတက်တာ ဘယ်သူ့မင်္ဂလာဆောင်လဲ"
"သတို့သားက ယဲ့ထောင်ပါ။ ကုမ္ပဏီသေးသေးလေးတစ်ခုရဲ့ လက်ထောက်အထွေထွေမန်နေဂျာလေးတစ်ယောက်ပါ။ ဒါပေမဲ့ သတို့သမီးကတော့ အရေးပါအရာရောက်တဲ့လူတစ်ယောက်ပါပဲ။ သူက အိမ်ခြံမြေကုမ္ပဏီသူဌေးတစ်ယောက်ရဲ့သမီးတဲ့"
အတွင်းရေးမှူးက ပြောလိုက်လေသည်။
"ဥက္ကဋ္ဌဝမ်.. သတို့သမီးဘက်က ဧည့်သည်အယောက်တစ်ရာနီးပါး ဖိတ်ထားတယ်။ သတို့သားဘက်ကတော့ စားပွဲနှစ်လုံးစာပဲ ပြင်ထားတာပါ။ ကျွန်တော်တိုု့ မစ္စတာယဲ့ကို နည်းနည်းလောက်ပံ့ပိုးပေးကြမလား"
ဝမ်သာ့လီ ခေါင်းညိတ်လိုက်လေသည်။
"အကြံကောင်းပဲ"
...
မင်္ဂလာပွဲအခမ်းအနားတွင် ယဲ့ချန်းက ဆွေမျိုးများနှင့် မိတ်ဆွေများ၏စားပွဲဆီသို့ ချဉ်းကပ်သွားလိုက်သည်။
ဆွေမျိုးများအားလုံး သက်ပြင်းချလိုက်လေသည်။
"သတို့သမီးဘက်က စားပွဲတွေအများကြီးယူထားတာ ကြည့်စမ်းပါဦး။ ငါတို့ဘက်မှာတော့ ရှောင်ထောင်ရဲ့အတန်းဖော်တွေအပါအဝင် စားပွဲနှစ်လုံးစာပဲရှိတယ်။ စုတ်တီးစုတ်ပဲ့နိုင်လိုက်တာ"
ဦးလေးဖြစ်သူက ပြောလိုက်၏။
"အမလေး.. ငါတို့က သာမန်မိသားစုတွေလေ။ သူတို့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ထားလိုက်စမ်းပါ"
ထိုအချိန်တွင် သတို့သား၏ဆွေမျိုးများနှင့် သူငယ်ချင်းများက စကားစမြည်ပြောနေကြသည်။
"ဒီမင်္ဂလာပွဲက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ။ တစ်သန်းကျော်လောက်ကုန်ကျတယ်လို့ ကြားတာပဲ"
"အမှန်ပဲ။ သတို့သမီးရဲ့မိသားစုက အရမ်းချမ်းသာတာတဲ့။ ဒီကောင်တော့ ပွတာပဲ"
"ကျစ်.. သတို့သားက သိုက်တူးသမားပါကွာ"
သတို့သမီး၏ဆွေမျိုးနှစ်ယောက်က လူချမ်းသာမိန်းမတစ်ယောက်ကို လက်ထပ်ရသည့် ယဲ့ထောင်ကိုမြင်သောအခါ မနာလိုစိတ်ကြောင့် လှောင်ပြောင်ကြလေတော့သည်။
ဦးလေးဖြစ်သူကမူ ဒေါသထွက်ပြီး မျက်နှာပျက်သွားသည်။ အခြားဆွေမျိုးများလည်း ဒေါသထွက်ကုန်ကြသည်။
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဆွေမျိုးများနှင့် ခဏမျှစကားစမြည်ပြောပြီးနောက် ယဲ့ချန်းက သန့်စင်ခန်းသို့ အလျင်စလိုထွက်သွားလေသည်။
သန့်စင်ခန်းမှ ပြန်လာသောအခါ သူ့ထိုင်ခုံနေရာသို့ ပြန်သွားမည်အပြု ဝင့်ကြွားထည်ဝါစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့် ဝင်တိုက်မိသည်။
ထိုအမျိုးသမီးက တအံ့တဩရေရွတ်လိုက်သည်။
"ရှင် ကန်းနေတာလား။ လမ်းသွားတာကို ကြည့်မသွားဘူး"
ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။
"ကျွန်တော်က ကြည့်တယ်။ လူတစ်ယောက်မှ မမြင်ဘူး"
"လူတစ်ယောက်မှမမြင်ဘူး ဟုတ်လား။ ဒါဆို ကျွန်မကဘာလဲ"
ထိုအမျိုးသမီးက ဒေါသတကြီးပြန်ပက်သည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျုပ် လူတော့မမြင်ဘူး။ ဒါပေမဲ့ ဟောင်နေတဲ့ ခွေးတစ်ကောင်ကိုတော့ မြင်တယ်"
ထိုမိန်းကလေးကလည်း ယဲ့ချန်း၏လှည့်ကွက်ထဲတွင် ကျရောက်သွားကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
"ရှင်.. ဒါက ဘယ်လိုအပြုအမူမျိုးလဲ။ ရှင်က သတို့သားဘက်က ဆွေမျိုးမလား။ အမှိုက်တွေပဲ။ ငါတို့ရှောင်ကျွင်းက ဒီလိုအမှိုက်မိသားစုမျိုးနဲ့ ဘယ်လိုများဆုံသွားတာပါလိမ့်"
ထိုစကားကြောင့် ယဲ့မိသားစုဝင်များမှာ အသာငြိမ်မနေနိုင်တော့ချေ။
"ရာရာစစ ဒီလိုစကားမျိုး လာပြောရဲတယ်ပေါ့"
"ငါတို့ယဲ့မိသားစုကို အမှိုက်လို့ ပြောလိုက်တာပေါ့။ ဘာအဓိပ္ပာယ်လဲ သေချာရှင်းပြစမ်း"
ရုတ်ရုတ်သဲသဲမြင်ကွင်းကြောင့် လူတိုင်း၏အာရုံက ဤနေရာသို့ ရောက်လာသည်။
တင်းပေါ်က သတို့သမီးဘက်က မိတ်ဆွေတစ်ယောက်ဖြစ်နေချေသည်။ သတို့သားစားပွဲဘက်တွင် ယဲ့ချန်းထိုင်နေကြောင်း သူ ချက်ချင်းသတိထားမိလိုုက်သည်။
သေစမ်း... အဲဒါက ဦးလေးယဲ့မဟုတ်လား..
ဤဧည့်ခံပွဲတွင် တင်းပေါ်သည် ဟိတ်တစ်လုံးဟန်တစ်လုံး ထုတ်နေခဲ့သည်။
ယဲ့ချန်းကို မြင်လိုက်ရချိန်တွင်မူ သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး ဟိတ်ဟန်မထုတ်နိုင်တော့ပေ။
ယဲ့ချန်းကို ရန်သွားစနေသော မိန်းကလေးကိုကြည့်ရင်း တင်းပေါ်၏မျက်ဝန်းအစုံကား လင်းလက်သွားလေသည်။
ယခင်တုန်းက သူ ယဲ့ချန်းကို အပြစ်ပြုခဲ့သဖြင့် ဦးလေးယဲ့ထံတွင် မကောင်းသောအထင်အမြင်တစ်ခု ဖြစ်သွားခဲ့ရသည်။
ယခုအချိန်ကား ဦးလေးယဲ့ထံမှ မျက်နှာသာရနိုင်မည့် ရွှေရောင်အခွင့်အရေးကြီးတစ်ခုပင်။ သူ့အနေနှင့် မည်သို့လက်လွှတ်ခံနိုင်မည်နည်း။
ထိုအခိုက်ဝယ် ဟီလ်တန်ဟိုတယ်၏အထွေထွေမန်နေဂျာဝမ်သာ့လီက အမှုဆောင်အရာရှိများနှင့်အတူ ယဲ့ချန်းနားသို့ အမြန်ချဉ်းကပ်လာသည်။
တင်းပေါ်လည်း ချက်ချင်းဆိုသလို ပူပန်သွားရသည်။
သေစမ်း.. ဦးလေးယဲ့ကို ကပ်ဖားဖို့အတွက် ငါ့ထက်အရင် တခြားလူတစ်ယောက်က သွားနေပြီ..
မဖြစ်ဘူး.. အဲဒီလူကို အခွင့်အရေးမပေးနိုင်ဘူး...
တင်းပေါ်လည်း ချက်ချင်းထရပ်ပြီး ထိုအမျိုးသမီးကို ပါးရိုက်ချလိုက်သည်။
ရုတ်ခြည်းပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လူတစ်ယောက်ကို ပါးရိုက်ရဲသည်အထိ မည်သူကများ အတင့်ရဲလေသလဲ။
လူတိုင်းသည် အထွန့်တက်ရန်ပြင်လိုက်သော်ငြား တင်းပေါ်ဖြစ်နေကြောင်း တွေ့လိုက်ရသောအခါ အံ့အားသင့်ကုန်လေသည်။
တင်းပေါ်က သတို့သမီးဘက်ကဖြစ်၏။ အရေးအကြီးဆုံးအချက်မှာ တင်းပေါ်၏အဆင့်အတန်းမှာ မိုတုမြို့ရှိ နာမည်ကြီးသခင်လေးများအကြား နာမည်ကြီးလှပေသည်။
တင်းပေါ်ထံမှ ပါးရိုက်ခံလိုက်ရသဖြင့် ထိုမိန်းကလေးလည်း အံံ့အားသင့်သွားလေသည်။
တင်းပေါ် ဤအမျိုးသမီးကို သိသည်။ သူတို့ ညစာလည်း မကြာခဏစားဖြစ်သည်။ တွေ့တိုင်းလည်း နှုတ်ဆက်တတ်ကြသည်။ မည်သို့များ ယခုလိုအခြေအနေမျိုး ဖြစ်သွားရလေသလဲ။
တင်းပေါ်က သူ(မ)ကို ပါးရိုက်ပြီးသည့်တိုင် မကျေနပ်သေးပေ။
"သေစမ်း.. မစ္စတာယဲ့ရဲ့မိသားစုက မင်းစော်ကားလို့ရတယ်များ ထင်နေတာလား။ သေချင်နေလို့လား"
ထိုမိန်းကလေးခမျာ ပါးရိုက်ခံလိုက်ရသည့်အတွက် ဒေါသထွက်သွားသည်။
"တင်းပေါ် ရှင်ရူးနေပြီ။ ကျွန်မက ဘယ်သူလဲဆိုတာသိလား။ ကျွန်မက စုန့်မိသားစုဝင်တစ်ယောက်နော်။ ရှင်က ကျွန်မတို့စုန့်မိသားစုနဲ့ ရန်သူတွေဖြစ်ချင်လို့လား"
"သေလိုက်လေ။ ငါ မင်းကိုရိုက်တော့ ဘာဖြစ်လဲ။ စုန့်မိသားစုက သိပ်ကြီးကျယ်ခမ်းနားနေလို့လား။ မစ္စတာယဲ့ကို စော်ကားထားမှတော့ ငါက မင်းကို ထပ်ရိုက်ဦးမှာ"
ယဲ့ချန်းကြောင့်သာမဟုတ်ပါက တင်းပေါ်လည်း စုန့်မိသားစုကို နည်းနည်းကြောက်မိမည်သာ။ သို့သော် ယခုမူ ယဲ့ချန်းက ကျောထောက်နောက်ခံအဖြစ် ရှိနေသောကြောင့် တင်းပေါ် မကြောက်ပေ။
"ဦးလေးယဲ့က ငါ့ဦးလေးအရင်းလိုပဲ။ ဦးလေးယဲ့ကို ရန်စရဲတဲ့လူမှန်သမျှ ငါနဲ့တွေ့မယ်"
တင်းပေါ်ထံမှ ဆူပူမာန်မဲခံလိုက်ရသည့်အတွက် စုန့်ကျားခမျာ ရောင်ရမ်းနေသော သူ(မ)၏ပါးပြင်ကို အုပ်ကိုင်၍ ငိုပါလေတော့သည်။
ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားသည့် သူ(မ)ကို မိဘများပင် လက်မရွယ်ဖူးပေ။ ယနေ့တွင်မူ တင်းပေါ်ထံမှ ပါးရိုက်ခံခဲ့ရသည်။ သို့ဖြစ်လေရာ သူ(မ)အနေနှင့် မတရားသလို မခံစားမိဘဲ မနေနိုင်ချေ။
ထိုအခိုက်ဝယ် လူတစ်ယောက်က လူအုပ်ထဲမှ ထွက်လာပြီးနောက် ငိုယိုနေသော စုန့်ကျားကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။
ဤလူကား ငယ်ရွယ်သည့်တိုင် ဩဇာညောင်းလှလေသည်။
တန်ဖိုးကြီးဘရန်းများကို ဝတ်ဆင်ထားပြီး ရွှေကိုင်းတပ်မျက်မှန်ကို ဝတ်ဆင်ထားသည့် သူသည် ကြမ်းတမ်းခက်ထန်မှုနှင့် ပညာရှင်ဆန်သော အသွင်အပြင်ကို ပေါင်းစပ်ထားသည်။
သူသည် စုန့်ကျား၏ဝမ်းကွဲ စုန့်သုန်းပင်။
စုန့်သုန်းက မိုတုမြို့တွင် တင်းပေါ်လိုပင် လုပ်ငန်းစုများစွာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မိုတုမြို့ရှိ သခင်လေးများထဲမှ တစ်ယောက်ပင်။
သူက အေးစက်ခက်ထန်သော အကြည့်များဖြင့် တင်းပေါ်ကို ကြည့်လိုက်၏။
"တင်းပေါ်.. မင်း လွန်သွားပြီနော်"
•••••••••••••••••••