← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အပိုင်း ၃၁၀ : ယဲ့ချန်း ဝင်ပါခြင်း

စုန့်သုန်း၏ဂုဏ်သတင်းက မိုတုမြို့ထဲတွင် တင်းပေါ်နှင့် ယှဉ်နိုင်သည့်အပြင် တစ်ဆင့်ပင် မြင့်သေးသည်။

သူသည် သတို့သမီး၏မိသားစုကို ကြွားလုံးထုတ်နေချိန်မှာပင် သူ့ဝမ်းကွဲညီမက အရိုက်ခံလိုက်ရသည်။

စုန့်မိသားစုဝင်တစ်ယောက်အနေနှင့် စုန့်သုန်းသည် ဤကဲ့သို့ ကြွားလုံးထုတ်နိုင်မည့် အခွင့်အရေးကြီးတစ်ခုကို မည်သို့နှယ် လက်လွှတ်ခံနိုင်မည်နည်း။

စုန့်သုန်းက ဂုဏ်ယူဝင့်ကြွားလေဟန်အကြည့်ဖြင့် တင်းပေါ်ကို စိုက်ကြည့်လိုက်သည်။

စုန့်မိသားစုဝင်များနှင့် သတို့သမီး၏မိသားစုများလည်း ချက်ချင်းဆိုသလို ခေါင်းထောင်လာကြသည်။

စုန့်သုန်း ဝင်ပါလာပြီဖြစ်ရာ ဤကိစ္စမှာ သေချာပေါက်ဖြေရှင်းနိုင်တော့မည်သာ။

"စုန့်သုန်းဆိုတာ ဒီလိုကိုး။ သူ့အရှိန်အဝါက ပြိုင်ဘက်ကင်းတယ်နော်"

"မင်းသိလား။ စုန့်သုန်းက သာမန်သူဌေးသားတွေနဲ့ မတူဘူး။ သူက အသက်ငယ်ပေမဲ့ နိုင်ငံခြားမှာတောင် စီးပွားရေးလုပ်နေပြီ။ နိုင်ငံခြားမှာရော ပြည်တွင်းမှာပါ သူ့လုပ်ငန်းတွေမှ အများကြီးရှိတယ်"

"စုန့်သုန်းက အရမ်းချောတာပဲ။ သူက မိုတုမြို့က လူငယ်မျိုးဆက်တွေကြားမှာ ခေါင်းဆောင်တစ်ယောက်ပါပဲ"

စုန့်သုန်း၏ရုပ်ရည်မှာ အလွန်တရာအဆင့်အတန်းမြင့်လှသဖြင့် မိန်းကလေးများ၏မျက်ဝန်းများမှာ ဖိတ်ဖိတ်လက်နေချေသည်။

စုန့်သုန်း၏အမြင်တွင်မူ တင်းပေါ်က သူ့အဖေကို မှီခိုနေရသည့် သာမန်သူဌေးသားတစ်ယောက်သာသာဖြစ်ပြီး သူ့အဆင့်ကို လိုက်မမီနိုင်ချေ။

"ငါတို့စုန့်မိသားစုကို အနိုင်ကျင့်ရဲတယ်ဆိုတော့ မင်း တော်တော်အတင့်ရဲတာပဲ တင်းပေါ်"

စုန့်သုန်း ဝင်ပါလာကြောင်း မြင်လိုက်ရချိန်တွင် စုန့်ကျားလည်း ပူဆွေးလေဟန်ဖြင့် သူ့ဆီသို့ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြေးသွားလိုက်၏။

"အစ်ကိုသုန်း.. ကျွန်မအတွက် လက်စားချေပေးရမယ်နော်"

စုန့်သုန်းကလည်း စုန့်ကျား၏ခေါင်းလေးကို တယုတယပုတ်ပေးပြီးနောက် တင်းပေါ်ကိုကြည့်လိုက်သော အကြည့်ကား အေးစက်သွားလေသည်။

"မပူနဲ့။ အစ်ကိုသုန်းရှိရင် မင်းကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး"

ထိုနေရာရှိလူတိုင်းလည်း အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

"အစ်ကိုသုန်းလို့ ခေါ်ထိုက်ပါပေတယ်။ အရမ်းမိုက်တာပဲ"

"ဟုတ်ပါ့။ ဒါကမှ တကယ့်ဒိတ်ဒိတ်ကြဲလို့ခေါ်တာ"

"ခုနုန်းက သူ့မှာ နိုင်ငံခြားနဲ့ ပြည်တွင်းမှာ သန်းပေါင်းများစွာတန်တဲ့ ပိုင်ဆိုင်မှုတွေရှိတယ်လို့ ပြောနေတာ။ သူက သူ့ကိုယ်သူအားကိုးတာ။ အဖေ့အားကိုးနဲ့ တက်လာတာမဟုတ်ဘူး"

"ဟုတ်တယ်။ အစ်ကိုသုန်းက မိုက်လိုက်တာ။ သူကမှ မိုတုမြို့ရဲ့ ထိပ်တန်းသခင်လေးတစ်ယောက်ပဲ"

"အစ်ကိုသုန်းက အရှက်သိက္ခာကို တန်ဖိုးထားတယ်။ လူတစ်ယောက် သူ့ညီမကို အနိုင်ကျင့်လိုက်တာဆိုတော့ အစ်ကိုသုန်းကလည်း ဘယ်ငြိမ်နေပါ့မလဲ"

စုန့်သုန်းဝင်ပါလာသည်ကိုမြင်သော် တင်းပေါ်လည်း ခေါင်းခဲသွားရသည်။

ဒီလူက ဒီမှာဘာလာလုပ်တာလဲ...

စုန့်ကျားကို ရိုက်မိသဖြင့် စုန့်သုန်းကဲ့သို့သော လူကုံထံတစ်ယောက် ဝင်ပါလာလိမ့်မည်ဟု သ လုံးဝထင်မထားပေ။ တစ်ဖက်လူသည် သူ့ထက်ပင် ပိုအင်အားကြီးသည်။

အမှန်အတိုင်းပြောရလျှင် စုန့်သုန်း၏အာဏာနှင့် ကျော်ကြားမှုမှာ သူ့ထက် တစ်ဆင့်ပိုမြင့်သည်။

ပုံမှန်သာဆိုလျှင် တင်းပေါ်လည်း နောက်ဆုတ်သွားသည်မှာ ကြာလှလေပြီ။ သို့သော် ဤတစ်ခေါက်တွင်မူ နောက်တွန့်မသွားပေ။

အကြောင်းမှာ သူ့တွင်လည်း ကျောထောက်နောက်ခံရှိသည်။ ထိုကျောထောက်နောက်ခံကား ယဲ့ချန်းပင်တည်း။

ယဲ့ချန်းက ဘယ်သူလေလဲ။

မိုတုမြို့ထဲရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တိုင်း သူ့ကို ကြောက်ကြသည်။

စုန့်သုန်း.. ဟားဟား ဦးလေးယဲ့ရှိနေမှတော့ မင်းကို ငါက ကြောက်စရာလား...

ဤတစ်ခေါက်တွင် တင်းပေါ် နောက်မဆုတ်ပါဘဲ ခပ်မတ်မတ်ရပ်၍ စုန့်သုန်းကို အေးတိအေးစက်စိုက်ကြည့်လိုက်သည်။

"ဪ.. ဒီတော့ ရိုင်းစိုင်းတဲ့ ဒီကောင်မလေးက မင်းရဲ့ဝမ်းကွဲကိုး စုန့်သုန်း.. အိမ်ပြန်ပြီး မင်းညီမကို ကောင်းကောင်းဆုံးမလိုက်။ သူ့ကို ခွေးတစ်ကောင်လို လိုက်ဟောင်နေအောင် လွှတ်မထားနဲ့"

စုန့်ကျာ အံတင်းတင်းကြိတ်လိုက်လေသည်။

"ငါ့ဘာသာ သတို့သားမိသားစုကို ပြောဆိုနေတာ ဘာဖြစ်လို့လဲ။ သူတို့က ဆင်းရဲသားတစ်သိုက်ပဲလေ။ သူတို့ကို ဆူလို့မရဘူးလား။ ပြီးတော့ ရှင်ကလည်း သတို့သမီးဘက်ကမလား။ ကျွန်မကို ဘာလို့ရိုက်တာလဲ။ အစ်ကိုသုန်း..ကျွန်မအတွက် လက်စားချေပေးရမယ်နော်"

စုန့်သုန်း၏မျက်နှာမှာ ဒေါသထွက်နေဟန်တူသော်ငြား စိတ်ထဲတွင်မူ စိတ်လှုပ်ရှားတက်ကြွနေချေသည်။

ဤတစ်ခေါက် မိုတုမြို့တွင် သူ့အာဏာကို တည်ထောင်ရန် အဆင်သင့်ပြင်ထားသည်။ တင်းပေါ်နှင့် သူက အဆင့်ချင်းမတူချေ။ နမူနာပြရန်အတွက် တင်းပေါ်ကိုအသုံးချဖို့ ဆုံးဖြတ်လိုက်သည်။

ဤတစ်ခေါက်တွင် တင်းပေါ်ကိုသာ ဆုံးမနိုင်ခဲ့ပါက မိုတုမြို့ထဲရှိ အခြားမည်သူကမှ သူ့ကို အာခံရဲတော့မည်မဟုတ်။

ဤမင်္ဂလာပွဲတွင် သူ့ကလွဲပြီး အခြားမည်သူကများ မောက်မာနိုင်မည်နည်း။ သူသည်သာ အကြွင်းမဲ့အာဏာရှိသူပင်။

စုန့်သုန်းက သူ့ညီမအတွက် လက်စားချေပြီး သူ့အာဏာကို တည်ဆောက်ရန်အတွက် တင်းပေါ်ကို ရက်ရက်စက်စက်ရိုက်နှက်ပစ်ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။

ထိုအခိုက်ဝယ် ယဲ့ထောင်နှင့်သတို့သမီးက ဤအဖြစ်အပျက်ကိုမြင်သွားပြီး အနားသို့ အလောတကြီးရောက်ချလာသည်။

"သခင်လေးစုန့်.. သခင်လေးတင်း.. စိတ်အေးအေးထားကြပါ။ ကျွန်မမျက်နှာကိုထောက်ပါဦး"

ယဲ့ထောင်လည်း စုန့်သုန်းကိုသိသည်။ ဤလူက ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်ပြီး အလွန်အင်အားကြီးသည်ဟု သိရသည်။

တင်းပေါ်ကလည်း မိုတုမြို့တွင် မြို့မျက်နှာဖုံးတစ်ယောက်ဖြစ်သည်။ အကယ်၍ သူတိုု့သာ ဤမင်္ဂလာပွဲတွင် စကားများရန်ဖြစ်ကြပါက သူ့အနေနှင့် နှစ်ဖက်စလုံးကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။

ထို့ပြင် ဤကိစ္စက ယဲ့မိသားစုဘက်က စတင်သောကိစ္စပင်။ ထို့ကြောင့် ယဲ့မိသားစု၏ဆွေမျိုးများပါ ပါဝင်ပတ်သက်နေမည်ကို ယဲ့ထောင် စိတ်ပူနေမိသည်။

စုန့်သုန်းက အေးစက်မာကျောစွာ နှာခေါင်းရှုံ့လိုက်၏။

"မျက်နှာထောက်ရမှာလား။ ငါက မင်းမျက်နှာကို ထောက်ထားရမယ်လို့ လာပြောနေတာလား"

သတို့သမီးလီရော့လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ စုန့်သုန်းက ရန်စရမည့်လူတစ်ယောက်မဟုတ်ကြောင်း သူ(မ)သိသဖြင့် ခပ်ဟဟရယ်လိုက်မိသည်။

"အစ်ကိုသုန်း.. ဒါက ကျွန်မနဲ့ထောင်ဇီရဲ့မင်္ဂလာပွဲပါ။ ကောင်းကောင်းမွန်မွန်ပြောဆိုပြီးဖြေရှင်းကြတာပေါ့"

စုန့်သုန်း၏အကြည့်က အန္တရာယ်အရိပ်များ ပြည့်နှက်သွားလေသည်။

"ကောင်းကောင်းမွန်မွန်ပြောမှာလား။ ငါ့ဝမ်းကွဲ အရိုက်ခံလိုက်ရတာနော်။ ဒါနဲ့များ ကောင်းကောင်းမွန်မွန်ပြောရမှာတဲ့လား။ ငါ မင်းရဲ့မျက်နှာကို ထောက်ထားနိုင်တယ်။ တင်းပေါ်.. ကိုယ့်ပါးကိုယ် ဆယ်ချက်ရိုက်မယ်ဆိုရင် ငါ မင်းကိုလွှတ်ပေးမယ်"

"ကိုယ့်ပါးကိုယ် ဆယ်ချက်ရိုက်ရမှာလား"

ဤစကားကိုကြားသော် လူတိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။

တင်းပေါ်ကလည်း မိုတုမြို့ထဲရှိ သခင်လေးတစ်ယောက်ကြောင်း လူတိုင်းသိသည်။ လူအများကြီးရှေ့တွင် ကိုယ့်ပါးကိုယ်ရိုက်ရန်မှာ မဖြစ်နိုင်ပေ။

စုန့်သုန်းက လီရော့ကို မျက်နှာပေးနေဟန်တူသော်ငြား တကယ်တမ်းတွင် ဤကိစ္စကို အကျယ်တဝင့်လုပ်ချင်နေကြောင်း သိသာလှသည်။

စုန့်သုန်း၏လုပ်ရပ်ကြောင့် လူတိုင်း တိတ်တိတ်လေးခေါင်းခါမိကြသည်။

ဤသည်မှာ သူများမင်္ဂလာဆောင်ပင်။ ဘာပြဿနာရှိရှိ နောက်မှဖြေရှင်း၍ရနိုင်သည်။ သတို့သားနှင့် သတို့သမီးက တောင်းပန်နေသည့်ကြားက ပြဿနာကို ပိုကြီးအောင်လုပ်နေခြင်းမှာ မသင့်တော်ပေ။

ထို့ပြင် သူ့ညီမဘက်က ပါးစပ်သရမ်းထားသည်မှာ သိသာလှသည်။ သူ(မ)သည် သတို့သား၏ဆွေမျိုးများကို စော်ကားထားသည်ဖြစ်ရာ ပါးရိုက်ခံရသည်မှာ တန်ပေသည်။

စုန့်သုန်း၏စကားကိုကြားသောအခါ တင်းပေါ် ဒေါသတကြီးမျက်ခုံးပင့်လိုက်မိသည်။

စုန့်သုန်းဘက်က ဗိုလ်ကျလွန်းအားကြီးသည်။

လူကြားထဲတွင် ကိုယ့်ပါးကိုယ်ရိုက်ခိုင်းခြင်းမှာ တင်းပေါ်ကို လေးစားမှုမရှိခြင်းပင်။

လူတိုင်းက ဒိတ်ဒိတ်ကြဲမိသားစုဝင်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကြားတွင် အပြန်အလှန်လေးစားမှုတစ်မျိုးတော့ အမြဲရှိကြသည်။

သို့သော် ဤကောင်စုတ်ကမူ ဘာလေးစားမှုမှမရှိပါဘဲ သူ့ကို လူကြားထဲတွင် အရှက်ခွဲနေခြင်းမှာ လွန်လွန်းလှသည်။

သူဌေးသားများကြားတွင် မည်မျှပင် စကားများနေပါစေ သိက္ခာတော့ဆည်ရမည်သာ။ အကြောင်းမှာ သူတို့သည်က ကိစ္စများကို အကျယ်တဝင့်လုပ်ရာမှ မိသားစုအတွက် ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

တင်းပေါ်လည်း ဤတစ်ခေါက်တွင် အနည်းငယ်စိုးရိမ်သွားရသည်။

သို့သော် ယဲ့ချန်းကို သူ လှည့်ကြည့်လိုက်မိသည်။

ယဲ့ချန်းက တင်းပေါ်၏တွေဝေတုံ့ဆိုင်းမှုကို သတိထားမိသဖြင့် မတ်တတ်ထရပ်ကာ တင်းပေါ်ရှေ့သို့ လျှောက်သွားလိုက်သည်။

"သခင်လေးတင်း.. ခင်ဗျားက ကျုပ်တို့ယဲ့မိသားစုဘက်က ဝင်ပြောပေးခဲ့တာမို့ ကျုပ် ယဲ့ချန်း ဒီအကူအညီကို မှတ်ထားပါ့မယ်။ အခုကစပြီး ဒီကိစ္စကို ကျုပ်ပဲ ဖြေရှင်းလိုက်တော့မယ်"

ယဲ့ချန်း၏စကားကိုကြားသော် တင်းပေါ်၏ရင်ထဲတွင် နွေးခနဲဖြစ်သွားရပြီး မျက်ရည်ကျလုမတတ်ပင်။

အစောက သူ အမှန်တကယ် အကျပ်ရိုက်နေခြင်းပင်။ စုန့်မိသားစုကို ဆက်အာခံနေမည်ဆိုလျှင် ပဋိပက္ခများ ဖြစ်သွားစေနိုင်သည်။

ယခုအချိန်တွင် ယဲ့ချန်း ရှေ့ထွက်လာခြင်းမှာ သူ့အတွက် ကယ်တင်မှုတစ်ခုပင်တည်း။ ယခုမူ အစောပိုင်းတုန်းက သူ့လုပ်ရပ်များက လုပ်ရကျိုးနပ်သွားသလို တင်းပေါ် ခံစားလိုက်ရသည်။ စုန့်သုန်းကို အပြစ်ပြုမိလည်း ဘာဖြစ်သေးလဲ။ ယဲ့ချန်းနှင့်ပတ်သက်နိုင်ပြီး ယဲ့ချန်း၏မျက်နှာသာပေးမှုကို ရရှိပါက အရာအားလုံး ထိုက်တန်သည်သာ။

အစောကပင် တင်းပေါ်မှာ အလွန်စိုးရိမ်ကြောင့်ကြနေမိသည်။

ယဲ့ချန်းက သူ့အား လျစ်လျူရှုထားလျှင် သူ့အနေအထားက အလွန်ကိုးရိုးကားရားဖြစ်သွားမည်ကို စိုးရိမ်ခဲ့ရသည်။

ဤကဲ့သို့သောအခြေအနေမျိုးတွင် မိသားစု၏ကောင်းကျိုးအတွက် သူ သေချာပေါက်အလျှော့ပေးရမည်သာ။

ထိုသို့ဆိုလျှင် နောက်နောင် မိုတုမြို့ထဲတွင် မျက်နှာပြရဲတော့မည်မဟုတ်ပေ။

သို့သော် ယဲ့ချန်းက ရှေ့ထွက်လာသည်။

တစ်ဖက်လူက သူ့အတွက် ရှေ့ထွက်လာခြင်းမှာ အစ်ကိုကြီးများ၏လုပ်ရပ်ပင်။

တင်းပေါ်မှာ လောင်းကြေးထပ်တာ နေရာမှန်သွားသလို ခံစားလိုက်ရသည်။

ယဲ့ချန်းကမူ စုန့်သုန်းအနားသို့ ချဉ်းကပ်သွားသည်။

"မင်းက စုန့်သုန်းလား။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါရစေ။ ငါက ယဲ့ချန်းပါ။ ဒီနေ့တော့ မင်း တင်းပေါ်ကို ကျေးဇူးတင်သင့်တယ်။ သူ့ကြောင့်သာမဟုတ်ရင် ဒီကိစ္စက ပါးနှစ်ချက်တည်းနဲ့ ပြီးသွားမှာမဟုတ်ဘူး။ သူက သတို့သားရဲ့ဆွေမျိုးတွေကို လူရှေ့မှာ စော်ကားခဲ့တဲ့အတွက် အရိုက်ခံရတာဆိုတော့ သူ ပါးစပ်သရမ်းလို့အရိုက်ခံရတာ တန်ပါတယ်"

ယဲ့ချန်း၏စကားများကြောင့် လူတိုင်း ကျွက်ကျွက်ညံသွားချေသည်။

စုန့်ကျား၏လုပ်ရပ်များက လွန်ကဲလွန်းသည်မှာ မှန်ပေသည်။ အစတုန်းက သူ(မ)ဘက်က သူများကို အရင်ဦးစွာ မာန်မဲခဲ့ခြင်းဖြစ်လေရာ သူ(မ)၏အမှားပင်။ သို့တိုင် ဤလူက ထိုအကြောင်းကို ပြန်ပက်နေချေသည်။

စုန့်သုန်း စဉ်းစားလိုက်မိသည်။

မိုတုမြို့ထဲတွင် ယဲ့ချန်းဟုခေါ်သော လုပ်ငန်းရှင်တစ်ယောက်ရှိဟန်မတူပေ။ ထို့ကြောင့် သူ့မျက်နှာအမူအရာကား တစ်ဖန်ကြမ်းတမ်းခက်ထန်သွားပြန်လေသည်။

သူ့ဝမ်းကွဲ၏စရိုက်ကို သူ ကောင်းကောင်းသိသည်။ သူဝင်ပါရသည့် အကြောင်းအရင်းမှာ လူကြားထဲတွင် ကြွားလုံးထုတ်ချင်သောကြောင့်ပင်။

ထို့ပြင် စုန့်မိသားစုဝင်တစ်ယောက်ကို ရိုက်နှက်ခြင်းမှာ စုန့်မိသားစု၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။ စုန့်သုန်းက အရှက်သိက္ခာကို အလွန်တန်ဖိုးထားသည်။

ယခုမူ ယဲ့ချန်းက ဝင်ပါလာပြီဖြစ်ရာ သူ့အနေနှင့် ယဲ့ချန်းကိုလည်း မျက်နှာသာမပေးနိုင်ပေ။

ဒီနေရာမှာ ငါက ဘော့စ်ပဲ...

ရှေ့ထွက်ရဲတဲ့ဘယ်သူမဆို အရှက်ခွဲခံရမယ်...

ဝင်ပြောရဲတဲ့ဘယ်သူမဆို နင်းခြေခံရမယ်....

••••••••••••••••

အပိုင်း ၃၁၁ - ယဲ့ချန်း၏သရုပ်မှန်ကို ထုတ်ဖော်ခြင်း

စုန့်သုန်းက အေးစက်မာကျောစွာပြောလိုက်လေသည်။

"ငါ့ဝမ်းကွဲက အဲဒီလိုပြောတော့ရော ဘာဖြစ်လဲ။ သူက အမှန်တရားကိုပြောတာပဲ။ ဒါပေမဲ့ တင်းပေါ်က လူတစ်ယောက်ကိုရိုက်လိုက်တာတော့ မှားတယ်။ ဒီကိစ္စကို ဒီနေ့ ဖြေရှင်းချင်တယ်ဆိုရင် တင်းပေါ်ကို ကိုယ့်ပါးကိုယ်ရိုက်ခိုင်းမှဖြစ်မယ်"

မောက်မာပြီး အထက်စီးဆန်ကာ ညှိနှိုင်းခွင့်မပေးချေ။ စုန့်သုန်း၏စရိုက်က အလွန်မောက်မာလှ၏။

ယဲ့ချန်း၏အကြည့်ကား အေးစက်စက်နိုင်သော စုန့်သုန်း၏အကြည့်နှင့် ပက်ပင်းတိုးချိန်ဝယ် အေးစက်ခက်ထန်နေတော့သည်။

"ဒီလိုဆိုရင် ထပ်ပြောနေစရာမလိုတော့ဘူးပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တင်းပေါ်အတွက် ငါ တာဝန်အပြည့်ယူတယ်။ ခွန်အားနဲ့ပဲ စကားပြောကြတာပေါ့"

စုန့်သုန်းက သရော်လေတော့သည်။

"ကောင်းပြီလေ။ ငါကလည်း ပြိုင်ဘက်ကို ခွန်အားသုံးပြီး ဖိနှိပ်ရတာကို သိပ်ကြိုက်တာ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကြည့်ရတာတော့ အဲဒီအပိုင်းမှာ ငါတို့ သဘောထားချင်းတူကြပုံပဲ"

ယဲ့ချန်း၏မောက်မာမှုကို မြင်သောအခါ စုန့်သုန်း၏မျက်လုံးများမှာ မည်းခနဲဖြစ်သွားလေသည်။

ယဲ့ချန်းထုတ်လွှတ်နေသော မောက်မာမှုက အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် သူ့အား စိုးရိမ်ထိတ်လန့်စေသည်။

ယဲ့ချန်းက ဘယ်သူလဲ။ တင်းပေါ်ကရော သူ့အတွက်နှင့် လက်အောက်ငယ်သားတစ်ယောက်နှယ် ဘာကြောင့် ဝင်ပါရလေသလဲ။ သူက တင်းပေါ်ထက် ပိုအင်အားကြီးနေခြင်းမျိုးလား။

သို့သော် မိုတုမြို့ထဲရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တိုင်းကို စုန့်သုန်းသိသည်။ ယဲ့ချန်းကိုမူ သူ ကြားပင်မကြားဖူးချေ။

အရေးအကြီးဆုံးမှာ မိုတုမြို့ထဲရှိ လူကုံထံအသိုင်းအဝိုင်းထဲတွင် သူ့အဆင့်အတန်းက နာမည်ကြီးလှသည်။

သူ မည်မျှဩဇာရှိသလဲဆိုသည်ကို သိနေသည့်တိုင် မောက်မာနေနိုင်သည်မှာ ဤလူ့တွင်လည်း နောက်ခံတစ်ခုခုရှိနေပေလိမ့်မည်။

စုန့်သုန်း၏စိတ်ထဲဝယ် ကြက်သီးတဖြန်းဖြန်းထသွားလေသည်။

သို့သော် ခပ်မြန်မြန်ပင် တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

ဖြုံဖို့ကောင်းသတဲ့လား။ မိုတုမြို့ထဲတွင် သူ့ထက် ဖြုံဖို့ကောင်းသူမှာ ဘယ်နှယောက်များ ရှိနိုင်မည်နည်း။

မည်မျှပင်ကြီးမြတ်စေကာမူ သူ့ထက်တော့ ကြီးမြတ်နိုင်မလား။

ယုံကြည်မှုလွန်ကဲခြင်းကြောင့် စုန့်သုန်းခမျာ ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွားရလေသည်။

စုန့်သုန်းက ယဲ့ချန်းကို အေးစက်ခက်ထန်စွာ ကြည့်လိုက်သည်။

"ချာတိတ်.. မင်း ဒီကိစ္စကို ရှေ့ဆက်ချင်တယ်ဆိုမှတော့ အဖိုးအခပြန်ပေးဆပ်ဖို့ ပြင်ထားလိုက်"

သူ့ဘေးရှိ စုန့်ကျားကမူ မာန်တက်ပြနေချေသည်။

"ဟေ့လူ.. ရှင်တော့သေပြီပဲ။ အစ်ကိုသုန်းက ရှင့်ကို အလွတ်ပေးမှာမဟုတ်တော့ဘူး။ ရှင်တော့ အသေဆိုးနဲ့သေရတော့မယ်ဆိုတာ ကျွန်မ အာမခံရဲတယ်"

ထိုမောင်နှမနှစ်ယောက်၏ သင်္ကြန်အမြောက်နှယ် အပြုအမူကြောင့် ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

စုန့်သုန်းလည်း နှာခေါင်းရှုံ့လျက် သူ့ညီမနှင့်အတူ ထွက်သွားလေတော့သည်။

ထိုနေရာရှိ လူအုပ်ကြီးမျာ စုန့်သုန်းတစ်ယောက် ဒေါနှင့်မောနှင့်ထွက်သွားသည်ကိုမြင်သော် ပင့်သက်ရှိုက်လိုက်မိကြသည်။

စုန့်သုန်းနှင့် ရင်းနှီးသူများကတော့ ယဲ့ချန်းတစ်ယောက် သူ့ကို အပြစ်ပြုမိလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

ထို့ပြင် စုန့်သုန်းဘက်က ဤကိစ္စကို အသာလွှတ်ထားမည်မဟုတ်ပေ။

စုန့်သုန်း၏အင်အားကို မိုတုမြို့ထဲရှိလူတိုင်း သိထားကြသည်။ သို့သော် ယဲ့ချန်းကိုမူ မည်သူမှ မကြားဖူးကြပေ။

ယဲ့ချန်းက ခပ်လျှိုလျှိုသာ နေတတ်သဖြင့် ထိပ်တန်းလုပ်ငန်းရှင်များသာ သူ့အကြောင်းသိကြသည်။ ယဲ့ချန်း၏နောက်ခံအင်အားက မည်မျှတောင့်တင်းကြောင်း သူတို့ မည်သို့သိနိုင်မည်နည်း။

"ဟူး.. ဒီကောင်လေးက ပြဿနာကို လက်ယပ်ခေါ်နေတာပဲ။ ဒီတစ်ခေါက်တော့ သူသွားပြီ"

"တင်းပေါ်တောင်မှ စုန့်သုန်းကို ကြောက်ရတာလေ။ ဒီယဲ့ချန်းက အလကားဝင်ပါပြီး ကိုယ့်သေတွင်းကိုယ်တူးရသလား"

"ဒါက ကြီးကျယ်မြင့်မြတ်ချင်ယောင်ဆောင်လို့ မျက်နှာဖြတ်ရိုက်ခံရတာ။ ပွဲကိုပဲ စောင့်ကြည့်ကြတာပေါ့"

စုန့်သုန်းကို အပြစ်ပြုမိသည့်အတွက် ယဲ့ချန်းတော့သွားပြီဟုသာ လူတိုင်းနီးပါး တွေးမိကြသည်။

ယဲ့ထောင်ခမျာ အလွန်နေရခက်သွားလေသည်။

အဆုံးတွင်မူ ဤကိစ္စမှာ ယဲ့မိသားစုကြောင့် ဖြစ်လာခြင်းပင်။

သတို့သမီးလီရော့ကမူ သက်ပြင်းချလိုက်မိသည်.

"ရှောင်ထောင် စိတ်မပူနဲ့။ ကျွန်မအဖေကိုရှေ့ထွက်ပြီး ရှင့်ဝမ်းကွဲအစား တောင်းပန်ခိုင်းလိုက်မယ်။ အကုန်အဆင်ပြေသွားမှာပါ"

ယဲ့ထောင်လည်း ခေါင်းညိတ်ပြလိုက်၏။

"မင်းက အတော်ဆုံးပဲ အချစ်"

သို့သော် ထိုအချိန်မှာပင် ဝမ်သာ့လီက ဟီလ်တန်ဟိုတယ်၏ အမှုဆောင်များကို ဦးဆောင်၍ ဧည့်ခံပွဲအခမ်းအနားသို့ ဝင်ရောက်လာသည်။

ဝမ်သာ့လီကိုမြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

ဝမ်သာ့လီက ဘာကြောင့် ဤနေရာသို့ ရောက်လာလေသလဲ။

ဟီလ်တန်ဟိုတယ်၏မန်နေဂျာဖြစ်သူ ဝမ်သာ့လီက မိုတုမြို့တွင် ဂုဏ်သတင်းကြီးမားလှသည်။

လူအရေအတွက်နည်းပါးသောကြောင့် ယဲ့မိသားစုကို တစ်စုံတစ်ယောက်က လှောင်ပြောင်သရော်လိုက်ကြောင်း ကြားသိရသောအခါ ဝမ်သာ့လီလည်း ကုမ္ပဏီရှိ အမှုဆောင်ဒါရိုက်တာများကို ချက်ချင်းလူစုခိုင်းလိုက်သည်။

သူဌေးဖြစ်သူ၏ဂုဏ်သိက္ခာကို မည်သည့်နည်းလမ်းနှင့်မဆို မြှင့်တင်ရမည်။

ခမ်းနားလှသော ဤမြင်ကွင်းကို မြင်လိုက်ရချိန်ဝယ် လီရော့နှင့် ယဲ့ထောင်တို့မှာ အကြောင်သားဖြစ်သွားလေသည်။

ဘာတွေဖြစ်နေတာလဲ...

ထိုအခိုက်ဝယ် ဝမ်သာ့လီက ယဲ့ချန်းအနားသို့ လျှောက်လာသည်။ ထိုလူများက အတန်းလိုက်တန်းစီလိုက်ကြသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

ဥက္ကဋ္ဌယဲ့တဲ့လား...

ထိုနေရာတစ်ခုုလုံး တိတ်ဆိတ်သွားလေတော့သည်။

လူတိုင်း ကြက်သေသေသွားလေသည်။

ယဲ့ချန်းလည်း အံ့အားသင့်သွားသည်။

"ခင်ဗျားက ဘယ်သူလဲ"

ဝမ်သာ့လီက ပြုံးပြလိုက်သည်။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျားက ဟီလ်တန်ဟိုတယ်ရဲ့ ဒုတိယရှယ်ယာအများဆုံး ရှယ်ယာရှင်တစ်ယောက်ဖြစ်သွားပြီဆိုတာ ကျွန်တော်တို့ သတင်းရထားပါတယ်။ ကျွန်တော်တို့က ခင်ဗျားကိုနှုတ်ဆက်ဖို့ အမှုဆောင်တွေကို ခေါ်လာခဲ့တာပါ။ ခင်ဗျားရဲ့ဝမ်းကွဲက ကျွန်တော်တို့ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပနေမှန်းသိလိုက်ရလို့ ဂုဏ်ပြုပေးဖို့ ရောက်လာတာပါ"

"ဪ အဲဒီလိုကိုး"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့၏စကားများကို ကြားလိုက်ရသည့်အခါ ယဲ့ထောင် ထိတ်လန့်သွားလေသည်။

လီရော့လည်း အလန့်တကြားဖြစ်သွားသည်။

တင်းပေါ်လည်း လန့်ဖျပ်သွားသည်။

ထိုနေရာရှိ ဧည့်သည်များအားလုံးလည်း ကြက်သေသေကုန်ကြသည်။

တချို့မှာ သတိလက်လွတ်ဖြင့် ဖန်ခွက်များပင် လွတ်ကျကုန်သည်။

ဥက္ကဋ္ဌယဲ့တဲ့လား...

ဟီလ်တန်ဟိုတယ်၏ ဒုတိယရှယ်ယာအများဆုံးလူတဲ့...

အထူးသဖြင့် တင်းပေါ်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

သူသည် ယဲ့ချန်း၏နောက်ခံအင်အားတချို့ကို သိထားသော်ငြား ဤပိုင်ဆိုင်မှုအကြောင်းကိုမူ လုံးဝမသိထားပေ။

ဟီလ်တန်ဟိုတယ်၏ ဒုတိယရှယ်ယာအများဆုံးလူအနေနှင့် နှစ်စဉ်အမြတ်ငွေမှာ ဘီလျံနှင့်ချီသည်။

အစတုန်းက လူတိုင်းသည် ယဲ့ချန်းကို သက်သက်ကြွားနေသည်ဟုသာထင်ပြီး လျှော့တွက်ခဲ့ကြသည်။

ယခုမူ သူ့သရုပ်မှန် ထွက်ပေါ်လာပြီဖြစ်ရာ လူတိုင်း ကြောင်အကုန်သည်။

ဝမ်သာ့လီလည်း ယဲ့ချန်းကို တလေးတစားပြောလိုက်သည်။

"မစ္စတာယဲ့.. ယဲ့ထောင်က ခင်ဗျားရဲ့ညီမှန်း မသိလိုက်ဘူး။ သူတို့တွေ ခင်ဗျားညီဆီက အခကြေးငွေအပြည့်တောင်းတယ်လို့ ကြားလိုက်ရတုန်းကတောင် ကျွန်တော် လက်ထောက်မန်နေဂျာကို ဆူထားသေးတယ်။ ခင်ဗျားညီရဲ့ကုန်ကျစရိတ်တွေအားလုံးကို ကျွန်တော် ငါးဆယ်ရာခိုင်နှုန်းပဲ လက်ခံပါ့မယ်"

အမလေး...

ဝမ်သာ့လီ၏စကားကြောင့် လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။

ဟီလ်တန်ဟိုတယ်သည် မိုတုမြို့ထဲရှိ ပထမတန်းစားဟိုတယ်တစ်ခုဖြစ်သည့်အတွက် ကြင်စဦးဇနီးမောင်နှံများက ဟီလ်တန်ဟိုတယ်တွင်သာ မင်္ဂလာပွဲကျင်းပချင်ကြသည်။

ထို့ကြောင့် ဟိုတယ်ဘက်က ဘာလျှော့ဈေးမှ ချပေးစရာမလိုပေ။ ကိုယ်မလာလည်း အခြားလူများက ကိုယ့်နေရာကို အသာလေးယူသွားမည်သာ။

ငါးဆယ်ရာခိုင်နှုန်းလျှော့ဈေးဆိုသည်မှာ ကြားပင်မကြားဖူးပေ။

ယဲ့ချန်းကတော့ ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။

"ဒါဆို ကျွန်တော့်ညီအစား ကျေးဇူးတင်ပါတယ်"

ထို့နောက် ဝမ်သာ့လီက ယဲ့ထောင်နှင့် လီရော့တို့ဘက်သို့ လှည့်လိုက်သည်။

"မစ္စတာယဲ့.. မိန်းကလေးလီ.. ကျွန်တော်တို့ဘက်က ဝန်ဆောင်မှုညံ့ဖျင်းတာများရှိခဲ့ရင် ခွင့်လွှတ်ပေးပါ"

ဤဟိုတယ်တွင် မင်္ဂလာပွဲကျင်းပနိုင်ရန်အတွက် အဆက်အသွယ်ပေါင်းစုံကို ထုတ်သုံးခဲ့ရသော ယဲ့ထောင်နှင့် လီရော့တို့မှာ ဟီလ်တန်ဟိုတယ်၏ အဆင့်အတန်းကို ကောင်းကောင်းနားလည်သည်။

ယခုမူ အထွေထွေမန်နေဂျာကိုယ်တိုင် သူတို့အား ရိုရိုကျိုးကျိုးပြောလာသည်ဖြစ်ရာ သူတို့နှစ်ယောက်သား ပျာယာခတ်ပြီး ထိတ်လန့်သွားကြသည်။

"ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်တို့ကတော့ အကုန်စိတ်တိုင်းကျပါတယ်"

ယဲ့ထောင်လည်း နေရခက်နေဟန်ဖြင့် ပြောလိုက်၏။

"ကောင်းတယ်။ ဒါဆို ကျွန်တော် ခင်ဗျားတို့ဇနီးမောင်နှံနှစ်ယောက်ကို အိမ်ထောင်ရေးသာယာပျော်ရွှင်စေဖို့ ဆုတောင်းပါတယ်။ လိုအပ်တာတစ်ခုခုရှိရင်လည်း မန်နေဂျာမာကိုသာ ပြောလိုက်ပါ။ ကျွန်တော်တို့ဘက်က ဇနီးမောင်နှံနှစ်ယောက်ရဲ့ဆန္ဒအတိုင်း အတတ်နိုင်ဆုံးလိုက်လျောပေးမှာပါ"

"မဟုတ်တာ။ အကုန်အဆင်ပြေပါတယ်"

ယဲ့ထောင်လည်း ခပ်မြန်မြန်ပြန်ပြောလိုက်သည်။

အစောတုန်းက ယဲ့မိသားစုကို ရိုင်းရိုင်းပျပျပြောခဲ့ကြသူများမှာ ယခုမူ ရှက်ကုန်ကြသည်။

ဦးနှောက်မရှိတဲ့ငတုံးတွေ..

ယဲ့ချန်း၏ပိုင်ဆိုင်မှုက သူတို့၏ပိုင်ဆိုင်မှုများအားလုံးထက် အဆရာပေါင်းများစွာ ပိုများသည်။ ယဲ့မိသားစုက တကယ်တမ်းတွင် ဆင်းရဲနွမ်းပါးနေခြင်းမဟုတ်ဘဲ သိုသိုသိပ်သိပ်နေနေခြင်းသာ။

သတို့သမီးဘက်က ဆွေမျိုးများမှာ မျက်နှာများနီမြန်းပြီး ရှက်ကုန်ကြသည်။

ယဲ့ချန်း၏ကျေးဇူးကြောင့် ယဲ့ထောင်နှင့် လီရော့တို့လည်း ယွမ်ခုနစ်သိန်းကို စုလိုက်နိုင်လေရာ ဤပမာဏမှာ အံ့ဖွယ်ကောင်းလှသည်။

ယခုမူ ယဲ့မိသားစုကို မည်သူကမှ ဆင်းရဲသားများဟု မခေါ်ရဲကြတော့သလို ယဲ့ထောင်ကိုလည်း သိုက်တူးသမားဟု မခေါ်ရဲတော့ပေ။

လီရော့က ယဲ့မိသားစုထဲသို့ ဝင်ရောက်နိုင်ရန်အတွက် သူ့ထက်ပိုမြင့်သော လူတစ်ယောက်ကို လက်ထပ်ခဲ့သည်ဟုပင် တော်တော်များများက ထင်ကုန်ကြတော့သည်။

"ဒါနဲ့ ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ကို ဂုဏ်ပြုဖို့အတွက် ဒီနေ့ည ဧကရာဇ်ဧည့်ခန်းပါဟိုတယ်ခန်းကို ဒီစုံတွဲအတွက် အခမဲ့ငှားပေးမှာပါ"

ဝမ်သာ့လီက ဆက်ပြောလိုက်သည်။

ဝမ်သာ့လီ၏စကားများကို ကြားသောအခါ ထိုနေရာတစ်ခုလုံး တအံ့တဩဖြစ်သွားလေသည်။

ဧကရာဇ်ဧည့်ခန်းပါဟိုတယ်ခန်းဆိုသည်မှာ တစ်ညကို ယွမ်နှစ်သိန်းပေးရသည်။ ထို့ပြင် ပိုက်ဆံပေးတိုင်းလည်း ငှားရမ်း၍ မရနိုင်ပေ။

သို့တိုင် ဝမ်သာ့လီက ထိုဟိုတယ်ခန်းကို ဤစုံတွဲအတွက် အခမဲ့ငှားပေးလိုက်သတဲ့။

ယဲ့ထောင်မှာ ထိုစကားကြောင့် အလွန်စိတ်လှုပ်ရှားသွားသည်။ ဧကရာဇ်ဧည့်ခန်းပါဟိုတယ်ခန်းက မိုတုတစ်မြို့လုံးကို မြင်ရလေသည်။

အစတုန်းက ယဲ့ထောင်လည်း ထိုအခန်းကို ဘိုကင်တင်ချင်ခဲ့ပါသော်ငြား စုံစမ်းကြည့်လိုက်သောအခါ သူ့တွင် အခွင့်အရေးမရှိကြောင်း သိလိုက်ရသည်။

ယခုမူ ယဲ့ချန်းကျေးဇူးကြောင့် ဝမ်သာ့လီက သူတို့အား ထိုဟိုတယ်ခန်းကို အခမဲ့ငှားပေးလာချေသည်။

ဤသည်မှာ အာဏာပင်တည်း။ ဤသည်မှာ အဆင့်အတန်းပင်တည်း။

••••••••••••••••••

အပိုင်း ၃၁၂ : အစွမ်းအစများကို ထုတ်ပြခြင်း

ယဲ့ထောင်ကမူ အရာအားလုံးက ယဲ့ချန်းကြောင့်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။

"ဝမ်းကွဲအစ်ကို.. ရှောင်ရော့နဲ့ ကျွန်တော့်ကို ဒီလိုပြီးပြည့်စုံတဲ့ မင်္ဂလာပွဲမျိုးဖြစ်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်"

ယဲ့ထောင်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဒီလိုဟိုတယ်ခန်းမျိုးကို မဖြုန်းတီးသင့်ဘူးနာ်။ မင်း ဦးလေးကို မြေးမြန်မြန်မွေးပေးတာ ပိုကောင်းမယ်"

ယဲ့ချန်း၏စကားကိုကြားသော် ပတ်ပတ်လည်တွင် ရယ်သံများဖြင့် ထုံလွှမ်းသွားသည်။ လီရော့၏မျက်နှာလှလှလေးမှာမူ ရဲခနဲဖြစ်သွားလေသည်။

ယဲ့ချန်း၏ အားရပါးရအပြုံးကို မြင်သောအခါ ဝမ်သာ့လီလည်း သက်မချလိုက်မိတော့သည်။

သူ့ပါးနပ်မှုကို ကျေးဇူးတင်ရပေမည်။ ဥက္ကဋ္ဌယဲ့က အလွန်ကျေနပ်နေဟန်ပင်။

ယဲ့ချန်းက ဒုတိယရှယ်ယာအများဆုံး ရှယ်ယာရှင်ဖြစ်လေရာ သူ့စကားများက ရှယ်ယာရှင်အစည်းအဝေးတွင် အလွန်အရေးပါသည်။

သူ့ဆီက စကားတစ်ခွန်းမျှဖြင့် သူ့အနာဂတ်ကိုပင် အဆုံးအဖြတ်ပေးနိုင်သည်။

ယဲ့ချန်းကို စိတ်ကျေနပ်အောင်လုပ်ပေးခြင်းအားဖြင့် နောင်အနာဂတ်တွင် အထက်သို့တက်လှမ်းနိုင်ရန် မခဲယဉ်းတော့ပေ။

ယဲ့ချန်းလည်း လက်ယမ်းပြလိုက်ပြီး ပြောလိုက်၏။

"ကဲ.. မင်္ဂလာပွဲက တော်တော်နောက်ကျနေပြီ။ ရှေ့ဆက်ကြရအောင်"

ထို့နောက် မင်္ဂလာပွဲအခမ်းအနားရှိ လေထုမှာ တစ်ဖန်တက်ကြွလာပြန်သည်။

သို့သော် သတို့သမီး၏မိသားစုဝင်များကမူ ယဲ့မိသားစုကို မကြည့်ရဲကြတော့ပေ။ သူတို့အားလုံးက ယဲ့ချန်းကို ခွက်မြှောက်ဂုဏ်ပြုပေးရန် တလေးတစားလာရောက်ကြသည်။

ယဲ့မိသားစု၏အကြီးအကဲများမှာ ယဲ့ချန်း၏အောင်မြင်မှုကို မြင်သည့်အခါ အကြီးအကျယ်ချီးကျူးကြလေသည်။

သူ့ဦးလေးက တအံ့တဩရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ ငါတို့ယဲ့မိသားစုမှာ အောင်မြင်တဲ့ကလေးတစ်ယောက် ထွက်ပေါ်လာပြီပဲ"

"ဟုတ်ပါ့။ ခုနတုန်းက ငါ အရမ်းဒေါသထွက်သွားတာ။ ဒါပေမဲ့ ယဲ့ချန်းက ငါတို့ရဲ့ဂုဏ်သိက္ခာကို အဖတ်ဆည်ပေးနိုင်လို့ တော်သေးတာပေါ့"

...

ထိုအချိန်မှာပင် ယဲ့ချန်းက ဝမ်သာ့လီကို ဘေးဘက်သို့ခေါ်သွားပြီး မေးလိုက်လေသည်။

"ခင်ဗျား စုန့်သုန်းရဲ့အကြောင်းကိုသိလား"

ဝမ်သာ့လီက ပြန်ဖြေလိုက်၏။

"နည်းနည်းတော့သိတယ်ဗျ။ ခဏလေးနော် မစ္စတာယဲ့.. ကျွန်တော် ချက်ချင်းသွားစစ်ဆေးပေးပါ့မယ်"

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းသည် သူ့သူဌေးပင်။

သူဌေးအတွက် တစ်ခုခုလုပ်ပေးနိုင်ခြင်းမှာ သူ့အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သလို ဂုဏ်ယူစရာကိစ္စတစ်ရပ်လည်းဖြစ်၏။ သို့ဖြစ်လေရာ သူ့အနေနှင့် ဘယ်ငြင်းနိုင်မည်နည်း။

စုန့်သုန်းက မည်မျှပင်အင်အားကြီးစေကာမူ ယဲ့ချန်းက သူ့သူဌေးဖြစ်နေဆဲပင်။

ထိုအချိန်တွင် စုန့်သုန်းကသ သူ့ဝမ်းကွဲကို အိမ်ပြန်ပို့ပေးနေသည်။

ထိုအခိုက် သူ့ဖုန်းက ထမြည်လာသည်။

"အစ်ကိုစုန့်.. ဟီလ်တန်ဟိုတယ်ရဲ့သူဌေးက သူ့လူတွေနဲ့အတူ ရောက်နေတယ်"

"ဪ မထူးဆန်းပါဘူး။ ငါ ဝမ်သာ့လီကိုသိတယ်။ သူ ငါ့ကိုလာတွေ့တာဖြစ်မှာပေါ့"

စုန့်သုန်းက မည်သည့်အခြေအနေတွင်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသည်။

သူ့ဘေးရှိ စုန့်ကျားက ပြောလိုက်၏။

"ဝမ်းကွဲအစ်ကို.. အစ်ကိုက အရမ်းအဆက်အသွယ်ပေါတာပဲနော်။ ဟီလ်တန်ဟိုတယ်ရဲ့အထွေထွေမန်နေဂျာကတောင် အစ်ကို့ကိုလာတွေ့ရတယ်။ အဲဒီငတုံးက အစ်ကို့ကိုများ စော်ကားရဲသတဲ့။ သူ ဘယ်လိုသေရမလဲဆိုတာတောင် သိလိုက်မှာမဟုတ်ဘူး"

သူ့လက်အောက်ငယ်သား၏အသံကမူ အတန်ငယ်ကိုးရိုးကားရားနိုင်နေသည်။

"အစ်ကိုသုန်း.. သူတို့က အစ်ကို့ကိုလာရှာတာမဟုတ်ဘူး။ ယဲ့ချန်းကို လာရှာတာ"

စုန့်သုန်းလည်း ချက်ချင်းဆိုသလို ကြက်သေသေသွားလေသည်။ ကားကလည်း လမ်းပေါ်တွင် ယမ်းခါသွားလေရာ လက်ရန်းဖြင့် ဝင်တိုက်မိတော့မတတ်ဖြစ်သွားသည်။

သူ့လက်အောက်ငယ်သားက ဆို၏။

"သူတို့က ယဲ့ချန်းကို ခွက်မြှောက်ဂုဏ်ပြုခဲ့ကြတဲ့အပြင် ထိတ်လန့်ချင်စရာကောင်းတဲ့သတင်းတစ်ခုကိုပါ ကြေညာခဲ့သေးတယ်။ ယဲ့ချန်းက ဟီလ်တန်ဟိုတယ်ရဲ့ ဒုတိယရှယ်ယာအများဆုံးလူတဲ့"

"ဘာ"

စုန့်သုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့အမူအရာကား ရုပ်ဆိုးအကျည်းတန်လာလေသည်။

ဟီလ်တန်ဟိုတယ်ဆိုသည်မှာ ကမ္ဘာ့အဆင့်မီဟိုတယ်တစ်ခုဖြစ်ပြီး ဈေးကွက်တန်ဖိုးဘီလျံရာဂဏန်းခန့်ရှိသည်။ သို့ဖြစ်လေရာ ဒုတိယရှယ်ယာအများဆုံးလူ၏ နှစ်စဉ်လစာမှာ ဘီလျံနှင့်ချီ၍ရှိသည်။

စုန့်သုန်း၏အမူအရာမှာ တောင့်တင်းသွားလေတော့သည်။ သူသည် စီးပွားရေးလောကထဲတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သည်ဖြစ်ရာ ဟီလ်တန်ဟိုတယ်၏ ဒုတိယရှယ်ယာအများဆုံးလူက သာမန်လူတစ်ယောက်မဟုတ်နိုင်ကြောင်း ကောင်းကောင်းသိသည်။

ဤသို့သောပြိုင်ဘက်တစ်ယောက်ကို အထင်သေး၍မရပေ။

စုန့်သုန်းလည်း နည်းနည်းနောင်တရမိသည်။ သူ့အနေနှင့် ယဲ့ချန်းကို မစော်ကားခဲ့သင့်ပေ။

သို့သော် လူတိုင်းရှေ့မှာ မောက်မောက်မာမာပြောခဲ့ပြီးဖြစ်လေရာ ယခုမှတော့ နောက်ပြန်ဆုတ်၍မရတော့ပေ။

စုန့်သုန်းလည်း အသက်ပြင်းပြင်းရှူသွင်း၍ သူ့လက်အောက်ငယ်သားကို ပြောလိုက်၏။

"ယဲ့ချန်းအကြောင်း ငါ့ကို ချက်ချင်းစုံစမ်းပေး။ သူ့အချက်အလက်တွေအကုန်လုံးကို လိုချင်တယ်"

အစတုန်းက ယဲ့ချန်းသည် သက်သက်ရှိုးထုတ်နေသည်ဟု စုန့်သုန်းထင်ခဲ့မိသည်။ သို့သော် ယခုမူ သူ့အား အလေးအနက်ထားရပေတော့မည်။

ယဲ့ချန်းက ဟီလ်တန်ဟိုတယ်၏ ဒုတိယရှယ်ယာအများဆုံးလူဖြစ်သည့်တိုင် စုန့်သုန်းကတော့ သိပ်စိတ်မပူပေ။

ဒုတိယရှယ်ယာအများဆုံးလူဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ..

ဟီလ်တန်ဟိုတယ်မှာ နိုင်ငံတကာလုပ်ငန်းစုတစ်ခုဖြစ်သော်ငြား သူတို့၏စုန့်မိသားစုက မိုတုမြို့ရှိ အာဏာရှင်များပင်။

ယဲ့ချန်းက ဒုတိယရှယ်ယာအများဆုံးဖြစ်နေလျှင်ပင် အခြားနောက်ခံအင်အားများသာမရှိပါက သူ့ကို မယှဉ်နိုင်ချေ။

တစ်ချိန်တည်းမှာပင် ယဲ့ချန်းကလည်း သူ့အဆက်အသွယ်များကိုသုံး၍ စုန့်သုန်း၏နောက်ခံကို စုံစမ်းနေပေသည်။

"အစ်ကိုမာ.. စုန့်သုန်းလို့ခေါ်တဲ့လူအကြောင်း စုံစမ်းပေးပါဦး"

"အစ်ကိုထန်.. စုန့်မိသားစုထဲက စုန့်သုန်းအကြောင်း စုံစမ်းပေးပါဦး"

"ဟွားတုဥပဒေလုပ်ငန်းစုက ဥက္ကဋ္ဌကျောက်.. ကျွန်တော်က ယဲ့ချန်းပါ။ ခင်ဗျား စုန့်သုန်းအကြောင်း စုံစမ်းပေးလို့ရမလား"

"နဂါးသံချပ်ကာတပ်ဖွဲ့က ချန်ဖေးလား။ စုန့်သုန်းလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်း စုံစမ်းပေးလို့ရမလား"

ယဲ့ချန်းက သူ့အဆက်အသွယ်များကို အသုံးချ၍ စုန့်သုန်းအကြောင်း စုံစမ်းနေသည်။

စုန့်သုန်းက တင်းပေါ်ထက် ပိုဩဇာညောင်းသည်ဖြစ်ရာ သူ့အနေနှင့် ထင်မှတ်မထားသော အရှုံးမျိုးကို ဖြစ်မလာစေချင်ပေ။

မကြာခင်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။

နဂါးသံချပ်ကာတပ်ဖွဲ့မှ ချန်ဖေး : "ဥက္ကဋ္ဌယဲ့.. ကျွန်တော် စုန့်သုန်းရဲ့အချက်အလက်တွေကို ခင်ဗျားရဲ့ဝေ့ရွှင်းကတစ်ဆင့် ပို့ထားပြီးပါပြီ"

ဟွားတုလုပ်ငန်းစုမှ ကျောက်ချီသုန်း : "ဥက္ကဋ္ဌယဲ့.. ကျွန်တော် စုန့်သုန်းအကြောင်း စုံစမ်းထားပြီးပါပြီ..."

အစ်ကိုမာနှင့် အစ်ကိုထန်တို့ဆီမှ ဖုန်းခေါ်ဆိုမှုများ ဝင်လာသည်။

ယဲ့ချန်း၏ကွန်ရက်က အလွန်ခိုင်မာလှသည်။ ခဏအကြာမှာပင် စုန့်သုန်း၏နောက်ခံရာဇဝင်အကြောင်း သူ အကုန်ဖော်ထုတ်နိုင်ခဲ့သည်။

ယဲ့ချန်း၏အဆက်အသွယ်များက ကြောက်မက်ဖွယ်ကောင်းလှသည်။ ဟွားနိုင်ငံရှိ စီးပွားရေးလောကထဲက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များလည်း ပါဝင်ပေသည်။

ထို့ကြောင့် စုန့်သုန်းကဲ့သို့သော လူတစ်ယောက်အကြောင်း စုံစမ်းရသည်မှာ အလွန်လွယ်ကူလှချေသည်။

စုန့်သုန်း၏မကောင်းမှုများနှင့်ပတ်သက်သည့် အချက်အလက်များက ယဲ့ချန်း၏လက်ထဲသို့ ရောက်နေလေပြီ။

ထင်ထားသည့်အတိုင်း စုန့်သုန်းက မသန့်ရှင်းပေ။ သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါသော်ငြား သူ့ကုမ္ပဏီတွင် ပြဿနာများစွာရှိ၏။

အခွန်ရှောင်ခြင်း၊ ထုတ်ကုန်အတုများထုတ်လုပ်ခြင်းနှင့် တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို သေကြောင်းကြံရန် ဖိအားပေးခြင်းတို့လည်း ရှိခဲ့ဖူးသည်။

နိုင်ငံခြားတွင်လည်း ဤလူက နာမည်ဆိုးနှင့်ကျော်ကြားသေးသည်။

အရာရှိများကို လာဘ်ထိုးခြင်း စက်ရုံများဆောက်ရန်အတွက် မြေကွက်များကို တရားမဝင်ဝယ်ယူခြင်းနှင့် အခွန်ရှောင်ရန်အတွက် အကောင့်တုများကို ဖန်တီးခြင်းတို့လည်းရှိ၏။

ယဲ့ချန်းသာ ဤအချက်အလက်များကို ဖော်ထုတ်လိုက်ပါက ဤလူတော့ ထောင်ထဲတွင် တစ်သက်လုံးနေရတော့မည်သာ။

ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းကား တွန့်ကွေးသွားချေသည်။ သူလည်း လက်ပ်တော့တစ်လုံးအနားသို့သွား၍ ထိုအထဲတွင် ကုတ်များကို ရိုက်ပါလေတော့သည်။

...

ထိုအချိန်တွင် စုန့်သုန်းလည်း ယဲ့ချန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရလိုက်သည်။

"သူဌေး အဲဒီကောင်ရဲ့နောက်ခံကို စစ်ဆေးထားပြီးပါပြီ။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

"ဘာ.. တက္ကစီဒရိုင်ဘာ ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စုန့်သုန်းခမျာ မယုံကြည်နိုင်ပေ။ တက္ကစီဒရိုင်ဘာတစ်ယောက်က သူ့ရှေ့တွင် မည်သို့မောက်မာရဲမည်နည်း။

အဆုံးတွင်မူ သူ့လက်အောက်ငယ်သားများအားလုံး အကြာကြီးစုံစမ်းစစ်ဆေးပြီးမှ ရလာသည့်သတင်းကား တစ်ဖက်လူက တက္ကစီဒရိုင်ဘာဖြစ်ကြောင်းပင်။

စုန့်သုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဟီလ်တန်ဟိုတယ်တွင် ဒုတိယရှယ်ယာအများဆုံးလူ မည်သို့ဖြစ်နိုင်မည်နည်း။

သူ့ဘေးရှိ စုန့်ကျားကမူ ရယ်မောလိုက်လေသည်။

"ဒီလူက ကံကောင်းထောက်မပြီး ဟီလ်တန်ဟိုတယ်ရဲ့ ဒုတိယရှယ်ယာအများဆုံးလူ ဖြစ်လာတဲ့ပုံပဲ"

စုန့်သုန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ဖြစ်နိုင်တယ်"

သူ့နှုတ်ခမ်းများကား အေးစက်စက်အပြုံးတစ်ပွင့်ကို ပုံဖော်လိုက်သည်။

အကယ်၍ ယဲ့ချန်းတွင် ဤနောက်ခံတစ်ခုတည်းသာ ရှိသည်ဆိုလျှင် ယဲ့ချန်းကို ရှင်းပစ်ရန်မှာ ပိုရိုးရှင်းသွားပြီဖြစ်၏။

သူ့ကိုရန်လာစသည့် အကျိုးဆက်ကို ယဲ့ချန်းအား ပြချင်သည်။

သူ့စိတ်ထဲတွင်မူ ယဲ့ချန်း သူ့ရှေ့တွင် ဒူးထောက်တောင်းပန်နေမည့်မြင်ကွင်းကိုပင် မြင်ယောင်မိနေပြီဖြစ်၏။

ထိုအချိန်မှာပင် စုန်သုန်း၏ဖုန်းက အသံမြည်လာသည်။

"ဘယ်သူ့ကိုမှ ဖုန်းဆက်နေစရာမလိုတော့ဘူး။ ဒီကောင်က တက္ကစီဒရိုင်ဘာဆိုတာ ငါသိပြီးပြီ"

စုန့်သုန်းက စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်၏။

ဖုန်းတစ်ဖက်ရှိ လူမှာမူ နားမလည်နိုင်ချေ။ တက္ကစီဒရိုင်ဘာဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။

"ဘော့စ် ပြဿနာတက်နေပြီ။ ကျွန်တော်တို့ရဲ့အကောင့်တုတွေကို Mနိုင်ငံအခွန်ရုံးက မိသွားပြီ။ အခု သူတို့မှာ သက်သေတွေလည်းရထားပြီမို့ Mနိုင်ငံက ကျွန်တော်တို့ရဲ့စက်ရုံတွေအကုန်လုံးကို ချိတ်ပိတ်ပစ်လိုက်ပြီ"

"ဘာ"

စုန့်သုန်း၏အမူအရာကား သိသိသာသာပြောင်းလဲသွားလေသည်။

ဤအခြေအနေကား အလွန်လေးနက်လှသည်။

Mနိုင်ငံတွင် အခွန်ရှောင်ခြင်းမှာ ကြီးလေးသောပြစ်မှုတစ်ခုပင်။ ယခုအချိန်ဆိုလျှင် သူသည် Mနိုင်ငံတွင် အလိုရှိစာရင်းထဲသို့ ရောက်သွားလောက်ပြီဖြစ်၏။ Mနိုင်ငံ၏ မိတ်ဖက်နိုင်ငံများကိုသွားပါက သူ့အား ဖမ်းဆီးကာ Mနိုင်ငံသို့ ပို့ဆောင်ကြပေလိမ့်မည်။

"သေစမ်း.. ထုတ်ဖော်ခံရနိုင်ခြေမရှိဘူးလို့ မင်းပဲပြောခဲ့တာမလား။ ဒီသတင်းကို Mနိုင်ငံရဲ့အခွန်ရုံးက ဘယ်လိုလုပ်ပြီးရသွားတာလဲ"

စုန့်သုန်းလည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

ဖုန်းတစ်ဖက်ရှိ လူမှာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။

"ကျွန်တော်လည်းမသိပါဘူး။ ဒါပေမဲ အတွင်းလူတစ်ယောက်ဆီကကြားတာတော့ အီးမေးလ်တစ်စောင်နဲ့ သတင်းအချက်အလက်တွေကို ပို့ခဲ့တာတဲ့။ မစ္စတာစုန့်.. ခင်ဗျား တစ်ယောက်ယောက်ကိုများ အပြစ်ပြုမိသေးလား"

စုန့်သုန်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။

"သူများလား"

••••••••••••••••••

All Chapters